Switch Mode

အခန်း(၉၁)

ငါ့ကို ကလိမ်ကျမလို့ လုပ်နေတာကိုး

အခန်း (၉၁) : ငါ့ကို ကလိမ်ကျမလို့ လုပ်နေတာကိုး

ဂျွတ် … ဂျွတ် … ဂျွတ် …

အမှတ်အသားပြားမှာ လက်တစ်ဝါး အရွယ်သာ ရှိသည်။ ထို့ကြောင့် တာအိုကိုယ်တော်က နည်းနည်းသာ ကိုက်ရသေးသည်၊ အမှတ်အသားပြားက နဂိုအရွယ်၏ တစ်ဝက်သာ ကျန်တော့လေ၏။

“ကြာပြာ … မင်း အနိုင်မကျင့်နဲ့။ တိုက်မယ်ဆိုလည်း မျှမျှတတ တိုက်”

လီခန်းလန်၏ အသံက အမှတ်အသားပြားခြမ်းဆီမှ ထွက်လာသည်။

တာအိုကိုယ်တော်က မဲ့ရွဲ့ကာ နှာခေါင်းရှုံ့လိုက်၏။

“အဲဒီလို လုပ်ရင် ငါက ဘာရမှာမို့လဲ … ယုံမှားလွန်နေတာတွေ ရပ်လိုက်တော့ … ငါ့ကို ငါ့ဆရာတူညီလေးများ မှတ်နေလား။

မင်းက ငါ့တပည့်ကို အနိုင်ကျင့်ဖို့ ကြိုးစားခဲ့တယ်။ အဲဒါကြောင့် အခု ငါက ဒီအမှတ်အသားပြားကို သိမ်းထားမယ်။ ဒီထဲက မင်းရဲ့ဝိညာဉ်ကို ပြန်လိုချင်လား … လိုချင်တယ်ဆို ဝိညာဉ်ကျောက်တုံး အတုံး သိန်းတစ်ရာ အသင့်ပြင်ပြီးမှ ငါ့ကို လာရှာလှည့်”

ထို့နောက် တာအိုကိုယ်တော်က သူ့လက်ထဲတွင် စိမ်းပြာရောင်မီးတောက် တစ်ခုကို စုစည်းကာ အမှတ်အသားပြားကို ပိတ်လှောင်လိုက်၏။

ဝေ့ယန်နန်းဆောင်ထဲက လူအားလုံးမှာ အကြောင်သား ရပ်ကြည့်နေကြသည်။

တကယ့် ပွဲကြီးပွဲကောင်းပါလား…

အရင်ဦးဆုံး ထိုက်ပိုင်ချိုင့်ဝှမ်းက ကောင်မလေးနဲ့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက သူတော်စင်မနဲ့က မီးတိုင်းပြည်ထဲက ယောက်ျားတစ်ယောက်ကို ဝိုင်းလုနေကြတယ်…

နောက်ပြီးကျတော့ ဒဏ္ဍာရီလာ ဓားအသျှင် ပေါ်လာပြီး အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ ကြာပြာနဲ့ တိုက်ခိုက်ကြပြန်ရော…

သူတို့ ဒီနေ့ မြင်လိုက်ရတာတွေက သမိုင်းမှာ တစ်ခါမှ မဖြစ်ဖူးခဲ့တဲ့ အဖြစ်အပျက်တွေပဲ…

မင်းသား(၆)ရဲ့ နှုတ်ဆက်ပွဲကို လာရတာ တကယ့်ကို လာရကျိုးနပ်ပါပေ့…

အဲ … နေဦး … ဒါက မင်းသား(၆)ရဲ့ နှုတ်ဆက်ပွဲလား…

အခုအချိန်၌ ရှန်အောင်းတစ်ယောက် စိတ်ဓာတ်ကျနေမိ၏။

သူ့မှာ ဆရာဖြစ်သူ ကျေနပ်အောင် နောက်ဆုံးတော့ အပြစ်ကို သူ့အပေါ်ရောက်အောင် ပုံချနိုင်လိုက်လို့ အပြစ်တင် မခံရတော့တဲ့ အချိန် … အဲ့ဒီအချိန်မှာပဲ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ သူတော်စင်မ ရောက်လာပြီး သူ့ဆရာကို လက်သီးတစ်ချက်တည်းနဲ့ လွင့်ထွက်သွားအောင် လုပ်ပစ်လိုက်တယ် …

