Switch Mode

အခန်း(၇၉)

သူက ကံကြမ္မာသားတော်ပဲ

အခန်း (၇၉) :  သူက ကံကြမ္မာသားတော်ပဲ

“ ဆရာတူ အစ်ကိုကြီးရေ စိတ်ဝိညာဉ်တောင် မြေပုံသာ ယူခဲ့လိုက်ပါတော့ ”

ဂိုဏ်းချုပ်၏ စကားက တာအိုကိုယ်တော်အား အထိတ်တလန့် ဖြစ်သွားစေသည်။

ဘာ … ငါ့ကို တပည့် တစ်ယောက် ပေးမဲ့အစား စိတ်ဝိညာဉ်တောင်ပဲ ပေးလိုက်မယ်ပေါ့လေ

သူက ကူကယ်ရာမဲ့စွာဖြင့်  “ တကယ်ကြီးလားကွာ … ငါ့ကို ဘာလို့ ဒီလိုလုပ်နေရတာလဲ။ ငါက တပည့်တစ်ယောက်ပဲ လိုချင်တာပါကွာ ”

ဂိုဏ်းချုပ်က စိတ်ခံစားချက် ကင်းမဲ့လျက် ပြန်ဖြေပေးလိုက်သည်  “ အစ်ကိုကြီး ကျွန်တော်က သာမာန်လူတစ်ယောက်ရဲ့ စိတ်ခံစားချက်ကို စွန့်လွှတ်ထားတယ်ဆိုပေမဲ့ အသိဉာဏ် ရှိပါသေးတယ်။ အဲဒီလူက အရမ်းထူးခြားတယ် ”

ထို့နောက် ဂိုဏ်းချုပ်က တည်တည်ငြိမ်ငြိမ် ဆက်ပြောပြလိုက်သည်  “ ယွင်ရှီးဆီကနေ ဆရာနတ်မင်းက အရမ်းရမ်းကို ဆန်းကြယ်တယ်လို့ ကြားလိုက်ရတယ်။ သူက ဆယ်ကျော်သက်လေးဆိုပေမဲ့ ထူးခြားတဲ့ အရည်အချင်းတွေ ပိုင်ဆိုင်ထားတယ် ”

တာအိုကိုယ်တော်က နှာခေါင်းရှုံ့ကာ  “ အဲတော့ ဘာဖြစ်တုန်း … သူက ဘာများ ထူးခြားနေလို့တုန်း ”

ဂိုဏ်းချုပ်က ဆက်ပြောလိုက်သည်  “ ကြည့်လေ  အဲဒါကြောင့် ကွန်တော်က စိတ်ခံစားချက်အားလုံးကို စွန့်လွှတ်ထားတာ။ လူသား စိတ်ခံစားချက်တွေက ကိုယ့်ရှေ့က အမှန်တရားကိုတောင် မမြင်နိုင်အောင် ကာဆီးနေတယ်လေ။ အဲဒီခံစားချက်တွေ မရှိတော့ရင် ပြဿနာတွေ ဖြေရှင်းဖို့နဲ့ ကျင့်ကြံရေးမှာ ပိုပြီးတော့ အဆင့်မြင့်လာလိမ့်မယ် ”

တာအိုကိုယ်တော်က ခေါင်းတခါခါဖြင့် ပြောလိုက်ပြန်သည်  “ ကဲ …  အဓိကဆိုလိုရင်းက ဘာတုန်း”

“ အခုထိ မသိသေးဘူးလား … ကျွန်တော်တော့ အစ်ကိုကြီး ခေါင်းမှ သုံးရဲ့လားလို့ တွေးနေမိတာ”

တာအိုကိုယ်တော်က လက်သီး ကျစ်ကျစ်ပါအောင်ဆုပ်ကာ  “ တိုက်ချင်တာလား ”

“ အစ်ကိုကြီးက နိုင်မှာလဲ မဟုတ်ဘဲနဲ့ ထားလိုက်စမ်းပါဗျာ ”

တာအိုကိုယ်တော်က ပြောစရာပင် ရှာမတွေ့တော့ချေ။ ထို့နောက် သူက အံ့ဖွယ် မိုးကောင်းကင် ဆွဲပြားကို ထုတ်ကာ ခြိမ်းခြောက်လိုက်၏  “ လာ တစ်ခါတည်း ထုတ်ပြောလိုက် … မင်းက ငါ့ကို ဉာဏ်နည်းပြီး တုံးအတယ်လို့ ပြောနေတာ သိတယ်။ ငါ့ကို စိတ်ဆိုးအောင် လာလုပ်ရင် ဒီဆွဲပြားကို ဖျက်စီးပစ်လိုက်မှာ ”

