အခန်း (၈၉) : ဓားသခင် အမှတ်အသားပြားက အရင်ကလောက် သိပ်အားမကောင်းတော့ဘူး
ရှန်ထျန်းက ထွက်လမ်း မတွေ့ခင်အထိ အထွတ်အထိပ်ရှင် ကျီယန်နောက်လိုက်သွားဖို့ စီစဉ်ထားလိုက်သည်။ သူ အရင်ပြဿနာကို မဖြေရှင်းပြီးခင် နောက်ပြဿနာကြီး တစ်ခု ရောက်လာလိမ့်မည်ဟု မည်သူကများ တွေးထားမိမည်နည်း။
အဲဒီတည်ထောင်သူ ဘိုးဘေးတွေက ဘာစည်းမျဉ်းတွေ ချထားတာတုန်း … ငါ့ကို သူတို့ရဲ့ သူတော်စင် အတင်းကျပ် ဖြစ်လာစေပြီးတော့ သူတော်စင်မ ဇနီးလောင်းကိုပါ ပေးနေတာလား …
အထွတ်အမြတ်မြေရဲ့ အားကောင်းတဲ့ တပည့်တွေက ငါ့ကို ဘယ်လိုတွေးကြမလဲ … ကျန်းယွင်ရှီးကို ကြိုက်နေသူတွေက ငါ့ကို နည်းလမ်းမရွေး သတ်ပစ်မှာ အသေအချာပဲ …
ငါ ဒီလောက် ဂရုစိုက်နေရက်သားနဲ့ အထွတ်အထိပ်ရှင် ကျီယန်လိုမျိုး ပုဂ္ဂိုလ်နဲ့တောင် ထိပ်တိုက်တွေ့လိုက်ရသေးတယ်
အကယ်၍ သူသာ ကျန်းယွင်ရှီးနားမှာသာ နေ့တိုင်းနေနေလျှင် ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူများပါ သူ့ကို အမဲလိုက်ကြလိမ့်မည်။
ရှန်ထျန်းက ရုတ်ချည်းဆိုသလို ထိုက်ပိုင်ချိုင့်ဝှမ်းသည် အံ့ဖွယ် မိုးကောင်းကင် အထွတ်အမြတ်မြေထက် ပို၍ ဘေးကင်းကြောင်း ခံစားမိလိုက်၏။
ထို့ကြောင့် ရှန်ထျန်းက ပြန်ဖြေပေးလိုက်သည်
“ နတ်မိမယ်ယွင်ရှီး ကျမ်းနောက်ဆုံးတွဲ ရှာပေးတာအတွက် ကျေးဇူးတင်ဖို့ မလိုပါဘူးဗျာ … ကျွန်တော်က ကူညီပေးခဲ့တယ်ဆိုပေမဲ့ ဘာမှပြန်မလိုချင်ပါဘူး။ အံ့ဖွယ် မိုးကောင်းကင် အထွတ်အမြတ်မြေက အရှေ့ပိုင်းလွင်ပြင်မှာ ထိပ်သီးဂိုဏ်းတစ်ခုလေ။ ကျွန်တော်က သိပ်ပါရမီ မပါတော့ သူတော်စင် ဖြစ်ဖို့ မသင့်တော်ပါဘူးဗျာ ….
