အခန်း (၉၀) : ဒီအမှတ်အသားပြားက စားလို့ ရလား
ဧရာမဓားကြီးနှင့် အမျိုးသားက ဝေ့ယန်နန်းဆောင်ကို ဝေ့ကြည့်လိုက်ပြီးနောက် ကျန်းယွင်ရှီးဆီ အကြည့်ကျရောက်လာသည်။
သူက အနည်းငယ် အံ့အားသင့်မိသွားသည်။
“ ယင်ယန် ဓာတ်နှော နတ်မိုးကြိုးဇစ်မြစ်လား … ကျီယန် မင်းက ရွှေရောင်အမြုတေ ကျင့်ကြံသူကို ရှုံးနိမ့်ခဲ့တာလား။ မင်းရဲ့ ဓားက အားနည်းပြီး နှေးကွေးနေသေးတယ် ”
သူက အေးအေးဆေးဆေး သက်သက်သာသာ ပြောခဲ့သော်လည်း အထွတ်အထိပ်ရှင် ကျီယန်က နောက်ပိုင်း အဖြစ်အပျက်မှာ ကောင်းလာတော့မည် မဟုတ်ကြောင်း သိလိုက်လေပြီ။
ထို့နောက် ထိုအမျိုးသားက ထပ်ပြောလိုက်သည် “ ဟုတ်ပြီ … မင်း ပြန်ရောက်လာရင် ငါ့ဆီ လာတွေ့လှည့် ”
အထွတ်အထိပ်ရှင် ကျီယန်က စိတ်ဓာတ်ကျသွားလေသည်။ သူက စီနီယာအစ်ကိုကြီးနှင့် ခက်ခက်ခဲခဲ အချိန်များကို ဖြတ်သန်းရပေတော့မည်။
အထွတ်အထိပ်ရှင် ကျီယန်နှင့် ပြောဆိုပြီးနောက် အမျိုးသားက နန်းဆောင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် ရင်းနှီးပြီးသား မျက်နှာကို မြင်လိုက်ရသည့်အချိန် ကြောင်အမ်းသွားလေသည်။ သူ့သမီးဖြစ်သူလည်း ရောက်နေလေ၏။
“လျန်အာ အိမ်ကနေ ထွက်ပြေးပြန်ပြီလား … ဒီအိုးက … ”
အမျိုးသားက ပန်းအိုးကို မှတ်မိသွားသည့်အခါ ပင့်သက်ရှိုက်လိုက်မိသည်။
ထို့နောက် သူက အော်ပြောလိုက်သည် “ လျန်အာ ဘာတွေလုပ်ခဲ့ပြန်ပြီလဲ ”
လီလျန်အာက ရှက်ရွံ့စွာဖြင့် ပန်းအိုးကို နောက်ဝှက်ထားလိုက်သည်။
“ ဖေဖေ ဘာမှမမြင်ဘူးနော် … ဘာမှမမြင်လိုက်ဘူးနော် ”
အမျိုးသားက သူ့ဘာသာ ပြန်ထိန်းလိုက်ပြီး ထပ်မေးလိုက်သည် “ ရှန်ထျန်းက ဘယ်သူလဲ … ရှေ့ထွက်ခဲ့စမ်း ”
ရှန်ထျန်းက ခပ်သွက်သွက် နောက်ဆုတ်လိုက်တော့သည်။ ယခု ရှေ့ထွက်လိုက်လျှင် အရူးတစ်ယောက် ဖြစ်သွားပေမည်။
ကျန်းယွင်ရှီးက လေဟာနယ်ထဲရှိ အမျိုးသားကို မော့ကြည့်လိုက်ကာ ပြောလိုက်သည်
“ ဆရာဦးလေး ချန်းဟယ် … ရှန်ထျန်းက ကျွန်မတို့ အံ့ဖွယ် မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ သူတော်စင် ဖြစ်နေပါပြီ။ ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူတစ်ယောက်အနေနဲ့ ကျွန်မတို့ရဲ့ သူတော်စင်မကို လုယူဖို့ လုပ်နေတာလား … တခြားသူတွေက ဘယ်လိုထင်ကြမလဲ ”
လီခန်းလန်၏ ဝိညာဉ်က နှာခေါင်းရှုံ့ကာ