“ အစ်ကိုကြီး စိတ်လျော့” ဂိုဏ်းချုပ်က ရှင်းပြရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ  “ အစ်ကိုကြီး အသက်နှစ်ဆယ်အောက် သတ္တုရိုင်းတုံး အကဲဖြတ်သမားကို သိလား”

တာအိုကိုယ်တော်က “ အသက် နှစ်ဆယ်အောက်လား … မဖြစ်နိုင်တာ ”

သတ္တုရိုင်းတုံး အကဲဖြတ်သမားများသည် သူတို့ သင်ယူထားသည့် ဆန်းပြားစိတ်ဝိညာဉ် ပညာရပ် ထိပ်ဆုံးအဆင့် ရောက်ဖို့ရာ အနည်းဆုံး ကနဦး စိတ်ဝိညာဉ်အဆင့် ရောက်ဖို့ လိုအပ်ပေသည်။ ဤသည်မှာ စိတ်ဝိညာဉ် ပညာရပ်များ၏ ပညာရှင်အဆင့်အတွက် လိုအပ်ချက်လည်း ဖြစ်သည်။ လူငယ်များအနေနှင့် သင်ယူရင်း ကျင့်ကြံဖို့ မဖြစ်နိုင်ခြေ။ တခြားနည်းဖြင့်ဆိုရလျှင် စိတ်ဝိညာဉ် ပညာရပ်သည် ကျင့်ကြံရေးထက်ပင် ပို၍ ခက်ခဲ၏။

တကယ်တော့ အသက်နှစ်ဆယ်အောက် သတ္တုရိုင်းတုံး အကဲဖြတ်သမားများသည် ချီသန့်စင်ခြင်းအဆင့်နှင့် ကိုယ်ထည်မာ ကျင့်ကြံရေးတို့ကို ကျွမ်းကျင်နေသူထက်ပင် ရှားပါးသေးသည်။

ထို့ကြောင့် အရှေ့ပိုင်းလွင်ပြင်၌ ဤသို့လူမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။

တာအိုကိုယ်တော်က သတ္တုရိုင်းတုံး အကဲဖြတ်သမားထဲ၌ အငယ်ဆုံးလူသည် ၃၆ နှစ် ဖြစ်ပြီး ကနဦး စိတ်ဝိညာဉ်အဆင့်သို့ ရောက်သည့်အခါ ဝိညာဉ်သတ္တုရိုင်းတုံး အကဲဖြတ်ပညာရှင် တစ်ယောက် ဖြစ်လာခဲ့မှန်း သိထားသည်။

ဂိုဏ်းချုပ်က ပြုံးကာ  “ မဖြစ်နိုင်ဘူးလို့ တွေးနေတယ်မလား။ ဒါပေမဲ့ ယွင်ရှီး ပြောသလောက် ဆရာနတ်မင်း အောင်းထျန်းက အသက်နှစ်ဆယ်တောင် မရှိသေးဘူးတဲ့ ”

တာအိုကိုယ်တော်က အံ့ဩတကြီးဖြင့် သိချင်စွာ မေးလိုက်သည်  “ အဲဆို မင်း ပြောတာက … ”

ဂိုဏ်းချုပ်က ဖြည်းဖြည်းချင်း ရပ်လိုက်ပြီး နေရာမှ ဆင်းလာလိုက်သည်။

“ သူက အရမ်းကို ထူးခြားတယ်။ ကျင့်ကြံသူတွေက သူတို့ရဲ့ငယ်ရွယ်ပုံအတိုင်း နေလို့ ရကြပေမဲ့ သူတို့အငွေ့အသက်ကို ပြောင်းဖို့ ခက်တယ်လေ။ ယွင်ရှီးက လူတစ်ယောက်ရဲ့ အငွေ့အသက်ကို သေချာဖတ်တတ်တဲ့သူဆိုတော့ မှန်းကြည့်လေ … အဲဒီကောင်လေးက အခု ၁၆ ၊ ၁၇ ပဲ ရှိဦးမယ် ” ဂိုဏ်းချုပ်က ထပ်ပြောလိုက်သည်  “ အစ်ကိုကြီး ဒီလောက် ကောင်လေးငယ်ငယ်လေးက သတ္တုရိုင်းတုံး အကဲဖြတ်ရာမှာ တကယ်ကျွမ်းကျင်မယ် ထင်လား ”

