ပိုင်ရှောင်ချန်းက ကြက်သေသေနေကြသော ကျင့်ကြံသူမျိုးနွယ်စုဝင်များကို ကြည့်လိုက်ပြီး သူ၏ဂုဏ်ယူဖွယ် ဖြစ်ရပ်ကို အရသာခံနေတော့သည်။ ဟိုယွင်ချင်း၏မျက်နှာပေါ်ရှိ အံ့အားသင့်နေသော အမူအရာကိုကြည့်လျှင် သူမိတ်ဆွေဖွဲ့မိသည့် လူ၏ အံ့သြဖွယ်ဇာတ်ကြောင်းအစစ်အမှန်ကို ယခုမှသိလိုက်ရသည့် ပုံစံဖမ်းနေခြင်းဖြစ်ကြောင်း သိနိုင်သည်။ ထိုအမူအရာကို ပိုင်ရှောင်ချန်းက ဖားယားနေသည်ဟု မြင်သော်လည်း သူက ကျေနပ်နေဆဲပင်။
သူက ခြောက်ကပ်ကပ်ချောင်းဟန့်လိုက်ပြီး ဟိုယွင်ချင်း၏ ပုခုံးကိုပုတ်ကာ ပြောလိုက်သည်။
” ရပါပြီ။ ဟန်ဆောင်မနေပါနဲ့တော့။ မင်းရဲ့အစ်ကို ဟိုယွင်ဖေးက မင်းအကြောင်းကို ငါ့ကိုအရင်တုံးက ပြောထားဖူးတယ်။”
ထိုအခါ ဟိုယွင်ချင်းက အနည်းငယ်အနေရခက်နေသည့် အမူအရာဖြင့် မတ်တတ်ထလိုက်တော့သည်။ ဟိုမျိုးနွယ်စုထဲတွင် သူ့၏အဆင့်အတန်းက မြင့်သည်ဖြစ်၍ ပိုင်ရှောင်ချန်းက သူ၏ဆိုင်ထဲသို့ ဝင်ဝင်လာချင်းကပင် ပိုင်ရှောင်ချန်းမှန်း သိပြီးသားဖြစ်သည်။ ဟိုမျိုးနွယ်စုက ပိုင်ရှောင်ချန်း၏ အကြောင်းကို ယခင်ထဲက မျိုးနွယ်စုတစ်ခုလုံးသို့ အသိပေး ထားပြီးဖြစ်သည်။
သူ့မျိုးနွယ်စုဝင်မှ မောင်နှမ နှစ်ယောက်မှာ ပိုင်ရှောင်ချန်းနှင့် ခင်မင်ရင်းနှီးမှန်း ဟိုယွင်ချင်းကသိပြီး သူကိုယ်တိုင်ကလည်း ပိုင်ရှောင်ချန်းနှင့် မိတ်ဆွေဖွဲ့လိုနေပါသော်လည်း အခွင့်အရေးမရခဲ့ပေ။ ပိုင်ရှောင်ချန်းလို အရေးကြီးသောလူတစ်ယောက်နှင့် အနီးကပ်နေခွင့် ရုတ်တရက်ပေါ်လာသောအခါ သူက အခွင့်အရေးကို ကောင်းကောင်း အသုံးချခဲ့လေသည်။ သို့သော်လည်း တစ်စုံတစ်ယောက်ကို ဖားမည်ဆိုလျှင် တည့်တိုးနည်းဖြင့် ဖားလျှင် အဆင်မပြေနိုင်သည် မဟုတ်ပါလော။ မသိမသာလေးဖားမှသာ အဖားခံရသူရော ဖားသူရောက အမူအရာမပျက်မည် ဖြစ်လေသည်။
