အခန်း (၈၅) : ပေါ်ပေါက်သွားခြင်း
လီလျန်အာက ရှန်အောင်းအား ကြည့်လိုက်ပြီး ကူကယ်ရာမဲ့မှုနှင့် စိတ်ပျက်မှုတို့ကို ခံစားလာရသည်။
သူမက တီးတိုးရေရွတ်လိုက်လေ၏ “ မမှားလောက်ပါဘူး ”
အထွတ်အထိပ်ရှင် ကျီယန်က တစ်ခုခု လွဲမှားနေကြောင်း သိလိုက်ကာ မေးလိုက်သည် “ ဘာဖြစ်လို့လဲ ”
လီလျန်အာက မကျေမနပ် ပြောလိုက်သည် “ ဆရာဦးလေး လူမှားနေပြီ။ သူက ကျွန်မရဲ့ ကိုကိုရှန် မဟုတ်ဘူး ”
အထွတ်အထိပ်ရှင် ကျီယန်က ခဏတာ ကြောင်အမ်းသွားပြီးနောက် သူ့မျက်နှာကား ဒေါသတကြီးဖြင့် နီရဲလာသည်။ သူ့တစ်ကိုယ်လုံးက ဒေါသထွက်လွန်း၍ တုန်တုန်ယင်ယင် ဖြစ်လာလေသည်။
“ ငါ မင်းကို ဆိုးဆိုးရွားရွား ဆက်ဆံလို့လား … ဘာလို့ ငါ့ကို ညာရတာလဲကွာ ”
သူ့ဆရာဖြစ်သူ၏ ဒေါသက ရှန်အောင်းအား ကြောင်အမ်းသွားစေသည်။
ဆရာကို ကျွန်တော် ဘယ်တုန်းက ညာလို့လဲဗျာ … နတ်မိမယ်လျန်အာက ကျွန်တော်ကို လက်ထပ်ချင်တယ်ဆိုပြီး ပြောနေတာ ဆရာပဲလေ .. အဲကြောင့် ကျွန်တော်က တာဝန်ယူပေးမယ် ပြောတာလေ ဘာလို့ လာအပြစ်တင်ခံနေရတာလဲဗျာ
ရှန်အောင်းက သနားစဖွယ် ပြောလိုက်သည် “ ဆရာ ကျွန်တော် နားမလည်တော့ဘူး ”
အထွတ်အထိပ်ရှင် ကျီယန်က ဆူပူလိုက်သည် “ အခုထိ ငြင်းနေတုန်းလား … မင်းက ဆရာနတ်မင်း အောင်းထျန်းလို့ ဘာလို့ ပြောရတာလဲ ”
ဘယ်လို … ကျွန်တော်က ဆရာနတ်မင်း အောင်းထျန်းလို့ ပြောခဲ့တာလား…
ရှန်အောင်းက မီးတိုင်းပြည်၏ နှစ်တစ်ရာလောက်မှ တစ်ယောက် ပေါ်ထွန်းသည့် ပါရမီရှင်မျိုး ဖြစ်ရာ ဉာဏ်ရည်လည်း မြင့်ပေသည်။ သူက အဖြစ်အပျက်ကို ချက်ချင်း နားလည်လိုက်လေ၏။
ဆရာနတ်မင်းက နတ်မိမယ်လျန်အာနဲ့ တစ်ခုခု ရှိနေပုံပဲ … ပြီးတော့ ငါ့နာမည်က ဆရာနတ်မင်းနဲ့ တူနေတော့ ဆရာက အထင်လွဲသွားတာ ထင်တယ် ..
