အခန်း (၈၆) : မသွားလို့ ရမလား
ဒါက စီနီယာအစ်ကိုကြီး ရှာချင်နေတဲ့ ကောင်လေးလား …
အထွတ်အထိပ်ရှင် ကျီယန်က စိတ်ထဲ ကျိတ်တွေးလိုက်သည်။
ခပ်ချောချောကောင်လေးပါ့လား … သူသာ ငါတို့ ထိုက်ပိုင်ချိုင့်ဝှမ်းကို ဝင်လိုက်ပြီး ငါတို့ ဓားပညာရပ်တွေကို သင်ယူလိုက်ရင် အရမ်းကို နာမည်ကြီးလာမှာပဲ …
အဲလေ … အရင်ဆုံး အစ်ကိုကြီး ဓားအောက် အသက်ရှင်ဖို့ လိုသေးတယ် …
ဘယ်လိုဖြစ်ဖြစ်ပါ အစ်ကိုကြီးက သူ့ကို တကယ် မသတ်လောက်ပါဘူး။ ဓားပညာရပ်ပေါ် သင်ခန်းစာပေးရုံလောက် နေမှာပါ … အဲဒါကလည်း ရှန်ထျန်းအတွက် ရေရှည်ကျ အကျိုးရှိမှာပဲလေ
ချန်းဟယ် ဓားအသျှင် လီခန်းလန်က အကျော်ဇေယျ ပုဂ္ဂိုလ်ပဲလေ …
အထွတ်အမြတ်မြေက တပည့်များတောင် သူ့ဆီကနေ သင်ယူဖို့ စိတ်ဝင်စားနေကြသည် မဟုတ်ပါလော။
အထွတ်အထိပ်ရှင် ကျီယန်က ရှန်ထျန်းနှင့် လီလျန်အာတို့ စကားဝိုင်းဆီ ဝင်ရောက်လာသည်။
ရှန်ထျန်း၏ လီလျန်အာအပေါ် အပြုအမူကို ကြည့်ကာ မဲ့ရွဲ့သွားလေ၏။
သူက လီလျန်အာကို တစ်ဖက်ဆွဲခေါ်လိုက်ပြီးနောက် ပြောလိုက်သည် “ ဒီတစ်ခါ မှန်ရင်တော့ မင်းက ဆရာနတ်မင်း ရှန်အောင်းထျန်းပဲ နေလိမ့်မယ် ဟုတ်တယ်မလား ”
အထွတ်အထိပ်ရှင် ကျီယန်က ဤတစ်ကြိမ်၌ အရမ်းသတိထားနေသည်။
ရှန်ထျန်းက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ရင်း “စီနီယာ ထာဝရကျင့်ကြံသူက ကျွန်တော်ကို ဘာလို့များ ရှာနေတာပါလဲ။ ကျွန်တော်က ထိုက်ပိုင်ချိုင့်ဝှမ်းနဲ့ တစ်ခါကံပါပြီးပါပြီ … ဒီအတိုင်းလေး ထားလိုက်သင့်ပါတယ် ”
ရှန်ထျန်း စကား ထွက်ပေါ်လာသည့်အခါ အားလုံး အံ့အားသင့်ကုန်ကြသည်။
ဘယ်လို ဘယ်လို … မင်းသား (၁၃)က မငြင်းဘူးလား …
အထွတ်အထိပ်ရှင် ကျီယန်နှင့် လီလျန်အာတို့က သူ့အား မှတ်မိလိုက်ကြသော်လည်း ဧည့်သည်တော်များက ရှန်ထျန်းကို မယုံနိုင်သေးပေ။ အထွတ်အထိပ်ရှင် ကျီယန်က အမှားတစ်ခါ လုပ်ထားဖူးသူ မဟုတ်ပါလော။
သို့သော်လည်း ရှန်ထျန်းက လုံးလုံး မငြင်းဆန်ခဲ့ပေ။
ဆိုလိုတာက သူ တကယ်ကြီး ဖြစ်နေတာပေါ့
ရုတ်ချည်းဆိုသလို ဧည့်သည်တော်များက ရှန်ထျန်းအား အမြင်တမျိုး ဖြစ်လာကြသည်။ အထူးသဖြင့် လီလျန်အာကို မည်သူမှန်း သိနေကြသူတချို့ ဖြစ်၏။