ထို့ကြောင့်လည်း စားသောက်ဧည့်ခံပွဲသို့လာရာလမ်းတွင် သူတို့မှာ အဆင်ချောခဲ့ခြင်းဖြစ်သည်။ ပိုင်ရှောင်ချန်းက သူ၏ပရိယာယ်ကို ရိပ်မိသွားနိုင်မည့် ဖြစ်နိုင်ခြေကိုလည်း ဟိုယွင်ချင်းက ထည့်စဥ်းစားပြီးဖြစ်သည်။ လမ်းတစ်လျှောက်လုံးရှိ ပိုင်ရှောင်ချန်း၏ နက်နဲသောအပြုံးများကြောင့် ဟိုယွင်ချင်းက ထိုကဲ့သို့ကောက်ချက်ချခဲ့ခြင်းပင်ဖြစ်သည်။ သို့သော်လည်း ထိုသို့အတွေးဝင်နေသည့်တိုင်အောင် သူက အဖားတော့မလျှော့ပေ။
ပိုင်ရှောင်ချန်းက တုလင်ဖေးကိုကြည့်လိုက်သောအခါ သူမကလည်း ပြန်ကြည့်လေသည်။ သို့သော်လည်း အေးအေးလူလူထိုင်ကာ ယခင်အကြောင်းများကို ပြန်လည်စမြုံပြန်နေရန် အချိန်မရှိပေ။ ကျင့်ကြံသူမျိုးနွယ်စုများမှ လူများက ပိုင်ရှောင်ချန်းနားသို့ ချက်ချင်းပင် စုပြုံလာကြပြီး ရိုသေလေးစားသည့်လေသံများဖြင်အလုအယက် နှုတ်ခွန်းဆက်သနေကြတော့သည်။
ပိုင်ရှောင်ချန်းနှင့် ဆုံတွေ့လို၍ လူများစွာ ခုန်ပေါက်ပြေးလွှားလာနေကြပြီး ပိုင်ရှောင်ချန်းကမူ လက်ကိုနောက်သို့ပစ်၍ မတ်တတ်ရပ်နေသည့် မြင်ကွင်းကို တုလင်ဖေးက မြင်လိုက်သောအခါ သူမမှာ ပြုံးမိသွားပြီး လောချိန်မျိုးနွယ်စု သူ့တိုကိုလိုက်ဖမ်းခဲ့စဥ်တုံးက ဖြစ်ရပ်များကို ပြန်လည်တွေးတောမိသွားတော့သည်။
ခဏအကြာတွင် သူမ၏မျက်လုံးထဲတွင် ခံစားချက်ပေါင်းစုံ ရောထွေးလာပြီး သူမက သက်ပြင်းချလိုက်လေသည်။ သို့သော်လည်း သူမသည် သက်ပြင်းချနေရင်းပင် အမူအရာပြောင်းလဲသွားပြီး ပိုင်ရှောင်ချန်း၏ ဘေးနားသို့ သွားကာ ရပ်လိုက်တော့သည်။
သူမ ရှေ့သို့ထွက်လာသောအခါ ပိုင်ရှောင်ချန်းက တစ်စုံတစ်ခုကို အာရုံခံမိလိုက်သဖြင့် မော့ကြည့်လိုက်သည်။ထိုအခါ သိပ်မဝေးလှသောနေရာတွင် အလင်းတန်းသုံးတန်းမှာ လေထဲမှတစ်ဆင့် အံ့မခန်း အမြန်နှုန်းဖြင့် ချဥ်းကပ်လာသည်ကို တွေ့လိုက်ရသည်။
ကျင့်ကြံသူ အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့မှာ ပေါ်လာတော့သည်။ သူတို့သုံးယောက်စလုံးမှ သတ်ဖြတ်လိုစိတ်များထွက်နေပြီး အံ့အားသင့်ဖွယ်ပင် သုံးယောက်စလုံးမှာ အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများဖြစ်ကြသည်။
