အခန်း (၈၂) : တကယ်လို့ ဒါကို မြင်ရင် အရမ်းပျော်နေလောက်တယ်
“ အဟမ်း … မင်းသား(၁၃) ရောက်ရှိလာပါပြီ ”
ဝေ့ယန်နန်းဆောင် အပြင်ဘက်ရှိ ကုန်းကုန်းက ထိုစကားများကို လျှာခလုတ် တိုက်မတတ် ပြောလိုက်ရသည်။
နန်းဆောင်ရှိ အားလုံးက လုပ်နေလက်စကို ရပ်ကာ ဖြည်းဖြည်းချင်း ပွင့်လာသော တံခါးကြီးကိုသာ စိုက်ကြည့်လိုက်ကြသည်။
အပ်ကျသံ ကြားလောက်ရအောင်အထိ တိတ်ဆိတ်နေလေ၏။ မင်းသား(၁၃)၏ ခြေသံက တဖြည်းဖြည်း ကျယ်လောင်လာကာ ပြတ်သားလာသည်။
ရှန်အောင်းက စောစောလေးကအထိ အပြုံးတုဖြင့် ဧည့်သည်များကို ဧည့်ခံနေဆဲ ဖြစ်သော်လည်း ယခု ကြောက်လန့်ဖွယ် သတင်းကို ကြားလိုက်ရသည့်အခါ ဟန်မဆောင်နိုင်တော့ပေ။
သူက ကံကြမ္မာ နတ်ဘုရားကိုများ စိတ်အနှောင့်အယှက် ပြုမိထားလားဟု စတင် တွေးမိလာသည်။
မင်းသား(၁၃) အသက်ခြောက်နှစ်အရွယ် သူ့ဘေးပတ်ဝန်းကျင်၌ မည်သို့အခြေအနေရှိသည်ကို စတင် နားလည်ခဲ့စဉ်ကတည်းက ဤသို့ ပွဲအခမ်းအနားမျိုး တက်ရောက်ခြင်းက ကြုံခဲလှသည်။ သူက လန်နန်းဆောင်အတွင်း၌ ဆယ်နှစ်လုံးလုံး တစ်ယောက်တည်း အချိန်ကုန်ဆုံးခဲ့ရသည်။
သူ့ဖခင် မွေးနေ့ပွဲ ကျင်းပသည့်အခါ၌ပင် တစ်ယောက်ယောက်နှင့် လက်ဆောင်ပစ္စည်း ထည့်ပေးလိုက်ရုံမျှသာ ပြုလုပ်ခဲ့သည်။
သူ့မျက်နှာကို တစ်ခါမှ လာရောက်မပြသဖူးသောကြောင့် အားလုံးကလည်း သတ်မှတ်ချက်တစ်ခုလို ထင်မှတ်လိုက်ကြသည်။
သူက ပွဲအခမ်းအနား တက်ရောက်ဖို့ ဖိတ်စာများ လက်ခံရရှိသော်လည်း တစ်ခါမှ မတက်ရောက်ဖူးချေ။
ဘာလို့ ဒီနေ့ ရောက်လာရတာလဲ … မင်းပဲ အဆင့်နိမ့် ကုန်းကုန်းလေးကို လိုချင်တယ်ဆိုလို့ ပေးလိုက်ပြီလေ
ငါ့ကို အေးအေးချမ်းချမ်း နေခိုင်းလို့ မရဘူးလားကွာ … အခု မင်းက ဒီရောက်လာတော့ ငါ ခံစားချက်ဆိုးဆိုးရွားရွား ရနေပြီ …
ရှန်အောင်းက ဤပွဲအခမ်းအနားသည် ကပ်ဘေးနှင့် အဆုံးသတ်ရလိမ့်မည်ဟု ခံစားချက်မျိုး ရရှိနေသည်။
ငါ ဘေးကင်းဖို့ မနက်ဖြန် မသွားသေးတာ ကောင်းမယ် ထင်တယ်
အားလုံးက သူ့ကို ကြည့်နေကြစဉ် ရှန်ထျန်းက ခန်းမအတွင်း ဖြည်းဖြည်းချင်း ဝင်ရောက်လာသည်။
သူက နာမည်ဆိုး ရှိသော်လည်း မိန်းကလေးအားလုံးက အဖြူရောင်ဝတ်စုံနှင့်သူ့ကို မည်မျှ ချောမောကြောင်း ငေးမောကုန်ကြသည်။
ဘယ်လောက်တောင် ခန့်ညားချောမောရတာလဲ…