သူတို့က ထိုမိန်းကလေးသည် မည်မျှ ထူးခြားနေကြောင်း သိနေ၍ ရှန်ထျန်းအား အားကျတကြီး ကြည့်လိုက်ကြသည်။
သူမ အဖေက ချန်းဟယ် ဓားအသျှင် လီခန်းလန် ဖြစ်ပြီး ထိုင်ပိုင်ချိုင့်ဝှမ်း၌ အကျော်ဇေယျတစ်ဦး ဖြစ်၏။
သူက အကြီးအကဲတစ်ဦးမျှ ဖြစ်သော်လည်း ဂိုဏ်းချုပ် ဖြစ်လာနိုင်သည့် အရည်အချင်း ပိုင်ဆိုင်ထားသည်။
သို့သော်လည်း သူက ထိုကိစ္စကို စိတ်မဝင်စားသည်မှာ သူ့အတွက် အရေးမပါ၍ ဖြစ်သည်။ သူက ထိုအချိန်ကို ဓားပညာရပ် မွမ်းမံဖို့သာ အသုံးပြုလိမ့်မည်။
တကယ်တော့ လီခန်းလန်သည် ယနေ့အထိ အရှေ့ပိုင်းလွင်ပြင်၌ ပြိုင်ဖက်ကင်း ဖြစ်နေဆဲ ဖြစ်၏။ သူနှင့် သက်တူရွယ်တူ လူများပင် လက်ရည်မသာကြပေ။
အကယ်၍ သူ့သမီးဖြစ်သူကို လက်ထပ်ပြီး သူ့မျက်နှာသာပေးခြင်း ခံခဲ့ရလျှင် အထွတ်အမြတ်မြေ၌ အတွင်းစည်း တပည့် ဖြစ်လာရခြင်းထက် ပိုကောင်းသေးပေသည်။ ထို့ကြောင့် ရှန်အောင်းအနေနှင့် အထွတ်အထိပ်ရှင် ကျီယန်အား ဆရာအဖြစ် ရှိနေခြင်းက သိပ်အရေးမကြီးချေ။
ယခု ဧည့်သည်တော်အားလုံးက တူညီသော ကိစ္စကို တွေးကုန်ကြသည်။
လန်နန်းဆောင်ဆီ ပို့ဖို့ နောက်ထပ် လက်ဆောင်ကောင်းကောင်း ထပ်ပြင်လိုက်သင့်လား …
ရှန်အောင်းအား ကနဦး စိတ်ဝိညာဉ်အဆင့် ဆရာတစ်ယောက် ရှိခြင်းအတွက် လက်ဆောင် ပေးထားပြီးပြီ ဖြစ်ရာ ယခု မင်းသား(၁၃)က ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ယောက္ခမ ရှိလာပြီ မဟုတ်ပါလော။
ဘယ်လိုလုပ် လက်ဆောင် မပေးဘဲ နေလို့ကောင်းမှာလဲ …
အထွတ်အထိပ်ရှင် ကျီယန်နှင့် ရှန်ထျန်းတို့က လက်ဆောင်များကို မျက်လုံးထဲပင် မထည့်ပေ။ သို့သော် သူတို့က လက်ဆောင်တစ်ခုမှ မပေးခဲ့သည်ကို မှတ်မိသွားခဲ့လျှင် အရှေ့ပိုင်းလွင်ပြင်မှ ရွေ့ပြောင်းသွားရလိမ့်မည်။
ဧည့်သည်တော်များ၏ အတွေးနှင့် မတူညီစွာ မီးတိုင်းပြည် အရှင်ဘုရင် ရှန်ရှောင်းက ပို၍ ရိုးရှင်းသော တုံ့ပြန်မှု ရှိနေ၏။ သူက သူ့သားဖြစ်သူ ရှန်ထျန်းက အထွတ်အထိပ်ရှင် ကျီယန်အား အချက်ကျကျ ပြောဆိုနေသည်ကို ကြည့်ကာ တုန်လှုပ်မိသလို ပျော်လဲ ပျော်ရွှင်မိသည်။ သူ့သားက ဒီလောက် ပြောင်းလဲသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ရှန်ထျန်းက သူ့ချောမောလှသည့် ရုပ်ချောအတွက် သူ့အမေကို ကျေးဇူးတင်ရပေမည်။