ပြီးတော့ တည်ထောင်သူဘိုးဘေးတွေရဲ့ စည်းမျဉ်းကြောင့်နဲ့ ကျွန်တော်ကို အတင်းကျပ် လက်မထပ်လည်း ဖြစ်ပါတယ်။ ကျွန်တော်လည်း ကနဦး စိတ်ဝိညာဉ်အဆင့် မရောက်မချင်း အချစ်ရေးရာနဲ့ ဝေးဝေးနေဖို့ ကိုယ့်ဘာသာ ကတိပေးထားလို့ပါ … အဲဒါကြောင့် ဘာမှမစိုးရိမ်နေပါနဲ့ ”
ရှန်ထျန်းက ကျန်းယွင်ရှီးအတွက် စဉ်းစားပေးထားသော်လည်း သူမအနေနှင့် သိပ်ပျော်ဟန် မပေါ်ပေ။
ဝေ့ယန်နန်းဆောင်ရှိ လူများက နောက်တစ်ခါ ထပ်အံ့ဩသွားကြပြန်သည်။
ဘာ … မင်းသား(၁၃)က တကယ်ကြီး ငြင်းလိုက်တာတဲ့လား …
သူတော်စင် ဖြစ်လာဖို့က အခွင့်အရေးကောင်းတစ်ခုလေ … ပြီးတော့ သူတော်စင်မနဲ့တောင် လက်ထပ်လို့ ရဦးမှာလေ … ဒါကို သူက ငြင်းလိုက်တာတဲ့လား
ဒီမင်းသားက ဘာဖြစ်နေတာလဲ … ကံဆိုးတာများပြီး ဦးနှောက်ချောင်သွားတာလား …
ဒါက သူ ရှိဖူးသမျှထဲ အကောင်းဆုံးအခွင့်အရေးတစ်ခုလေ … မင်းရဲ့ ဆုံးဖြတ်ချက်ကို မင်းမိဘတွေရော သဘောတူရဲ့လားကွာ
ဝုန်း
အားလုံးက အဖြစ်အပျက်ကို သဘောကျနေကြစဉ် အသံကျယ်ကျယ်တစ်ခု ပျံ့လွှင့်လာသည်။
အထွတ်အထိပ်ရှင် ကျီယန်က အကျိုးအပျက်ပုံကြားမှ ထလာကာ နန်းဆောင်ဆီ ပြန်ရောက်လာသည်။ သူ့သေသပ်လှသော ဝတ်ရုံသည်လည်း ဖုန်အလိမ်းလိမ်း ဖြစ်နေကာ ဆံပင်များမှာလည်း ရှုပ်ပွနေလေ၏။ သူ့မျက်နှာတွင်လည်း ပေတူးနေလေသည်။ စောစောက လက်သီးချက်က သူ့အား အတော်ခံစားရစေခဲ့သည်မှာ သိသာလှသည်။
အထွတ်အထိပ်ရှင် ကျီယန်က ကျန်းယွင်ရှီးအား စိုက်ကြည့်ကာ “ သူတော်စင်မ ယွင်ရှီးကိုး … ရှန်ထျန်း ပြောတာကို မင်းလည်း ကြားမှာပါ။ ရှန်ထျန်းက မင်းတို့ရဲ့ သူတော်စင် ဖြစ်လာဖို့ စိတ်မဝင်စားမှတော့ မင်းအနေနဲ့ တည်ထောင်သူ ဘိုးဘေးတွေရဲ့စည်းမျဉ်းကို လိုက်နာနေဖို့ မလိုတော့ပါဘူး။ သူ့ကို ငါတို့ ထိုက်ပိုင်ချိုင့်ဝှမ်းဆီပဲ ခေါ်သွားလိုက်မယ် ”
အထွတ်အထိပ်ရှင် ကျီယန်က တိုက်ခိုက်မှုကြောင့် နာကျင်နေသော်လည်း ဒုက္ခကြောင့် နောက်ဆုတ်မည့်သူ မဟုတ်ချေ။
စီနီယာအစ်ကိုကြီးက သူ့ကို ရှန်ထျန်း ခေါ်လာဖို့ အမိန့်ပေးထားလေ ဘယ်လိုဖြစ်ဖြစ် ပြီးမြောက်အောင် လုပ်ရမယ် …
စီနီယာအစ်ကိုကြီးက ပိုကြောက်ဖို့ ကောင်းတယ်
ကျန်းယွင်ရှီးက ကျီယန်အား သေချာစိုက်ကြည့်လိုက်ရင်း လေဟာနယ်ထဲ ကျားသဏ္ဍာန် ထပ်ပေါ်လာပြန်သည်။
ရှင်က ထိုက်ပိုင်ချိုုင့်ဝှမ်းရဲ့ အကြီးအကဲတစ်ယောက် ဖြစ်ရုံလေးနဲ့ ကျွန်မတို့ တည်ထောင်သူဘိုးဘေးတွေရဲ့ စကားကို ပြက်ရယ်ပြုရဲတယ်လား … သူတို့က အတိတ်တုန်းက စည်းမျဉ်းတွေ ချမှတ်ခဲ့တာက နောက်လာနောက်သားတွေ လိုက်နာဖို့လေ။ ကျွန်မလည်း ကျွန်မချစ်မြတ်နိုးရသူကို လွတ်လွတ်လပ်လပ် ရွေးချယ်ချင်ပေမဲ့ ဂိုဏ်းကို သစ္စာဖောက်မှာ မဟုတ်ဘူး
