Switch Mode

အခန်း(၈၁)

သူနဲ့ စောစော တွေ့လိုက်သင့်တာ

အခန်း (၈၁)  :  သူနဲ့ စောစော တွေ့လိုက်သင့်တာ

ဤနေ့ကား နေ့ရက်ကောင်းလေး ဖြစ်ပေသည်။ မီးတိုင်းပြည်၏ နန်းတော်မှာ ပျော်ရွှင်စရာအတိ ဖြစ်နေလေ၏။

နန်းတော်အတွင်းရှိ ကုန်းကုန်းများနှင့် အစေခံ မိန်းမပျိုလေးများသည် ဤအခမ်းအနားအတွက် သီးသန့်ချုပ်လုပ်ထားသော အနီရဲရဲ အဝတ်များကို ဝတ်ဆင်ထားကြသည်။

ဝေ့ယန်နန်းဆောင်သည် တော်ဝင်မျိုးနွယ်အတွက် အခမ်းအနားကျင်းပရန် နေရာတစ်ခု ဖြစ်ပြီး ပုံမှန်အားဖြင့် တခြားနိုင်ငံမှ တော်ဝင်မျိုးနွယ်များကို ဧည့်ခံဖို့အတွက် အသုံးပြုကြသည်။

သို့သော်လည်း ယနေ့ကား ထူးခြားသော အခမ်းအနား ဖြစ်ပြီး ရှန်အောင်းကို နှုတ်ဆက်သည့်ပွဲလည်း ဖြစ်၏။

ရှန်အောင်းက ထိုက်ပိုင်ချိုင့်ဝှမ်းဆီ သွားကာ တပည့်အဖြစ် သင်ကြားရတော့မည် ဖြစ်သည်။ ထိုက်ပိုင်ချိုင့်ဝှမ်းမှ အထွတ်အထိပ်ရှင် ကျီယန်က သူ့ကို သဘောကျရုံသာမက တပည့်အဖြစ် လက်ခံဖို့လည်း လိုလိုလားလား ဖြစ်နေရှာသည်။

ထာဝရအရှင် စီနီယာတစ်ယောက်၏ အလေးပေးခြင်း ခံရသော တပည့်တစ်ယောက်အနေနှင့် တစ်ရက်ကျ နေရာတစ်ခု ရလာပေမည်။

အကြီးအကဲက ကျောင်းသားထောင်ပေါင်းများစွာကို ပညာသင်ကြားပေးသော်လည်း တပည့်အဖြစ် လက်ခံထားသူမှာ အနည်းငယ်သာ ရှိ၏။ တပည့်အရေအတွက်က ပုံမှန်အားဖြင့် သုံးယောက်ထက် မပိုပေ။ တပည့် တစ်ယောက်မှ မရှိသူပင် မရှားလှပေ။

ရှန်အောင်းက အထွတ်အထိပ်ရှင် ကျီယန်၏ တပည့် ဖြစ်လာပြီးနောက် သူ့ဆီမှ အများအပြား သင်ယူနိုင်လိမ့်မည်။ ရှန်အောင်းက ရွှေအမြုတေအဆင့် ရောက်လိမ့်မည်မှာ မလွဲဧကန်ပင်။ ကနဦး စိတ်ဝိညာဉ်အဆင့်ပင် အိပ်မက်တစ်ခု မဟုတ်တော့ပေ။

မီးတိုင်းပြည်၏ ဘုရင်မင်းမြတ် ရှန်ရှောင်းပင် ရွှေအမြုတေ ကျင့်ကြံသူမျှသာ ရှိသေး၏။

နန်းတော်အတွင်း ပြောရေးဆိုခွင့်ရနေရာ၌ လေ့ကျင့်နေကြသော စီနီယာအစောင့်အရှောက်များကြား၌ ကနဦး စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတချို့ ရှိသော်လည်း ကနဦး စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတိုင်းက အတူတူ မဟုတ်ကြပေ။

တချို့ အားကောင်းသည့် ကနဦး စိတ်ဝိညာဉ် ကျင့်ကြံသူများက သိပ်အားမကောင်းသည့် ကနဦး စိတ်ဝိညာဉ် ကျင့်ကြံသူ အယောက် ၁၀၀ လောက်နှင့် ယှဉ်တိုက်နိုင်ကြသည်။

