အခန်း ( ၁၇၂ )

ငါတောင်းပန်ပါတယ်.....ရှောင်ချန်း

ထိုနေ့ညတွင် အရှေ့သစ်တောမြို့၌ တစ်ချက်လွှတ်အမိန့်ကို ချမှတ်ခဲ့သည်။ ကျင့်ကြံသူမျိုးနွယ်စုအားလုံးမှာ လှုပ်ရှားလာကြပြီး မြို့တစ်ခုလုံးကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုများ လုပ်ကြလေသည်။ ပိုင်ရှောင်ချန်းနှင့် တုလင်ဖေးမှာမူ ညတွင်ပျောက်သွားကြလေသည်။

တုလင်ဖေးက သူမ၏တာဝန် ပြီးဆုံးခါနီးနေပြီဖြစ်ကြောင်း ပိုင်ရှောင်ချန်းအားရှင်းပြလေသည်။ ထို့အပြင် ဂိုဏ်းသို့စော၍ပြန်ရောက်လျှင်လည်း မည်သူမျှ ထိခိုက်မည်မဟုတ်ပေ။ သို့ဖြစ်သောကြောင့် သူမက သူနှင့်အတူပြန်လိုက်ပါလာခြင်း ဖြစ်သည်။
—-
ညဥ့်နက်နေပြီး ကြယ်လေးများက ကောင်းကင်တွင် မှိတ်တုတ်မှိတ်တုတ်ဖြင့် လင်းလက်နေကြသည်။ လမင်းကြီးမှာလည်း အမြင့်ဆုံးနေရာတွင် တောက်ပထိန်လင်းနေသည်။ ပိုင်ရှောင်ချန်းနှင့် တုလင်ဖေးတို့မှာ တောင်ထိပ်ပေါ်တွင်ထိုင်ကာ အမှောင်ကမ္ဗလာခင်းကျင်းထားသော ကောင်းကင်ယံဝယ် ကြယ်လေးများ ပျိုးပျိုးပျက်ပျက် လင်းလက်နေသည်ကို ကြည့်ရှုနေကြသည်။ တုလင်ဖေးမှာကြယ်ရောင်အောက်တွင် ရိုရှင်းစွဲထက် အစွမ်းကုန် လှပနေ၏။ သူမသည် ပိုင်ရှောင်ချန်းအား ပြုံး၍ ကြည့်နေသည်။ သူကလည်း ကွဲကွာခဲ့သည့်နှစ်များတစ်လျှောက်ဖြစ်ပျက်သမျှကို ပြန်ပြောပြနေသည်။

” တုတုလေး…မင်းတော့ယုံမှာမဟုတ်ဘူး။ တောင်ဘက်ခြမ်းမှာလေ သူတို့က ငါ့ကိုခဲနဲ့ပေါက်လိုက်ကြတာဆိုကွာ….အဲ့ဒါအရမ်းနာကျင်ရတယ်”

” ငါက မြွေတစ်သောင်းတောင်ကြားမှာ အဲ့လိုဖြစ်သွားဖို့ မရည်ရွယ်ခဲ့ပါဘူး။ မြွေတွေကို အရင်ကထက်ပိုပြီး ချစ်ဖို့ကောင်းသွားစေချင်လို့ လုပ်လိုက်တာပါကွာ ”

“မင်း ဂိုဏ်းကိုပြန်ရောက်ပြီးသွားလို့ရှိရင် အဲဒီယုန်စုတ်ကိုတွေ့တဲ့အခါ ချက်ချင်း ငါ့ကိုပြောပြပေးနော် ”

“မြောက်ဘက်ခြမ်းက လူတွေက တကယ်ကိုအရမ်းအနိုင်ကျင့်ကြတယ်။ ငါကလေ မြောက်ဘက်ခြမ်းကို တစ်ယောက်တည်းနဲ့ ဘာမှမပါပဲ အပို့ခံလိုက်ရတာ..။ တစ်ယောက်ယောက်ကို အပြစ်လုပ်မိမှာစိုးလို့ အမြီးကုပ်နေတာ.ဒါပေမဲ့ သူတို့က ငါ့ဒေါသကို အတင်းအဓမ္မ လာဆွခဲ့ကြတယ်…” သူက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့်ပတ်သက်သော သူ၏ပုံပြင်များကိုပြောပြသည့်အခါ တုလင်ဖေးက ရံဖန်ရံခါနှစ်သိမ့်ပေးပြီး ရံဖန်ရံခါ တခစ်ခစ်ရယ်မောလေသည်။ သူမက ပိုင်ရှောင်ချန်းအား ချီးမွမ်းသည့်အကြည့်များ၊ အံ့သြသည့်အကြည့်များဖြင့် ကြည့်လိုက်သည့်အခါတိုင်း သူကပိုမိုချဲ့ကားပြောလေသည်။

