Switch Mode

အခန်း(၇၈)

မြေပုံကို ယူလာခဲ့လိုက်ပါ

အခန်း (၇၈)  : မြေပုံကို ယူလာခဲ့လိုက်ပါ

သူမ ဖခင်ဖြစ်သူကို တွေ့ကာ ကျန်းယွင်ရှီး မျက်ဝန်း၌ လေးစားမှုတို့ ထင်ဟပ်လာသည်။

သူမက ဖခင်ဖြစ်သူ၏ ဇာတ်ကြောင်းများကို နားထောင်ရင်း ကြီးပြင်းလာရသူ ဖြစ်ရာ ဤနာမည်ကျော် ပုဂ္ဂိုလ် အမျိုးသားအား အရမ်းလေးစား၏။

ကျန်းယွင်ရှီးက လေးလေးစားစား ဦးညွှတ်လိုက်ပြီးနောက်  “ သမီး တာဝန်ကို ပြီးမြောက်ခဲ့ပြီးတော့ အထွတ်အထိပ် ပစ္စည်းကို ယူဆောင်လာခဲ့ပါပြီ ”

ဂိုဏ်းချုပ်က ဖြည်းဖြည်းချင်း ခေါင်းညိတ်ကာ  “ ကောင်းတယ် ”

သူ့စကားသံကား ခံစားချက်ကင်းမဲ့လျက် ရှိ၏။ ကျန်းယွင်ရှီးက ခဏတာ တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်သည်

“ ဖေဖေ … အံ့ဖွယ် မိုးကောင်းကင် ဆွဲပြား ပေါ်လာတုန်းက နတ်မိုးကြိုးဇာစ်မြစ်က ပေါက်ကွဲထွက်သွားပြီးတော့ ကံပါသူတွေဆီ ကျရောက်သွားပါတယ်။ တကယ်လို့ သူတို့သာ မိုးကြိုးကျင့်စဉ်ကို လေ့ကျင့်မယ်ဆိုရင် အောင်မြင်မှု မြင့်မားမယ် ထင်ပါတယ်။ သူတို့ကို အထွတ်အမြတ်မြေဆီ ခေါ်ပြီး လေ့ကျင့်ပေးရမလားလို့ တွေးနေမိလို့ပါ ”

ဂိုဏ်းချုပ်က ခဏတာ တိတ်ဆိတ်သွားပြီးနောက် တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်  “ ခွင့်ပြုတယ် ”

သူ့အသံက အေးစက်မနေသော်ငြား ခံစားချက် ကင်းမဲ့နေဆဲ ဖြစ်၏။ ထိုင်နေသူမှာ သက်ရှိ လူတစ်ယောက် မဟုတ်ဘဲ စက်ရုပ်ဟန် ပေါက်နေသည်။

ကျန်းယွင်ရှီးက ဂိုဏ်းချုပ်ကို ကြည့်လိုက်ပြီးနောက် သက်ပြင်းချလိုက်သည်  “ အဲဒါဆို သမီးကို ခွင့်ပြုပါဦးရှင့် ”

ဂိုဏ်းချုပ်က ပြန်မဖြေသောကြောင့် ကျန်းယွင်ရှီးက လှည့်ထွက်သွားလိုက်သည်။ ထို့နောက် ဂိုဏ်းချုပ် စံအိမ်တော် တံခါးလည်း တဖန် ပြန်ပိတ်သွားလေ၏။

အစကတည်းက အဆုံးအထိ ဂိုဏ်းချုပ်က သူ့သမီးဖြစ်သူအပေါ် စိတ်ပူပန်မှု အနည်းငယ်ပင် မပြသခဲ့ပေ။

တာအိုကိုယ်တော်က ခေါင်းတစ်ချက် စောင်းကာ ဂိုဏ်းချုပ်အား ကြည့်လိုက်ရင်း   “ မင်း ဟိုမိစ္ဆာကျင့်စဉ်ကို ခိုးလေ့ကျင့်နေပြန်ပြီမလား ”

ဂိုဏ်းချုပ်က တာအိုကိုယ်တော်အား ကြည့်ကာ  “ ဆရာတူ အစ်ကိုကြီး …  ဒါက မိစ္ဆာကျင့်စဉ် မဟုတ်တာကို အစ်ကိုကြီးလည်း သိပါတယ်”

တာအိုကိုယ်တော်က နှုတ်ခမ်းစူကာ “ မင်းက ခံစားချက်နဲ့ စိတ်ခံစားမှုအားလုံးကို ဖြတ်တောက်နေတာလေ။ ဒါကိုတောင် မိစ္ဆာကျင့်စဉ် မသတ်မှတ်သေးဘူးလား ”

