Switch Mode

အခန်း(၈၀)

ရှန်ထျန်းရဲ့ ချပ်ဝတ်

အခန်း (၈၀) : ရှန်ထျန်းရဲ့ ချပ်ဝတ်

ဂိုဏ်းချုပ်၏ ထင်မြင်ချက်က တာအိုကိုယ်တော်အား ဆွဲဆောင်နိုင်လိုက်ဟန် ပေါ်သည်။ လူငယ်လေးတစ်ယောက်က အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်၏ ပြခန်းငယ်များအတွင်း ရတနာနှစ်မျိုး ရှာတွေ့နိုင်ခဲ့ခြင်းအား ထပ်ရှင်းပြဖို့ မလိုတော့ပေ။

ကံကြမ္မာက သူ့အပေါ် ထွန်းလင်းတောက်ပနေတာပဲ …

တာအိုကိုယ်တော်က မေးလိုက်သည် “ ညီလေး … ဒါဆို ဒုတိယဖြစ်နိုင်ခြေက ဘာလဲ ”

ဂိုဏ်းချုပ်က ခန်းမအတွင်း လှည့်သွားကာ တစ်ချိန်တည်းမှာ လေးလေးနက်နက် ဖြစ်လာသလို စိတ်လှုပ်ရှားမှုအပြည့်လည်း ဖြစ်လာသည်။

သူက အသက်ပြင်းပြင်း ရှုလိုက်ရင်း  “ အဲဒါက ဒီကောင်လေးက လူလိမ် မဟုတ်ဘူးဆိုတာပဲ ”

တာအိုကိုယ်တော်က ကြောင်အမ်းသွားကာ  “ အဲဆို သူက တကယ့် ဝိညာဉ်သတ္တုရိုင်းတုံး အကဲဖြတ်ပညာရှင်လို့ ပြောချင်တာလား ”

ဂိုဏ်းချုပ်က ခေါင်းခါကာ  “ မဟုတ်ဘူး အဲလိုပြောတာ မဟုတ်ဘူး။ ကျွန်တော် ပြောချင်တာက သူ့ကံကြမ္မာက ကျွန်တော်တို့ တွေးထားတာထက် ပိုမြင့်နေနိုင်တယ်။ သူက သတ္တုရိုင်းတုံး အကဲဖြတ်တာကို မသိပေမဲ့ သူ ရွေးလိုက်တိုင်း ပစ္စည်းကောင်းကြုံအောင် ရွေးနိုင်ခဲ့တယ်။ သူက ခရမ်းစံအိမ်ရဲ့ သူတော်စင်ထက်တောင် ပိုကောင်းနေလောက်တယ် …

ကံကြမ္မာ သားတော်ဆိုတာက သိပ်တော့ မတိကျသေးဘူး။ သူ့ကို ကောင်းကင်တာအိုရဲ့ သားတော်လို့တောင် ခေါ်လို့ ရလောက်တယ်”

တာအိုကိုယ်တော်က မယုံကြည်နိုင်စွာဖြင့်  “ တကယ်ကြီးလား … အဲဒါ လွန်လွန်းသွားတယ် မဟုတ်ဘူးလား။ ကံကြမ္မာက လူတစ်ယောက်အပေါ် ဒီလောက်အထိ ကောင်းချီပေးနိုင်ပါ့မလား။ ဒါကြီးက သိပ်ယုတ္တိမရှိဘူးနော် ”

ဂိုဏ်းချုပ်က ခေါင်းခါကာ   “ အဲဒါကြောင့် ကျွန်တော်က အစ်ကိုကြီးကို စာများများ ဖတ်ခိုင်းနေတာပေါ့ … ကံကြမ္မာ ကောင်းချီးပေးခံရတဲ့သူကို ကိုယ့်လိုတွေးပြီး အကဲမဖြတ်ရဘူး။ သတ္တုရိုင်းတုံး အကဲဖြတ်ပညာရှင်တွေ ဘယ်လို ချီသွေဖယ်ခြင်း ခံစားခဲ့ရလဲဆိုတာ မေ့သွားပြီလား။ ဒီမှာ စာရင်းပြုစုထားတယ်။ အစ်ကိုကြီး တစ်ချက် ကြည့်ကြည့်ဦး ”