မွေးဖွားကတည်းက ကံဆိုးနေတာ မထူးဆန်းတော့ပါဘူး … ဘုရားသခင်က လောကကြီးကို မျှမျှတတ ဖန်ဆင်းပေးထားတာပဲ
ရှန်ထျန်းက ဤနေရာရှိ လူအများစုကို မမှတ်မိပေ။ သူက လန်နန်းဆောင် အပြင်ဘက်မှ လူများနှင့် ထိတွေ့မှု သိပ်မရှိသလို လက်ရှိဧည့်သည်တော်များသည်လည်း လန်နန်းဆောင်ကို ရှောင်ကွင်း၍ သွားလာကြသူများသာ ဖြစ်ကြသည်။ သူတို့က တစ်ယောက်နှင့် တစ်ယောက် ပတ်သတ်မှု မရှိဖူးကြပေ။
ရှန်ထျန်းက ဘေးပတ်လည်ကို ကြည့်လိုက်ပြီးနောက် ဘုရင်ဝတ်ရုံနှင့် အမျိုးသားကို မြင်လိုက်ရသည်။ သူက ကြောင်အမ်းသွားလေ၏။
ဒါက ငါ့အဖေလား … သူက အရမ်း သာမာန်ဆန်လိုက်တာ
သူက ကမ္ဘာကူးလာသူ ဖြစ်ရာ အဖေဖြစ်သူအပေါ် ခံစားချက်မျိုး မရှိသော်လည်း သူ့အနေနှင့် ကျရာတာဝန်ကို ထမ်းဆောင်ရပေဦးမည်။ ဤတိုင်းပြည်၏ မင်းသား(၁၃) အနေနှင့် ဖခင်ဆီ လျှောက်လှမ်းလာကာ ဦးညွှတ်ဂါရဝပြုလိုက်သည်။
“ ကောင်းသောနေ့လေးပါ ခမည်းတော် ”
ရှန်ရှောင်းကို ရှန်ထျန်းတစ်ယောက် အရွယ်လာသူအဖြစ် မြင်လိုက်ရသည့်အခါ စိတ်ခံစားချက်အစုံ ဖြစ်လာသည်။
သူက (၁၃) ယောက်မြောက် သားဖြစ်သူကို ကြည့်ရင်း ချစ်မြတ်နိုးမှုနှင့် အမုန်းတရားတို့ ရောနှောနေသည်။
သူက ကိုယ်လုပ်တော်လန်ကို အချစ်ဆုံး ဖြစ်၏။ သူမတွင် နှစ်လိုဖွယ်ပုံစံ ရှိပြီး နန်းတော်ရှိ အားလုံးက သူမအား နှစ်သက်ကြသည်။
ရှန်ရှောင်းက မင်းသား(၁၃) မွေးဖွားပြီးနောက် သူမကို မိဖုရားခေါင်အဖြစ် တင်မြောက်ရန် ပြင်ဆင်ထားခဲ့သေးသည်။
သို့သော်လည်း ရှန်ထျန်း မွေးဖွားလာသည့်အခါ အရာအားလုံး ပြောင်းလဲသွားရ၏။
မွေးဖွားသည့်ရက်၌ ကောင်းကင်က ကြည်လင်ကာ နေရောင် တောက်ပလျက် ရှိ၏။ သို့သော် ရုတ်ချည်းဆိုသလို နန်းဆောင်အထက်၌ တိမ်မည်းတို့ စုအုံလာလေသည်။
ဤသည်မှာ သာမာန်မိုးကြိုးတိမ် မဟုတ်ဘဲ ဆိုးရွားလှသော စွမ်းအားတမျိုး ဖြစ်နေသည်။
တိမ်တိုက်ကား အတိတ်နမိတ်မကောင်းသည့် အငွေ့အသက်များနှင့် ပြည့်နှက်နေသောကြောင့် နန်းတော်ရှိ အားလုံးက ကြောက်ရွံ့ခဲ့ကြသည်။
ထိုစဉ် ကိုယ်လုပ်တော်လန်က ဗိုက်နာလာပြီး ကလေးမွေးဖွာဖို့ အသင့်ဖြစ်လာခဲ့သည်။
ရှန်ရှောင်းက နမိတ်မကောင်းသလို ခံစားမိပြီး သူမအတွက် ဝမ်းဆွဲသည်ကို မြန်မြန် ရှာပေးခဲ့သည်။ ဘာမှမမှားယွင်းခဲ့သော်လည်း ကလေးငယ်ကား မကျန်းမာခဲ့ပေ။ မွေးဖွားပြီးပြီးချင်း အသက်ဓာတ် တဖြည်းဖြည်း လွင့်ပျယ်လာလေ၏။ ကြည့်ရသည်မှာ စွမ်းအားတချို့က မင်းသားငယ်လေး၏ အသက်ကို ယူဆောင်သွားဟန် ပေါ်နေသည်။