ဂိုဏ်းချုပ်က အေးအေးဆေးဆေး ပြန်ပြောလိုက်သည်  “ ဆရာတူ အစ်ကိုကြီးက ခေါင်းမာလွန်းနေတာပါဗျာ ”

တာအိုကိုယ်တော်က နှာခေါင်းရှုံ့ကာ   “ ကပ်ဘေးတဖန် ကျင့်စဉ်ကို ပြီးပြည့်စုံအောင် လုပ်ဖို့အတွက်လား …. ခေါင်းမာနေတာက မင်းကွ ”

ဂိုဏ်းချုပ်က မေးလိုက်ပြန်သည်  “ ရှီးအာ ပြောတော့ အံ့ဖွယ် မိုးကောင်းကင် ဆွဲပြားက အစ်ကိုကြီးဆီမှာဆို ”

တာအိုကိုယ်တော်က ခေါင်းညိတ်ကာ  “ ဘာလဲ …. မင်းရဲ့ သမီးက ငါ့ကို စောင့်ရှောက်ခိုင်းထားတာလေ”

ဂိုဏ်းချုပ်က ပြန်ပြောလိုက်သည်  “ ကျေးဇူးပါ အစ်ကိုကြီး … အခု ကျွန်တော်ပဲ ယူထားလိုက်တော့မယ် ”

တာအိုကိုယ်တော်က အလေးအနက်ဟန်ဖြင့် ပြောလိုက်သည်  “ မရဘူး … ရှီးအာကို ဘယ်သူကမှ ငါ့ဆီကနေ မလုယူနိုင်အောင် ကာကွယ်ပေးမယ်လို့ ကတိပေးထားတယ်”

ဂိုဏ်းချုပ် “ … ”

ဂိုဏ်းချုပ် ဝန်းကျင်ရှိ မိုးကြိုးများက မြင့်တက်လာကာ အရှိန်အဝါသည်လည်း ဆက်တိုက် ထိုးထောင် မြင့်တက်လာသည်။ သူ့စိတ်ခံစားချက် တက်လိုက်ကျလိုက် ဖြစ်နေကြောင်း သိသာလှ၏။

“ ဆရာတူ အစ်ကိုကြီး ဒီဆွဲပြားက ဂိုဏ်းချုပ်အတွက် အမှတ်အသားပြားလေ ”

တာအိုကိုယ်တော်က ပြုံးကာ  “ အဲဆိုတော့ ဘာဖြစ်တုန်း … အမှတ်အသားပြား မရှိတဲ့ ဂိုဏ်းချုပ်ထဲ မင်းက ပထမဆုံးမှ မဟုတ်တာ အေးဆေးပေါ့ ”

ဂိုဏ်းချုပ်က ပြန်ပြောလိုက်ပြန်သည်  “ ဆွဲပြားက ကျွန်တော်တို့ ဂိုဏ်း အတက်အကျနဲ့ ပတ်သတ်နေတယ်လေ။ အစ်ကိုကြီးရေ မနောက်ပါနဲ့တော့ ”

တာအိုကိုယ်တော်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ရင်း  “ ဟားဟား ညီလေး နောက်ဆုံးတော့ စိုးရိမ်လာပြီလား … ကောင်းပြီလေ မင်းကို ဆွဲပြား ပေးလိုက်မယ်။ ဒါပေမဲ့ အချက်အချို့တော့ ဖြည့်ဆည်းပေးရမယ် ”

ဂိုဏ်းချုပ်က အေးစက်စက် ပြောလိုက်သည် “ အစ်ကိုကြီး တည့်တိုးသာ ပြောလိုက်ပါ ”

တာအိုကိုယ်တော်က ဂိုဏ်းချုပ်အား ခြုံငုံကြည့်ကာ   “ အရင်ဆုံး ငါ့ကို ရယ်ပြ ”

ဂိုဏ်းချုပ် ခန္ဓာကိုယ်ပေါ်မှ မိုးကြိုးများက ပို၍ ပြင်းထန်လာကာ အရှိန်အဝါသည်လည်း ဆက်တိုက် တက်လိုက်ကျလိုက် ဖြစ်နေလေ၏။ သူ့မျက်ဝန်းအတွင်း  မိုးကြိုးကို ဖိနှိပ်ထားသည့်အလား တာအိုကိုယ်တော်အား ဓားသွားအကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