နောက်တော့ အထွတ်အမြတ်မြေက အကြီးအကဲပါ ရောက်လာပြီး သူ့ဆရာဆီမှာ ရှိသမျှ သိုလှောင်လက်စွပ်၊ ဝတ်ရုံ၊ ဓား၊ ဖိနပ်တောင် မချန်ဘဲ အကုန် လုယူလိုက်ပါလေရော…

ဒီရှက်စရာအဖြစ်က သူ့ဆရာကို လနဲ့ချီပြီး စိတ်ဓာတ်ကျသွားစေမှာ အမှန်ပဲ။

ကံမကောင်းရင် ဆရာကျီယန်တော့ စိတ်တွင်းနတ်ဆိုး ပေါ်မလာရင်တောင်မှ ကျင့်ကြံဆင့်တော့ ကျသွားလောက်တယ်။

ဒါတွေ အကုန်လုံးက ရှန်အောင်းဆိုတဲ့ သူ့ရဲ့ နှုတ်ဆက်ပွဲကို လာခဲ့လို့ ဖြစ်သွားခဲ့ရတာတွေလေ…

ရှန်အောင်းမှာ အမှန်တကယ်ကို ငိုချင်နေမိလေပြီ။

ငါ့ရှိသမျှလေးတွေနဲ့ အဆင့်(၄) မေ့ပျောက်ဆေးလုံး သွားဝယ်ပြီး ဆရာ့ကို တိုက်လိုက်ရင် ဆရာ နေလို့ ပိုကောင်းသွားမလား မသိဘူး…

နေပါဦး … ဆရာအဖို့ မေ့ပျောက်ဆေးလုံး ဝယ်ဖို့ ငါ့စိတ်ထဲ ဘာကြောင့်ပေါ်လာရတာလဲ…

အဲဒါက ထိရောက်တဲ့နည်းလမ်း တစ်ခု မှန်ပေမဲ့ ငါ ဘာလို့ ဒီလောက် မြန်မြန်ကြီး သွားစဉ်းစားမိရတာပါလိမ့်နော်…

အမှတ်အသားပြား တစ်ခြမ်းကို စားပြီးသည့်နောက် တာအိုကိုယ်တော်က နောက်တစ်ခြမ်းကိုပါ ဆက်စားချင်နေသေးသည်။ သို့သော် ထိုတခြမ်းကိုပါ စားပစ်လိုက်လျှင် လီခန်းလန်၏ ဝိညာဉ်စမှာ ပျက်စီးသွားလိမ့်မည်မှန်း သူ သိသည်။

ထိုသို့သာ ပျက်စီးသွားပါက လီခန်းလန်က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအထိ လိုက်လာပြီး သူ့ကို အသေအကြေ လာတိုက်မှာ ကြိမ်းသေ၏။

ပိုပြီး အရေးကြီးတာက ထိုအချိန်ကျလျှင် သူ ဝိညာဉ်ကျောက်တုံး သိန်းတစ်ရာလည်း ရတော့မည် မဟုတ်ပေ။

“ဟင်း … ဒီလူ ဘာဖြစ်လို့ အမှတ်အသားပြားကို ကြီးကြီးလေး မလုပ်ရတာလဲကွာ”

တာအိုကိုယ်တော်က နှုတ်ခမ်းစူလိုက်၏။ ထိုအချိန်မှာ လီလျန်အာ၏ ခေါင်းပေါ်မှ ပန်းအိုးကို  မြင်သွားသည်။