ဂိုဏ်းချုပ်က တာအိုကိုယ်တော်ထံ စိတ်ဖြင့်ဆက်သွယ်ကာ ပြောလိုက်သည်  “ ဒါက လွန်ခဲ့တဲ့ နှစ်တစ်သောင်းအတွင်း အရှေ့ပိုင်းလွင်ပြင်မှာ ကံကြမ္မာကောင်းချီပေးခံရတဲ့သူတွေကို မှတ်တမ်းတင်ထားတာ …

တွေ့လား  တစ်ယောက်ဆို ချောက်ကနေ ပြုတ်ကျသွားပေမဲ့ ရှေးဟောင်းဧကရာဇ် အမွေအနှစ်ကို လက်ခံရရှိခဲ့တယ်။

တချို့ကျ နတ်ဆိုးအဖမ်းခံရပြီးတော့ တစ်ညတာ အတူဖြတ်သန်းရုံနဲ့ သွေးမျိုးဆက် ဆင့်ကဲတိုးတက်လာခဲ့တယ်။

တချို့ကျတော့ သာမာန်လက်စွပ်တစ်ကွင်း ကောက်ရပြီးတော့ အထဲမှာ တော်ဝင်တပိုင်း ဝိညာဉ်ပျက်တစ်ခု ရှိနေတတ်တာမျိုးလည်း ကြုံရတယ်။

သူတို့အားလုံးမှာ တူညီချက် ရှိတာက သူတို့ဘဝကြီးက ချောမွေ့နေခဲ့တာဆိုတာပဲ … သူတို့သာ ဘေးနားမှာ ရှိနေရင် အခွင့်အရေး အကြီးကြီးမျိုး ရရှိနိုင်တယ်။ ဒါပေမဲ့ ကိုယ့်ဘာသာ အားကောင်းတယ်ထင်ပြီး အဲဒီအခွင့်အရေးကို လုယူဖို့ ကြိုးစားရင်တော့ အဟမ်း အဆုံးသတ်မှာ အသတ်ခံရမှာပဲ … ဒါတွေ အဓိပ္ပါယ်ရှိတယ်လို့ ထင်လား  ”

ဂိုဏ်းချုပ်က ခန်းမအတွင်း ဆက်လျှောက်နေပြီး  “ စာအုပ်များများ ဖတ်ပါလို့ ကျွန်တော် ပြောပါတယ် … ကံကြမ္မာကောင်းချီးပေးခံရတဲ့ လူတစ်ထောင်လောက်အကြောင်းကို ဖတ်ခဲ့ပြီးတဲ့နောက် ဒီကမ္ဘာကြီးထဲ မဖြစ်နိုင်တာ မရှိဘူးဆိုတာ သဘောပေါက်လာလိမ့််မယ်။ တချို့လူတွေက ကမ္ဘာရဲ့ မျက်နှာသာပေးမှုနဲ့ မွေးဖွားလာကြတာဗျ …

ခရမ်းစံအိမ်ရဲ့ သူတော်စင်က ကံကောင်းလွန်းပေမဲ့ ကျွန်တော်တော့ ဒီလိုကံကောင်းမှုမျိုးနဲ့ တစ်ယောက်တည်းသောသူ မဟုတ်ဘူးလို့ ထင်တာပဲ။ ဟိုကောင်လေးက သူ့ပြိုင်ဖက် ဖြစ်လာနိုင်တဲ့ ခံစားချက်မျိုး ရနေတယ်”

ဂိုဏ်းချုပ် စကားကို ကြားပြီး တာအိုကိုယ်တော်က အံ့ဩသွားလေသည်။

ငါက အစ်ကိုကြီး ဖြစ်ရက်နဲ့ မင်းက ဂိုဏ်းချုပ် ဖြစ်နေတာ မထူးဆန်းတော့ဘူး … မင်းက တကယ့်ကို ငါ့ထက် ဉာဏ်ကောင်းတာပဲ