တုလင်ဖေးမှာ ပိုင်ရှောင်ချန်းက သူမ၏နာမည်ပြောင်အဖြစ် ” တုတုလေး ” ဟုခေါ်တိုင်း တစ်ကြိမ်ထက်မက ကန့်ကွက်ပါသော်လည်း အကျိုးမထူးခဲ့ပေ။ တကယ်တမ်းတွင် သူမကပို၍ကန့်ကွက်လိုက်တိုင်း သူကပို၍သုံးလာလေလေ ဖြစ်သည်။

” တုတုလေး၊ တုတုလေး၊ တုတုလေး ….”

နောက်ဆုံးတွင် သူမက ခေါင်းကိုခါယမ်းလိုက်ပြီး သက်ပြင်းချကာ အလျော့ပေးလိုက်ရတော့သည်။

နောက်ဆုံးတွင် သူတို့ကညဥ့်နက်သည်အထိ အခြေချနေထိုင်နိုင်သော တောင်ပေါ်ရှိ လိုဏ်ဂူတစ်ခုကိုတွေ့ရှိသွားသည်။ ပိုင်ရှောင်ချန်းက တရားထိုင်ရန် တင်ပျဥ်ခွေထိုင်ချလိုက်ပြီး အချိန်အနည်းငယ်ကုန်လွန်သွားသောအခါလေပြေလေးက တိုးဝှေ့တိုက်ခတ်လာလေသည်။ ထူးဆန်းစွာပင် ပိုင်ရှောင်ချန်းက ထိုလေပြေလေးအား သတိမထားမိလိုက်ပေ။

တုလင်ဖေးက မျက်လုံးကိုဖွင့်ကာ ရောထွေးနေသောခံစားချက်များ မျက်လုံးတွင်ထင်ဟပ်နေပြီး ပိုင်ရှောင်ချန်းအားကြည့်လိုက်သည်။ ခဏကြာပြီးနောက်တွင် သူမက မတ်တပ်ရပ်လိုက်ကာ တောက်ပနေသောလကိုကြည့်ရန် ဂူထဲသို့ လမ်းလျှောက်သွားလေသည်။ လေပြင်းတစ်ချက်တိုက်ခတ်သွားပြီး သူမ၏ဆံပင်များ လွင့်သွားသည်။ ထို့ကြောင့် သူမက ဆံပင်တချို့ကို နားရွက်နောက်သို့ ညှပ်ရန်လုပ်လိုက်သည်။

သို့သော် သူမ၏လက်ချောင်းက ဆံပင်အနားရောက်သွားသောအခါ လေကဖြတ်တိုက်သွားပြန်သည်။ တုလင်ဖေးက သူမ၏တောက်ပနေသောလက်ချောင်းကို ကြည့်လိုက်ကာ သူမ၏မျက်လုံးထဲတွင်လည်း ရှုပ်ထွေးနေဟန်များ အထင်းသားပေါ်လွင်လာသည်။ သူမ၏လက်ချောင်းများကို လက်သီးအဖြစ်ဆုပ်လိုက်ကာ လွင့်နေသောဆံပင်များကို တစ်နေရာတွင် စုစည်းလိုက်သည်။

“အချိန်အများကြီးမကျန်တော့ဘူးပဲ”

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားတော့သည်။ တုလင်ဖေးသည် အလွန်အမင်း စိတ်ညှိုးငယ်နေဟန်ရှိပြီး ဂူထဲသို့ပြန်လျှောက်သွားလိုက်ကာ တိတ်ဆိတ်စွာ ထိုင်နေသော ပိုင်ရှောင်ချန်းကို ကြည့်နေလေသည်။ သူ့အား မတိုးဝှေ့မိစေရန်သတိထားလျက် သူမက သူ့ဘေးတွင်ထိုင်လိုက်ကာ သူ၏ပခုံးထက်တွင် ခေါင်းတင်လိုက်လေသည်။ သူမ၏မျက်လုံးကို မှိတ်ထားလိုက်ပြီးနောက် သူမ၏မျက်နှာထက်တွင် ကြည်နူးသောအပြုံးတစ်ပွင့် ပေါ်ထွက်လာသည်။