” သေဖို့သာ ပြင်ထား။ ပိုင်ရှောင်ချန်းရေ။” သူတို့သုံးရောင်က အနီးသို့ရောက်သောအခါ သုံးယောက်ပေါင်း၍ တြိဂံဝင်္ကပါပုံစံတစ်ခုအဖြစ် ခင်းကျင်းကာ မြေကြီးပေါ်သို့ဆင်းသက်လိုက်ပြီး သတ်ဖြတ်လိုသည့် စွမ်းအင်များသာမက အဆိပ်ရှိ အနက်ရောင်မြူခိုးများ ပါဝင်နေသည့် စွမ်းအားကြီးတိုက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်လေသည်။
ထိုအခါ ဓားပျံတစ်ချောင်း၊ ဗုံတစ်လုံးနှင့် တိုက်ပွဲသုံးပုဆိန်တစ်ချောင်းပါသည့် အနက်ရောင်တိမ်တိုက်ကြီးတစ်ခု ပေါ်လာတော့သည်။ ထိုသုံးခုစလုံးမှာ စွမ်းအားကြီးမှော်ပစ္စည်းများဖြစ်ပြီး ပိုင်ရှောင်ချန်းဆီသို့ တည့်တည့်လာနေခြင်းဖြစ်သည်။
မျိုးနွယ်စုပေါင်းစုံမှ ဂိုဏ်းသားများမှာ အံ့အားသင့်နေကြပြီး ကြောက်ကြောက်လန့်လန့်နှင့် တုန်ရီနေကြတော့သည်။ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံခြင်းအခြေကို အာရုံခံမိလိုက်သောအခါ သူတို့မှာ အလန့်တကြားထအော်ကုန်ကြတော့သည်။
“အခြေခိုင်မာခြင်းအဆင့်ပါလား။”
ပိုင်ရှောင်ချန်းကမူ အမူအရာပြောင်းလဲသွားသည်။ အသက်သေစေနိုင်လောက်သည့် ခံစားမှုတစ်ခု၏ ဝါးမျိုခြင်းကိုခံလိုက်သည့်အလား သူ၏ ဆံပင်မွေးများ ထောင်လာတော့သည်။ သူကမျက်လုံးများပြူးကာ မြေခဓားကမ္ဘာမှဖြစ်ရပ်များနှင့် လောချိန်မျိုးနွယ်စုလက်မှ ထွက်ပြေးခဲ့ပုံများကို ပြန်တွေးသွားမိသဖြင့် မျက်လုံးအိမ်များပင် ကျဥ်းလာတော့သည်။ စောစောက သူ့ကိုယ်သူ ဂုဏ်ဆာနေသော ခံစားချက်များကို သံမဏိသွေးကြောများကို အစားထိုးနေရာယူသွားတော့သည်။
” မင်းတို့ကောင်တွေက ငါ့ကို သတ်ချင်နေတယ်ပေါ့…ဟုတ်လား။” သူ၏ မျက်လုံးများမှာ တောက်ပစွာအရောင်လက်လာတော့သည်။ သူက ထိုလုပ်ကြံသူ သုံးယောက်၏ တိုက်ကွက်ကို ရိုးရိုးတန်းတန်းပင် ရှောင်နိုင်ပါသော်လည်း ဘေးနားတွင် တုလင်ဖေးအပြင် အပြစ်မဲ့လူပေါင်းများစွာ ရှိနေသေးပေသည်။ ထို့အပြင် သူ့ဘေးနားရှိ လူအားလုံးမှာ ချီစုစည်းမှုအဆင့်တွင်သာရှိသေးကြသည်ဖြစ်ပြီး ထိုလုပ်ကြံသူသုံးယောက်သည်ကား…..
