အခန်း (၈၈) : သူတော်စင်မနှင့် နတ်မိမယ်တို့ကြားရှိ ရှုပ်ထွေးလှသော ဆက်ဆံရေး
ပုံမှန်အားဖြင့် အဖြစ်အပျက် ရုတ်ချည်း ပြောင်းလဲမှုက အားလုံးကို အံ့အားသင့်သွားစေသည်။
သူတို့က အဝေးရှိ မြေပေါ်တွင် ဖုန်တလုံးလုံးနှင့် ပေတူးနေသည့် အထွတ်အထိပ်ရှင် ကျီယန်အား ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့က နန်းဆောင်အလယ်ရှိ မိုးကြိုးများ လွှမ်းခြုံထားသည့် မိန်းကလေးအား ပြန်ကြည့်လိုက်ကြသည်။
သူမက ကျားဖြူချပ်ဝတ်နှင့် ငွေရောင်ဝတ်ရုံကို ဝတ်ဆင်ထားလေ၏။ သူမကို လွှမ်းခြုံထားသော မိုးကြိုးများက ငွေရောင်ရွှေရောင် ရောယှက်နေသည်။ သူမက ရွှေအမြုတေအဆင့် ကျင့်ကြံသူမျှ ရှိသေးသော်လည်း ကနဦးစိတ်ဝိညာဉ်အဆင့် အထွတ်အထိပ်ရှင်တစ်ယောက်ထက် အားမနည်းပေ။
အထွတ်အထိပ်ရှင် ကျီယန်က သူမအတွက် ပြိုင်ဖက် မဟုတ်သောကြောင့် သူမက အားကြီးသော ဂိုဏ်းမှ ဖြစ်မှန်း သိသာလှသည်။ သူမက မီးတိုင်းပြည်အနေနှင့် သွားရှုပ်နိုင်သည့်သူ မဟုတ်ချေ။
မိန်းကလေးက နန်းဆောင်ကို ဖြည်းဖြည်းချင်း ကြည့်လိုက်လေသည်။ သူမ သွင်ပြင်က ဖိအားပေးနေသလို ဖြစ်နေသည့်အတွက် အားလုံးက လေထုထဲမှ တင်းကျပ်မှုကို ခံစားနေကြရသည်။
“ ကျွန်မက အံ့ဖွယ် မိုးကောင်းကင်အထွတ်အမြတ်မြေရဲ့ သူတော်စင်မ ကျန်းယွင်ရှီးပဲ … လူကြီးမင်းရှန်ကို မရိုမသေ လာမလုပ်နဲ့ ”
ဧရာမလက်ကြီးက လီလျန်အာကို ထိန်းမထားနိုင်တော့သောကြောင့် သူမက သူတို့ဆီ အပြေးအလွှား ပြန်ရောက်လာသည်။ သူမက ကျန်းယွင်ရှီးအား စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ကြည့်လိုက်ကာ “ မမယွင်ရှီး ”
ကျန်းယွင်ရှီးက ခဏတာ ကြောင်အမ်းသွားပြီး သူမကို ပြန်ကြည့်လိုက်သည်။ ထို့နောက် သူမက ပြုံးကာ ပြောလိုက်သည် “ လျန်အာ … မင်းကိုး ”
အထွတ်အမြတ်မြေနှင့် ချိုုင့်ဝှမ်းကြားရှိ ပတ်သတ်ဆက်နွယ်မှုမှာ အတော်ရှုပ်ထွေးလှသည်။ သူတို့အများစုက တစ်ယောက်နှင့် တစ်ယောက်သိကာ မိတ်ဆွေများလည်း ဖြစ်ကြသည်။ ထို့ကြောင့် ကျန်းယွင်ရှီးနှင့် လီလျန်အာတို့က ငယ်စဉ်ကတည်းက သိကျွမ်းလာကြပြီး သူငယ်ချင်းကောင်းများ ဖြစ်ကြပေသည်။
ကျန်းယွင်ရှီးက လီလျန်အာကို မြင်လိုက်ပြီးနောက် တင်းမာမှုတွေ လျော့ကျသွားလေ၏ “ လျန်အာ ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ ”
လီလျန်အာက ပြုံးကာ “ မမယွင်ရှီး ဒါက နားလည်မှုလွဲတာပါ။ ဆရာဦးလေး ကျီယန်က ရန်သူ မဟုတ်ပါဘူး”
ကျန်းယွင်ရှီးက ခဏတာ လန့်ဖြတ်မိသွားလေသည်။
ဆရာဦးလေး ကျီယန်တဲ့လား … ငါ ရိုက်လိုက်တာက ထိုက်ပိုင်ချိုင့်ဝှမ်းရဲ့ အကြီးအကဲ ဖြစ်နေတာလား …