သူတို့ခရီးသွားရင်း အချိန်များ ကုန်ဆုံးသွားခဲ့သည်။ သုံးရက်ကုန်ဆုံးသွားသော်လည်း ပိုင်ရှောင်ချန်းအတွက်မူ အချိန်ကြာမြင့်သွားသည့်ပုံမပေါ်ပေ။ သူက ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့် ကျွမ်းကျင်သူအဖြစ် ဂိုဏ်းကိုပြန်ရောက်ခဲ့လျှင် မည်သို့ဖြစ်နေမည့်အကြောင်းနှင့် မည်ကဲ့သို့လူအားလုံး၏ အာရုံစိုက်ခံရမည့်အကြောင်းကို စိတ်ကူးယဥ်ခဲ့သည်။ သူကထိုအကြောင်းကို စဥ်းစားလိုက်တိုင်း ပို၍စိတ်လှုပ်ရှားခဲ့၏။

တုလင်ဖေးမှာ ခရီးကိုနှေး၍သွားချင်သည်။ သို့သော်သူမက သူမည်မျှစိတ်လှုပ်ရှားနေကြောင်း မြင်လိုက်ရသောအခါ ရိုးရှင်းစွာပြုံး၍သာ နေခဲ့သည်။ သုံးရက်မြောက်နေ့တွင် ပိုင်ရှောင်ချန်း၏ အခြေခိုင်မာခြင်းအဆင့်မှာတည်ငြိမ်သွားပြီး သူတို့မှာလည်း စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း နှင့်အလွန်နီးကပ်နေပြီဖြစ်သည်။

တတိယမြောက်နေ့၏ညဥ့်သန်းခေါက်ယံ အချိန် သူတို့က စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသို့ရောက်ရန် တစ်ရက်သာလိုတော့ပြီး တုလင်ဖေးက အနည်းငယ်အနားယူသင့်ကြောင်း အကြံပြုလေသည်။ သူတို့က ဂူတစ်ခုကိုရှာတွေ့ခဲ့ပြီး ပိုင်ရှောင်ချန်းက မြေခဓားကမ္ဘာမှ ကြောက်လန့်ဖွယ်ရာ သူ၏အတွေ့အကြုံများကို ထိုဂူထဲတွင် ပြန်လည်ပြောပြခဲ့သည်။ သူစကားပြောနေစဥ် နုံးချိလာသည့်အလား ခံစားလိုက်ရပြီး မည်သို့ဖြစ်ပျက်သွားသည်ကို မသိလိုက်ဘဲ အိပ်ပျော်သွားလေသည်။

ပတ်ဝန်းကျင်တစ်ခုလုံးတွင် တိတ်ဆိတ်ငြိမ်သက်ခြင်းသာ ကြီးစိုးထား၏။ မီးပုံလေးမှ တဖောက်ဖောက်မြည်သံနှင့် တရှူးရှူးမြည်သံသာ တစ်ချက်တစ်ချက် ထွက်ပေါ်နေသည်။ လိုဏ်ဂူထဲတွင် မီးပုံမှထွက်ပေါ်လာသော မီးတောက်၏ အရိပ်များကခုန်နေသည်ကို မြင်တွေ့နိုင်ပြီး ဂူ အပြင်ဘက်တွက်မူ အမှောင်ထုကြီးသာ စိုးမိုးထား၏။ အရာရာတိုင်းမှာ လွန်စွာ အေးချမ်းလျက်ရှိသည်။

တုလင်ဖေးမှာ မီးပုံအား ခဏလောက် ကြည့်လိုက်လေသည်။ ထို့နောက်တွင် အတိတ်ကို လွမ်းဆွတ်နေဟန်ဖြင့် အိပ်ပျော်နေသော ပိုင်ရှောင်ချန်းအား ချစ်ခင်ကြင်နာရိပ်လွှမ်းသော မျက်လုံးတွေနှင့် ကြည့်လိုက်လေသည်။ ထိုအချိန် သူမ၏ခန္ဓာကိုယ်မှာ တလက်လက်တောက်ပလာပြီး အလင်းဖောက်နိုင်သကဲ့သို့ ကြည်လင်ပြတ်သားလာသည်ကို အာရုံမစိုက်နိုင်တော့ချေ။