ကျွမ်းကျင်အဆင့် အခြေခိုင်မာခြင်းအဆင့်ရှိသူများဖြစ်ကြသည်။
သူတို့က လူသားတာအို အခြေခိုင်မာခြင်းအဆင့်တွင်သာရှိသည်ဖြစ်သော်လည်း သူတို့၏ ကျင့်ကြံခြင်းအခြေခံများမှာ အခြေခိုင်မာခြင်းအဆင့်ပထမပိုင်း၏ စက်ဝန်းနားသို့ပင် ရောက်နေပြီဖြစ်သည်။
ပိုင်ရှောင်ချန်းကမူ လောချိန်မျိုးနွယ်စုကို ရင်ဆိုင်ခဲ့သည့် အချိန်တုံးကလိုပင် နီမြန်းနေသော မျက်လုံးကြီးများဖြင့် တုလင်ဖေး၏ရှေ့တွင် ရပ်လိုက်သည်။ သူကရှောင်လည်းမရှောင် ထွက်လည်းမပြေးပေ။ သူ၏ ညာလက်ကို မြှောက်လိုက်သောအခါ စူးရှသော ရွှေရောင်အလင်းတန်းများက သူ၏တစ်ကိုယ်လုံးမှ ထွက်လာတော့သည်။ စိတ်စွမ်းအင်ပင်လယ်ကိုးစင်းနှင့် ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့်တို့၏ စွမ်းအားများထွက်လာပြီး ပိုင်ရှောင်ချန်းမှာ သူ့ပုံမှန်အရွယ်အစားထက် ပို၍ပင်ကြီးမားသည့် ပုံစံပေါ်လာတော့သည်။
ရုတ်တရက် ရွှေရောင်ရှိသည့် ပုံရိပ်ယောင် ဧရာမလက်ဖဝါးကြီးတစ်ခုက သူ၏ရှေ့တွင် ပေါ်လာပြီး သူ့ဆီဝင်လာသော တိုက်ကွက်များကို တားဆီးရန် ရှေ့သို့ ပြေးသွားတော့သည်။
လူသားတာအို အခြေခိုင်မာခြင်းအဆင့် ရှိသော ကျင့်ကြံသူသုံးယောက်၏ ပူးပေါင်းတိုက်ကွက်ကို သူက တစ်ယောက်ထဲပင် အံ့သြဖွယ်တားဆီးနေခြင်းဖြစ်သည်။
တုလင်ဖေးကမူ ရီဝေဝေအကြည့်များဖြင့် ပိုင်ရှောင်ချန်း၏ နောက်ကျောကို ကြည့်နေတော့သည်။ သူမ၏ဘေးနားရှိ ကမ္ဘာကြီးမှာ ပျောက်ကွယ်သွားပြီး လောချိန်မျိုးနွယ်စုက သူမကို နောက်တစ်ခေါက် လိုက်ဖမ်းနေသည့်အလားပင် သူမက ပြန်လည်ခံစားလိုက်ရလေသည်။
သူမသည် တွေဝေနေပုံပေါ်နေပြီး ထိုအချိန်တွင် သူမ၏အင်္ကျီလက်ထဲရှိ သူမ၏ညာလက်မှာ အနည်းငယ် မှုန်ဝါးဝါးဖြစ်သွားလေသည်။ ခဏအကြာတွင် ထိုလက်မှာ ဘာမှမဖြစ်ခဲ့သည့်အလား အကောင်းအတိုင်းပြန်ဖြစ်သွားတော့သည်။
ဤ ဖြစ်ရပ်များမှာ ဖော်ပြရသည်သာ ကြာသော်လည်း လျှပ်တစ်ပြက် အချိန်အတွင်း ဖြစ်သွားခြင်းဖြစ်သည်။ ပိုင်ရှောင်ချန်းက ပြန်လည်တိုက်ခိုက်လိုက်သောအခါ ကျယ်လောင်သောထစ်ချုန်းသံကြီးများ ထွက်လာပြီး လုပ်ကြံသူသုံးယောက်၏ အနက်ရောင်တိမ်တိုက်ကြီးမှာ ဧရာမတောင်လုံးကြီးတစ်ခုက ဖျက်စီးလိုက်သည့်အလား ပျောက်ပျက်သွားရတော့သည်။
