အခန်း (၈၄) : မင်းအတွက် တာဝန်ခံပေးမယ်
“ ငါ့တပည့်လေး … မင်းကြောင့် ဂုဏ်ယူရတယ်ကွာ ”
အထွတ်အထိပ်ရှင် ကျီယန်၏ စကားက ရှန်အောင်းအား အံ့ဩသွားစေသည်။
အားလုံးက အဖြစ်အပျက်ကြောင့် ကြောင်အမ်းကုန်ကြသည်။
ဘာကြီးလဲ …
ထိုက်ပိုင်ချိုင့်ဝှမ်းရဲ့အထွတ်အထိပ်ရှင် ကျီယန်က မီးတိုင်းပြည်ဆီ ကိုယ်တိုင်ကိုယ်ကျ လာလည်တာလား…
ဘာလဲ …
အထွတ်အထိပ်ရှင် ကျီယန်က မင်းသား(၆) ရဲ့ ပါရမီကို သဘောကျသွားပြီးတော့ ချိုင့်ဝှမ်းဆီ ကိုယ်တိုင် လာခေါ်ပေးတာလား…
အထွတ်အထိပ်ရှင် ကျီယန်အနေနဲ့ မင်းသား(၆) က တစ်ရက်ကျ ကနဦး စိတ်ဝိညာဉ်အဆင့် ရောက်လာနိုင်မယ်လို့ သေချာပေါက် ယုံကြည်နေတာများလား …
……………
အရှေ့ပိုင်းလွင်ပြင်၌ တပည့်များသည် ဆရာများကို ဦးဆုံး သွားရောက်တွေ့ဆုံခြင်းက လေးစားမှုတစ်ရပ် ဖြစ်၏။ ဆရာအနေနှင့် တပည့်များဆီ ပထမဆုံးလာရောက်တွေ့ဆုံခြင်းက တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။
အထွတ်အထိပ်ရှင် ကျီယန်က ပွဲအခမ်းအနား၌ ပေါ်ထွက်လာသည်မှာ အတော်လေး ထူးဆန်းနေသောကြောင့် အားလုံးက မင်းသား(၆)သည် မည်မျှ ပါရမီထူးနေကြောင်းသာ စတင် တွေးကုန်ကြသည်။ ထိုက်ပိုင်ချိုုင့်ဝှမ်း၏ ထာဝရအရှင် စီနီယာပင် သူ့အား သင်ကြားပေးဖို့ မစောင့်နိုင်ရှာတော့ပေ။
အားလုံးက မင်းသားကို မည်သို့ ချီးမွမ်းရမည်ကို စတင် စဉ်းစားကုန်ကြသည်။
သို့သော်လည်း ရှန်ထျန်းက မြင်ရသလောက် မရိုးရှင်းကြောင်း သိလိုက်၍ မြန်မြန် ထွက်သွားချင်နေမိလေပြီ။
“ ဆရာ ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ ”
ရှန်အောင်းက အထွတ်အထိပ်ရှင် ကျီယန်သည် သူ့အား အရမ်းဖော်ရွှေနေကြောင်း သိရသည့်အခါ စိတ်ရှုပ်ထွေးသွားလေသည်။ နောက်ဆုံးတစ်ခေါက် အထွတ်အထိပ်ရှင် ကျီယန်နှင့် တွေ့ဆုံစဉ်အခါက သူသည် ခက်ထန်ကြမ်းတမ်းသော အမျိုးသားတစ်ယောက် ဖြစ်၏။
သူက အခု ဘာလို့ ပြုံးနေတာပါ့လိမ့် … ငါ့ဆရာရော ဟုတ်ရဲ့လား … နတ်ဆိုးတစ်ကောင်ကောင် အယောင်ဆောင်ထားတာများလား …
အထွတ်အထိပ်ရှင် ကျီယန်က သူ့တပည့်ကို ကြည့်ကာ ကျေနပ်နေမိသည်။
သူက ကလိမ်ကကျစ် အပြုံးဖြင့် ပြောလိုက်သည် “ ဟားဟား အခုထိ ဟန်ဆောင်နေတုန်းလား … မင်း အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်ထဲမှာ လီလျန်အာကို ဘာလုပ်ခဲ့တာလဲ မေ့သွားပြီလား ”