မီးတိုင်းပြည်၏ တော်ဝင်မျိုးနွယ်သည်လည်း အရှေ့ပိုင်းလွင်ပြင်ရှိ သာမာန်လူများနှင့် မခြားနားပေ။ သူတို့လိုမျိုး တော်ဝင်မျိုးနွယ်ကား အများအပြား ရှိနေကြ၍ ဖြစ်သည်။ သူတို့က ထိပ်တန်း ချိုင့်ဝှမ်းတစ်ခု အဖြစ် ယူဆရသည့် ထိုက်ပိုင်ချိုင့်ဝှမ်းနှင့် ယှဉ်လိုက်လျှင် ဘာမှမဟုတ်တော့ပေ။

အထွတ်အထိပ်ရှင် ကျီယန်၏ သဘောကျခြင်း ခံရသည့်အတွက် ရှန်အောင်း၏ ကံကောင်းမှု အခွင့်အလမ်း ဖြစ်ပေသည်။ မင်းသား(၆) သာ ကောင်းကောင်း ကြိုးစားပြီး ကံကောင်းပါက ကနဦး စိတ်ဝိညာဉ်အဆင့် ရောက်ရှိလာလိမ့်မည်။ ထို့နောက် သူက မီးတိုင်းပြည်၏ အားအကောင်းဆုံး ကာကွယ်သူ ဖြစ်လာမည် ဖြစ်ရာ တိုင်းပြည်သည်လည်း ပို၍ တည်ငြိမ်ကာ အန္တရာယ်ကင်းသွားပေလိမ့်မည်။

အိမ်နီးချင်း တိုင်းပြည်များသည်လည်း မီးတိုင်းပြည်ကို ကာကွယ်ပေးနေသည့် ထိုက်ပိုင်ချိုင့်ဝှမ်း အကြီးအကဲအား လေးစားမှု လာရောက်ပြသကြသည်။

ထို့ကြောင့် နှုတ်ဆက်ပွဲကား မီးတိုင်းပြည် တော်ဝင်မျိုးနွယ်များနှင့် အထက်တန်းမျိုးနွယ်အတွက်သာ အရေးကြီးရုံသာမက နယ်လှည့်ကျင့်ကြံသူများအတွက်လည်း အရေးပါပေသည်။

အားလုံးက မင်းသား(၆) စိတ်ကျေနပ်စေဖို့ရာ အဖိုးတန်လက်ဆောင်များ ပြင်ဆင်ထားကြ၏။

မင်းသား(၆) က အခြေတည်အဆင့် ရောက်နေသည့်အတွက် ကံကောင်းသွားပေသည်။ ရှန်အောင်းသာ ရွှေအမြုတေအဆင့် ရောက်သွားပါက ဤသို့အဖိုးမတန်သည့် အမှိုက်သရိုက်များကို စိတ်ဝင်စားတော့မည် မဟုတ်ချေ။

ထိုတော်ဝင်များက ဘာမှမလုပ်ဘဲ အောင်မြင်နေကြခြင်း မဟုတ်ပေ။ သူတို့က သူတို့အကျိုးမြတ် မည်သို့ရအောင် လုပ်ရမည်ကို ကောင်းကောင်းသိကြသူများ ဖြစ်ကြ၏။

“ အရှင့်သားကို မတွေ့တာ ရက်နည်းနည်းပဲ ရှိသေးတယ်။ ပိုပြီးတော့ ခန့်ညားချောမောလာပါရောလား ”

“ အရှင့်သားက ထူးချွန်လိုက်တာ … ဒီလောက်ငယ်ငယ်လေးနဲ့ အခြေတည်အဆင့်ကိုတောင် ရောက်သွားပြီလား။ ပါရမီရှင်လေးပဲ ဖြစ်ရမယ်”

“ ကျွန်တော်မျိုး သမီးက ဒီနှစ် ၁၆ နှစ်ပြည့်မှာလေ … သူမက အရှင့်သားကို အရမ်းလေးစားနေတော့ အရှင့်သားဘေးမှာ အလုပ်အကျွေးပြုချင်ပါတယ်တဲ့ဗျာ”