ထိုအသံများထွက်လာသောအခါ ပိုင်ရှောင်ချန်း၏ ခြေထောက်အောက်ရှိမြေကြီးမှာ အက်ကွဲသွားပြီး ကြေမွကုန်တော့သည်။ သူ၏မီတာသုံးဆယ်ပတ်ပတ်လည်အတွင်းရှိလူတိုင်းမှာ ဒယိမ်းဒယိုင်ဖြစ်ကုန်ကြပြီး အချိို့ဆိုလျှင် သွေးများပင် ပွက်ခနဲအန်ကုန်ကြသည်။ သို့သော်လည်း မည်သူမှ မသေပေ။
ပိုင်ရှောင်ချန်း၏ ကာကွယ်မှုကို အပြည့်အဝရရှိသော တုလင်ဖေးကမူ ဒဏ်ရာပင်မရပေ။ သို့သော်လည်း ထိုနေရာရှိ စားပွဲများ၊ အလှဆင်ကျောက်များနှင့် ထင်းရှူးပင်များမှာ အကုန်ပျက်စီးသွားတော့သည်။
အနက်ရောင်တိမ်တိုက်ကြီးမှာ ပြိုကွဲသွားပြီး ဓားပျံ၊ ဗုံကြီးနှင့် တိုက်ပွဲသုံးပုဆိန်တို့မှာ ဘေးဘက်သို့ လွင့်ထွက်သွားတော့သည်။
ပိုင်ရှောင်ချန်းက သူတို့၏တိုက်ကွက်ကို လက်ဝါးတစ်ချက်ထဲနှင့် တားဆီးလိုက်သည်ကိုမြင်သောအခါ ထိုလုပ်ကြံသူသုံးယောက်မှာ လုံးဝကို အံ့အားသင့်သွားကြသည်။ သူတို့က နောက်ထပ်တိုက်ကွက်တစ်ခုထပ်ထုတ်ရန်ပြင်လိုက်ချိန်တွင် ပိုင်ရှောင်ချန်းက ဒေါသထွက်နေသည့် လေသံဖြင့် လှမ်းအော်လိုက်လေသည်။
“မင်းတို့ကောင်တွေ သေချင်နေကြတာပဲ။”
သူက တစ်ခဏလေးမျှတွေဝေမနေပဲ လေပေါ်သို့ခုန်တက်ကာ ထိုလူသုံးယောက်ဆီသို့ ပျံသန်းသွားလေသည်။
ထိုထဲက တစ်ယောက်က နောက်သို့ဆုတ်ရန်ပြင်လိုက်ပါသော်လည်း သူကနှေးလွန်းနေခဲ့သည်။ ပိုင်ရှောင်ချန်းက သူ၏အတောင်ပံများကို သုံးလိုက်သဖြင့် လေပေါ်ခုန်တက်ပြီးပြီးချင်းတွင် ထိုလူ၏ရှေ့သို့တန်းရောက်သွားကာ လည်မျိုဖမ်းဆုပ်တိုက်ကွက်ကို လက်နှစ်ချောင်းဖြင့် ထုတ်သုံးလိုက်တော့သည်။ ချက်ချင်းပင် သူ၏လက်ချောင်းများမှာ ထိုလူ၏ လည်ချောင်းပေါ်သို့ရောက်သွားတော့သည်။
အက်ကွဲသံတစ်ခုပေါ်ထွက်လာပြီး ထိုလူမှာ မျက်လုံးပြူးသွားတော့သည်။ သူ၏ လည်မျိုမှာဆုတ်ဖြဲခံလိုက်ရပြီး သွေးများပန်းထွက်လာတော့သည်။ ပိုင်ရှောင်ချန်းကမူ ထိုလူကိုဘေးသို့လှမ်းပစ်လိုက်ပြီး ကျန်လူနှစ်ယောက်က ဓားပျံနှင့် တိုက်ပွဲသုံးပုဆိန်အား ပြန်လည်ယူနေသည်ကို တားဆီးလိုက်သည်။