“ အစ်ကိုကြီး လာမနောက်ပါနဲ့ဗျာ ”

တာအိုကိုယ်တော်က နှုတ်ခမ်းတင်းတင်း စေ့ထားပြီး  “ မင်းက ကပ်ဘေးတဖန်ကို ပြီးပြည့်စုံဖို့ ကောင်းကင် တာအိုကျမ်းကို ကျင့်နေတာ မဟုတ်ဘူးလား။ ရှီးအာက ဆွဲပြား ပြန်ယူလာပြီးပြီလေ။ အဲဒီကျင့်စဉ်ကို ဘာလို့ စွန့်မပစ်သေးတာလဲ … ဘာတွေ စောင့်နေတာလဲ ”

ဂိုဏ်းချုပ်က အေးစက်စွာ ပြန်ဖြေလိုက်သည်  “ အစ်ကိုကြီး နားမလည်ပါဘူး။ ကျွန်တော် နယ်ပယ်အဆင့် အသစ်ကို တွေ့ထားပြီးပြီ။ ဓမ္မတာအိုကနေ ထိပ်ဆုံးကို ရောက်ဖို့ ခက်ခဲလို့ တာအိုလမ်းစဉ် အသစ်ကို လျှောက်လှမ်းချင်ရုံလေးပါ။ ကောင်းကင်တာအိုကျမ်းက အရေးပါပေမဲ့ ကျွန်တော်ကို အဆင့်တက်လာဖို့အထိ မဖြစ်နိုင်စေဘူး ”

“ အိုး ” တာအိုကိုယ်တော်က မကျေမနပ်ဖြင့်  “ အဲဆိုလည်း မင်းဘာသာ တာအိုလမ်းစဉ်အသစ်ကို လျှောက်လှမ်းတော့ … မင်း ချီသွေဖယ်မှု မဖြစ်ရအောင် ငါ မင်းအတွက် ဒီဆွဲပြားကို ကူသိမ်းပေးထားမယ်။ မင်းက ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေကို အသိအမှတ်ပြုဖို့ ငြင်းဆန်မှတော့ ဒီဆွဲပြားကို နောက်တစ်ခါ လက်လွတ်ခံလိုက်ရုံပေါ့ ”

ထိုစကားအဆုံးတွင် တာအိုကိုယ်တော်က ဂိုဏ်းချုပ် စံအိမ်တော်မှ လှည့်ထွက်ဖို့ ပြင်လိုက်သည်။

ထိုစဉ် ဂိုဏ်းချုပ် စံအိမ်တော်တစ်ခုလုံး၌ မိုးကြိုးများ အပြည့် ဖြစ်လာပြီး ကောင်းကင်အရှိန်အဝါသည်လည်း ဆူနာမီသဖွယ် ပြင်းထန်လာသည်။

တာအိုကိုယ်တော်ကက စံအိမ်တော်မှ ထွက်တော့မည့်ဆဲဆဲတွင် ထူးထူးဆန်းဆန်း ရယ်သံကြီး ထွက်ပေါ်လာလေ၏။

“ ဟီးဟီးဟီး ”

ဟုတ်ပါတယ် …. ဂိုဏ်းချုပ်က ရယ်မောပြလိုက်ခြင်း ဖြစ်၏။

တာအိုကိုယ်တော်က နှုတ်ခမ်းများ တုန်တုန်ယင်ယင် ဖြစ်လာရသည်။ သူက ရယ်ချင်စိတ်ကို မနည်းအောင့်အီး သည်းခံနေရ၏။

ဂိုဏ်းချုပ်က အေးတိအေးစက်ဖြင့်

“ ကျွန်တော် မရယ်ဖြစ်တာ နှစ်တစ်ရာကျော်နေပြီဆိုတော့ ကျင့်သား မရသေးဘူး။ အစ်ကိုကြီး ကျွန်တော်ကို မရယ်နဲ့နော် … အစ်ကိုကြီး ပြောသလို လုပ်ပြီးပြီဆိုတော့ ဆွဲပြား ပေးလိုက်တော့ ”

တာအိုကိုယ်တော်က ပြန်ဖြေလိုက်သည်  “ အခုမှ ပထမအချက်ပဲ ရှိသေးတယ်လေ။ နောက်ထပ် သုံးခု ကျန်သေးတယ် ”

ဂိုဏ်းချုပ်က အေးစက်စက်ဖြင့် စကားဆိုလိုက်သည်   “ အစ်ကိုကြီး တည့်တိုးသာ ထုတ်ပြောလိုက်ပါဗျာ ”

