Switch Mode

အခန်း (၄၁၂)

ခြုံပုတ်ထဲမှ မြွေကို ခြောက်လှန့်ခြင်း

ကျင့်သိုမင်တစ်ယောက် ထိုစကားကို မပြောလိုက်ပါက ကိစ္စမရှိပေ။ သို့သော် သူပြောလိုက်သောစကားကြောင့် ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် သံသယဝင်သွားရ၏။ ကျင့်သိုမင်မှာ ဝမ်ပေါင်လဲ့၏ မျက်နှာမူအရာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသောအခါ သူ၏ညာလက်အား အလောတကြီး ဝှေ့ယမ်းလိုက်ပြီး သူ၏ သိုလှောင်လက်ကောက်ထဲမှ ဓမ္မလက်နက်တစ်ခုကို ချက်ချင်းပင် ထုတ်ယူလိုက်တော့သည်။

၎င်းမှာ ဓားပျံတစ်လက်ဖြစ်၏။

၎င်းမှာ အနီရောင်ဖြစ်ပြီး အပြင်သို့ရောက်လာသည်နှင့် အပူလှိုင်းများကို ထုတ်လွှတ်ပေးလိုက်၏။ ထို့နောက် လေထဲ၌ တရွှီးရွှီးမြည်သံများ ခပ်ရေးရေးခန့် ပဲ့တင်ထပ်သွားသည့်အလားပင်။ ထို အပူလှိုင်းများနှင့်အတူ ကျင့်သိုမင်၏ နောက်၌ ဖီးနစ်ငှက်ကြီးတစ်ကောင်၏ မှုန်ဝါးဝါး ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်ကိုပင် မြင်နိုင်ပေသည်။ ၎င်းမှာ မီးပင်လယ်ကြီး တစ်စင်းထဲ၌ ရှိနေပြီး မည်သည့်အရာကိုမဆို ပြာချဖြစ်မည့်ပုံစံ ပေါက်နေ၏။

၎င်းမှာ သတ္တမအဆင့် ဓမ္မလက်နက်တစ်ခု ဖြစ်ပေသည်။

ဝမ်ပေါင်လဲ့မှာ ထိုဓမ္မလက်နက်အား မြင်လိုက်ရသောအခါ မျက်လုံးများ အရောင်တောက်သွား၏။ ဓမ္မလက်နက်တစ်ခုမှာ မည်မျှအထိအဖိုးတန်ကြောင်းကို သူက သိရှိထားပြီးသားဖြစ်သည်။ ဤဓားပျံမှာ သူ၏ ဓားရှည်ကြီးကဲ့သို့ပင် သတ္တမအဆင့် ဓမ္မလက်နက်တစ်ခု ဖြစ်ပေသည်။ သို့သော် ၎င်း၏ပုံစံမှာ ဓားရှည်ကြီးထက် အများကြီးပို၍ သာလွန်နေသည့်ပုံ ပေါက်နေ၏။ ထိုဓမ္မလက်နက်ကြီး ထုတ်လွှတ်ပေးနေသော အငွေ့အသက်နှင့် နှိုင်းယှဉ်ကြည့်လိုက်လျှင် ခြားနားချက်ကို အထင်အရှားမြင်နိုင်မည် ဖြစ်သည်။