ထိုလူ၏ ရုပ်အလောင်းမှာ ဝုန်းခနဲအသံကြီးမြည်ကာ အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားပြီး သွေးများက အရပ်မျက်နှာပေါင်းစုံသို့ ပန်းထွက်ကုန်တော့သည်။ တချိန်ထဲမှာပင် ပိုင်ရှောင်ချန်းက ရက်စက်ကြမ်းကြုတ်သောအမူအရာဖြင့် ထိုသွေးစများကြားမှ ဖောက်ထွက်လာလေသည်။
သူ့ဆီမှ ယခုပေါ်ထွက်နေသည့် သတ်ဖြတ်လိုသည့် အငွေ့အသက်များမှာ လောချိန်မျိုးနွယ်စု တုံးက ကိစ္စများကြောင့် ဖြစ်လေသည်။ ထို့အပြင် ထိုအငွေ့အသက်များကို မြေခဓားချောက်ထဲတွင် မရေမတွက်နိုင်သည့် ရန်သူများစွာကို သတ်ဖြတ်ခဲ့စဥ်တုံးကလည်း မြင်ခဲ့ရပြီးဖြစ်သည်။ သူက ရန်သူမှန်သမျှ…. သတ်ဖြတ်ချင်နေပြီဖြစ်တော့သည်။
အသက်ရှင်ကျန်ရစ်သော အမျိုးသားနှင့် အမျိုးသမီးတို့မှာ နှစ်ယောက်လုံး အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများဖြစ်ကြသော်လည်း ဤအချိန်တွင်မူ သူတို့မှာ ကြောက်လန့်လွန်းလှသဖြင့်ခေါင်းများပင် ပူထူနေပြီဖြစ်သည်။ ပိုင်ရှောင်ချန်းထုတ်ပြနေသည့် စွမ်းအားများမှာ သူတို့ထင်ထားသည်ထက် လုံးဝကို သာလွန်နေတော့သည်။
” ဒါ….ဒါက ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့်ပါလား….” သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ခါးသီးစွာကြည့်လိုက်ကြပြီး ထွက်ပြေးရန်ပြင်လိုက်လေသည်။ သူတို့က ပိုင်ရှောင်ချန်းကို မသတ်နိုင်တော့သည့်အတွက် သူတို့အတွေးထဲသို့ဝင်လာသည့် တစ်ခုထဲသောအရာမှာ လွတ်မြောက်အောင်ထွက်ပြေးရန်ပင်ဖြစ်သည်။ သို့သော်လည်း ပိုင်ရှောင်ချန်းက မည်သည့်နည်းနှင့်မျှ သူတို့ကို အလွတ်ပေးမည်မဟုတ်ပေ။
သူတို့နှစ်ယောက် ပျံသန်းရန်ပြင်လိုက်ချိန်တွင်ပင် ပိုင်ရှောင်၏မျက်လုံးများမှာ ပို၍ပင်နီမြန်းလာပြီး အလျင်အမြန်လှုပ်ရှားလိုက်တော့သည်။ သူ၏ အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံခြင်းအခြေခံ စွမ်းအားအကုန်လုံးမှာ ရွှယ်ကျဲကော်တုနှင့်အတူ ထွက်လာတော့သည်။ ကောင်းကင်ကြီးမှာ မဲမှောင်သွားပြီး ကြောက်မက်ဖွယ်ဖိအားကြီးတစ်ခုမှာ ဆင်းသက်လာသဖြင့် ထွက်ပြေးနေသည့် လုပ်ကြံသူနှစ်ယောက်မှာ အလန့်တကြား ထအော်လိုက်ကြတော့သည်။