တာအိုကိုယ်တော်က လက်ချောင်းများ ချိုးရေလိုက်ပြီးနောက်

“ ပထမအချက်က မင်းရဲ့ သမီးကို ကယ်ခဲ့တာဆိုတော့ ဝန်ဆောင်ခလည်း လိုချင်တယ်။ မှောင်ခိုဈေးကွက် ပေါက်ဈေးအရ ငါ လှုပ်ရှားဖို့ တစ်ကြိမ်ကို ဝိညာဉ်ကျောက်တုံး တစ်သန်း ကုန်ကျတယ်။

ဒါပေမဲ့ ရှီးအာကို ကယ်ဖို့ဆိုတော့ မင်းကို လျော့ဈေး ၁၂ ရာခိုင်နှုန်း ပေးမယ်။ ပြီးတော့ မင်းရဲ့ သမီးက ရွှေတောင်ပံ လင်းယုန် ပေါင်တစ်ချောင်းကိုလည်း စားသွားသေးတယ်ဆိုတော့ ဈေးလျော့ပြီးတဲ့နောက် ဝိညာဉ်ကျောက်တုံး ငါးသိန်း ကျမယ်။

ဘယ်လိုလဲ …. ဒါကို အသိအမှတ် မပြုဘဲ နေလို့ မရဘူးနော်။ ”

ဂိုဏ်းချုပ်က အေးစက်စက်ဖြင့်  “ ဝိညာဉ်သလင်းကျောက် ၁၅၀၀ … အစ်ကိုကြီး  နောက်အချက်ကို ပြောပါ ”

“ ကောင်းပြီ ” တာအိုကိုယ်တော်က မပြောခင် ရယ်မောလိုက်ရင်း   “ ညီလေး … မင်း သိတဲ့အတိုင်း ငါက အခု ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ရောက်နေတာဆိုပေမဲ့ စိတ်ဝိညာဉ်တောင်ထိပ် တစ်လုံးတောင် မရှိဘူး။ မင်း ငါ့အတွက် တောင်ထိပ်တစ်ခုလောက် ရွေးပေးပါ့လား ”

“ ဒါက လုံးဝ မဖြစ်နိုင်ဘူး … လုံးဝ လုံးဝပဲ ”

ဂိုဏ်းချုပ်က တာအိုကိုယ်တော်အား စကားဖြတ်ပြောလိုက်သည်။ သူ့အရှိန်အဝါများက တဖန် ပြန်လည် ထွက်ပေါ်လာပြန်သည်။

စိတ်ဝိညာဉ်တောင်ထိပ် ဆိုသည်မှာ စိတ်ဝိညာဉ်ကျောက်သွေးကြော မြှပ်နှံထားသည့် တောင်ထိပ် တစ်ခု ဖြစ်၏။ အံ့ဖွယ် မိုးကောင်းကင် ကမ္ဘာငယ်အတွင်း စိတ်ဝိညာဉ်တောင် ၃၆ ခုရှိပြီး ကျင့်ကြံဆင့် ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့် ရောက်ရှိသည်နှင့် တောင်ထိပ်သခင် ဖြစ်လာကာ တပည့်များ  စတင်လက်ခံကြသည်။

မူလက အကြီးအကဲ ကြာပြာ ချူးလုံဟယ်တွင်လည်း ကိုယ်ပိုင် စိတ်ဝိညာဉ်တောင်ထိပ် ရှိပြီး အရည်အသွေးများမှာ ထိပ်တန်း ဖြစ်၏။ ပြဿနာကား ဤအရူးက မီးစာကျမ်းကို အရူးအမူး ကျင့်ကြံသည့်အတွက် စိတ်ဝိညာဉ်ကျောက်သွေးကြော ခမ်းခြောက်လုမတတ် ဖြစ်သွားရသည်။

ထို့နောက် တောင်ထပ်ရှိ ဝိညာဉ်ဆေးပင်များ၊ ဆေးဝါးများနှင့် ပန်းမန်များသည် ခြောက်သွေ့ကုန်ပြီး ကျတ်တီးတောင်ကုန်းသဖွယ် ဖြစ်လာရသည်။

ဝိညာဉ်သတ္တု အကဲဖြတ်သမား ပြောစကားအရ ဤစိတ်ဝိညာဉ် ကျောက်သွေးကြောသည် အနည်းဆုံး နှစ်တစ်ထောင် ကြာပြီးမှ ပြန်လည် ကောင်းမွန်လာမည် ဖြစ်၏။

