အခန်း (၈၃) : မင်းကြောင့် ဂုဏ်ယူရတယ်
“ ကြည့်ရတာ ငါတို့ ဧည့်သည်တော်တွေက အရမ်းဗိုက်ဆာနေကြတဲ့ပုံပဲ ” မီးတိုင်းပြည် ဘုရင်မင်းမြတ်က ပြောလိုက်သည်။
သူက ပြုံးကာ ထပ်ပြောလိုက်လေ၏ “ လုံ၊ အောင်း၊ ထျန်း သားတော်တို့ အတူတူ ထိုင်လိုက်ကြလေ ”
ဘာ …
ရှန်လုံနှင့် ရှန်အောင်းတို့က ကျောက်ရုပ်သဖွယ် ကြောင်အမ်းသွားကြသည်။
ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည် “ ခမည်းတော်ကို ကျေးဇူးတင်ပါတယ် ”
ရှန်ထျန်းက သုံးယောက်လုံး အတူတူ ထိုင်ခွင့်ရသည့်အတွက် ပျော်ရွှင်နေမိသည်။
အရိုးသားဆုံးပြောရလျှင် ကမ္ဘာကူးပြောင်းရောက်လာပြီးနောက် ရှန်ထျန်းအနေနှင့် အလွန်အထီးကျန်နေခဲ့ရ၏။ ကွေ့ကုန်းကုန်းက အလွန်ဂရုစိုက်သော်လည်း ခပ်ကုပ်ကုပ်သာနေတတ်သူ ဖြစ်သောကြောင့် သူတို့ကြား အကွာအဝေးတစ်ခု ရှိနေသလို ခံစားနေမိရသည်။ တစ်ဖက်တွင် အဆုံးမဲ့ဝိညာဉ်ဥယျာဉ်အတွင်းရှိ သူ့ပရိတ်သတ်များက အလွန်တက်ကြွလွန်းနေသောကြောင့် ရှန်ထျန်းအနေနှင့် မသက်မသာ ဖြစ်ရပြန်သည်။
သူ့အစ်ကိုဖြစ်သူများက သူ့အား ထူးထူးဆန်းဆန်း မဆက်ဆံသည့်အတွက် အိမ်မှာရှိနေသလို သက်တောင့်သက်သာ ဖြစ်နေမိသည်။
သူက ရှန်အောင်းကို ပြောလိုက်သည် “ အစ်ကိုတော်ရဲ့ အခမ်းအနားနေ့ကို ကျွန်တော် မနောက်ကျသင့်ဘူး။ တောင်းပန်တဲ့အနေနဲ့လေ လက်ဆောင်တစ်ခု ပြင်ထားပေးတယ် ”
ရှန်အောင်းက ထိုအကြောင်းကို ကြားလိုက်ရသည့်အခါ နှလုံးခုန်နှုန်းပင် မြန်သွားလေသည်။
ဘာကိုလဲ …ဘာကိုများ လက်ဆောင်အဖြစ် ယူလာတာတုန်း .. ငါတော့ မသိမ်းထားရဲပါဘူး
ရှန်အောင်းက အတင်းဖျစ်ညစ်ပြုံးကာ “ ညီတော်က ကြင်နာတတ်လိုက်တာ .. ငါတို့က သွေးသားအရင်း ညီအစ်ကိုတွေလေကွာ။ ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူးကွာ ”
ရှန်ထျန်းက ခေါင်းခါကာ “ ဒါကို သိမ်းထားလိုက်ပါဗျာ … အစ်ကိုတော်က အခြေတည်အဆင့် ရောက်သွားပြီဆိုတော့ အစ်ကိုတော်ရဲ့ ညီတစ်ယောက်အနေနဲ့ တစ်ခုခုတော့ လက်ဆောင်ပေးရမယ်လေ ”
ရှန်လုံက ထိုအရာကို ကြားကာ အနည်းငယ် ရှက်ရွံ့သွားပြီး တိတ်တဆိတ်သာ ထိုင်စားနေတော့သည်။
ထို့နောက် ရှန်ထျန်းက သေတ္တာငယ်လေးကို ထုတ်ကာ ရှန်အောင်းဆီ ပေးလိုက်တော့သည် “ အစ်ကိုတော် ကြည့်ကြည့်ပါဦး … အကြိုက်တွေ့ရဲ့လား ”