အချိန်အတန်ကြာပြီးနောက် သူမကသက်ပြင်းချလိုက်လေသည်။ ပိုင်ရှောင်ချန်းအားလေးနက်စွာစိုက်ကြည့်လိုက်ကာ သူမ၏အနည်းငယ်တုန်ရီနေသော ခြေထောက်အားအသာမလိုက်သည်။ ထိုအချိန်တွင် သူကအိပ်နေရင်းဖြင့် အနည်းငယ်ပြုံးသွားသည်ကို သူမ သတိပြုမိလိုက်သည်။ ကြည့်ရသည်မှာ သူကအိပ်နေရင်း ကြည်နူးစရာကောင်းသော အိပ်မက်တစ်ခုကို မက်နေဟန်တူသည်။

သူမက အောက်သို့ငုံ့လိုက်ပြီး သူ၏နှုတ်ခမ်းထက်သို့ ဖိကာ ညင်သာစွာနမ်းလိုက်လေသည်။ ထို့နောက် လှည့်ထွက်သွားကာ ဂူအပြင်သို့လျှောက်သွားလေသည်။ သူမ၏မျက်နှာတွင် ဆုံးဖြတ်ချက်ချလိုက်ဟန် အထင်းသားပေါ်လွင်နေသည်။

သူမ ထွက်လာသည့်အခါ လေထုမှာ တုန်ခါသွားပြီး အရိပ်ကိုးခုပေါ်လာလေသည်။ သူတို့အားလုံးမှာ ထူးဆန်းပြီး နားလည်ရန်ခက်ခဲသည်။ အံ့အားသင့်စရာကောင်းသည်မှာ သူတို့ရပ်နေသည့်နေရာရှိလေထုမှာ တလက်လက် တောက်ပနေသည်။

တုလင်ဖေးကို မြင်သောအခါ ထို ပုံရိပ်ကိုးခုမှာ လက်ကိုဆုပ်ကာ ကျိုးနွံစွာ အရိုအသေပေးလာကြသည်။ သူတို့၏ရိုသေလေးစားဟန်ကိုကြည့်လျှင် သူမ၏အစေခံနီးပါးအဆင့် ဖြစ်ဟန်တူသည်။

ထိုအရိပ်ကိုးခုမှ တစ်ယောက်မှာရှေ့သို့တိုးလာကာ ရှေးခေတ်လေသံနှင့် ပြောလာသည်။
“ခေါင်းဆောင်ငယ်…. ကျုပ်တို့ကိုပေးလိုက်တဲ့ တာဝန်ပြီးမြောက်သွားပါပြီ။ ဆယ့်တစ်ယောက်လုံး ဒီမှာရှိပါတယ်”

ထိုသို့ပြောကာ သူ၏လက်ကိုဝှေ့ယမ်းလိုက်ပြီး ခေါင်းပြတ် ဆယ့်တစ်လုံး ကျလာသည်။ ခေါင်းတစ်လုံးချင်းစီ၏မျက်နှာတွင် ကြောက်ရွံ့မှုများနှင့် မယုံနိုင်ဟန်များ ပြည့်နေသည်။

ထိတ်လန့်စရာကောင်းသည်မှာ သူတို့အားလုံးက ပိုင်ရှောင်ချန်းအားသတ်ရန်ရည်ရွယ်ချက်ဖြင့် အရှေ့သစ်တောမြို့သို့ ထိုးဖောက်ဝင်ရောက်လာကြသော သူလျှိုများဖြစ်ကြလေသည်။

တုလင်ဖေးက ခေါင်းပြတ်များနှင့် အရိပ်ကိုးခုကို လျစ်လျူရှုလိုက်ပြီး ခေါင်းလှည့်ကာ အိပ်ပျော်နေသောပိုင်ရှောင်ချန်းအား ကြည့်လိုက်လေသည်။

“စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာရှိတဲ့ ငါ့အကြောင်းတွေအားလုံးက အတုအယောင်တွေပဲ “ ထိုစကားလုံးများကို တီးတိုးရေရွတ်လိုက်ရင်း သူမ၏မျက်ဝန်းလေးတွေမှ မျက်ရည်စများ ကျဆင်းလာေတာ့မည့်အလား အရောင်လဲ့လာသည်။
” လောချိန်မျိုးနွယ်စုက ငါတို့နောက်ကို လိုက်သတ်ခဲ့တဲ့အချိန်တစ်ခုပဲ အစစ်အမှန် ဖြစ်ခဲ့တယ် ”