သူက ထိုက်ပိုင်ချိုင့်ဝှမ်း၏ မိန်းကလေး ချစ်နှစ်သက်မှု ခံရသောကြောင့် ထိုလူများ၏ အကူအညီဖြင့် သူ့ကံဆိုးမှုကို ပြောင်းလဲပစ်နိုင်တော့မည်။
လန်သာ သိရင် သေချာပေါက် ပျော်နေမှာပဲ …
မင်းသား(၆) ရှန်အောင်းက ခံစားချက် ရောထွေးနေရှာသည်။ သူ့ကံကြမ္မာက မှားယွင်းသွားပြီဟု သံသယဝင်လာမိ၏။
သူက မီးတိုင်းပြည်၏ တောက်ပနေသည့် အနာဂတ်ကို ရရှိမည့်သူ ဖြစ်ကာ သူ့ညီတော် (၁၃)က ငယ်စဉ်ကတည်းက ကံဆိုးလာသူ မဟုတ်ပါလော။
အရာအားလုံးက ဘာလို့ အခု ပြောင်းလဲသွားရတာလဲ … ဒီက ကံကြမ္မာစက်ဝန်း အပြောင်းအလဲလား …
ဒီ ၁၈ နှစ်လုံးအတွက် ငါ့ကံကောင်းမှုအားလုံး ကုန်ဆုံးသွားပြီးတော့ သူက အခုမှ စတင်တာများလား …
ငါ့ညီတော်ရေ … ဒီပွဲအခမ်းအနားက ငါ့အတွက်လေ … ဒါက ငါ့ကို နှုတ်ဆက်တဲ့ပုံလား …
ရှန်အောင်းက အထွတ်အထိပ်ရှင် ကျီယန်နှင့် ရှန်ထျန်းတို့ နီးကပ်နေပုံကို ကြည့်ကာ အလွန်အားကျနေမိသည်။
ငါက ဆရာရဲ့ အသိအမှတ်ပြုမှုကို ရဖို့ အရမ်းကြိုးစားခဲ့ရတာလေကွာ … ငါ့ညီတော်က ရုပ်ချောတော့ နတ်မိမယ်လျန်အာရဲ့ အာရုံစိုက်မှုကို ရသွားတာတဲ့လား
ပြီးတော့ ငါ့ညီတော်က ဆရာနတ်မင်း အောင်းထျန်းဆို … အဲဆိုတော့ ငါ အရမ်းလေးစားနေရတဲ့ ဆရာနတ်မင်းက ငါ့ညီတော်လား … လောကကြီးက ဘာဖြစ်ကုန်ပြီလဲ …
သူညီတော် (၁၃) က ဘာလို့ ဒီလောက်တောင် လျို့ဝှက်ထားရတာလဲ
သူက ငွေဓားကို ရွေးချယ်ခဲ့တယ်တဲ့လား … လာနောက်နေတာလား …
ငါက မင်းကို ညီလေးတစ်ယောက်ကို ဆက်ဆံရက်သားနဲ့ မင်းက ငါ့ကို ပြည့်တန်ဆာလို လာဆက်ဆံတာလား … မင်း ပြန်ပေးဆပ်ရမယ်
“ သခင် … ကျွန်မ မင်းသား(၆)ဆီက အားပြင်းတဲ့ အငြိုးတရားကို ခံစားမိတယ် ” ကျို့အာက ဟာရီတီ ပုတီးစေ့အတွင်းမှ တိတ်တဆိတ် ပြောလိုက်သည်။
ရှန်ထျန်းက ခဏတာ ကြောင်အမ်းသွားပြီး ရှန်အောင်းကို ကြည့်လိုက်လေသည်။
ငါ သူ့ကို အပြစ်မတင်ပါဘူး … သူက အခုလေးတင် မှားယွင်းစွာ စွပ်စွဲခံလိုက်ရတာလေ … သူ့အနေနဲ့ ဆရာကို မုန်းတီးနေတာ ဖြစ်သင့်ပါတယ်
သူက အထွတ်အထိပ်ရှင် ကျီယန်ကို ကြည့်ကာ “ ကျွန်တော်နာမည်က ရှန်ထျန်းပါ။ ကျွန်တော်က မီးတိုင်းပြည်ရဲ့ ၁၃ ယောက်မြောက် မင်းသားတစ်ပါးပါ …