“ အရှင့်သား အစေခံများ မလိုဘူးလားဟင်။ ကျွန်တော်မျိုးသားကလည်း တာဝန်ထမ်းဆောင်ပေးဖို့ အသင့်ပါပဲ ”

လူအုပ်ကြီးက ဝတ်စုံနီ ဝတ်ဆင်ထားသော ရှန်အောင်းနား ဝိုင်းနေကြလေသည်။ သူ့အပြုအမူက အဆင့်အတန်းနှင့် ကိုက်ညီသော်လည်း သူ့မျက်ဝန်း၌ စိတ်ပျက်မှုအတိုင်းသား ဖြစ်နေရှာသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က …

ရှန်အောင်းက အခြေတည်အဆင့် ရောက်ရှိပြီးနောက် သူ့ဆရာအတွက် လက်ဆောင်တချို့ ဝယ်ဖို့ရာ အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်ဆီ သွား‌ရောက်ခဲ့သည်။

သူ့အစေခံဖြစ်သူ လီက သူ့ညီလေး(၁၃) နှင့် အထိအတွေ့ ရှိထားသူ ဖြစ်သောကြောင့် လီတွင် ကံဆိုးမှု သက်ရောက်နေလိမ့်မည်ဟု ယုံကာ အတူတူ မခေါ်ခဲ့ပေ။

ထိုသို့ဆိုလျှင်ပင် ရှန်အောင်းက လီသည် သူ့ကံကြမ္မာပေါ် သက်ရောက်မှု ဖြစ်စေကြောင်း ခံစားနေရဆဲ ဖြစ်၏။ သူ အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်ဆီ မရောက်ခင် သစ်ပင်အောက်၌ ချီသွေဖယ်မှု ခံစားခဲ့ရပြီး နှစ်ရက်ကြာမြင့်ပြီးမှ ပြန်အသိဝင်လာခဲ့သည်။ သူက နှစ်ရက်တာလုံးလုံး မေ့နေခဲ့လေ၏။

ရှန်အောင်းက အချိန်မရှိတော့သည့်အတွက် အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်၌ သုံးရက်မျှသာ နေဖို့ အချိန်ရခဲ့သည်။ သို့သော်လည်း အချိန် သုံးပုံနှစ်ပုံအား အိပ်ခြင်းနှင့် ကုန်ဆုံးသွားစေမိခဲ့သည်။

ရှန်အောင်း နိုးလာပြီးနောက် အချိန်ဆက်မဖြုန်းတော့ဘဲ အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်အတွင်း ဝင်သွားလိုက်သည်။

သူက ဤနေရာရှိ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးအကြောင်း ကြားသိလိုက်ရသည်။ သူ့နာမည်မှာ ရှန်အောင်းထျန်း ဖြစ်ကာ သူ့နာမည်နှင့် အတော်လေး ဆင်တူသည်။ သို့သော်လည်း ရှန်အောင်းက ရှန်အောင်းထျန်းသည် အဆုံးမဲ့ဝိညာဉ်ဥယျာဉ်အတွင်းမှ ဒဏ္ဍာရီလာ ပုဂ္ဂိုလ် ဖြစ်သည့်အတွက် သူနှင့် ဘာမှမတူကြောင်း ခံစားမိ၏။

“ ကံပါလျှင် ဟောမည် အလကား၊ ကံမပါလျှင် ရွှေပုံပေးလည်း ထွက်သွား ” ထိုပုဂ္ဂိုလ်က မည်မျှရက်ရောလှသည်ကို ကြည့်ပါလေ။

သူက ဝိညာဉ်သတ္တုရိုင်းတုံး တစ်ရာကျော် ရွေးချယ်ပေးခဲ့ပြီး ဆယ်ဆထက် နည်းသည့် အရာ မရှိပေ။

သူ ဘယ်လောက်တော်လဲ သိသာလှ၏။

သူ့နောက်လိုက်များကို ကာကွယ်ဖို့ရာအတွက် သူ့စိတ်ဆန္ဓကို ဆန့်ကျင်ကာ အံ့ဖွယ် မိုးကောင်းကင် အထွတ်အမြတ်မြေ၏ သူတော်စင်မအတွက် ဝိညာဉ်သတ္တုရိုင်းတုံး ရွေးပေးခဲ့သည်။