” ငါ့တာဝန်တွေ ပြီးဆုံးသွားပြီဆိုပေမဲ့ အကြောင်းအရာတချို့ကြောင့် ငါမပျော်ဘူး။ ငါ့ကို ခွင့်လွှတ်ပေးပါ…ငါတောင်းပန်ပါတယ် ရှောင်ချန်း…. ”
မျက်ရည်စများက ချုပ်တည်းခြင်းငှာ မစွမ်းသာတော့ဘဲ နီစွေးသော ပါးပြင်ထက်သို့ လိမ့်ဆင်းကျလာပြီး အောက်သို့ကျဆင်းသွားသည်နှင့် လေနှင့်ထိတွေ့ကာ ပြာအဖြစ်သို့ ပြောင်းလဲပျောက်ကွယ်သွားသည်။

အရိပ်ကိုးခုထဲမှ တစ်ခုမှာ လက်သီးကိုဆုပ်လိုက်ကာ ရိုသေစွာပြောလေသည်။ “ခေါင်းဆောင်ငယ်..ခေါင်းဆောင်ကြီး ဖန်တီးပေးထားတဲ့ ဒီလူသားခန္ဓာကိုယ်ဟာ ကြာကြာခံတော့မှာမဟုတ်ပါဘူး။ ခေါင်းဆောင်ငယ်ကို စောင့်ရှောက်ဖို့ ကျုပ်တို့ကို စေလွှတ်လိုက်တာဖြစ်ပါတယ်။ ကျုပ်တို့နဲ့အတူ လိုက်လာမှာမလား ခေါင်းဆောင်ငယ်….. ”

တုလင်ဖေးသည် ပိုင်ရှောင်ချန်းကို ကြာမြင့်စွာ ကြည့်ရှုနေပြီးနောက် သက်ပြင်းချလိုက်ပြီး ညင်သာစွာခေါင်းညိတ်လိုက်လေသည်။ သူမကိုကြည့်ရသည်မှာ စိတ်ပင်ပန်းနွမ်းနယ်နေဟန်ရှိသည်။ နောက်ဆုံးတွင် သူမက ထွက်ခွာရန်လှည့်လိုက်လေသည်။ သူမလှည့်လိုက်သည်နှင့်တပြိုင်နက် သူမ၏ခန္ဓာကိုယ်မှာ မီးခိုးငွေ့များအလား တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်သွားသည်။ အရိပ်ကိုးခုမှာလည်း သူမနှင့်အတူ ပျောက်ကွယ်သွားတော့သည်။

ခေါင်းပြတ်ဆယ့်တစ်လုံးမှာမူ ပြာအဖြစ် အရည်ပျော်ကျသွားတော့သည်။

နောက်နေ့မနက်အရုဏ်တက်ချိန်တွင် ဂူထဲသို့ နေရောင်ခြည်တန်းများ ဝင်ရောက်လာြပီး ပိုင်ရှောင်ချန်းသည် မျက်လုံးကိုမှေးကြည့်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း ဖွင့်လိုက်လေသည်။

” တုတုလေး…..ရေဆာတယ် ” သူက သမ်းဝေနေရင်း ပြောလေသည်။ သူ အနည်းငယ် အံ့သြနေလေသည်။ သူကျင်ကြံခြင်းကိုစတင် ကျင့်ကြံချိန်မှစ၍ မကြာခဏအိပ်စက်ရန်မလိုကြောင်းတွေ့ရှိခဲ့ရသည်။ သို့သော် ယခုတွင် သူကအချိန်အတော်ကြာအောင် အိပ်ပျော်သွားခဲ့သည်။ သူ၏မျက်လုံးကိုပွတ်နေရင်း မတ်တပ်ထရပ်လိုက်ကာ တုလင်ဖေးအားလှည့်ပတ်ရှာလိုက်သည်။

သူမအားမတွေ့ရသည့်အခါ ထိုအတွက်သိပ်ပြီးမစဥ်းစားလိုက်ပေ။ လိုဏ်ဂူ၏အပြင်ဘက်သို့ လမ်းလျှောက်ထွက်ကာ နေထွက်နေသည်ကိုကြည့်လိုက်ပြီး ပျင်းရိစွာအကြောဆန့်လိုက်သည်။