ဒါပေမဲ့ မင်း သူ့ကို မတွေ့ရသေးဘဲနဲ့ သူက ကံကြမ္မာ သားတော်လို့ ဘာလို့ သေချာနေရတာတုန်း

တာအိုကိုယ်တော်က ကူကယ်ရာမဲ့စွာဖြင့်  “ ညီလေး … မင်း မှားနေရင် ဘယ်လိုလုပ်မလဲ ”

ဂိုဏ်းချုပ် ဝန်းကျင်ရှိ မိုးကြိုးလျှပ်စီးများ တဖန် မငြိမ်မသက် ဖြစ်လာပြန်သည်  “ မဟုတ်တာ … ကျွန်တော်က စိတ်ခံစားချက်အားလုံးကို ဖြတ်တောက်ထားပြီးတော့ ကမ္ဘာရဲ့ ဉာဏ်ပညာကို ရထားပြီးပြီ။ ဘယ်လိုလုပ် မှားနိုင်မှာလဲ ”

တာအိုကိုယ်တော်က သူ့ဆရာတူ ညီလေးသည် မယုံရကြောင်း ခံစားချက်မျိုး ရနေမိ၏။ သူက ကပ်ဘေးတဖန် ကျင့်စဉ်ကို ပြီးပြည့်စုံဖို့ရာအတွက် ကောင်းကင်တာအိုကျမ်းကို ကျင့်ကြံခဲ့သည်။ ယခု ဆိုးကျိုး ခံစားနေရလေပြီ။ သူက  နောက်ဆုံးသော လူသား စိတ်ခံစားချက် ကျန်ရှိစေဖို့ ဟိုဟိုဒီဒီ အစပျိုးပေးနေရသည်။

တာအိုကိုယ်တော်က ခိုကိုးရာမဲ့စွာဖြင့် ပြောလိုက်သည်  “ မှားရင်လဲ ကိစ္စ မရှိပါဘူး။ ငါတို့သင်ကြားပေးမှုနဲ့ သူ ငါတို့ရဲ့သူတော်စင် ဖြစ်လာနိုင်ပါသေးတယ်။ ပြီးတော့ သူက သူတော်စင်မကို လက်ထပ်ခွင့်လည်း ရှိတယ်။ အဲဒါကတော့ မင်းရဲ့ သမီးဆိုတော့ ဒီအတိုင်း လက်လွှတ်ပေးလိုက်မှာလား ”

ဂိုဏ်းချုပ်က မတ်မတ်ရပ်ကာ ဗလာကျင်းနေသည့် နေရာအား ကြည့်နေလေသည်။

ခဏအကြာတွင် သူက အေးအေးဆေးဆေး ပြန်ဖြေလိုက်၏  “ သူတို့ အတူတူ ရှိသွားရင် ယွင်ရှီးတစ်ယောက် နောင်ကျ ခံစားရမှာ မဟုတ်တော့ဘူး”

တာအိုကိုယ်တော်က ရယ်မောကာ  “ အဲဆို ဖန်ချန်းရော … သူက အဲလိုမဖြစ်အောင် တားမှာ အသေအချာပဲ ”

ဂိုဏ်းချုပ်က တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည် “ သူ့ကောင်းကျိုးအတွက် သတိပေးရမှာပေါ့ ”

တာအိုကိုယ်တော်က ရုတ်ချည်း တစ်ခုခု စဉ်းစားမိသွားဟန်ဖြင့်  “ ခဏနေပါဦး … အဲဒီကောင်လေးက အရမ်းအရေးပါနေမှတော့ ဘာလို့ ငါက သင်လို့ မဖြစ်တာတုန်း ”

ဂိုဏ်းချုပ်က “ သူက အရေးကြီးမှတော့ အစ်ကိုကြီးကို သင်ခိုင်းလို့ မဖြစ်ဘူးလေ။ သူက ခရမ်းစံအိမ်ရဲ့သူတော်စင်လိုမျိုး ကျွန်တော်တို့ အထွတ်အမြတ်မြေကို အထက်ခေါ်ဆောင်သွားနိုင်တဲ့ စွမ်းအားမျိုး ရှိတယ်”