တာအိုကိုယ်တော်က ရယ်မောကာ  “ သူက ငါ့လိုမျိုး ပါရမီရှင် ဖြစ်နေတာ နေမှာပေါ့ ”

ဂိုဏ်းချုပ်က ခေါင်းခါကာ

“ အစ်ကိုကြီး ထပ်လေ့လာသင့်ပြီ … ၁၆၊ ၁၇ ကောင်လေးက ဝိညာဉ်သတ္တုရိုင်းတုံး အကဲဖြတ်ပညာရှင် မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ယွင်ရှီး စကားအရ အဲဒီကောင်လေးက အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ထဲ လှုပ်ရှားနေတာ သိပ်မကြာသေးဘူးတဲ့။ သူက သတ္တုရိုင်းတုံး တစ်ရာကျော် ရွေးပေးပြီးသွားပြီ … အောင်မြင်မှုက ရာနှုန်းပြည့်တဲ့ …

ဒီထက် အရေးကြီးတာက ရတနာခုနှစ်သွယ် နတ်ဘူးသီးစေ့နဲ့ အံ့ဖွယ် မိုးကောင်းကင် ဆွဲပြားတို့ကို တွေ့ခဲ့တာ သူပဲ … ဒီလိုရတနာမျိုးက အချိန်အကြာကြီး ပျောက်ကွယ်နေတဲ့အခါ လက္ခဏာနှစ်ရပ် ပြလေ့ရှိတယ်။ သူတို့သတ္တုရိုင်းတုံးတွေက အလွန်အမင်း ဆွဲဆောင်မှု ရှိနေတာမျိုး ဒါမှမဟုတ် သုံးစားမရတဲ့  သာမာန်ကျောက်တုံးလို ဖြစ်နေတာမျိုး … ဒါပေမဲ့ ဒီကောင်လေးက အဆင့်နိမ့် သတ္တုရိုင်းတုံးတွေကြားထဲမှာ ဒီရတနာနှစ်မျိုးကို ရှာတွေ့ခဲ့တာတဲ့လေ …

ဒါက အရမ်းခက်ခဲတယ်။ တကယ့် သတ္တုရိုင်းတုံး အကဲဖြတ်ပညာရှင်အစစ်တောင် လုပ်နိုင်တာ မဟုတ်ဘူး ”

တာအိုကိုယ်တော်က အံ့ဩတုန်လှုပ်မိသွားသည်။

အစပိုင်းတွင် သူက ရှန်ထျန်းသည် သတ္တုရိုင်း မည်သို့ အကဲဖြတ်ရမည်ကိုသာ သိသည်ဟု ထင်မှတ်ခဲ့သည်။ အကယ်၍ ရှန်ထျန်းသာ သူ့တပည့် ဖြစ်လာခဲ့လျှင် သူ့စိတ်ကြိုက် အသုံးချလို့ ရပြီ မဟုတ်ပါလော။ သူ့ဆရာတူညီလေးက ဤမျှအတွေးနက်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

တာအိုကိုယ်တော်က မေးလိုက်ရသည် “ အဲဆို သူ့ကို ဘယ်လိုထင်လဲ ”

ဂိုဏ်းချုပ်က ပြန်ဖြေပေးလိုက်သည် “ ဖြစ်နိုင်ခြေ နှစ်ခု ရှိတယ်။ ပထမတစ်ခုက ဆရာနတ်မင်းက လူလိမ်ပဲ ဝယ်ယူသူတွေကို လိမ်ညာနေတဲ့ အယောင်ပြသပ်သပ်ပဲ … သူက ဆွဲပြားနဲ့ နတ်ဘူးသီးစေ့ကို ကံကောင်းထောက်မပြီး ရလာတာ ဖြစ်နိုင်တယ် ”

တာအိုကိုယ်တော်က မေးလိုက်ပြန်သည်  “ အဲဒါဆို အဲဒီလူက လူလိမ်ဆိုတော့ ငါတို့ရဲ့သူတော်စင် ဖြစ်မလာနိုင်ဘူးပေါ့ ”

ဂိုဏ်းချုပ်က ခေါင်းခါကာ  “ မဟုတ်သေးဘူး … အဲဒါနဲ့ ဆန့်ကျင်ဘက်ပဲ။  အရင်ဆုံး အဲဒီလူကို လူလိမ်လို့ ယူဆလိုက်မယ်။ သူက သတ္တုရိုင်းတုံးတွေကို ကြိုပြီး ပြင်ဆင်ထားမယ်ဆိုရင်တောင် ဒီလိုရတနာတွေ ဘယ်လိုလုပ် ပေါ်လာနိုင်မှာလဲ ”