” မကြာခင်တုံးက ငါ အရမ်းပင်ပန်းထားခဲ့လို့ပဲ ဖြစ်ရမယ်။ ဘယ်လိုတောင် ညက အိပ်ကောင်းလိုက်လဲကွာ” ထိုအချိန်တွင် ယခင်ကထက် စွမ်းအားများပိုမိုပြည့်ဝနေသကဲ့သို့ သူခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်ထဲတွင်လည်း သက်စောင့်အားများ အတားအဆီးမရှိ တိုးနေလေသည်။ သူ၏ စိတ်စွမ်းအင်ပင်လယ်ကိုးခုမှာလည်း ရွှေရောင် တလက်လက်တောက်ပနေကာ ကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့်ကို သူ လုံးလုံးပြီးမြောက်သွားခဲ့ပြီဖြစ်သည်။

သူက ခန္ဓာကိုယ် အတွင်းပိုင်းသို့အာရုံစိုက်ခြင်းကိုရပ်စဲလိုက်သည်။ သူအသက်ရှုလိုက်တိုင်း သူ၏စိတ်စွမ်းအင်ပင်လယ်ထဲသို့ လှိုင်းများဖြတ်သွားနေသည်ကို ကြားနိုင်လေသည်။

သူက ယခင်ကထက် ပိုမိုကောင်းမွန်သကဲ့သို့ ခံစားလိုက်ရပြီး ကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့်နှင့် သူ၏ကောင်းကင်တာအိုအစွမ်းကို ရင်းနှီးကျွမ်းဝင်စေရန်နှင့် တုလင်ဖေးအားလည်းစောင့်ရှောက်ရန် နှစ်ခုလုံး တွေးတောလျက် ခဏကြာ တရားထိုင်ရန်ဆုံးဖြတ်ချက်ချလိုက်သည်။

နှစ်နာရီကုန်ဆုံးသွားသော်လည်း တုလင်ဖေးကပြန်မလာခဲ့ပေ။ ပိုင်ရှောင်ချန်းသည် မျက်လုံးဖွင့်လိုက်ကာ တစ်ခုခုကိုစိတ်လှုပ်ရှားနေရသကဲ့သို့ ခံစားလိုက်ရသည်။

“ခုထိ ပြန်မလာသေးတာလား” သူတွေးတောမိလိုက်သည်။ သူက ကျောက်စိမ်းပေလွှာကိုထုတ်လိုက်ကာ သူမဆီသို့ စာတစ်စောင်ပေးပို့လိုက်သည်။ သို့သော် ပင်လယ်ထဲသို့ ခဲတစ်လုံးပစ်လိုက်သည့်အလား ပြန်လည်တုံ့ပြန်ခြင်းမရှိပေ။

“ဘာတွေဖြစ်နေတာတုံး ” သူက ခြေထောက်ကို ချကာ ချက်ချင်းထိုနေရာဝန်းကျင်တွင် စတင်ရှာဖွေတော့သည်။ ညနေခင်းအချိန်ရောက်သွားသည့်တိုင် နေရာအနှံ ့ သူရှာဖွေခဲ့သည်။ သို့သော်မည်သည့် သဲလွန်စမှရှာမတွေ့ခဲ့ပေ။ တုလင်ဖေး….ကား ပျောက်ဆုံးသွားခဲ့ပြီ။

သူ အလွန်အမင်းစိုးရိမ်သောက ရောက်လျက်ရှိပြီး ဆိုးဝါးသောအရာတစ်ခု ဖြစ်ပျက်လာသည်ဟု ခံစားလာရသည်။ သူ့ မျက်နှာမှာ သွေးဆုတ်ဖြူရော်လာပြီး မျက်လုံးများ နီရဲနေကာ အဆက်မပြတ် ရှာဖွေတော့သည်။

” တုတုလေးရေ ….မင်း ဘယ်မှာလဲ ”

“တုလင်ဖေး…မင်းဘယ်​မှာလဲ ”