ကျီယန် ထွက်ပြေးသွားပြီးနောက် ရှန်ထျန်း သတိမထားမိမှာ စိုးသဖြင့် လီလျန်အာက ပန်းအိုးကို သူမခေါင်းပေါ် ပြန်တင်ထားလိုက်လေပြီ။

တာအိုကိုယ်တော်၏ အကြည့်စူးစူးကို သတိပြုမိသောအခါ လီလျန်အာက ကျန်းယွင်ရှီးနောက်သို့ ကပျာကယာ ပြေးပုန်းလိုက်သည်။

ကျန်းယွင်ရှီးလည်း မနေနိုင်တော့ဘဲ ခပ်ကျယ်ကျယ်လေး ပြောပြလိုက်သည် “ ဂိုဏ်းတူဦးလေး ကြာပြာ … ရတနာခုနှစ်သွယ် နတ်ဘူးသီးက ပိုင်ရှင်ရှိပြီးသား ဖြစ်နေပြီ။ အဲဒါကို ပြောင်းလို့ မရတော့ဘူးလေ”

ထိုစကားမှာ ကြာပြင် ကောင်းကင်အသျှင် တစ်ဦးတည်းအတွက် မဟုတ်ဘဲ နန်းဆောင်ထဲမှ အကြံဆိုးရှိနေသည့် တခြားကျင့်ကြံသူတွေ အတွက်ပါ ဖြစ်သည်။

ပိုင်ရှင်ရှိ နတ်ဘူးသီးစေ့၏ တန်ဖိုးနှင့် ပိုင်ရှင်မဲ့ နတ်ဘူးသီးစေ့၏ တန်ဖိုးမှာ လုံးဝ ကွာခြားသည်။ ပိုင်ရှင်ရှိပြီးသား အစေ့ကို မည်သူကမျှ အသက်စွန့်ပြီး လုယူကြလိမ့်မည် မဟုတ်ပေ။

တာအိုကိုယ်တော်က ရှက်ကိုးရှက်ကန်း ပြုံးကာ “အဟမ်း အဟမ်း … ငါက အဲ့လို လူမျိုးစားလား… ဒီဘူးသီးပင်က အခုမှ အပင်ပေါက်လေးပဲ ရှိသေးတယ့်ဟာ ငါက ဘာကိစ္စလိုချင်ရမှာလဲ ”

ရှက်စရာ ခေါင်းစဉ်အောက်မှ လှပသေသပ်စွာ ရှောင်တိမ်းလိုက်ပြီးနောက် တာအိုကိုယ်တော်၏ အကြည့်တို့က ရှန်ထျန်းပေါ်သို့ ရောက်သွားလေသည်။

အစကတော့ သူက ရှန်ထျန်းအား သူ့တပည့်ဖြစ်လာအောင် သိမ်းသွင်းမလို့ ကြံရွယ်ထားခဲ့သည်။ သို့သော် အခု ရှန်ထျန်းကို တွေ့ပြီးသည့်နောက် ရှန်ထျန်းဆီမှ ရနေသည့် ရင်းနှီးသော တုံ့ပြန်မှုအာရုံ တစ်ခုကြောင့် တပည့်အဖြစ် လက်ခံသင့်၊ မခံသင့် သိပ်မသေချာတော့ပေ။

အနားတိုးသွားလေလေ၊ ရရှိသည့် ခံစားချက်က ပိုပိုပြီး သိသာလာလေလေပင်။

ထို့နောက် သူက တစ်စုံတစ်ရာကို သဘောပေါက်သွား၏။

ဒီရှန်ထျန်းက မီးစားကျမ်းကို ကျင့်နေတာပါလားဟ … တောက် … မဟုတ်မှ ဆရာတူညီလေးက ငါ့ကို လိမ်နေတာလား … ဘယ်ကံကြမ္မာသားတော်က မီးစာကျမ်းကို ကျင့်မှာတဲ့လဲ …

အမှန်ပင်။ မီးစာကျမ်းသည်ကား ကံဆိုးသည့် လူတွေအတွက် ဖြစ်သည်။ ထိုအချက်မှာ မီးစာကျမ်းအတွက် ကျင့်ကြံရေးလောကသားများ အားလုံး ဝိုင်းသဘောတူထားသည့် ကိစ္စ ဖြစ်နေသည်။