“ တခြားသူ ဘယ်လိုတွေးတွေး ဂရုမစိုက်ဘူး။ မင်းတို့ အံ့ဖွယ် မိုးကောင်းကင် အထွတ်အမြတ်မြေက ငါတို့နဲ့ ရင်းရင်းနှီးနှီး ရှိခဲ့တာပဲ … အခု သူက မင်းတို့ရဲ့ သူတော်စင် ဖြစ်နေပြီဆိုတော့ ထိုက်ပိုင်ချိုင့်ဝှမ်းဆီ ခဏဌားလိုက်။ မင်းတို့ရဲ့ ဂိုဏ်းချုပ်ကိုယ်စား သူ့ကို ကောင်းကောင်း လေ့ကျင့်ပေးလိုက်မယ်။ အချိန်တချို့ကြာသွားရင် ပြန်ပို့ပေးမယ် ”
ကျန်းယွင်ရှီးက ရွေးချယ်မှုများများစားစား ရှိမနေပေ “ ဆရာဦးလေး ချန်းဟယ် ကျွန်မကို နည်းနည်း မျက်နှာသာမပေးတော့ဘူးလား ”
လီခန်းလန်က ဂရုမစိုက်စွာဖြင့် “မင်းအဖေပဲ အဲလိုပြောလို့ရမယ်။ မင်းက ဒီလောက်အဆင့် မရောက်သေးဘူး ”
သူ့စကားအဆုံးတွင် လေဟာနယ်ထဲမှ နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာသည်။
“ အို … ငါ့ဆရာတူညီလေးပဲ ပြောလို့ ရတယ်ဆိုတော့ ငါကရော ”
လေဟာနယ်ထဲ အပေါက်တစ်ခု ဖြစ်လာကာ တာအိုကိုယ်တော်အိုတစ်ပါး ကျဆင်းလာသည်။ သူက နန်းဆောင်ကို ပြုံးစစဖြင့် ကြည့်လိုက်ပြီးနောက် ရှန်ထျန်းကို မြင်လိုက်သည့်အခါ အနည်းငယ် မျက်မှောင်ကျုတ်မိသွားတော့သည်။
ချန်းဟယ် ဓားအသျှင်၏ ဝိညာဉ်က နှောင့်ယှက်သူကို မြင်လိုက်ရသည့်အခါ အံ့ဩသွားလေသည်။ သူက ချောင်းဟန့်လိုက်ရင်း ပြောလိုက်သည် “အဟွတ်ဟွတ် … စီနီယာကြာပြာရော အခြေအနေ ဘယ်လိုလဲ”
တာအိုကိုယ်တော်က လီခန်းလန်အား ကြည့်လိုက်ပြီး စနောက်လိုက်သည် “ မကောင်းဘူး … သိပ်မကောင်းဘူး။ ငါ အရမ်းဆင်းရဲလွန်းနေတယ်”
လီခန်းလန်က တစ်ခုခု မဟုတ်တော့ကြောင်း ခံစားမိလိုက်ပြီး ဓားသခင် အမှတ်အသားပြားဖြင့် ထွက်ပြေးဖို့ ကြိုးစားလိုက်သည်။
တာအိုကိုယ်တော်က ယုံကြည်ချက်ရှိရှိ ပြုံးလိုက်သည်။
“ ညီလေး ခန်းလန်နဲ့ မတွေ့ရတာ နှစ်ရာချီလေးပဲ ရှိသေးတယ်။ အခုထိ သတိကြီးနေတုန်းကိုး …. မင်း သိပါ့မလားတော့ မသိပေမဲ့ ရှန်ထျန်းကို ငါ သဘောကျလို့ နောက်ဆုံးတပည့်အဖြစ် လက်ခံမလို့လေ။ မင်းက သူ့ကို အတင်းကျပ်ခေါ်သွားချင်နေတာလား။ မင်းက ငါ့ကို မျက်နှာသာ လုံးဝ မပေးပါ့လားကွာ …
မင်းက ဘာမှလျော်ကြေးမပေးဘဲ ထွက်သွားလို့ ရမယ် ထင်နေတာလား … တုံးအလိုက်တာ ”
ထို့နောက် တာအိုကိုယ်တော်က စိမ်းပြာရောင် မီးတောက်အဖြစ် ပြောင်းလဲကာ သူတို့နောက် လိုက်သွားလေသည်။