ရှန်အောင်းက ကြောင်အမ်းသွားလေသည်။
ဘယ်လို … ငါ ဘာလုပ်ခဲ့တာလဲ … ငါက ချီသွေဖယ်ခြင်း ခံစားရပြီးတော့ နှစ်ရက်တာ မှတ်ဉာဏ် ပျောက်ဆုံးသွားခဲ့တာလေ
ဒီနှစ်ရက်အတွင်းမှာ ထူးထူးဆန်းဆန်းတွေ လုပ်ခဲ့မိတာလား …
ရှန်အောင်းက တွေးကြည့်ရင်း နှလုံးခုန်နှုန်း မြန်လာမိသည်။
“ ဆရာ ဘာတွေပြောနေတာလဲ… ကျွန်တော် နားမလည်ဘူး ”
အထွတ်အထိပ်ရှင် ကျီယန်က မျက်လုံးဝေ့ကြည့်ကာ “ အားလုံးရှေ့ ပြောမှ ဖြစ်မှာလား ”
သူက ရုတ်ချည်း ပြုံးလာကာ
“ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ သိလား။ အဲဒီကလေးမက မင်းကလွဲရင် ကျန်တဲ့သူနဲ့ လက်မထပ်ချင်ဘူးတဲ့လေ။ မင်းကို ပြောရဦးမယ် … တကယ်လို့ မင်းတို့နှစ်ယောက်သာ လက်ထပ်ဖြစ်သွားရင် ကနဦး စိတ်ဝိညာဉ်အဆင့်ကို ပြဿနာမရှိဘဲ ချောချောမွေ့မွေ့ ရောက်နိုင်တယ် ”
ရှန်ထျန်းက မဲ့ရွဲ့သွားကာ အဖြစ်အပျက်ကို အကြမ်းဖျင်း နားလည်သွားလေပြီ။ သူက ထိုင်ခုံမှ ဖြည်းဖြည်းချင်း ထကာ ပြေးဖို့ ပြင်လိုက်တော့သည်။
ထို့နောက် စေတနာ ထက်သန်နေသည့် မျက်နှာတစ်ခု ပေါ်လာလေသည် “ ဒီမှာပဲ နေပါ ”
ရှန်ရှောင်းက ပြုံးကာ “ အောင်းက ထိုက်ပိုင်ချိုင့်ဝှမ်းမှာ တန်ဖိုးထားခံရတယ်ဆိုတော့ ထာဝရအရှင် စီနီယာကို မေးကြည့်လိုက်ဦးမယ်။ မင်းကိုလဲ အောင်းနဲ့အတူတူ ထိုက်ပိုင်ချိုင့်ဝှမ်းဆီ သွားစေချင်တယ်။ တကယ်လို့ မင်းသာ ကံကောင်းရင် မင်းရဲ့ ကံမကောင်းမှုတွေကို ပြောင်းလဲပစ်နိုင်လောက်တယ်”
ရှန်ထျန်းက မျက်ရည်ဝဲလုမတတ် ဖြစ်နေလေပြီ။ သူက သူ့ဖခင်ကြောင့် စိတ်လှုပ်ရှားမိသွားသော်လည်း ယခု တကယ် ထွက်ပြေးချင်နေလေပြီ ဖြစ်၏။
သူက အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ထဲ ရုပ်ဖျက်ထားမှုသည် စိတ်ချရကြောင်း ထင်မြင်မိခဲ့သည်။ အထွတ်အထိပ်ရှင် တစ်ယောက်က နန်းတော်ဆီ ရောက်လာမည်ကို မည်သူကများ သိမည်နည်း။
ငါ့ဆီ ခြေရာခံစက်များ တပ်ထားတာလား ဘာလား … ခဏ ခြေရာခံစက်လား …
ရှန်ထျန်းက အထွတ်အထပ်ရှင် ကျီယန်သည် အမှတ်အသားပြား တစ်ခု ကိုင်ဆောင်ထားခဲ့ကြောင်း မှတ်မိလိုက်သည်။ ကြည့်ရသည်မှာ သူ့တွင် ရှိနေသာ ဓားသခင် အမှတ်အသားပြားနှင့် ဆင်တူလှသည်။ တစ်ခုတည်းသော ခြားနားချက်မှာ ရွှေရောင် ဖြစ်နေခြင်း ဖြစ်၏။
ရှန်ထျန်းက ကောင်းကောင်း ခန့်မှန်းမိလိုက်သည်။