ထို့နောက် ပိုင်ရှောင်ချန်းက တောင်ပံများကိုခတ်ကာ အမျိုးသားကျင့်ကြံသူဆီသို့ လျင်မြန်စွာ ပျံသန်းသွားသဖြင့် လမ်းတစ်လျှောက်တွင် ပုံရိပ်ယောင်များသာ ကျန်ခဲ့တော့သည်။ ထိုလူ၏မျက်နှာမှာ ပျက်သွားပြီး သူ့ကိုယ်သူကာကွယ်ရန်ပြင်လိုက်ပါသော်လည်း လူ့ဘဝ၏ပထမဆုံးအတားအဆီးကို ကျော်ဖြတ်ပြီးဖြစ်သည့်လူတစ်ယောက်၏ လက်သီးချက်ထက် သူက မည်သည့်နည်းနှင့်မျှ ပို၍လျင်မြန်အောင် မရွေ့လျားနိုင်ပေ။
ထိုလက်သီးချက်မှာ လျှပ်စီးကဲ့သို့ ပေါက်ကွဲသွားပြီး ထိုလူ၏ရင်ဘက်ကို ဖော်ပြ၍မရနိုင်သည့် အားတစ်ခုဖြင့် ရိုက်ခတ်သွားတော့သည်။ သူ၏မျက်လုံးများမှာ ပေါက်ကွဲသွားပြီးနောက် သူ၏ အတွင်းကလီစာများ၊ အရိုးများ၊အသားစများနှင့် သွေးများမှာ အတုံးလိုက်အခဲလိုက် အရပ်မျက်နှာပေါင်းစုံသို့ ပေါက်ကွဲထွက်သွားတော့သည်။
နောက်ဆုံးကျန်သည့် လုပ်ကြံသူမှာ အမျိုးသမီးပင်ဖြစ်သည်။ သူမက လန့်ဖြတ်ကာ အော်ဟစ်နေပြီး ထွက်ပြေးရန်ကြိုးစားကာ မီတာသုံးရာကျော်လောက်အထိ ရောက်သွားတော့သည်။ သို့သော်လည်း ထိုအချိန်တွင် ပိုင်ရှောင်ချန်းက နောက်သို့လှည့်လိုက်ပြီး သူ၏ညာလက်ညှိုးကို လေထဲတွင် ဝှေ့ယမ်းလိုက်လေသည်။
” ခရမ်းရောင်ချီ ဒယ်စောက်အိုး…. ဆင့်ခေါ်နည်း”
များစွာသော ခရမ်းရောင်ချီများမှာ ထိုအမျိုးသမီး၏ အထက်ရှိလေထုထဲတွင် ဝဲဂယက်ထသွားပြီး ဧရာမ ခရမ်းရောင်ဒယ်စောက်အိုးကြီးတစ်လုံး အသွင်ပြောင်းလဲသွားတော့သည်။
ထို့နောက် ပိုင်ရှောင်ချန်းက လက်သီးဆုပ်လိုက်လေသည်။
ခရမ်းရောင်ဒယ်စောက်အိုးကြီးမှာ တစ်စစီကွဲသွားပြီး ထွက်ပေါ်လာသည့် ပေါက်ကွဲမှုကြီးက ထိုအမျိုးသမီးကို လွှမ်းမိုးသွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းတွင် သူမ၏ ခန္ဓာရော ဝိညာဥ်ပါ သတ်ဖြတ်ခံလိုက်ရတော့သည်။
ထို့နောက် အရာအားလုံးမှာ တိတ်ဆိတ်သွားသည်။ ထိုနေရာရှိလူတိုင်းမှာ ပိုင်ရှောင်ချန်းကို ပါးစပ်အဟောင်းသားနှင့် တအံ့တသြကြည့်နေကြတော့သည်။ ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့်မှာ စွမ်းအားကြီးကြောင်း သူတို့က ကြားဖူးထားသော်လည်း စောစောက အခြေခိုင်မာခြင်းအဆင့်ရှိသည့် လုပ်ကြံသူများမှာ သူ့ကိုအနိုင်မရသည့်အပြင် ပိုင်ရှောင်ချန်းက ထမင်းစားရေသောက်သည့်အလား ထိုသူများကို လွယ်ကူစွာ ပြန်သတ်နိုင်လိမ့်မည်ဟု သူတို့က လုံးဝမတွေးထားပေ။