“တုလင်ဖေးရေ….” သူသည် လေးရက်လုံးလုံး သူစဥ်းစားရသမျှနေရာအားလုံးကို ရှာဖွေခဲ့သည်။ သူ၏ဆံပင်များမှာ ဖရိုဖရဲဖြစ်လာကာ ပိန်ချုံးလာခဲ့သည်။ သို့သော်လည်း တုလင်ဖေးအား မည်သည့်နေရာမှ ရှာမတွေ့ပေ။

” တုတုလေး…ငါပြောတာ အမှားပါသွားလို့လား။ ဘာလို့ ငါ့ဆီကနေ ပုန်းနေရတာလဲ။ တစ်ခုခု ပြောပေးပါဦး”

“တုလင်ဖေးးး။ ထွက်လာခဲ့ပါကွာ။ မင်းဘယ်ရောက်နေတာလဲ”

” ဘာဖြစ်လို့ မထွက်လာရတာလဲ ”

သူအလွန်တရာ စိုးရိမ်ပူပန်နေလျက် ရူးသွပ်လုနီးပါး ဖြစ်နေတော့သည်။ နောက်ဆုံးတွင် သူသည် နောက်ဆုံးအချိန်မှာ သူမနှင့်အတူရှိခဲ့သည့် ဂူသို့ ပြန်သွားကာ နေရာအနှံ့အပြားသို့ ပိုက်စိပ်တိုက်ရှာဖွေလေသည်။ သို့တိုင် သူ၏ရှာဖွေမှုက အရင်အတိုင်း အချည်းနှီးဖြစ်သွားခဲ့သည်။

သူက မည်သည့်အတွက်ကြောင့်မှန်း ဝေခွဲရခက်နေသည့်တိုင် သူ၏နှလုံးသားမှာ တဆစ်ဆစ် နာကျင်လာသည်။ တစ်စုံတစ်ယောက်က သူ့နှလုံးသားကို တစ်စစီ နင်းချေနေသည့်အလား ခံစားနေရပြီး ယခုကဲ့သို့ ခံစားချက်ကို သူ တစ်ခါမှ မခံစားဖူးခဲ့ချေ။ သူ၏လက်ကို ရင်ဘတ်ပေါ်တင်ထားလိုက်ရင်း အကြောင်းပြချက်မရှိဘဲ အိပ်ပျော်သွားသည့်အကြောင်းကိုစဥ်းစားမိကာ သူ နာကျင်စွာခံစားလိုက်ရသည်။ နောက်ဆုံးတွင် သူ့မျက်လုံးများမှာ အသက်ကင်းမဲ့လာ၏။

ပိုင်ရှောင်ချန်းက ဂိုဏ်းသို့ပြန်ရောက်မလာပဲ ကြာနေသောကြောင့် ဂိုဏ်းက လူများထပ်မံစေလွှတ်ကာ သူ့အားရှာဖွေနေကြလေသည်။ ဟိုယွင်ဖေးမှာ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာရှာဖွေနေသကဲ့သို့ မြောက်ဘက်ခြမ်းနှင့်တောင်ဘက်ခြမ်းမှ အခြားအဓိကဂိုဏ်းသားများမှာလည်း ရှာဖွေနေကြသည်။ လီချင်းဟောက်ပင် ပါဝင်ကူညီရှာဖွေနေလေသည်။

နောက်ဆုံးတွင် သူတို့ကသူ့အားရှာဖွေတွေ့ရှိသွားလေသည်။ သူ၏ မျက်လုံးများနီရဲေနပြီး မျက်နှာမှာလည်း ညှိုးငယ်နေကာ မှိုင်တွေငေးမောနေသည့်အသွင်ဖြင့် ဂူ၏အပြင်ဘက်မှာ ထိုင်နေသည်။

လီချင်းဟောက်သည် သူ့အားမြင်လိုက်ရသည့်အခါ ထိုမြင်ကွင်းကြောင့်စူးရှနာကျင်သွားရပြီး မေးမြန်းလိုက်လေသည်။
” ရှောင်ချန်း…ဘာဖြစ်လို့လဲ ”

ပိုင်ရှောင်ချန်းမှာတုန်ခါသွားပြီး ခံစားချက်ကင်းမဲ့နေသောမျက်လုံးများဖြင့် လီချင်းဟောက်အားကြည့်ကာ ရေရွတ်ပြောဆိုလိုက်သည်။
” ဦးလေးလီ….တုလင်ဖေးကို….မတွေ့တော့ဘူး”


Comment

Leave a Reply

Options

not work with dark mode
Reset