အရှင်းဆုံးပြောရလျှင် ရှန်အောင်းတွင် ရွေးချယ်မှု ရှိနေပါက ရှန်ထျန်း၏ လက်ဆောင်ကို မသိမ်းထားလိုပေ။ သူ့ညီတော်က မချမ်းသာမှန်း သိထားပေရာ အစ်ကိုတော်တစ်ယောက်အနေနှင့် ရှန်ထျန်းက သူ့ရှိသမျှ ချမ်းသာကြွယ်ဝမှုလေး ထုတ်သုံးပေးသည်ကို မမြင်ချင်ပေ။ မည်သို့ပင်ဆိုစေကာမူ သူက ရှန်ထျန်း၏ သဘောထားကြောင့် စိတ်လှုပ်ရှားမိသွားသည်။
ထားလိုက်ပါ ငါတို့က ညီအစ်ကိုတွေပဲလေ … လတ်တလော ကံဆိုးနေတာ လုံလောက်လောက်ပါပြီ။ ဆရာနတ်မင်းနဲ့ တွေ့ဖို့ အခွင့်အရေးလွဲချော်သွားတာထက် ဘာများ ကံဆိုးနိုင်ဦးမှာလဲ …
ရှန်အောင်းက ပိုးစကို ဖယ်ကာ သေတ္တာကို ဖွင့်ကြည့်လိုက်သည်။
ရှန်ထျန်းအနေနှင့် သူ့အစ်ကိုဖြစ်သူက သူ့လက်ဆောင်အား ဂရုတစိုက် သေချာဖွင့်ကြည့်သည်ကို မြင်သောအခါ စိတ်အေးသွားမိသည်။
ရှန်အောင်းက သေတ္တာကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည့်အခါ အထဲမှ ငွေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာလေ၏။ ဤသည်မှာ တစ်မီတာမျှ ရှည်လျားသည့် ငွေရောင်ဓား အသေးလေးတစ်ချောင်း ဖြစ်ပြီး ငွေရောင်အလင်းများ ထုတ်လွှင့်နေသည်။
ရှန်အောင်းက ထိုဓားကို မြင်လိုက်သည့်အခါ အရမ်းအံ့အားသင့်သွားလေသည်။
“ ဒါက ပေါ့ပါးနှင်းငွေရောင်ကနေ ထုလုပ်ထားတဲ့ အထွတ်အထိပ်အဆင့် မှော်ဝင် ငွေဓားပျံပဲ … ဘယ်ကနေ ရလာတာလဲ။ ဒါက ဝိညာဉ်ကျောက်တုံး သုံးသိန်းထက် နည်းမှာ မဟုတ်ဘူး ”
ရှန်အောင်းက သူ့စိတ်လှုပ်ရှားမှုကို မဖုံးကွယ်ထားနိုင်ပေ။ မှော်ဝင် ဓားအများစုက ယေဘုယျ အမျိုးအစား ဖြစ်ပြီး တိုက်ခိုက်ခြင်းနှင့် ပျံသန်းခြင်းတို့ နှစ်မျိုးလုံး၌ အသုံးပြုနိုင်ပေသည်။
သို့သော်လည်း ဓားတချို့က တမျိုးတည်း၌ ပို၍ အသုံးတည့်ကြသည်။ ထို့ကြောင့် ချမ်းသာကြွယ်ဝသော ကျင့်ကြံသူတို့က ဓားနှစ်ချောင်း ပိုင်ဆိုင်ထားကြပြီး တစ်ချောင်းက တိုက်ခိုက်ဖို့အတွက် ဖြစ်ကာ နောက်တစ်ချောင်းကား ထွက်ပြေးဖို့ရာ ဖြစ်၏။
ဤငွေဓားလေးက ထိပ်တန်း ဓားပျံအဖြစ် လူသိများပေသည်။ ဓားပျံသန်းရာ၌ တခြားသော အထွတ်အထိတ်အဆင့် မှော်ဝင်ဓားများထက် အနည်းဆုံး ၃၀ ရာခိုင်နှုန်းလောက် ပိုမြန်ဆန်လေ၏။