မင်းသား(၁၃) သေဆုံးတော့မည်ကို မြင်ကာ ရှန်ရှောင်းက သူ သိသမျှ ပညာရပ်အားလုံးကို ထုတ်သုံးကာ ကလေးငယ်အား ကယ်ဖို့ ကြိုးပမ်းခဲ့သည်။ သို့သော်လည်း တစ်ခုမှ အလုပ်မဖြစ်ခဲ့ပေ။
ထို့နောက် ကိုယ်လုပ်တော်လန်က ဆန်းကြယ်ပညာရပ် တစ်ခုကို ထုတ်သုံးကာ သူမ အသက်ဓာတ်အား သားငယ်ဆီ လွဲပြောင်းပေးလိုက်သည်။
ဖြည်းဖြည်းချင်းဖြင့် အလုပ်ဖြစ်လာကာ ရှန်ထျန်းက အသက်ရှင်လာပြီး ကောင်းကောင်းမွန်မွန်ဖြစ်နေသည့် ကိုယ်လုပ်တော်လန်က အသက်ဆုံးရှုံးသွားရသည်။
ဤသည်မှာ တိုင်းပြည်အတွင်း အားလုံးအတွက် ဝမ်းနည်းဖွယ်ရာ နေ့ရက်တစ်ရက် ဖြစ်ခဲ့ပြီး တချို့ကိုယ်လုပ်တော်များက သတင်းကို ကြားသည့်အခါ မျက်ရည်ရွဲကုန်ကြသည်။
နန်းဆောင်အထက်ရှိ တိမ်မည်းက ဖြည်းဖြည်းချင်း ကင်းစင်သွားသော်လည်း ရှန်ရှောင်း နှလုံးသားရှိ အမှောင်ထုကိုကား မဖယ်ရှားနိုင်ချေ။
သူက ပိုက်ဆံအမြောက်အမြား သုံးကာ ဆန်းကြယ်ရေခဲမှ ပြုလုပ်ထားသည့် ခေါင်းတလားကို ဝယ်ယူခဲ့ပြီး ကိုယ်လုပ်တော်လန်၏ ခန္ဓာကိုယ်ကို ထိန်းသိမ်းထားခဲ့သည်။
…………..
ထိုစဉ်ကတည်းက ရှန်ရှောင်းက သူမဆီ နှစ်စဉ်သွားရောက်လေသည်။ သူမကား သူ ချစ်မြတ်နိုးရသည့် တစ်ဦးတည်းသော အမျိုးသမီး မဟုတ်ပါလော။ သူမက ကိုယ်လုပ်တော် တစ်ဦးမျှ ဖြစ်သော်လည်း ဘုရင်မင်းမြတ်က တခြားသူအား မိဖုရားခေါင် မထားခဲ့ဖူးချေ။ ရှန်ထျန်း ပေါ်မလာခင်အထိ သူတို့က အချစ်စစ်နှင့် ဆုံတွေ့ခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် သူ ရှန်ထျန်းကို မြင်လိုက်သည့်အခါတိုင်း နှလုံးကွဲကြေမတတ် မှတ်ဉာဏ်တို့က ပြန်လည်ပေါ်လာရသည်။
စိတ်ခံစားချက် ကောင်းမွန်လာစေရန် ရွေအမြုတေ ကျင့်ကြံသူတွေပေါ် သက်ရောက်မှုရှိသော အလယ်အလတ်အဆင့် မေ့ပျောက်ဆေးလုံးကိုပါ သောက်ခဲ့သေး၏။
ရှန်ရှောင်းက သားတော်အား ကွေ့ကုန်းကုန်းဆီ အပ်ထားလိုက်ပြီး လန်နန်းဆောင်ဘက် ခြေဦးမလှည့်တော့ပေ။ သူက လက်တွေ့ဘဝမှ ထွက်ပြေးခဲ့ကြောင်း ဝန်ခံရပေမည်။
ယခု သူ့သား အရွယ်ရောက်လာသည်ကို မြင်လိုက်ရသည့်အခါ ဘုရင်မင်းမြတ်က ဝိညာဉ်ရှာဖွေခြင်း တချို့ ပြုလုပ်လိုက်မိသည်။