“ အထွတ်အထိပ်ရှင် ကျီယန်ရဲ့ စကားတွေအရဆိုရင် ကျွန်မတို့ အံ့ဖွယ် မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ သူတော်စင်ကို လုယူချင်နေတယ်လို့ ယူဆလိုက်လို့ ရတယ်မလား ”
ကျန်းယွင်ရှီးက တိုက်ခိုက်ဖို့ အဆင့်သင့် ဖြစ်နေလေပြီ။ သူမက ညာဘက်လက်တွင် ရွှေငွေ မိုးကြိုးအလုံး ဖွဲ့စည်းထားလိုက်သည်။ ထိုအလုံးက လက်ထဲ လှည့်ပတ်နေပြီး တဂျစ်ဂျစ် အသံထွက်နေသည်။
ဤသည်မှာ ကောင်းကင် မိုးကြိုးငါးသွယ် ကျင့်စဉ်၏ အခြေခံအကျဆုံး တိုက်ကွက် ဖြစ်သည့် မိုးကြိုးလက်သီး (သတ္တု) ဖြစ်၏။ ထိုစွမ်းအားက နတ်မိုးကြိုးနှင့် ရောနှောသွားသည့်အခါ ပို၍ အားကောင်းလာလေသည်။
ကျန်းယွင်ရှီးက ဤတိုက်ကွက်ဖြင့် ကနဦး စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးကို အနိုင်ယူခဲ့ဖူးသောကြောင့် ကျီယန်၏ စကားသည် သူမအား မည်မျှ စိတ်ဆိုးသွားစေသည်ကို ခန့်မှန်းကြည့်၍ ရပေသည်။ သူမက တည်ထောင်သူဘိုးဘေးများကို ပြက်ရယ်ပြုသူများအား အလွယ်တကူ ခွင့်လွှတ်ပေးမည် မဟုတ်ပေ။
ကျန်းယွင်ရှီးက သတ်ဖြတ်ငွေ့ ထုတ်မလွှင့်ရသေးသော်လည်း အထွတ်အထပ်ရှင် ကျီယန်က သူမဆီမှ ကြောက်မက်ဖွယ်စွမ်းအားကို ခံစားမိနေလေပြီ။
သူက ထိပ်တန်း ရွှေအမြုတေ ကျင့်ကြံသူဆယ်ယောက်သည် မည်မျှ တော်ကြောင်း သိပေသည်။ အရှေ့ပိုင်းလွင်ပြင်ရှိ တစ်ယောက်ချင်းစီတွင် စိတ်ကူးမကြည့်နိုင်သည့် အပျက်အစီးကို ဖြစ်စေသော လျို့ဝှက်တိုက်ကွက် ရှိတတ်ကြလေသည်။ သူတို့က အထွတ်အထိပ်ရှင်များနှင့် လက်ရည်တူ လိုက်နိုင်သလို အားနည်းသော အထွတ်အထိပ်ရှင်တချို့ကို သတ်ပစ်နိုင်ကြသည်။
သို့သော်လည်း ကျန်းယွင်ရှီး၏ အင်အားက အထွတ်အထိပ်ရှင် ကျီယန် တွေးထားသည်ထက် ကျော်လွန်နေသည်။
သူမက တကယ်ရော အဆင့် ၁၁ ဟုတ်ရဲ့လား …. အဆင့် ၉ လီချန်းကောထက်တောင် ပိုအားကောင်းနေတယ်လို့ ဘာလို့ ခံစားမိနေပါ့လိမ့် …
သူမက တိတ်တဆိတ်များ လေ့ကျင့်နေတာလား …. သူမ လက်သီးတစ်ချက်ကိုတောင် ဘာလို့ မခံနိုင်ပါ့လိမ့်
“ ထားလိုက်ပါတော့ … မင်းကို မနိုင်တာ အမှန်ပဲလေ” အထွတ်အထိပ်ရှင် ကျီယန်က သက်ပြင်းချကာ “ စီနီယာအစ်ကိုကြီးရေ ဒီကို ခဏ လာကြည့်မှ ဖြစ်တော့မယ် ”