ရှန်အောင်းက ကြောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်း ထသွားလေသည်။
သေစမ်း … ဆရာက နောက်ဆုံးတော့ ငါ့အပေါ် အလေးအနက် ထားလာပြီ ထင်ခဲ့တာ … ထိုက်ပိုင်ချိုင့်ဝှမ်းဆီ ဝင်ပြီး ကောင်းကင်အသျှင် ဖြစ်လာဖို့ လမ်းပေါ် ရောက်နေပြီလေ ငါ့ဆီ ဘာတွေ လာဖြစ်ရတာလဲ …
ငါတော့ မျှော်လင့်ချက်မဲ့တဲ့ အနာဂတ်ကြီးက စောင့်ကြိုနေသလိုမျိုး ခံစားနေရပြီ …
ခဏ … အစကတည်းက အထွတ်အထိပ်ရှင် ကျီယန်ရဲ့ အမှား မဟုတ်ဘူးလား
အထွတ်အထိပ်ရှင် ကျီယန်က လူတွေအား ရှင်းမပြချင်ပေ။ ယနေ့ သူက ဝေ့ယန်နန်းဆောင်၌ သူ့တပည့်ကြောင့် လူများစွာရှေ့ အရှက်ရသွားရသည် မဟုတ်ပါလော။
ရှန်အောင်းက ဤပြဿနာကို မဖြေရှင်းပါက သူ့လက်အောက်တွင် ခက်ခဲနိုင်ကြောင်း သိလိုက်သည်။ သူက ထိုက်ပိုင်ချိုင့်ဝှမ်းကနေပင် ထုတ်ပယ်ခံရနိုင်သည်။
နတ်ဘုရားအရှင်ရေ ကျွန်တော် ဘာများ လုပ်မိလို့လဲဗျာ …
သူက ရုတ်ချည်းဆိုသလို အမှတ်ရကာ သူ့ညီတော် (၁၃) အား မုန်းတီးစွာ လှည့်ကြည့်လိုက်သည်။
အခု ဘာလုပ်ရမလဲ …
ရှန်အောင်းက ချွေးများစီးကျလာလေ၏။
ဟုတ်ပြီ … ဆရာကို အပြစ်တင်လို့တော့ မဖြစ်ဘူး မဟုတ်ရင် ငါ့အနာဂတ် ပြီးဆုံးသွားလိမ့်မယ် …
ထို့ကြောင့် ရှန်အောင်းက မြန်မြန်ဆန်ဆန် ပြောလိုက်တော့သည် “ အကုန်လုံး ကျွန်တော်ရဲ့ အမှားပါ။ ကျွန်တော်က ချီသွေဖယ်ခြင်း ခံစားရပြီးတော့ အရင်နှစ်ရက်က ကိစ္စတွေကို မေ့သွားလို့ပါ။ ဆရာက စီနီယာအစ်မလျန်အာအကြောင်း ပြောတာကို ကြားလိုက်ရတော့ အပျော်လွန်သွားလို့ပါ။ အဖြစ်အပျက်ကို အတည်မပြုလိုက်နိုင်တာ ဆရာကို အထင်လွဲစေမိတာ ကျွန်တော်ရဲ့ အမှားပါ …
ကျွန်တော် အပြစ်ဒဏ်ကို ခံယူပါ့မယ်။ ဆရာ ကျွန်တော်ကို ခွင့်လွှတ်ပေးပါနော် … နောင်ကျ ကြိုးကြိုးစားစား လေ့ကျင့်ပြီးတော့ ဒီလိုကိစ္စ ထပ်မဖြစ်စေရပါဘူး ”
ရှန်အောင်းက သူ့ကိုယ်သူသာ အပြစ်ခံယူပစ်လိုက်သည်။
အထွတ်အထိပ်ရှင် ကျီယန်က ခံစားချက် ကောင်းသွားပြီး ရှန်အောင်းအား ကျေကျေနပ်နပ် ကြည့်လိုက်လေသည်။