လူတိုင်းက မှင်တက်နေချိန်တွင် တုလင်ဖေး၏ အမူအရာမှာ အလွန်ဒေါသထွက်နေသည့်အလားဖြစ်သွားပြီး မေးခွန်းထုတ်လိုက်လေသည်။
” အဲ့သုံးယောက်က ဒီကိုဘယ်လိုလုပ် ဝင်လာတာလဲ။ အရှေ့သစ်တောမြို့တော်ရဲ့ ကြီးမြတ်တဲ့ မန္တန်အစီအရင်က ပွင့်နေတာ ငါ့ဖြင့်မယုံနိုင်ဘူး။ ဒီဖြစ်ရပ်အတွက် ဘယ်မျိုးနွယ်စုက တာဝန်ရှိတာလဲ။ အခု ချက်ချင်းစစ်ဆေးစမ်း။ ဒီမြို့ရဲ့ တရားဝင်တမန်တော်တစ်ယောက်အနေနဲ့ ဒီကိစ္စအတွက် ဖြေရှင်းချက်လိုချင်တယ်။”
” ကျင့်ကြံသူမျိုးနွယ်စုတွေက တစ်မြို့လုံးကို သေသေချာချာ စေ့စေ့စပ်စပ်ရှာပါလိမ့်မယ်။ ထူးဆန်းတဲ့ လူတိုင်းကို မေးခွန်းစစ်မေးကြဟေ့။ ကြည့်ရတာ လုပ်ကြံသူတွေက ဒီသုံးယောက်ပဲရှိတာတော့မဟုတ်လောက်ဘူး။”
တချိန်ထဲမှာပင် များစွာသော အလင်းတန်းများက အထက်တွင်ပေါ်ထွက်လာသည်။ ပိုင်ရှောင်ချန်းမှာ မြို့ထဲသို့ရောက်နေကြောင်းကို ကျင့်ကြံသူမျိုးနွယ်စုများက သိသွားပြီးဖြစ်သဖြင့် မျိုးနွယ်စုခေါင်းဆောင်များနှင့် အခြားခေါင်းဆောင်များမှာ ပေါ်ထွက်လာကြတော့သည်။
မျိုးနွယ်စုခေါင်းဆောင်များက အောက်ဘက်ရှိ သွေးသံတရဲရဲ မြင်ကွင်းကိုမြင်လိုက်ရသောအခါ သူတို့၏အမူအရာမှာ ပြောင်းလဲသွားတော့သည်။ ထို့နောက် တုလင်ဖေး၏ စကားကို ကြားလိုက်ရသောအခါ သူတို့ပင် သတ်ဖြတ်လိိုစိတ်များထွက်လာတော့သည်။ မျိုးနွယ်စုခေါင်းဆောင်ကမူ တစ်ယောက်ကမူ သူ၏မျိုးနွယ်စုမှာ မန္တန်အစီအရင်ကို ပြီးခဲ့သည့်လအနည်းအတွင်း ထိန်းသိမ်းရန် တာဝန်ကျကြောင်း သိလိုက်ရသောအခါ မျက်နှာပျက်နေတော့သည်။
” တာအိုရောင်းရင်းပိုင်။ နတ်မိမယ်တု…. လီမျိုးနွယ်စုက ဒီကိစ္စကို သေချာပေါက် အဆုံးထိ စုံစမ်းပေးပါ့မယ်။ နေမင်းကြီးနဲ့ လမင်းကြီးကို တိုင်တည်ပြီး ကျုပ်တို့မျိုးနွယ်စုက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းအပေါ် သစ္စာမဖောက်ဘူးဆိုတာကို ကျိန်ဆိုပါတယ်။”