သူ ဘယ်လောက် ကြင်နာတတ်လဲ ကြည့်ပါလေ …

ရှန်အောင်းက ခံပြင်းနေမိသည်။ အကယ်၍ သူသာ အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်ကို နှစ်ရက်စောရောက်ခဲ့လျှင် ဆရာနတ်မင်းနှင့် တွေ့ခွင့်ရနိုင်ဦးမည် ဖြစ်၏။

သူက ဘယ်လိုများ လွဲချော်သွားရသနည်း။

သူက ချီသွေဖယ်ခြင်း ခံစားရပြီး နှစ်ရက်တာ မေ့မျှောသွားခဲ့လို့လား …

ဆရာနတ်မင်းကို ရှာမတွေ့ခဲ့လျှင်ပင် နတ်မင်းအသင်းဝင်၏ အကြီးအကဲနှင့် လက်ရှိခေါင်းဆောင် ရှိနေသေးသည် မဟုတ်ပါလော။ သူက ဆရာနတ်မင်းနှင့် ဆက်သွယ်ဖို့ နည်းလမ်း ရလာနိုင်သေးသည်။

ရှန်အောင်းက  ဆရာနတ်မင်း တစ်ရက်တာ ပျောက်သွားပြီးသည့်နောက်တွင် ကောင်းကင်ဝိညာဉ်ပြခန်း၌ လူစည်ကားနေကြောင်း ကြားလိုက်ရသည်။ ထို့ကြောင့် နတ်မင်းအသင်းဝင်၏ ခေါင်းဆောင်ဖြစ်သူ သူဌေးစုန့်က ဆရာနတ်မင်း ဘယ်မှာရှိနေလဲ သိနေလောက်သည်ဟု တွေးခဲ့မိသည်။

သို့သော်လည်း ထိုကောင်းကင် ဝိညာဉ်ပြခန်းသည် ပိတ်ထားသည်မှာ တစ်လလောက် ရှိသွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ သူဌေးစုန့်နှင့် သူ့သားကို ရှာလို့ပင် မတွေ့တော့ချေ။

ရှန်အောင်းက အတော်လေး စိတ်ဓာတ်ကျသွားလေ၏။

ညီလေးရေ တကယ်ကြီးလားကွာ … မင်းရဲ့ ကံဆိုးမှုက ဒီလောက်တောင် အားပြင်းတယ်လား …

ရှန်အောင်းက အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်၌ ဆက်မနေတော့ရန် ဆုံးဖြတ်လိုက်တော့သည်။ ဤနေရာ၌ ဆက်နေနေရင်း မိနစ်နှင့်အမျှ သူ့ကံကောင်းမှုတို့ လျော့ကျလာသည်ဟု ထင်နေမိသည်။

ငါ့ဘာသာ သတ္တုရိုင်းတုံး ရွေးလိုက်ရမလား …

ရှန်အောင်းက သူ့ပိုက်ဆံအားလုံးကို သုံးလိုက်လျှင်ပင် ဝိညာဉ်ကျောက်တုံး တစ်ရာပင် ရနိုင်မည် မဟုတ်ကြောင်း ခံစားချက် ရနေမိသည်။ ထို့ကြောင့် အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်မှ စိတ်ပျက်လက်ပျက် ထွက်လာလိုက်တော့သည်။

သူက ကံတရားကို ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ့ပိုက်ဆံဖြင့် ဈေးမနည်းသည့် လက်ဆောင် ဝယ်လိုက်ရတော့သည်။

ကံကောင်းမှုက ငါ့ဘက်မှာ ရှိမနေဘူး …

ရှန်အောင်းက နန်းတော်ဆီ ပြန်လာရင်း စိတ်ဓာတ်ကျလုနီးပါး ဖြစ်နေခဲ့သည်။ သို့သော်လည်း သူ ရောက်ရှိလာသည့်အခါ အားလုံးက ဝိုင်းချီးမွမ်းနေကြသည့်အတွက် နေလို့ ပိုကောင်းလာလေ၏။