တာအိုကိုယ်တော်က ထပ်မံ မေးလိုက်ပြန်သည်  “ ဒီလောက် လက်တွေ့ဆန်ရမှာလားကွာ”

“ အစ်ကိုကြီးက ကျွန်တော်ကို ဆွဲပြားပေးလိုက်ပြီးတော့ ယွင်ရှီးနဲ့အတူတူ ဟိုကောင်လေးကို မီးတိုင်းပြည်အထိ သွားခေါ်လာရင်ရော ဘယ်လိုလဲ … အဲဒီအခါမှ သူ ဘယ်သူဆီက သင်ယူချင်တာလဲဆိုတာ ရွေးခိုင်းကြမယ်လေ။ မျှတတယ်မလား”

တာအိုကိုယ်တော်က ခဏတာ တွေးလိုက်ပြီးနောက် အစီအစဉ်ကား ဘာမှမှားယွင်းမနေကြောင်း သိလိုက်ရသည်။

ငါက မီးတိုင်းပြည်အထိ သွားပြီး ဟိုကောင်လေးနဲ့ အရင်မိတ်ဖွဲ့လိုက်ပြီးတော့ ဆွဲဆောင်လိုက်မယ်လေ … အဲဆို သူ့ကို အရင်ဆုံး တရားမဝင် တပည့် လုပ်ထားပြီးတော့ ဆရာတူ ညီလေးကို ငြင်းခိုင်းရမယ် အဟီးဟီး …

ငါက မီးစာကျမ်းကို ကျင့်ကြံတာဆိုတော့ ဒီရက်ပိုင်းမှာ ဝိညာဉ်ကျောက်တုံးလဲ သိပ်မဝင်ဘူး။ ဒီကောင်လေးကိုသာ တပည့်အဖြစ် ခေါ်နိုင်ခဲ့ရင် သူ့ကံကြမ္မာကနေ အကျိုးမြတ်ရလာလိမ့်မယ် … ငါလဲ ပိုက်ဆံအကြောင်း စိုးရိမ်စရာ မလိုတော့ဘူး

တာအိုကိုယ်တော်က ကိုယ့်အတွေးနှင့်ကို နှစ်မျှောနေရင်း အကြံကြီး ကြံလိုက်တော့သည်။

“ အဟီးဟီး … ကောင်းကင်တာအိုရဲ့ သားတော်က ငါ့တပည့် ဖြစ်လာတော့မယ်။ အခုတော့ ဒီဆွဲပြားကို သိမ်းထားဦးမယ်။ မင်းအတွက် မူပွား ကူးပေးခဲ့မယ် ”

တာအိုကိုယ်တော်က ခန်းမကြီးထဲမှ ပျောက်ကွယ်သွားတော့သည်။ သိပ်မကြာခင် တံခါးဝမှ ရွှေရောင်အလင်းတန်း သုံးတန်း ထွက်ပေါ်လာကာ ဂိုဏ်းချုပ် ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်။

ဂိုဏ်းချုပ်က တံခါးကို ကြည့်ကာ ခေါင်းခါလိုက်တော့သည်။

“ အစ်ကိုကြီး အခုထိ မရင့်ကျက်သေးဘူးပဲ … ယွင်ရှီးက ကျွန်တော်ရဲ့ သမီးလေဗျာ။ ရှန်ထျန်းက အစ်ကိုကြီးကို ဘာလို့ ဆရာတင်မှာတုန်း ” ဂိုဏ်းချုပ်က တံခါးဝဆီ လျှောက်လှမ်းလာရင်း နေရာလပ်ကို ကြည့်ကာ ပြောလိုက်သည်  “ နောက်ဆုံးတော့ တားမြစ်ကျမ်း ပြန်ရလာပြီ။ အံ့ဖွယ် မိုးကောင်းကင် အထွတ်အမြတ်မြေတော့ တဖန်ပြန်လည် မြင့်တက်လာတော့မယ် ”

…………….