တာအိုကိုယ်တော်က ခဏတာ ကြောင်အမ်းသွားပြီး “ သူတို့က ရတနာကိုပါ တစ်ခါတည်း ပြင်ထားတာလား ”

ဂိုဏ်းချုပ်က ထိုမှတ်ချက်ကို ကြားလိုက်ရသည့်အခါ တံ့တွေးသီးတော့မတတ် ဖြစ်သွားလေသည်။ သူက ဆရာတူအစ်ကိုကြီးကို စိတ်နှံ့သေးရဲ့လားဟူသော အကြည့်ဖြင့်  ကြည့်ကာ

“ အစ်ကိုကြီးက သတ္တုရိုင်းတုံးဆိုင်ရှိမယ်ဆိုရင် ရတနာခုနှစ်သွယ် နတ်ဘူးသီးစေ့နဲ့ အံ့ဖွယ် မိုးကောင်းကင် ဆွဲပြားတို့ကို ဝယ်ယူသူတွေကို ပိုဆွဲဆောင်နိုင်ဖို့အတွက်နဲ့ ထုတ်ပေးမှာလား ”

တာအိုကိုယ်တော်က သူ မည်မျှ တုံးအသွားကြောင်း ချက်ချင်း သတိပြုမိသွားကာ မျက်နှာနီရဲလာလေသည်  “ အဟမ်း … ဒါဆို တိုက်ဆိုင်မှုတစ်ခုပေါ့ ဟုတ်လား ”

ဂိုဏ်းချုပ်က နောက်တဖန် ခေါင်းခါကာ  “ အစ်ကိုကြီး ကိုယ်ထည်မာ ကျင့်စဉ်နောက် လိုက်ပြီးကတည်းက ဦးနှောက်ကို အနားပေးလိုက်တာလား။ တွေးကြည့်ပါဦး …

သူက သာမာန် ဝိညာဉ်သတ္တုရိုင်းတုံးတချို့ ပြင်ဆင်ထားပြီးတော့ ဒီလိုရတနာတွေ့တယ်ဆိုတော့ ဘာသဘော ဖြစ်မလဲ။ အဲဒီကောင်လေးက ကံကြမ္မာကောင်းချီး ပေးအပ်ခံထားရတဲ့သူပဲ …. ခရမ်းစံအိမ် အထွတ်အမြတ်မြေရဲ့သူတော်စင် နိဗာနကျမ်းကို တွေ့ခဲ့တာ မှတ်မိသေးလား ”

တာအိုကိုယ်တော်က စတင် တွေးကြည့်လိုက်သည်။

“ ဟုတ်သားပဲ … သူက ဆိုင်တစ်ဆိုင်ကို ဝယ်ပြီး ကြည့်တောင် မကြည့်ဘဲနဲ့ သတ္တုရိုင်းတုံး သုံးတုံး ရွေးလိုက်တာမလား။ ပထမတစ်ခုက ရွှေရောင် သစ်သီး၊ ဒုတိယတစ်ခုက ကောင်းကင် ပုဆိန်လှံရှည်ပါတယ်လေ။ နောက်ဆုံးတစ်ခုက ပျောက်ဆုံးနေတာ ကြာပြီဖြစ်တဲ့ နိဗာနကျမ်း ပါလာတာ။ အဲဒီနေရာမှာ ရှိနေတဲ့ သတ္တုရိုင်းတုံး အကဲဖြတ်သမားတွေတောင် ရူးသွပ်သွားပြီးတော့ ချီသွေဖယ်မှု ဖြစ်သွားကြသေးတယ်လေ ”

တာအိုကိုယ်တော်က တုန်လှုပ်တကြီးဖြင့် မေးလိုက်သည် “ အဲဆို ဆရာတူညီလေး ပြောချင်တာက … ”

နောက်ဆုံး ဂိုဏ်းချုပ်က ခေါင်းညိတ်ပြကာ  “ အမှန်တရားတစ်ခုပဲ ရှိတယ်။ အဲဒီကောင်လေးက ခရမ်းစံအိမ် အထွတ်အမြတ်မြေရဲ့ သူတော်စင်လိုမျိုး အတူတူပဲ။ သူက ဒီခေတ်ကာလရဲ့ ကံကြမ္မာ သားတော် ဖြစ်လာဖို့ ကံပါလာပြီးသား ”

Comment

Leave a Reply

Options

not work with dark mode
Reset