ကံဆိုးစွာဖြင့် နောင်တ ရမိသည့် ခံစားချက်က စိတ်နှလုံးသားအတွင်း ကျန်ရှိနေသေးသည်။

သူက ယနေ့ပွဲ ပြီးသွားသည့်အခါ အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်ဆီ သွားကာ ဆရာနတ်မင်းအား စောင့်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တော့သည်။ ရှန်အောင်းထျန်းက သုံးရက်လောက် ပျောက်နေသည် ဖြစ်ရာ ကျင့်ကြံရေးအတွက် လေ့ကျင့်နေခြင်း ဖြစ်နိုင်ပေသည်။

ငါသာ သူ့ကို တောင့်တနေရင် သေချာပေါက် တွေ့ခွင့်ရလောက်မှာပါ …

ခေါင်းလောင်သံ ရုတ်တရက် ထွက်ပေါ်လာသောကြောင့် ရှန်အောင်း အတွေးများ ပြတ်တောက်သွားလေသည်။

ဝေ့ယန်နန်းဆောင်၏ ကုန်းကုန်း အသံထွက်ပေါ်လာလေ၏  “ ဘုရင်မင်းမြတ် ကြွချီလာပါပြီ ”

ဝေ့ယန်နန်းဆောင်ရှိ အားလုံးက ဒူးထောက်ကာ ဘုရင်မင်းမြတ် ရောက်ရှိလာမှုအား စောင့်ဆိုင်းနေကြ၏။

သိပ်မကြာခင် မီးတိုင်းပြည် ဘုရင်မင်းမြတ်သည် ခြွေရံသင်းပင်းတသိုက်နှင့် နန်းဆောင်အတွင်း ဝင်ရောက်လာသည်။ သူက လေးနက်တည်ကြည်ကာ ဂုဏ်သိက္ခာကြီးမားဟန် ပေါ်၏။ သူ့ ရွှေနီရောင် နဂါးဝတ်ရုံက သူ့အရှိန်အဝါကို ပို၍ ကြီးကျယ်ခမ်းနားသွားစေသည်။

“အားလုံး ထပါ …” ရှန်ရှောင်းက ပြောလိုက်ရင်း ရှန်အောင်းအား ဂုဏ်ယူစွာ ကြည့်လိုက်သည်။

သူ့သားဖြစ်သူ ရှန်အောင်းက အတော်လေး ပါရမီထူးပေသည်။ သူက ထူးထူးခြားခြား ဖြစ်ဖို့ မွေးဖွားလာခြင်း ဖြစ်၏။ ထိုက်ပိုင်ချိုုင့်ဝှမ်း သွားခြင်းက ကြီးမြတ်မှုအတွက် ပထမခြေလှမ်း ဖြစ်လာပေမည်။

ရှန်ရှောင်းက သူ့သားကို အလွန်ကျေနပ်နေမိသည်။ ထို့ကြောင့် သူက ပြုံးကာ  “ ဒီနေ့က သားတော် အောင်းအတွက် အရေးကြီးတဲ့နေ့ပဲ … ဘာကိုများ လိုချင်လဲ။ ဒီခမည်းတော်ကို ပြော … လိုချင်တာအကုန် ဖြည့်စည်းပေးမယ် ”

ရှန်အောင်းက သူ့ဖခင်ဖြစ်သူ၏ စကားများကြောင့် ထိမိသွားသော်လည်း စိတ်ပျက်လက်ပျက် ဖြစ်နေဆဲသာ…

အလိုလိုက်တဲ့ အဖေရှိတော့ရော ဘာဖြစ်တုန်း … ဆရာနတ်မင်းနဲ့ တွေ့ခွင့်မရမှတော့ တစ်ဘဝတာ ကံဆိုးမှုကြီးပဲ …

တစ်ချိန်တည်းတွင်…

ဝေ့ယန်နန်းဆောင် အပြင်ဘက်ရှိ ခန့်ညားချောမောသည့် လူငယ်လေးတစ်ယောက်က နှာချေလိုက်မိသည်။ သူက အစ်ကိုတော်(၆)အတွက် လက်ဆောင် ဝယ်နေရသည့်အတွက် ပွဲအခမ်းအနား တက်ရောက်ဖို့ နောက်ကျနေလေ၏။

Comment

Leave a Reply

Options

not work with dark mode
Reset