လန်နန်းဆောင်၊ မီးတိုင်းပြည်

ရှန်ထျန်းက အံ့ဖွယ် မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ဂိုဏ်းချုပ်သည် သူ့ကို ကံကြမ္မာသားတော်မှန်း ယုံကြည်နေလိမ့်မည်ဟု မသိပေ။ သူက သူ့လိပ်နက် ချပ်ဝတ်အား တိုးတက်လာဖို့ အကောင်းဆုံး ကြိုးစားနေဆဲ ဖြစ်၏။

နာရီအနည်းငယ်ကြာပြီးနောက် ရှန်ထျန်းက အချိန်ကို ကောင်းစွာကုန်ဆုံးခဲ့ကြောင်း ခံစားမိလိုက်သည်။ သူက လိပ်နက်ချပ်ဝတ်၏ တည်ဆောက်ပုံပေါ် မူတည်ပြီး ကြံ့နက် ချပ်ဝတ်အား အဆင့်မြင့်တင်နိုင်ခဲ့သည်။

ယခင်က သုံးမိနစ်ပင် ခံနိုင်ရည်မရှိသော ကြံ့နက်၏ နတ်မိုးကြိုး အစောင့်အရှောက်က နောက်ဆုံးတော့ သုံးမိနစ်ခွဲ ကြာရှည်လာလေပြီ။ အနည်းဆုံးတော့ လိပ်နက်ချပ်ဝတ်သည် အချိန်အကြာမြင့်ဆုံး ဖြစ်နေဆဲ ဖြစ်၏။

ရှန်ထျန်းက ရန်သူ၏ အင်အားပေါ် မူတည်ပြီး ချပ်ဝတ်အမျိုးမျိုး ထုတ်သုံးဖို့ ဆုံးဖြတ်ထားသည်။

အကယ်၍ တစ်ဖက်လူက သာမာန်သာ ဖြစ်နေခဲ့လျှင် ကြံ့နက်ချပ်ဝတ်ကို ထုတ်သုံးပြီး ခံနိုင်စွမ်းအားကို ပြသလိုက်မည်။ တကယ်လို့ သူတို့ အားကောင်းနေခဲ့လျှင် နဝမ နတ်မိုးကြိုး (ရေ) ဓားသွားလေတံခွန်ကဲ့သို့သော လိပ်နက်ချပ်ဝတ်ကို ထုတ်သုံးလိုက်မည်။

ထို့နောက် ကွေ့ကုန်းကုန်း၊ ချင်ကောင်းနှင့် ကျိုးအာတို့ကို ခေါ်ထုတ်လိုက်မည်။

အကယ်၍ တစ်ဖက်လူက အရမ်းအားကောင်းနေခဲ့လျှင် သူ့ဆီမှာ ဓားသခင် အမှတ်အသားပြား ရှိနေသေးသည် မဟုတ်ပါလော။ ပိုက်ဆံစွမ်းအားဖြင့် ကောင်းကောင်း ပညာပေးပစ်လိုက်မည်။

အစီအစဉ်အမျိုးမျိုး ချမှတ်ပြီးနောက် ရှန်ထျန်းက နောက်ရက်ပိုင်းအတွင်း အလုပ်မရှုပ်တော့ပေ။ သူက ပြဿနာမရှာလိုသည့်အတွက် လန်နန်းဆောင်၌သာ အေးအေးဆေးဆေး တိတ်တိတ်ဆိတ်ဆိတ် ကျင့်ကြံနေလိုက်သည်။

သူ ပင်ပန်းလာသည့်အခါ နန်းဆောင်အနီးအနား ဟာရီတီ စိပ်ပုတီးစေ့နှင့် လမ်းလျှောက်ထွက်ပြီး တိတ်ဆိတ်အေချမ်းသော ဘဝကို သာယာခံစားလိုက်သည်။

ဤကဲ့သို့ သာယာငြိမ်းချမ်းသည့် ဘဝမျိုး နှစ်ရက်တာ ဖြတ်သန်းပြီးနောက် မင်းသား(၆) ကို လိုက်ပို့ရန် အချိန်ကျရောက်လာလေပြီ။

Comment

Leave a Reply

Options

not work with dark mode
Reset