“ ဟူး မင်းက ငါ့တပည့်ပဲလေ … ငါက အကျိုးအကြောင့်သင့်တဲ့လူပါကွာ။ အဲကြောင့် ထပ်မပြောတော့ဘူး။ ဒါပေမဲ့ မင်း အပြစ်ဒဏ်တော့ ခံယူရဦးမယ်။ မင်း မီးတိုင်းပြည်ကနေ ထိုက်ပိုင်ချိုင့်ဝှမ်းဆီ တစ်ယောက်တည်း သွားရမယ်။ ဒီခရီးကနေ နောင်ကျ သတိလက်လွတ်မဖြစ်စေအောင် လုပ်ပေးနိုင်ဖို့ မျှော်လင့်တယ်ကွာ ”
ထို့နောက် အထွတ်အထိပ်ရှင် ကျီယန်က ဘေးပတ်လည်ရှိ ဧည့်သည်တော်များကို တင်းမာသည့် မျက်နှာပေးဖြင့် ကြည့်လိုက်သည်။
တိတ်တဆိတ် ခိုးရယ်နေကြသည့် ဧည့်သည်တော်အားလုံးက နေရခက်လာကြသည်။
ကျီယန်က လီလျန်အာဆီ လျှောက်လာကာ “ တစ်ခုခုတော့ မဟုတ်သေးဘူး ”
သူက ဓားသခင် အမှတ်အသားပြားကို ထုတ်ကာ ပြောလိုက်သည် “ တည်နေရာအရဆို မမှားလောက်ဘူး ”
လီလျန်အာလည်း ခေါင်းညိတ်ပြလိုက်သည် “ ဟုတ်တယ် ကျွန်မရဲ့ ကျောက်စိမ်းရေစင်ဓားကိုလည်း ခံစားမိနေတယ် ”
အထွတ်အထိပ်ရှင် ကျီယန်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်ပြန်သည် “ ကြည့်ရတာ ဆရာနတ်မင်းက သူတို့ကြား ရှိနေတဲ့ပုံပဲ ”
အထွတ်အထိပ်ရှင် ကျီယန်က အသက်ပြင်းပြင်းရှုကာ ဓားသခင် အမှတ်အသားပြား၌ ဓမ္မစွမ်းအား အမြောက်အများကို ထည့်သွင်းလိုက်သည်။
လီလျန်အာလည်း မျက်လုံးကို ပိတ်ထားပြီး သူမဓားကို အာရုံခံကြည့်ဖို့ ကြိုးစားလိုက်သည်။
ရုတ်ချည်းဆိုသလို ကျီယန် ကိုင်ဆောင်ထားသော အမှတ်အသားပြားမှ ရွှေရောင်အလင်းတန်း တောက်ပလာလေ၏။
ချွင် …
ခန်းမတစ်ဖက်မှ ဓားတစ်ချောင်း ပျံသန်းထွက်လာသည်။ သလင်းကျောက်လို ကြည်လင်နေသည့် ကျောက်စိမ်းရေစင်ဓား ပေါ်လာလေ၏။ တစ်ချိန်တည်းတွင် ငွေရောင် အမှတ်အသားပြားလည်း ထွက်ပေါ်လာသည်။
အထွတ်အထိပ်ရှင် ကျီယန်နှင့် လီလျန်အာတို့က ထိုပစ္စည်းများ ထွက်ပေါ်လာရာကို ကြည့်လိုက်ကြသည်။ သူတို့က ခေါင်းငုံ့ကာ မျက်နှာကာထားသည့် အမျိုးသားတစ်ယောက်ကို မြင်လိုက်ကြရသည်။
လီလျန်အာက ရင်းနှီးပြီးသား ပုံရိပ်လေးကို မြင်လိုက်သည့်အခါ မျက်ဝန်းများ တလက်လက် တောက်ပလာသည်။
“ သူပဲ .. သူပဲ … ကိုကိုရှန် လျန်အာ ရောက်လာပြီလေ ”
ရှန်ထျန်းက ပြောစရာ စကားပင် ရှာမတွေ့တော့ချေ။ သူမက သူ မျက်နှာကို ဖုံးထားလျက်နှင့် မှတ်မိသွားလေသည်။ သူက သူ့ဆီ အပြေးအလွှား လာနေသည့် လီလျန်အာအား တစ်ချက် ကြည့်လိုက်ပြီး ဘဝကြီးအကြောင်း မေးခွန်းထုတ်လိုက်မိတော့သည်။