စိတ်ဝိညာဉ် ကျောက်သွေးကြောများသည် ကျင့်ကြံရေးဂိုဏ်းများ၏ အခြေခံအုတ်မြစ် ဖြစ်ကြောင်း သိထားရပေမည်။

စိတ်ဝိညာဉ် ကျောက်သွေးကြော တစ်ခုနှင့်အထက် ကျင့်ကြံရေးဂိုဏ်းများကို ကောင်းချီးမြေဟု ခေါ်ဆိုပြီး သုံးခုနှင့်အထက်ကို ချိုင့်ဝှမ်းဟု ခေါ်ဆိုကြသည်။

စိတ်ဝိညာဉ် ကျောက်သွေးကြော ဆယ်ခုနှင့်အထက်ရှိ ကျင့်ကြံရေးဂိုဏ်းသာ အထွတ်အမြတ်မြေ ဖြစ်လာဖို့ အရည်အသွေး ပြည့်မှီပေသည်။

ဤသည်မှာ ဆုံးဖြတ်ပေးသော အချက်တစ်ချက်မျှ ဖြစ်သော်လည်း စိတ်ဝိညာဉ်ကျောက်သွေးကြော၏ အရေးပါပုံကို လုံလုံလောက်လောက် ပြသနေလေသည်။

ချူးလုံဟယ်က ဤသို့ အရေးပါလှသော အရင်းအမြစ်ကို သုံးစွဲပစ်လိုက်ပြီ ဖြစ်သော်လည်း ယခုအခါ ဒုတိယတစ်ခု လိုချင်နေပြန်သည်။ ဂိုဏ်းချုပ်အနေနှင့် မည်သို့ သဘောတူနိုင်မည်နည်း။

ဂိုဏ်းချုပ်က ကူကယ်ရာမဲ့စွာဖြင့်  “ အစ်ကိုကြီးရဲ့ တတိယအချက်ကိုသာ ပြောပါတော့ ”

တာအိုကိုယ်တော်က မဲ့ပြုံးဖြင့်  “ တတိယအချက်က အရမ်းကို ရိုးရှင်းတယ်။ ငါတို့ဂိုဏ်းရဲ့ တည်ထောင်သူဘိုးဘေးတွေက ဆွဲပြားကို ရှာတွေ့ပြီး မိုးကြိုးတော်ဝင်ကျမ်း ပြီးမြောက်သွားတဲ့ ကံပါသူကို ဂိုဏ်းရဲ့ သူတော်စင် အဖြစ် တင်မြောက်ရမယ်လို့ ပြောခဲ့တယ်မလား။ တကယ်လို့ သူသာ အလိုရှိရင် သူတော်စင်မကိုတောင် လက်ထပ်ထိမ်းမြှားလို့ ရတယ်။

ညီလေး  … မင်းဆီမှာ သားရော သမီးရော ရှိထားပြီးတဲ့အပြင် ဟိုမြင်းမျက်နှာနဲ့ ဖန်ချန်းကိုလည်း မင်းတပည့်အဖြစ် လက်ခံထားသေးတယ်မလား။

မင်းက ငါ့နဲ့ ဒီကံပါသူကို လိုက်မလုရဘူး။ သူက ငါ့တပည့် ဖြစ်လာရမယ်။ ပြီးတော့ သူ့သူတော်စင် လစဉ်ဝင်ငွေကိုလည်း ငါကပဲ သိမ်းထားပေးမယ်။ မင်းရဲ့ သမီးကို လက်ထပ်တဲ့အခါကျလည်း တင်တောင်းငွေ မတောင်းရဘူး။ တောင်းဆိုချက်လေးက ရိုးရိုးလေးပါပဲ ဟုတ်တယ်မလား ”

မြူနှင့်တူသော ကောင်းကင်အရှိန်အဝါအတွင်း ဂိုဏ်းချုပ်အသံက ဟိန်းထွက်လာလေ၏  “ အစ်ကိုကြီးက ကျွန်တော်တို့ဂိုဏ်း သူတော်စင်ရဲ့ဆရာ ဖြစ်ချင်တာလား ”

ထိုစဉ် မိုးကြိုးများက မှိန်သွားပြီး အရှိန်အဝါလည်း ထွက်မလာတော့ပေ။

“ အစ်ကိုကြီး ကျွန်တော်တို့ရဲ့ စိတ်ဝိညာဉ်တောင်ထိပ် မြေပုံ ယူလာခဲ့လိုက်ပါတော့ … ဘယ်တောင်ထိပ်ကို ကြိုက်လဲ ”

Comment

Leave a Reply

Options

not work with dark mode
Reset