ထားလိုက်ပါတော့ … ထိုက်ပိုင်ချိုုင့်ဝှမ်းမှာ ငါ မမှတ်မိတဲ့ အကြီးအကဲတွေ တပုံကြီးပဲကို …
သူက ရှန်ထျန်းကို ရိုက်နှက်တော့မဲ့ပုံပေါ်နေလေရာ အစကတည်းက သူ့အမှားပဲ
ရှန်ထျန်း မထိခိုက်သွားဖို့က အဓိကပဲ …
“ နားလည်မှုလွဲတာဆိုတော့လည်း ဒီမှာတင် ထားလိုက်ကြတာပေါ့ ”
သူမက ရှန်ထျန်း အဆင်ပြေ မပြေကို တစ်ချက် စစ်ဆေးကြည့်လိုက်သည်။ သူမက ရှန်ထျန်းနှင့် စကားပြောဆိုဖို့ စိတ်အားထက်သန်နေပုံ မပေါ်ချင်သောကြောင့် လီလျန်အာနှင့် စကားစမြည် ပြောနေခြင်း ဖြစ်၏။
“ လျန်အာ … ငါ ကြားတာတော့ ရတနာခုနှစ်သွယ် နတ်ဘူးသီးစေ့ ရထားတယ်ဆို … အိမ်မှာ စောင့်ရှောက်မနေဘူးလား ”
လီလျန်အာက ယုံကြည်ချက်အပြည့်ဖြင့် ပြုံးလိုက်ကာ ခေါင်းပေါ်ရှိ ပန်းအိုးကို လက်ညိုးထိုးပြလိုက်သည် “ ဒီမှာလေ … ကိုကိုရှန်ကို တွေ့ဖို့ ခေါ်လာခဲ့တာ”
ကျန်းယွင်ရှီးက တဖန် ခက်ထန်လာပြန်သည် “ ကိုကိုရှန်တဲ့လား”
လီလျန်အာက ထက်ထက်သန်သန် ခေါင်းညိတ်ပြလိုက်ရင်း “ ဟုတ်တယ်လေ … ဒီအစေ့လေးက ညီမတို့ရဲ့ ချစ်သက်သေပဲ”
ကျန်းယွင်ရှီး ဝန်းကျင်ရှိ မိုးကြိုးလျှပ်စီးသွားများက မငြိမ်မသက် ဖြစ်လာပြန်သည်။ သူမက ရှန်ထျန်းအား ကြည့်လိုက်ကာ “ တကယ်လား ”
ရှန်ထျန်းက အလျှင်အမြန် ငြင်းလိုက်ရသည် “ ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူးနော် … ဒါက သူမ စိတ်ကူးယဉ်မှုသပ်သပ်ပဲ ”
ကျန်းယွင်ရှီးက လီလျန်အာအား ဂုဏ်ယူသည့်အကြည့်ဖြင့် ကြည့်လိုက်ရင်း ပြောလိုက်သည် “ ကြားတယ်မလား ”
“ ကိုကိုရှန် … လျန်အာတို့က စေ့စပ်ထားပြီးပြီလေ ”
ကျန်းယွင်ရှီးက ကြားဝင်ဖြတ်ပြောလိုက်သည် “ မဟုတ်တော့ဘူး … အရှင်းဆုံးပြောရရင် ရှန်ထျန်းက ငါတို့ အံ့ဖွယ် မိုးကောင်းကင်အထွတ်အမြတ်မြေ တော်ဝင်ကျမ်းရဲ့ နောက်ဆုံးအပိုင်းကို ပြန်ရှာတွေ့အောင် ကူညီပေးခဲ့တာ။
ငါတို့တည်ထောင်သူ ဘိုးဘေးတွေရဲ့စည်းမျည်းအရ သူက ငါတို့ အံ့ဖွယ် မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ သူတော်စင် ဖြစ်လာလိမ့်မယ်။ ပြီးတော့ ငါက သဘောမတူပေမဲ့ စည်းမျဉ်းအတိုင်း ရှန်ထျန်းနဲ့ လက်ထပ်ရလိမ့်မယ် ”
အားလုံးက ကျန်းယွင်ရှီး စကားကို ပြတ်ပြတ်သားသား ကြားလိုက်ကြသည်။
အကယ်၍ အထွတ်အထိပ်ရှင် ကျီယန် ပြောစကားက ပင်လယ်ထဲ လှိုင်းလုံးကြီး ဖြစ်လာစေခဲ့သည်ဆိုလျှင် ကျန်းယွင်ရှီး၏ စကားက ဆူနာမီသဖွယ် ဖြစ်နေသည်။
သူတို့က ကြားလိုက်ရသည့် သတင်းကြောင့် ကြောင်အမ်းကုန်ကြပြီး စကားပင် ပြောမထွက်ကြတော့ပေ။ သတင်းအကြီးကြီး မဟုတ်ပါလော။
ထိုက်ပိုင်ချိုင့်ဝှမ်း၏ နတ်မိမယ်လျန်အာက မီးတိုင်းပြည်အထိ သူမ ချစ်သူကို ရှာဖို့ ရောက်လာခဲ့လေသည်။
ယခု အကောင်းဆုံး အထွတ်အမြတ်မြေ တစ်ခုမှ သူတော်စင်မလည်း ရောက်လာလေပြီ။