ကျင့်ကြံရေးကမ္ဘာထဲမှ ကံကြမ္မာဆိုသည်မှာ အင်မတန် ဆန်းကြယ်လှကာ ဤကံကြမ္မာ တကယ် ရှိ၊ မရှိကိုလည်း မည်သူကမှ သက်သေမပြနိုင်ချေ။

အတိဒုက္ခလွန်အဆင့် ရောက်နေသည့် အထွတ်အမြတ်မြေ ဂိုဏ်းချုပ်တစ်ဦးပင်လျှင် တခြားလူတွေ၏ ကံကြမ္မာကို မမြင်နိုင်ပေ။ ထိုလူတွေက ချီသန့်စင်ခြင်း အဆင့်မှာ ရှိသည့် ကျင့်ကြံသူ ဖြစ်နေလျှင်ပင် မဖြစ်နိုင်ပေ။

သို့သော် ကံကြမ္မာ တကယ် ရှိကြောင်း ပြောပြနိုင်မည့် သက်သေသာဓကများအတွက် လေ့လာသုံးသပ်ချက်တွေကား အများကြီး ရှိနေသည်။

တချို့လူတွေက မွေးကတည်းမှ စ၍ အလွန် ကံကောင်းကြ၏။ သူတို့ ဘာပဲလုပ်လုပ်၊ အတားအဆီးမရှိဘဲ ချောချောမွေ့မွေ့နှင့် လုပ်သမျှ အောင်မြင်ကြသည်။

တချို့လူတွေကျ အလွန် ကံဆိုးကြကာ သူတို့ဘဝမှာ ကောင်းတာဟူ၍ တစ်ခုမျှ ဖြစ်မလာဖူးပေ။

တချို့လူတွေကျပြန်တော့ ဘဝခရီးလမ်း၏ အစောပိုင်းမှာ ဖြောင့်ဖြူးသာယာသလောက် အသက်(၂၀) ကျော်သွားသည်နှင့် ပိုင်ဆိုင်သမျှ အကုန်ဆုံးရှုံးသွားပြီး ဒုက္ခပင်လယ်ဝေကြရလေသည်။

တချို့လူတွေမှာမူ မွေးကတည်းက ဆင်းရဲဒုက္ခများနှင့်သာ ရင်ဆိုင်ကြုံတွေ့ခဲ့ရသော်လည်း တစ်ရက်မှာ ရုတ်တရက်ကြီး ပိုကောင်းဖို့အတွက် အားလုံး ပြောင်းလဲသွားကြပြန်၏။

ဤအဖြစ်တွေ အားလုံးက ဆန်းကြယ်လှသည့် စွမ်းအားတစ်မျိုးက သူတို့ဘဝ အပေါ် သက်ရောက်လွှမ်းမိုးနေကြောင်း သက်သေပြနေသည်။

အခုအချိန်အထိတော့ ကံကြမ္မာ ကောင်းမွန်တိုးတက်လာအောင် လုပ်ဖို့ နည်းလမ်းများကို မှတ်တမ်းတင်ထားခြင်း မရှိချေ။

“ကောင်းသောကံ”တို့၊  “ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်” တို့ စသည့်စကားတွေမှာ စိတ်မှန်းနှင့် လျှောက်ပြောနေကြခြင်းများသာ။ တချို့လူတွေက ကံကြမ္မာဇာတာ တိုးတက်လာဖို့အတွက် ကံကောင်းသည့် လူတွေနားမှာ နေခြင်းက အလွယ်ကူဆုံး နည်းလမ်း ဖြစ်သည်ဟု တွေးထားကြပြန်သည်။