မီးတောက်က ကြယ်ကြွေလာသကဲ့သို့ ကောင်းကင်ကို ဖြတ်ပြေးသွားသည်။
လီခန်းလန်က တာအိုကိုယ်တော် နီးကပ်လာသည်ကို မြင်လိုက်သည့်အခါ သူ့ဓားကို ဆွဲထုတ်လိုက်တော့သည်။
ဓားအငွေ့အသက်များစွာက တာအိုကိုယ်တော်ဆီ လှိုင်းလုံးသဖွယ် ရုတ်ချည်း ဝင်ရောက်လာလေ၏။ ထို့နောက် ဓားအငွေ့အသက်၏ အလင်းရောင်က မီးတိုင်းပြည်၏ နန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
ဤသည်မှာ ထိုက်ပိုင်ချိုင့်ဝှမ်း၏ အကောင်းဆုံး တိုက်ကွက် ဖြစ်သည့် အဆုံးမဲ့ ဓားအငွေ့အသက် တိုက်ကွက် ဖြစ်ပေသည်။
ကျန်းယွင်ရှီးက လေးလေးစားစား ကြည့်လိုက်မိသည်။
ဒါက ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်တစ်ယောက်ရဲ့ တကယ့် အစစ်အမှန် စွမ်းအားကိုး … ငါ အဝေးကြီး လိုနေသေးတယ်
ဓားအငွေ့အသက်က သူ့ဆီ ပြေးဝင်လာသော်လည်း တာအိုကိုယ်တော်က လုံးလုံး မစိုးရိမ်ပေ။
“ မီးစာ ပညာရပ် … ပါးစပ်ကြီး ”
သူ ပြောလိုက်သည့်အခါ စိမ်းပြာရောင် မီးတောက်များက ဧရာမ ပါးစပ်ကြီးသဖွယ် ပြောင်းလဲသွားလေသည်။ ဓားအငွေ့အသက်ပေါင်းများစွာက ထိုပါးစပ်အတွင်း ကျဆင်းသွားကာ ဘာမှထပ်မဖြစ်လာချေ။ ထို့အစား ပါးစပ်ကြီးက အားလုံးကို ဝါးမျိုချလိုက်၏။
စိမ်းပြာ ပါးစပ်ကြီး အရှိန်နှုန်းက လျော့ကျသွားခြင်း မရှိပေ။ အချုပ်အားဖြင့်ဆိုရလျှင် ပို၍ပင် မြန်ဆန်လာလေ၏။
“ချူးလုံဟယ် … ကျုပ်ခန္ဓာကိုယ်အစစ်သာ ဒီမှာ ရှိနေရင် ခင်ဗျားကို ရိုက်ပစ်မှာ”
ဓားသခင် အမှတ်အသားပြားမှ အသံတစ်သံ ထွက်ပေါ်လာလေသည်။ အသံက တည်ငြိမ်နေဟန်ပေါ်သော်လည်း စိတ်တိုမှု ကိန်းအောင်းနေလေ၏။
ချန်းဟယ် ဓားအသျှင်က အရှေ့ပိုင်းလွင်ပြင်၌ တိုက်ခိုက်လာသည်မှာ ကြာမြင့်လာပြီ ဖြစ်ရာ အတင်းကျပ် ထွက်ပြေးရသည်မျိုး တစ်ခါမှ မကြုံခဲ့ဖူးပေ။
ကံဆိုးစွာဖြင့် သူက တာအိုကိုယ်တော်နှင့် ရင်ဆိုင်ရချိန် ဓားသခင် အမှတ်အသားပြား၏ ဝိညာဉ်အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်နေလေသည်။
ဤအရာက သာမန် ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူတစ်ယောက်ကို အနိုင်ယူနိုင်လောက်အောင် အားကောင်းသော်လည်း ကြာပြာကား သာမန် ကျင့်ကြံဆင့်မျိုး လုံးဝ မဟုတ်ချေ။