သူ၏ရှေ့၌ ဓမ္မလက်နက်ကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ ကျင့်သိုမင် ပြောခဲ့သည့် စကားများကို ဂရုမစိုက်နိုင်တော့ပေ။ ကျင့်သိုမင်မှာ သူ့အား ထောင်ချောက်ဆင်နေခြင်း ဖြစ်လျှင်တောင် သူက မှုနေမည် မဟုတ်ပေ။ အကယ်၍ သူ အမှန်တကယ် အမြတ်ထုတ်ခံလိုက်ရလျှင်တောင် ကျင့်သိုမင်ဆီသို့သွားကာ နောက်ထပ် ဓမ္မလက်နက်တစ်ခု ထပ်၍ တောင်းဆိုလိုက်ရုံပင်။ ငွေကြေးကြွယ်ဝချမ်းသာသူများနှင့် မိတ်ဆွေဖြစ်ရသည်မှာ အကျိုးကျေးဇူးများစွာ ရှိပေသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်၏။ သူသည် ကျင့်သိုမင်၏ စကားကို သဘောတူလိုက်သည်ပုံပင်။ ယခုကဲ့သို့ နှုတ်အားဖြင့်သာ သဘောတူညီချက် ရထားသည့် ကိစ္စများကို အပြည့်အဝ ယုံကြည်၍မဖြစ်ကြောင်း ကျင့်သိုမင်က သိထား၏။ သို့သော် သဘောတူညီချက်တစ်ခုမှ မရသည်ထက်စာလျှင် ပို၍ စိတ်ချရပေသည်။ ထို့ကြောင့် သူသည် ဆုံးရှုံးနစ်နာသွားရသည်ဟု ခံစားနေရပါသော်လည်း သက်ပြင်းသာချလိုက်ပြီး ထိုဓားပျံအား ဝမ်ပေါင်လဲ့ဆီသို့ လှမ်း၍ပစ်ပေးလိုက်၏။ သူသည် ယခင်ဘဝတုန်းက ဝမ်ပေါင်လဲ့အပေါ် အကြွေးတင်ခဲ့ရခြင်းဖြစ်မည်ဖြစ်ကြောင်း မှတ်ယူလိုက်၏။ ထိုသို့သာမဟုတ်ပါက အဘယ့်ကြောင့် သူသည် ယခုလို ဝမ်ပေါင်လဲ့အား ဓမ္မလက်နက် တစ်ခုပြီးတစ်ခု အလကားပေးနေရပါသနည်း။

” ရင်းနှီးမြှုပ်နှံမှုလုပ်တယ်လို့ပဲ သဘောထားလိုက်မယ် ” ကျင့်သိုမင်မှာ ထိုသို့တွေးလိုက်သောအခါမှ စိတ်သက်သာရာရသွား၏။

သူတို့နှစ်ယောက်မှာ သင်္ဘောပျံကြီးထဲ၌ ထိုင်ရင်း မြို့တော်အသစ်ဆီသို့ တည့်မတ်စွာဦးတည်သွားကြတော့သည်။ အပြန်လမ်းတစ်လျှောက်တွင် ဝမ်ပေါင်လဲ့မှာ ဓားပျံလေးနှင့် ဆော့ကစားနေခဲ့၏။ သူသည် ၎င်းအားလေ့လာရင်း ပို၍နားလည်အောင် လုပ်လိုက်သေးသည်။ ထိုအခါ သူသည် ထို ဓမ္မလက်နက် နှစ်ခုကြားရှိ ခြားနားချက်ကြီးကို ချက်ချင်းပင်သိရှိသွားတော့သည်။ လေ့လာရေးစက်ရုံထဲ၌ သူ လေ့လာသိရှိခဲ့ရသည့် ဗဟုသုတများအကြောင်းကို တွေးမိလိုက်သောအခါ သူသည် တံခါးပိတ်လေ့ကျင့်ကာ အသေးစိတ် လေ့လာမှုများ ပြုလုပ်ရန် မစောင့်နိုင်တော့လောက်အောင် ဖြစ်နေရတော့သည်။

သူသည် ထိုကဲ့သို့ တံခါးပိတ် လေ့ကျင့်ပြီးသွားပါက ဓမ္မလက်နက် သန့်စင်ခြင်းပညာရပ်ထဲ၌ သေချာပေါက် ဖောက်ထွက်သွားနိုင်မည်ဖြစ်ကြောင်း ယုံကြည်နေ၏။

ဝမ်ပေါင်လဲ့တစ်ယောက် ထိုကဲ့သို့ မျှော်လင့်တကြီးဖြစ်နေစဉ် သင်္ဘောပျံကြီးမှာ အရှိန်အဟုန်ဖြင့် ပျံသန်းရင်း မြို့တော်အသစ်ဆီသို့ တဖြည်းဖြည်းချင်း ချဉ်းကပ်လာတော့သည်။ သူ ထိုဓမ္မလက်နက်အား လေ့လာနေစဉ်တွင် ကျင့်သိုမင်မှာလည်း သူ၏ကိုယ်ပိုင်အစီအစဉ်များကို ရေးဆွဲနေ၏။ သူသည် သူ၏ မိသားစုခေါင်းဆောင်ကြီးက နတ်ဘုရားလက်နက်လှိုဏ်ခေါင်းအား စောင့်ကြည့်ရန် တောင်းဆိုခဲ့သောကြောင့်သာ အင်္ဂါဂြိုဟ်ပေါ်သို့ ရောက်ရှိလာခဲ့ရခြင်းဖြစ်သည်။ ထို့အပြင် သူသည် သူ၏ မိသားစုမျိုးနွယ်စုအား အမွေဆက်ခံခွင့်ရရှိနိုင်ရန် ကြိုးစားချင်သောကြောင့်လည်း ဖြစ်၏။