သူ တစ်ယောက်တည်းသာ မကပေ။ ခန်းမအတွင်းရှိ တော်ဝင်မျိုးနွယ်များနှင့် အထက်တန်းမျိုးနွယ်လည်း အဖြစ်အပျက်ကြောင့် ကြောင်အမ်းမှင်သက်ကုန်ကြသည်။
ဘာလဲ … အမှတ်အသားပြားနဲ့ ဓားက မင်းသား(၁၃) ဆီ ရောက်နေတာလား
ဒါဆို သူတို့ လိုချင်တာ မင်းသား(၁၃) ရှန်ထျန်းကိုလား …
ဒါဆို ဒဏ္ဍာရီသဖွယ် ဆရာနတ်မင်း ရှန်အောင်းထျန်းက ရှန်အောင်း မဟုတ်ဘဲ ကံဆိုးမင်းသား ရှန်ထျန်း ဖြစ်နေခဲ့တာလား …
သူက မီးတိုင်းပြည်၌ ကံအဆိုးဆုံး လူသားအဖြစ် လူသိများပေသည်။ လွန်လေပြီးသော ဆယ်စုနှစ်အတွင်း ဤနယ်ပယ်၌ သူ့ကို ကျော်နိုင်သည့်သူ မရှိသေးချေ။
ထိုအချက်ကို လျစ်လျူရှုထားလျှင်ပင် အထွတ်အထိပ်ရှင် ကျီယန်က သူ့ကို ဘာကြောင့် လိုချင်နေတာလဲ … ကျီယန်က ထိုက်ပိုင်ချိုင့်ဝှမ်းက အကြီးအကဲလေ
သူတို့က လီလျန်အာကို မသိကြသော်လည်း ကျီယန် ပြောဆိုပုံအရ သူမသည် ထိုက်ပိုင်ချိုင့်ဝှမ်း၌ အရေးပါသူတစ်ဦး ဖြစ်လိမ့်မည်။
သူမက ခေါင်းပေါ် ပန်းအိုးတင်ကာ သူမချစ်သူကို တွေ့ဖို့ ရောက်လာခဲ့တာလား …
တစ်ဖက်တွင် ပါရမီရှင် မင်းသား ရှန်အောင်းက မပျော်မိပေ။
ရှန်အောင်းက အလွန်အားကျနေမိ၏။
အားလုံး၏ အာရုံက အခု ရှန်ထျန်းအပေါ် ရောက်ရှိနေကြပြီး သူတို့မျက်နှာ၌ စိတ်ရှုပ်ထွေးခြင်း၊ အားကျခြင်းနှင့် တုန်လှုပ်ခြင်းတို့ ထင်ဟပ်နေသည်။
ရှန်ထျန်းက လီလျန်အာ သူ့ဆီ ရောက်ဖို့ လက်တစ်ကမ်းအလိုတွင် ဧည့်သည်တော်အားလုံး၏ အကြည့်ကို ခံစားမိလိုက်သည်။
သူ့ဆီ ရွေးချယ်စရာ မရှိတော့ပေ။ သူက လက်ကို ဆန့်ထုတ်လိုက်ပြီး လီလျန်အာ နဖူးအား ထောက်ကာ ရှေ့ဆက်တိုးမလာစေရန် တားလိုက်ရသည်။
လီလျန်အာက ရှန်ထျန်းအား တောက်တောက်ပပ ကြည့်နေလေသည်။
ရှန်ထျန်းအနေနှင့် သူမသည် သူ့ကို မှတ်မိနေကြောင်း လုံးဝ သေချာသွားလေပြီ။
ကြည့်ရတာ ငါ့ရုပ်ဖျက် အရည်အချင်းက ငါ ထင်ထားသလောက် မကောင်းဘူး ထင်တယ် …
ရှန်ထျန်း၏ သရုပ်မှန်ကား ပေါ်ပေါက်သွားသောကြောင့် ကူကယ်ရာမဲ့ ဖြစ်နေလေသည်။
ကယ်ကြပါဦး …