လီခန်းလန်က တကယ့်ခန္ဓာကိုယ်အစစ် ရောက်လာမှသာ သူနှင့် ပြိုင်နိုင်လိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ သူ့ အင်အားအစစ်အမှန် တပိုင်းတစဖြင့် ကြာပြာနှင့် တိုက်ခိုက်ဖို့ ကြိုးစားခဲ့လျှင် သေချာပေါက် နောက်ဆုတ်ရပေမည်။
ကြာပြာအနေနှင့် လီခန်းလန် ဝိညာဉ်တပိုင်းတစကို အနိုင်ယူနေခြင်းက မသင့်တော်သော်လည်း သူကတော့ လုံးလုံး ဂရုမစိုက်ပေ။
ပို၍ အရေးကြီးသည်က ဤအရာမှာ ဝိညာဉ်အစိတ်အပိုင်းမျှ ဖြစ်သော်လည်း ဒဏ်ရာကား တကယ့်လူပေါ် သက်ရောက်မှု ဖြစ်လာနိုင်သည်။ ထို့ကြောင့် လီခန်းလန်က ဓားသခင် အမှတ်အသားပြားကို ကိုယ်တိုင် ဆောင်ထားခြင်းသာ ဖြစ်၏။
သူက အရေးကြီး၍သာ ကျီယန်အား ဌားရမ်းလိုက်ခြင်း ဖြစ်သည်။
အကယ်၍ ကြာပြာသာ ဤအမှတ်အသားပြားကို ရရှိသွားခဲ့လျှင် လီခန်းလန်ဆီမှ ပြန်ရွေးငွေများ တောင်းဆိုပေလိမ့်မည်။
လီခန်းလန်က ထွက်ပြေးရုံမှအပ ရွေးချယ်စရာ မရှိတော့ချေ။ သူက အရှိန်နှုန်းကို မြင့်လိုက်သော်လည်း ပါးစပ်ကြီးက ပို၍ မြန်ဆန်နေသေး၏။
“ဟားဟား ထွက်ပြေးမနေနဲ့တော … မင်းကို မြည်းကြည့်ရအောင် ”
ထို့နောက် ပါးစပ်ကြီးက အရွယ်အစား ကြီးမားလာလေ၏။ ဤအရာက တွင်းနက်ကြီးသဖွယ် ဖြစ်လာကာ ဓားအငွေ့အသက်များနှင့် ဓားသခင် အမှတ်အသားပြားနှင့်အတူ အထွတ်အထိပ်ရှင် ကျီယန်ကိုပါ စုပ်ယူလိုက်သည်။
ဝုန်း
အချိန်တချို့ကြာမြင့်ပြီးနောက် ပါးစပ်ကြီးက ကိုယ်လုံးတီး အမျိုးသားတစ်ယောက်ကို ထွေးထုတ်လိုက်လေသည်။
ထိုအမျိုးသားက တုံ့ဆိုင်းမနေဘဲ မြန်မြန် ထွက်ပြေးသွားလေ၏။
စိမ်းပြာရောင် မီးတောက်က နန်းဆောင်ဆီ ပြန်ရောက်လာကာ တာအိုကိုယ်တော် တဖန် ပြန်ပေါ်လာသည်။ သူက ရွှေရောင် အမှတ်အသားပြား တစ်ခုနှင့် သိုလှောင်လက်စွပ်တစ်ကွင်းကို ကိုင်ဆောင်ထားလေသည်။
“လီခန်းလန်က သောက်ရမ်းချမ်းသာတာပဲ … ဒီအမှတ်အသားပြားအတွက် ထာဝရသတ္တုတပိုင်းအဆင့်တောင် သုံးထားတာပဲ ” သူက အမှတ်အသားပြားကို ကြည့်လိုက်ရင်း ကျေကျေနပ်နပ် ပြုံးလိုက်သည် “ အခုတော့ ငါ့အပိုင် ဖြစ်သွားပြီ ”
ထို့နောက် သူက ပါးစပ်ဟကာ အမှတ်အသားပြားကို ကိုက်စားပစ်လိုက်သည်။
ဂျွတ်
အားလုံးကို အံ့အားသင့်သွားစေသည်မှာ တာအိုကိုယ်တော်က အမှတ်အသားပြားကို တကယ်ကြီး စားလိုက်ခြင်း ဖြစ်၏။
ရှန်ထျန်းသည်လည်း ကျောက်ရုပ် ဖြစ်သွားလေသည်။
ဘာကြီးလဲ … အဲဒီ အမှတ်အသားပြားက စားလို့ ရတာလား … ဘာလား …
good
good
good
good