ရာခိုင်နှုန်းက နည်းဟန်ပေါ်သော်လည်း ရန်သူများဆီမှ ထွက်ပြေးသည့်အခါ အလွန်အသုံးတည့်လှသည်။ ကိုယ့်အသက်ကို ကယ်တင်နိုင်ပေသည်။ မိတ်ဆွေများနှင့် အပြင်ထွက်ရင်း ကြောက်မက်ဖွယ် နတ်ဆိုးများဆီမှ ထွက်ပြေးသည့်အခါ၌လည်း အလွန်အသုံးဝင်ပေမည်။
အကြောင်းအရင်းကား ရိုးရှင်းလှသည်။
နတ်ဆိုးက မင်းထက် မြန်ဆန်နေလျှင်ပင် စိုးရိမ်နေဖို့ မလိုပေ။ မိတ်ဆွေများထက် ပိုမြန်ဆန်နေပါက မင်းဆီ ဘာမှဖြစ်လာမည် မဟုတ်ချေ။
အချုပ်အားဖြင့် ဓားပျံကောင်းကောင်း တစ်ချောင်းသည် တိုက်ခိုက်စွမ်းကို မမြင့်တင်ပေးနိုင်သော်လည်း အန္တရာယ်မှ ကယ်တင်ပေးနိုင်သည်မှာ မလွဲဧကန်ပင်။
ဤသည်မှာ ရှန်အောင်း ရရှိဖူးသမျှ လက်ဆောင်ထဲ အကောင်းဆုံး ဖြစ်နေ၏။
ရှန်ထျန်းက ပြုံးကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည် “ မနက်ကမှ ရွေးလာခဲ့တာ ”
ငွေဓားကို မင်း ရွေးခဲ့တာလား
ရှန်အောင်းက သူ့ညီတော်အား သံသယဖြင့် ကြည့်လိုက်မိသည်။
ဒီလိုပစ္စည်းကောင်းကို ရွေးမိလောက်အောင် ကံကောင်းတာ သေချာရဲ့လား … ဒီဓားက အပြစ်အနာအဆာ ရှိနေတာ ဖြစ်နေမလား… ငါ သုံးနေတုန်း တစ်ဝက်တစ်ပျက် ပေါက်ကွဲထွက်သွားမှာတော့ မဟုတ်ပါဘူးနော့
ရှန်အောင်းက သူ့ဘာသာ တွေးရင်း လန့်လာမိသည်။
“ အဟမ်း အစ်ကိုတော်က ညီတော် လက်ဆောင်ကို ကိုယ်တိုင် ပြင်လာတယ် ထင်သွားတာ ”
ရှန်ထျန်းက ခဏတာ ကြောင်အမ်းသွားပြီး ဖုံးကွယ်ဖို့ ကြိုးစားလိုက်သည် “ ဟုတ်တယ် ဟုတ်တယ် … အစ်ကိုတော်အတွက် သေချာရွေးလာတာပါ”
ရှန်အောင်းက ပြောစရာ စကားပင် ရှာမတွေ့တော့ချေ။ ဤဓားကို အသုံးပြုလိုက်ပါက ကောင်းတာ ဖြစ်မလာနိုင်ကြောင်း ခံစားမိလိုက်သည်။ သို့သော်လည်း သူ့ညီတော်၏ မျက်နှာကို မြင်လိုက်သည့်အခါ မငြင်းဆန်ရက်တော့ပေ။
သူက ဖဲစထုတ်ကာ သေတ္တာကို သေသေချာချာ ရစ်ပတ်ထားလိုက်သည်။ ရှန်အောင်းက သေတ္တာအား လီဆီ ပေးလိုက်ကာ “ ညီတော်ကို ကျေးဇူးတင်ပါတယ်။ အစ်ကိုတော်တော့ ရင်ထဲထိမိသွားပြီ ”
သူက သေချာဆုံးဖြတ်ထားလိုက်တော့သည်။
ဒီအခမ်းအနားပြီးတာနဲ့ ဒီဓားကို ချက်ချင်း ထုတ်ရောင်းပြီး လီကိုလည်း အလုပ်ထုတ်ပစ်ရမည် …