ဤအမှတ်အသားပြား နှစ်ခုက တစ်ခုနှင့်တစ်ခု ခြေရာခံနိုင်အောင် ဆက်သွယ်မှု တစ်ခုခု ရှိနေခြင်းသာ ဖြစ်လိမ့်မည်။
ထိုအတွေးဖြင့် ရှန်ထျန်းက မနေနိုင်ဘဲ သူ့ဉာဏ်ကောင်းမှုကို ချီးကျူးလိုက်မိသည်။
ဟာ ငါလေးက တယ်ဉာဏ်ကောင်းလှချည်လား …
ရှန်ထျန်းက ရှန်အောင်းနှင့် အထွတ်အထိပ်ရှင် ကျီယန်တို့ စကားဝိုင်းကို သတိထားမိသည့်အခါ ပါးစပ်ပင် တွန့်ချိုးသွားလေသည်။
အစ်ကိုတော်ရေ အခုထိ နားမလည်သေးဘူးပဲ …
ကံကောင်းစွာဖြင့် အထွတ်အထိပ်ရှင် ကျီယန်က ရှန်အောင်းထျန်းနှင့် တစ်ခါမှ မတွေ့ဖူးပေ။
ရှန်ထျန်းက ယခု သူ ပုန်းနေသည်က ပိုကောင်းကြောင်း ခံစားလာမိ၏။ ကျင့်ကြံရေးလောက၌ နေရာအနှံ့ အန္တရာယ်များ စုပြုံနေသည် မဟုတ်ပါလော။ စိတ်မကောင်းဖြစ်ကာ ဝမ်းနည်းရခြင်းထက် ဘေးကင်းဖို့က ပို၍ အရေးကြီးလှသည်။
ထို့ကြောင့် ရှန်ထျန်းက ဓားသခင် အမှတ်အသားပြားကို ထုတ်ကာ တခြားနေရာဆီ ပစ်လွှင့်ဖို့ ကြံရွယ်လိုက်သည်။ အကယ်၍ အထွတ်အထိပ်ရှင် ကျီယန်သာ ဆန်းကြယ်ပညာရပ်များကို အသုံးပြုပြီး အမှတ်အသားပြား နှစ်ခု ထိတွေ့အောင် လုပ်လိုက်လျှင် ရှန်ထျန်းက ဘာမှမသိသလိုမျိုး ဟန်ဆောင်လိုက်ရုံသာ ဖြစ်၏။ ဤသို့ဖြင့် သူ ဘေးကင်းသွားလိမ့်မည်။
သူက ဓားသခင် အမှတ်အသားပြားကို လက်လွှတ်တော့မည့်ဆဲဆဲတွင် သူ့ခန်းမင်လက်စွပ်ရှိ ကျောက်စိမ်းရေစင် ဓားက တုန်ခါလာသည်ကို ခံစားမိလိုက်ပြန်သည်။
ဝေ့ယန်နန်းဆောင်ရှိ ဂိတ်ပေါက်ဝ၌ လိုလီလေးတစ်ယောက် ပေါ်လာသည်။
“ ဟူး .. ငါ့ကျောက်စိမ်းရေစင်ဓားကို ခံစားမိပြီ … ကိုကိုရှန်ရေ လျန်အာလေး လာပြီ”
ဝုန်း
ဂိတ်တံခါး ပွင့်သွားပြီး ဘေးဖက်ဘောင်တစ်ခုလုံး မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။
ခေါင်းအိုးပေါ်တွင် ပန်းအိုးတစ်လုံးနှင့် မိန်းမငယ်လေးက ရှေ့ဆံမွေးလေး ခုန်ပေါက်စွာဖြင့် နန်းဆောင်ထဲ ပြေးဝင်လာသည်။
ရှန်ထျန်းက မဲ့ရွဲ့သွားပြီး စားပွဲခုံအောက် မျက်နှာဝှက်ထားလိုက်တော့သည်။ ထို့နောက် သူက ဦးခေါင်းဘက်နား သေရည်အိုးဖြင့် သူ့ဘာသာ ကာထားလိုက်သည်။
ငါတော့ သွားပြီ … ဒီတစ်ခါတော့ တကယ်သွားပြီ …
အထွတ်အထိပ်ရှင် ကျီယန်က မိန်းမငယ်လေးကို ဝမ်းနည်းဝမ်းသာ ကြည့်လိုက်မိသည် “ လျန်အာ ဘယ်လိုလုပ် ထွက်လာတာလဲ … ဂိုဏ်းတူအစ်ကိုကြီး မသိဘူးမလား ”