ကံကောင်းအောင် လုပ်ဖို့ ခက်ခဲသော်လည်း ကံကြမ္မာဇာတာ ညံ့ဖျင်းနိမ့်ဆင်းလာအောင် လုပ်ရန်မှာ လွယ်ကူလှ၏။ မီးစာကျမ်းကို ကျင့်ကြံရုံနှင့်တင် လုံလောက်ပြီ ဖြစ်သည်။ ထိုနည်းသည်ကား အထိရောက်ဆုံး နည်းလမ်းပေတည်း။

ကောလဟာလတွေအရ မီးစာကိုယ်ထည်မာကျမ်းမှာ ကျိန်စာသင့်နေသည်ဟု ဆိုကြသည်။ ဒီကျမ်းကို ကျင့်ကြံသူတိုင်း ဘဝတစ်လျှောက်လုံး ကံဆိုးမိုးမှောင် ကျလိမ့်မည် ဖြစ်သည်။

ကျင့်ကြံဆင့် မြင့်လာလေလေ၊ ကံတွေ ဆိုးလာလေလေပင်။

ကြာပြာ ကောင်းကင်အသျှင်၊ ချူးလုံဟယ်သည်ကား ထိုအဖြစ်ကို ကိုယ်တွေ့ကြုံခဲ့ရသူ ဖြစ်၏။

မီးစာကိုယ်ထည်မာကျမ်းကို မကျင့်ကြံမီ သူက အရှေ့ပိုင်းလွင်ပြင်ဒေသထဲတွင် အလွန် အောင်မြင်ကျော်ကြားခဲ့သည်။ မကြာခဏဆိုသလို ကံအပြောင်းအလဲ အခွင့်အရေးကောင်းတွေနှင့် ကြုံတွေ့ရလေ့ရှိသည်။ ထို့ကြောင့် သူ့သူငယ်ချင်းများကပင် သူ့ကို ဝိုင်းမနာလို ဖြစ်ခဲ့ရသေးသည်။

တစ်ရက်တော့ သူ မတော်တဆ တစ်ခုကြောင့် မီးစာကျမ်းကို မကျင့်မဖြစ် ကျင့်ခဲ့ရသည်။

ထိုအချိန်မှစ၍ သူ့ဘဝကြီးက အကျဘက်သို့ စရောက်သွားရတော့၏။

တစ်ကြိမ်ထက် တစ်ကြိမ် ပိုပိုပြီး ကံဆိုးလာရသည်။

ကံအပြောင်းအလဲ အခွင့်အရေးကို မတွေ့တာလည်း နှစ်အတော် ကြာနေလေပြီ။

သူ့ပညာနှင့် လူချမ်းသာတွေဆီမှ အတင်း ဓားပြမတိုက်ပါက ဒီမီးစာကျမ်းကို ဆက်လက် ကျင့်ကြံနိုင်လိမ့်မည်တောင် မဟုတ်ပေ။

ထို့ကြောင့် တာအိုကိုယ်တော်က ရှန်ထျန်းကိုယ်ထဲမှ မီးစားကျမ်း၏ အငွေ့အသက်ကို ခံစားမိသောအခါ စတင် သံသယဝင်လာလေတော့သည်။

ကံကြမ္မာသားတော်ဆိုရင် မီးစာကျမ်းလိုမျိုး ဟာကို တကယ် ကျင့်ကြံပါ့မလား…

ဆရာတူညီလေး ငါ့ကို လိမ်နေတာများလား … ဒီကောင်လေးကို ငါ့တပည့် လုပ်ခိုင်းလိုက်ရင် ငါ တကယ်ကော သူ့ဆီကနေ အကျိုးအမြတ်တွေ ရနိုင်ပါ့မလား … ဒီ့ထက်ပိုပြီးတော့ ငါ ကံဆိုးလာလိမ့်မယ်လို့ ဘာကြောင့် ခံစားနေရတာပါလိမ့်…

ဆရာတူညီလေးက ဒီအကြောင်းကို သိပြီးပြီလား …

တောက် … သူသိပြီးသားမို့ ငါ့ကို ကလိမ်ကျမလို့ လုပ်နေတာကိုး … ဟုတ်တယ်မလား…

Comment

Leave a Reply

Options

not work with dark mode
Reset