ထို့နောက် အထွတ်အထိပ်ရှင် ကျီယန်က ရွှေရောင် အမှတ်အသားပြားကို ထုတ်လိုက်သည်။ ဤသည်မှာ ရှန်ထျန်းတွင် ရှိထားသော ဓားသခင် အမှတ်အသားပြားနှင့် ဆင်တူပြီး အရောင်သာ ကွဲပြားပေသည်။ သို့သော်လည်း အရည်အသွေးက ကွာခြားလှလေ၏။
ရှန်ထျန်း ပိုင်ဆိုင်သော ဓားသခင် အမှတ်အသားပြားကို လီခန်းလန် ကိုယ်တိုင် ဖန်တီးထားခြင်း ဖြစ်ပြီး ထိုအမှတ်အသားပြားတွင် သူ့ဓားပညာရပ်များ ထည့်သွင်းထားလေသည်။
ရှန်ထျန်းက အမှတ်အသားပြားမှ ဓားဝိညာဉ်ကို ခေါ်ထုတ်နိုင်ဖို့ ဝိညာဉ်ကျောက်တုံး ပမာဏများများ အသုံးပြုဖို့သာ လိုအပ်လေသည်။ တိုက်ခိုက်စွမ်းမှာ ကနဦး စိတ်ဝိညာဉ် အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးမျှ ဖြစ်ပြီး အများဆုံး အလယ်အလတ်အဆင့်အထိ ရောက်သွားနိုင်သည်။
ဤအရာက အလွန်အဖိုးတန်သော်လည်း အသုံးပြုသူကို ကာကွယ်ဖို့ နည်းလမ်းတစ်ခုမျှသာ ဖြစ်၏။
သို့သော်လည်း အထွတ်အထိပ်ရှင် ကျီယန် ပိုင်ဆိုင်သော ဓားသခင် အမှတ်အသားပြားမှာ လီခန်းလန်၏ ဝိညာဉ် တပိုင်းတစ ပါဝင်လေသည်။ ထို့ကြောင့် ဤအမှတ်အသားပြားကိုယ်တိုင်က လီခန်းလန်ကို ကိုယ်စားပြုနိုင်၏။
ဤအမှတ်အသားပြားက ထူးခြားလှသည်။ အကယ်၍ အထွတ်အထိပ်ရှင် ကျီယန်သာ ဆရာနတ်မင်းကို သွားခေါ်ဖို့ မလိုအပ်လာလျှင် လီခန်းလန်က ကျီယန်ဆီ ဘယ်တော့မှ ပေးထားမည် မဟုတ်ပေ။
အထွတ်အထိပ်ရှင် ကျီယန်က ကျန်းယွင်ရှီးအတွက် ပြိုင်ဖက် မဖြစ်နိုင်ကြောင်း သိပြီးနောက် ဓားသခင် အမှတ်အသားပြားကို ထုတ်သုံးဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
အမှတ်အသားပြားက လေထဲ ပျံဝဲသွားပြီး ဓားအငွေ့အသက်များစွာ ထွက်ပေါ်လာကာ ဧရာမဓားကြီးကို ကိုင်ဆောင်ထားသည့် အမျိုးသားတစ်ယောက်အသွင် ပြောင်းလဲသွားသည်။
သူက ယုံကြည်ချက်အပြည့်ဖြင့် မတ်မတ်ရပ်နေပြီး ပြိုင်ဖက်ကင်း အရှိန်အဝါတို့ကို ထုတ်လွှင့်နေလေ၏။ အရှေ့ပိုင်းလွင်ပြင်ရှိ မည်သူကမှ သူ့ဓားပညာရပ်ကို မယှဉ်ပြိုင်နိုင်ကြပေ။
သူက ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ဖြစ်ပြီး ကျန်းယွင်ရှီး အနိုင်မရနိုင်သူ တစ်ဦးလည်း ဖြစ်သည်။
ရွှေရောင်အမြုတေ နံပါတ်တစ် ကျင့်ကြံသူပင် သူ့အား အနိုင်ယူနိုင်မည် မဟုတ်ချေ။ ခြားနားချက်မှာ အလွန်ကြီးမားလွန်းလှသည်။
ကျန်းယွင်ရှီးက ထိုအမှတ်အသားပြားကို ကြည့်ကာ ကိစ္စများက ပို၍ ရှုပ်ထွေးလာတော့မည် ဖြစ်ကြောင်း သိလိုက်သည်။
တစ်ဖက်တွင် ရှန်ထျန်းက သူ့ဓားသခင် အမှတ်အသားပြားကို ပြန်ကြည့်လိုက်မိသည်။ အရင်နှင့် အတူတူ ဖြစ်နေသေးသော်လည်း အရင်ကလောက် အားမကောင်းတော့ကြောင်း ခံစားနေရသည်။
good
good