ထို့နောက် ကျီယန်က သူမခေါင်းအထက်ရှိ ရင်းရင်းနှီးနှီး ဖြစ်နေသော အိုးကို ကြည့်ကာ မဲ့ရွဲ့သွားတော့သည်။ သူက ရှန်အောင်းအတွက် အကောင်းဆုံး ဆုတောင်းထားလိုက်တော့သည်။
သွားပြီ … ငါသာ မမှားရင် ဒါက ကိုးရွက်လွှာ သစ္စာပန်းပင်ရဲ့ အိုးပဲ …
ဒါက အစ်ကိုကြီးရဲ့ အကြိုက်ဆုံးအပင်လေကွာ … မင်းက အိမ်ကနေ ထွက်ပြေးလာရုံတင် မကဘူး။ အပင်ကိုပါ ဆွဲနှုတ်ပစ်ခဲ့သေးတာလား …
အထွတ်အထိပ်ရှင် ကျီယန်က သူ့အစ်ကိုကြီး မည်သို့ ဖြစ်နေမည်ကို တွေးကြည့်၍ ရပေသည်။
ငါ့တပည့်လေး အကောင်းဆုံး ဖြစ်ပါစေကွာ …
တစ်ဖက်တွင်
လီလျန်အာက ကျီယန်ကို မြင်သည့်အခါ ရှက်ရွံ့သွားပြီး “ ဆရာဦးလေး ဘယ်လိုလုပ် ဒီရောက်နေတာလဲ ”
“ အစ်ကိုကြီးက မင်းရဲ့ ကိုကိုရှန်ကို ခေါ်ဖို့ ပြောထားလို့လေ ”
လီလျန်အာလေးက ချက်ချင်း စိတ်လှုပ်ရှားသွားကာ သူမရှေ့ဆံမွေးလေးက တဖန် ထောင်တက်လာပြီး မေးလိုက်သည် “ အဲဆိုတော့ အဲဆိုတော့ သူ့ကို တွေ့ပြီလားဟင် ”
အထွတ်အထိပ်ရှင် ကျီယန်က ဂုဏ်ယူစွာဖြင့် “ ဒါပေါ့ … မင်းအဖေကို ဘယ်တုန်းက စိတ်ပျက်စေလို့လဲ … ငါ့ရဲ့ ကျွမ်းကျင်လှတဲ့ ကောက်ချက်ချမှုအောက်မှာ ရှန်အောင်းထျန်းက နာမည်တု ဖြစ်တာကို သိလိုက်တယ်လေ။ ကြယ်တာရာကို ဖတ်ကြည့်ပြီးတဲ့နောက် အားလုံးကို နားလည်သွားလိုက်ပြီ ”
ထို့နောက် အထွတ်အထိပ်ရှင် ကျီယန်က ရှန်အောင်းအား သူမဆီ တွန်းကာ “ မင်းရဲ့ ဆရာဦးလေး ဘယ်လောက်တော်လဲသာ ကြည့်တော့ .. ကြည့်ကြည့်ပါဦး သူ့ကို မှတ်မိရဲ့လား ”
လီလျန်အာက ကြောင်အမ်းသွားလေ၏။
အမ် … ဘယ်သူကြီးလဲ …
လီလျန်အာက ရှက်နေသည့် ရှန်အောင်းအား နားမလည်နိုင်စွာ ကြည့်လိုက်သည်။
ဆရာဦးလေးက ငါ့ကို ဘာလို့ မေးနေတာလဲ … ဒီလိုသာမာန်ဆန်တဲ့ ယောကျ်ားမျိုးကို ဘယ်လိုလုပ် သိမှာလဲ
လီလျန်အာက ရပ်နေရင်း ရှန်အောင်းအား ကြည့်ကာ ဘယ်သူလဲဟု အသည်းအသန် ပြန်စဉ်းစားလိုက်သည်။ သို့သော်လည်း သူမက ထိုလူကို လုံးလုံး မသိချေ။
ထို့နောက် ရှန်အောင်းက သူမဆီ လျှောက်လှမ်းလာလေ၏။
သူက သတ္တိအားလုံးကို စုစည်းကာ လေးလေးနက်နက် ပြောလိုက်လေသည် “ စီနီယာအစ်မ လျန်အာ ကျွန်တော်တို့ကြားမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ မမှတ်မိပေမဲ့ တစ်ခုခု လုပ်ခဲ့မိရင် ကျွန်တော် တာဝန်အပြည့်အဝ ယူပါ့မယ် ”
လီလျန်အာလေးက ပြောစရာစကားပင် ရှာမတွေ့တော့ချေ။
ဒါပေမဲ့ ရှင်က အရမ်းရုပ်ဆိုးလွန်းနေတယ်လေ …