ထိုမျှတင် မကသေးဘဲ သူမအနေနှင့် ရှန်ထျန်းက အံ့ဖွယ် မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ပျောက်ဆုံးနေသော ရတနာကို ပြန်လည် ရှာပေးခဲ့သောကြောင့် သူ့ကို လက်ထပ်မည်ဟုလည်း ပြောခဲ့သေး၏။
တခြားနည်းဖြင့်ဆိုရလျှင် ရှန်ထျန်း၏ ဘဝကား ရုတ်ချည်း အောင်မြင်သွားပြီ မဟုတ်ပါလော။ သူ့တွင် ဇနီးချောချောလေး တစ်ယောက် ရရှိရုံသာမက ပိုက်ဆံအမြောက်အမြားလည်း ရလာပေလိမ့်မည်။
အကောင်းဆုံး သူငယ်ချင်းနှစ်ယောက်က အခု ဘာလုပ်နေကြပြီလဲ …
ယောကျ်ားတစ်ယောက်ကို လုနေကြပြီ မဟုတ်ပါလော။ နာမည်ကြီး မိန်းကလေးနှစ်ဦးက ယောကျ်ားတစ်ဦးကို လုနေကြလေသည်။
ကျန်းယွင်ရှီးက သဘောမတူကြောင်း၊ မလိုလားကြောင်း ပြောသော်လည်း မကြိုက်သည့်ပုံတော့ မပေါ်နေပေ။
အရှေ့ပိုင်းလွင်ပြင်၌ ရုပ်ချောချော အမျိုးသားက ဤမျှကံကောင်းလေသည်မှာ စိတ်ဓာတ်ကျဖွယ် အမှန်တရားတစ်ခု ဖြစ်နေ၏။
တကယ်တော့ ရှန်အောင်းလည်း အားကျနေမိသည်။ သူ့ခန္ဓာကိုယ်ရှိ ဆဲလ်တစ်ခုချင်းစီက ရှန်ထျန်းကို အားကျနေမိသည်။
ဟူး … ဒီနေ့က ငါ့ပွဲ ဖြစ်ရမှာလေကွာ … ငါ့ညီတော်က ဘာလို့ နေရာဝင်ယူသွားတာလဲ
ရှန်အောင်း စိတ်ထဲ၌ ထိုက်ပိုင်ချိုင့်ဝှမ်းဆီ ဝင်ပြီး တပည့်တစ်ဦး ဖြစ်လာခြင်းက အရမ်းဂုဏ်ယူဖွယ် ဖြစ်နေလေပြီ။
ယခုတွင်မူ သူ့ဆရာဖြစ်သူက မိန်းကလေးတစ်ယောက်ထံ ရှုံးနိမ့်သွားလေပြီ။
အံ့ဖွယ် မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ သူတော်စင်မကလည်း ငါ့ညီတော်(၁၃) ကို လက်ထပ်ချင်နေတာလား … ဒါတင် မကသေးဘဲနဲ့ သူတို့ရဲ့ သူတော်စင်အထိ ဖြစ်လာမှာတဲ့လား … တကယ်ကြီးလားကွာ
ညီတော် (၁၃)က ကံဆိုးတဲ့သူရော ဟုတ်ရဲ့လား … ကံကြမ္မာသားတော်တောင် ဒီလောက် ကံကောင်းနေမှာ မဟုတ်ဘူး
ပတ်ဝန်းကျင်ရှိ လူများနှင့် ကွဲပြားစွာ ရှန်ထျန်းက လုံးလုံး ပျော်မနေပေ။
အမလေး သွားပြီ … ငါတော့ သွားပြီ … ကယ်ကြပါဦး
လီလျန်အာ တစ်ယောက်တည်းနဲ့တောင် ပြဿနာများနေပြီကို အခု ကျန်းယွင်ရှီးပါ ဘာတွေ လုပ်နေရတာလဲ
ကာကွယ်လွန်းတတ်သော လီချန်းကောနှင့် လီခန်းလန်တို့က လုံလောက်နေပြီ မဟုတ်ဘူးလား … လျန်အာကို သဘောကျစိတ်ဝင်စားနေသည့် အမျိုးသားများကို ထည့်မတွက်ထားရသေးပေ။
သူတို့သာ သူ့ကို ပစ်မှတ်ထားခဲ့လျှင် ရှန်ထျန်း၏ ဘဝကား ရွက်လွှင့်နေသလို ချောမွေ့နေမည် မဟုတ်တော့ပေ။
ရှန်ထျန်းက သူ့ဆီ ရွှေရောင် အရောင်အဝါ ရှိနေပါက ကြောက်နေမည် မဟုတ်ပေ။ သို့သော်လည်း သူ့အရောင်အဝါကား အစိမ်းရောင် အစက်အပြောက်များနှင့် အဖြူရောင်မျှသာ ဖြစ်နေသေး၏။
လီလျန်အာဘေးနားမှာသာ ဆက်နေနေလျှင် ကြာကြာအသက်ရှင်မည် မဟုတ်လောက်ပေ။
good
good