ရှန်အောင်းက ကျွန်တော်ရဲ့ အစ်ကိုတော်ပါ။ အခုလေး နားလည်မှုလွဲတာက ကျွန်တော်ကြောင့်ပါ။ ကျေးဇူးပြုပြီးတော့ ကျွန်တော် အစ်ကိုတော်ကို အပြစ်မတင်ပါနဲ့ဗျာ ”
အထွတ်အထိပ်ရှင် ကျီယန်က ရှန်အောင်းကို ကြည့်လိုက်ပြီးနောက် ရှန်ထျန်းကို တဖန် ပြန်ကြည့်လိုက်သည်။
အဲဒါဆို အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်မှာ သတ္တုရိုင်းတုံးတွေ ရွေးပေးခဲ့တာ ရှန်ထျန်းပေါ့ … သူတို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးတာပဲ ဖြစ်လိမ့်မယ်။
နာမည်တုမှာတောင် သူ့အစ်ကိုနာမည်ကိုတောင် ထည့်သုံးထားရှာတာ … ဒါက မိသားစု စိတ်ဓာတ်ပဲ … ရင်ထဲ ထိသွားပြီ
အထွတ်အထိပ်ရှင် ကျီယန်က သူ့တပည့်လေးကို ကောင်းကောင်း တွေးမိလာသည်။ သူက ပြုံးကာ “ ထားပါတော့ ကျုပ်တို့ ဆရာနတ်မင်းက ပြောနေမှတော့ လိုက်လျောပေးရမှာပေါ့ ”
အထွတ်အထိပ်ရှင် ကျီယန်က ရှန်အောင်းအား လှည့်ကြည့်ကာ “ အောင်း … မင်း ထိုက်ပိုင်ချိုုင့်ဝှမ်းဆီ တစ်ယောက်တည်း လာစရာ မလိုတော့ဘူး။ မင်းရဲ့ ပွဲအခမ်းအနားပြီးတာနဲ့ မင်းရဲ့ ညီတော်နဲ့ အတူတူ လာလိုက် ”
အထွတ်အထိပ်ရှင် ကျီယန်က ဒေါသမထွက်တော့သော်လည်း ရှန်အောင်း၏ ခံစားချက်များက ပို၍ ရှုပ်ထွေးလာလေ၏။ သူက ထူးခြားမနေတော့သလို ခံစားနေမိသည်။ ထိုက်ပိုင်ချိုင့်ဝှမ်းအတွက် တစ်ခုဝယ် တစ်ခု လက်ဆောင်ရသလိုမျိုး ဖြစ်ကာ သူက လက်ဆောင်နေရာ၌ ရောက်နေခြင်း ဖြစ်နေသည်။
သူက မျက်ရည်ဝဲလုမတတ် ဖြစ်လာမိသည်။
ငါက ဒီနေ့ ပရိသတ်ရဲ့ အာရုံကို ဖမ်းစားရမဲ့လူလေ …
တစ်ချိန်တည်းတွင် ရှန်ထျန်းလည်း စိတ်ခံစားချက် ရောထွေးနေရှာသည်။
ငါက ထိုက်ပိုင်ချိုင့်ဝှမ်းကို သွားမည်ကို ဘယ်သူက ပြောတာလဲ …
လီလျန်အာက အိမ်မှ နောက်တစ်ခေါက် ထွက်ပြေးလာလေရာ ရှန်ထျန်းအနေနှင့် သူမ အဖေက မည်မျှ စိတ်ဆိုးနေမည်ကို မတွေးကြည့်ရဲပေ။ သူက ထိုက်ပိုင်ချိုင့်ဝှမ်းကို လိုက်သွားဖို့ရာ ခံစးချက်ဆိုးဆိုးရွားရွား ရနေမိသည်။
ရှန်ထျန်းက ရွေးချယ်စရာ မရှိဘဲ ထုတ်မေးလိုက်ရသည် “ အဟမ်း … ကျွန်တော် မသွားဘဲ နေလို့ ရမလားဟင်”
good