ဝေ့ယန်နန်းဆောင်အထက်၌ ခရမ်းရောင် နေမင်းကြီး ထွက်ပေါ်လာသည့်အခါ ရှန်အောင်းက ကနဦး စိတ်ဝိညာဉ်အဆင့် မရောက်မချင်း ထိုက်ပိုင်ချိုင့်ဝှမ်းအတွင်း၌ ပုန်းအောင်းနေဖို့သာ စဉ်းစားထားလိုက်သည်။
အားလုံးက သူတို့အပေါ်ရှိ ဖိအားကို ခံစားမိလိုက်ကြပြီး အသက်ရှုဖို့ပင် ခက်ခဲလာကြလေသည်။
ထိုနေမင်းကြီးကို စိုက်ကြည့်နေသည့် ခရမ်းနှင့် အဖြူ ဝတ်ဆင်ထားသည့် သူတော်စင်တစ်ဦး ရှိနေသည်။ ထိုသူက ဓားရှည်တစ်ချောင်း သယ်ဆောင်ထားပြီး အားကောင်းသည့် ဓားအငွေ့အသက်များ ထုတ်လွှင့်နေသည်။
မီးတိုင်းပြည်၏ အရှင်ဘုရင် ရှန်ရှောင်းက နှောင့်ယှက်သူကြောင့် တုန်လှုပ်မိသွားသည်။ သူက ထိုလူကို အနိုင်မယူနိုင်မှန်း သိလိုက်၏။
ဝုန်း
နှောင့်ယှက်သူ၏ ဓားရှည်က ရုတ်ချည်း ပျံသန်းကာ ပျောက်ကွယ်သွားလေ၏။ နောက်အခိုက်အတန့်၌ သူက ဓားကို ကိုင်ဆောင်ထားရင်း နန်းဆောင်အလယ်၌ ပေါ်လာလေသည်။
နောက်ဆုံးတွင် လူအုပ်ကြီးက ထိုအမျိုးသား၏ မျက်နှာကို မြင်လိုက်ရသည်။
ရှန်အောင်း၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားကာ “ ဆရာ ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ ”
ရှန်အောင်း၏ စကားကြောင့် အားလုံးက စိတ်အေးသွားလေသည်။
သူတို့က ရန်သူ တိုက်ခိုက်တော့မည်ဟု ထင်ကာ ထွက်ပြေးဖို့ပင် ပြင်ဆင်ထားကြ၏။
သူက ထိုက်ပိုင်ချိုင့်ဝှမ်းရဲ့ ထာဝရအရှင် စီနီယာဖြစ်တဲ့ ရှန်အောင်းရဲ့ ဆရာ ဖြစ်နေတာကိုး …
တချို့လူများက ဤသူတော်စင်နှင့် မိတ်ဆွေဖွဲ့ဖို့ နည်းလမ်း ရှာကုန်ကြသည်။ သူက ကနဦး စိတ်ဝိညာဉ်အဆင့် အထွတ်အထိပ်ရှင် တစ်ယောက် မဟုတ်ပါလော။ သူနှင့် မိတ်ဆွေဖွဲ့နိုင်ပါက ကံကောင်းမှု အကြီးကြီး ဖြစ်သွားလိမ့်မည်။
သို့သော်လည်း အထွတ်အထိပ်ရှင် ကျီယန်ဆီမှ မထူးမခြားနား နေလိုမှုကို ခံစားမိကြသည်။ သူက နှောင့်ယှက်မခံလိုသည်မှာ သိသာလှ၏။
ရွှေရောင်တောက်ပနေသော အမှတ်အသားပြားကို ကိုင်ထားသည့် အထွတ်အထိပ်ရှင် ကျီယန်က ခေါင်းတညိတ်ညိတ်ဖြင့် သူ့အိတ်ထဲ ပြန်သိမ်းထားလိုက်သည်။ ထို့နောက် သူက ရှန်အောင်းကို ကြည့်ကာ ကြင်ကြင်နာနာ ပြောလိုက်လေ၏ “ ငါ မှန်နေတာပဲ … တကယ်ကို မင်း ဖြစ်နေတာကိုး။ ငါ့တပည့်လေး ဒီလောက် အရည်အချင်း ရှိလိမ့်မယ်လို့ မထင်ထားမိဘူး။ မင်းကြောင့် ငါ ဂုဏ်ယူရတယ် ”