ကိုယ်တော်ရဲ့ လန်လေး … မင်းအသက်ပေးပြီး ကယ်ခဲ့တဲ့ ကလေးက အခု အရွယ်ရောက်လာပြီ။ တကယ်လို့ မင်း ဒါကို မြင်ရင် ပျော်နေလောက်တယ် …
သူက သက်ပြင်းချကာ ပြောလိုက်ရသည် “ ထျန်း ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ ”
ရှန်ထျန်းက ပြုံးကာ “ အစ်ကိုတော်က ထိုက်ပိုင်ချိုင့်ဝှမ်းဆီ သွားတော့မှာဆိုလို့ လာနှုတ်ဆက်တာပါ”
ရှန်အောင်း ထိုစကားကို ကြားလိုက်ရသည့်အခါ တုန်လှုပ်သွားတော့သည်။
ငါ့ကို လာနှုတ်ဆက်တာလား … မဟုတ်ဘူး မင်းက ငါ့ကို လာအဆုံးသတ်တာ
ရှန်အောင်းက တုန်လှုပ်သွားသော်လည်း ရှန်ရှောင်းကား ထိုအဖြေကြောင့် ရင်ထဲ ထိသွားလေသည်။
“ သားတော်တို့ နှစ်ယောက် အဆင်ပြေပြေ မြင်ရတာ ကောင်းတယ်။ လာလာ ရှန်အောင်းဘေးမှာ ထိုင်လေ … နှစ်ယောက် စကားစမြည် ပြောလို့ရတာပေါ့။ သူက နောင်ကျ ရှိမှာ မဟုတ်တော့ဘူးဆိုတော့ မင်း သူ့ကို လွမ်းနေရတော့မှာ ”
ရှန်အောင်းက မဲ့ရွဲ့သွားလေ၏။
သူနဲ့ ဘယ်သူက ဆက်ဆံရေးကောင်းနေလို့လဲ …
သူက ချောင်းဟန့်ကာ “ ခမည်းတော် … သားတော်က ဧည့်သည်တွေကို ဧည့်ခံရဦးမှာဆိုတော့ ရှန်ထျန်းကို အစ်ကို(၂) နဲ့ ထိုင်ခိုင်းတာ ပိုကောင်းမယ် ထင်တယ်”
ဘေးမှ ပွဲကြည့်နေသည့် ဒုတိယမင်းသား ဖြစ်သည့် ရှန်လုံက သူ့နာမည်ကြားလိုက်ရသည့်အခါ ကြောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်း ထသွားတော့သည်။ သူက မြန်မြန် ပြောလိုက်ရသည် “ အဟမ်း … မင်းတို့နှစ်ယောက်ပဲ စကားပြောလိုက်ကြပါ။ အစ်ကိုတော်က မင်းအတွက် ဧည့်သည်တော်တွေကို ဧည့်ခံပေးထားမယ် ”
သူ့အစ်ကိုနှစ်ယောက်က သဘောကောင်းပြီး ကြင်နာတတ်သည်ကို တွေ့ကာ ရှန်ထျန်းလည်း စိတ်လှုပ်ရှားမိသွားသည်။
“ အစ်ကိုတော်တို့ ကျွန်တော်က အငယ်ဆုံးဆိုတော့ ကျွန်တော် ဧည့်ခံပေးပါ့မယ် ”
ထို့နောက် ရှန်ထျန်းက လှည့်လိုက်သည့်အခါ အံ့ဩသွားရတော့သည်။ နေရာတစ်ဝှက် လျှောက်သွားနေကြသော ဧည့်သည်တော်တို့က ယခုအခါ ထိုင်ပြီး အစီအစဉ်တကျ ဖြစ်နေလေပြီ။ သူတို့ကို ဧည့်ခံထားသော အစားအစာများကို စားကာ မည်သူကမှ မော့ပင် မကြည့်ကြပေ။
ဤအစားအစာကား သူတို့တစ်ဘဝလုံး၌ အကောင်းဆုံး အစားအစာဟု မှတ်ယူထားဟန်ပေါ်သည်။
သူတို့က တကယ့်ကို တော်ဝင်မျိုးနွယ်တွေ ဖြစ်၏။
သူတို့က ရောက်လာသည့် ကပ်ဘေးကြီးအပေါ် မည်သို့ မြန်မြန် တုံ့ပြန်လိုက်သည်ကိုသာ ကြည့်ပါလေ …