သူတစ်ယောက်သာလျှင် အ‌မွေဆက်ခံခွင့် ရှိသည် မဟုတ်သောကြောင့် သူ့ဘက်မှ လိုအပ်သည်များကို ပြင်ဆင်ထားရန်လိုအပ်ပေသည်။ အခြား အမွေခံအလောင်းအလျာများနှင့် မတူသည်မှာ ကျင့်သိုမင်သည် အင်္ဂါဂြိုဟ်ပေါ်၌ ခြေကုပ်ကောင်းစွာ ရယူနိုင်ရန် ကြံစည်ထားခြင်းပင် ဖြစ်သည်။ သို့သော် သူ၏ဖခင်ဖြစ်သူမှာ သူ့အား ဝမ်ပေါင်လဲ့နှင့် ရင်းရင်းနှီးနှီး နေခိုင်းခဲ့သောကြောင့် သူတို့နှစ်ယောက်မှာ အင်္ဂါဂြိုဟ်ပေါ်၌ ဆုံတွေ့ခဲ့ကြခြင်းဖြစ်၏။

သူ၏အမြင်တွင် ထိုရင်းနှီးမြှုပ်နှံမှုမှာ အလွန်အင်မတန်မှ အဖိုးတန်ပေသည်။ သူသည် အင်္ဂါဂြိုဟ်ပေါ်ရှိ ပိုနေမြဲကျားနေမြဲ အခြေအနေကြီးကို ချိုးဖျက်ရာ၌ အရေးကြီးသော အခန်းကဏ္ဍတစ်ခုမှ ပါဝင်နေသည်မဟုတ်ပါလော။

” ဒါပေမဲ့ ဝမ်ပေါင်လဲ့ အင်္ဂါဂြိုဟ်ပေါ်မှာ ရာထူးတွေ တစ်ဆင့်ပြီးတစ်ဆင့် တက်သွားလိမ့်မယ်ဆိုတာကို အဖေက ဘယ်လိုလုပ်ပြီးတော့ ကြိုနေသိခဲ့တာလဲ ” ကျင့်သိုမင်မှာ ထိုကိစ္စနှင့်ပတ်သက်၍ သံသယမကင်းဖြစ်ကာ အဖြေမရှာနိုင်ဘဲ ဖြစ်နေရ၏။ သူ၏ ဖခင်ဖြစ်သူမှာ သူ့အား မည်မျှပင် သဘောကျထောက်ခံစေကာမူ အမှန်အတိုင်း မပြောပြလိုပါက သူ တစာစာ မေးမြန်းနေလျှင်တောင် ပြန်ဖြေမည်မဟုတ်‌ကြောင်း သူက သိထား၏။

” ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က တော်တော်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ ကောင်ပဲ ” ကျင့်သိုမင်မှာ ထိုသို့တွေးတောရင်း ဓမ္မလက်နက်အား လေ့လာနေသည့် ဝမ်ပေါင်လဲ့အား ဖျတ်ခနဲကြည့်လိုက်၏။ သူသည် ဝမ်ပေါင်လဲ့ အင်္ဂါဂြိုဟ်ပေါ်သို့ ရောက်ရှိလာပြီးနောက် ဆက်တိုက်ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်များအကြောင်း တွေးတောရင်း မနာလိုစိတ်များ ပေါ်ပေါက်လာရတော့သည်။ သို့သော် တစ်ချိန်ထဲမှာပင် သူသည် ဝမ်ပေါင်လဲ့အား သူ၏အောင်မြင်မှုများနှင့် ထိုက်တန်ကြောင်း အသိအမှတ် ပြုထား၏။

ဝမ်ပေါင်လဲ့မှာ ဓမ္မလက်နက်ကြီးအား လေ့လာနေပြီး ကျင့်သိုမင်မှာ ဝမ်ပေါင်လဲ့အား အကဲခတ်နေရင်း အချိန်များ တရွေ့ရွေ့နှင့် ကုန်ဆုံးသွား၏။ ခဏကြာတွင် သူတို့၏ရှေ့၌ နတ်ဘုရားလက်နက် မြို့တော်အသစ်ကြီး ပေါ်ပေါက်လာတော့သည်။

သင်္ဘောပျံကြီးမှာ မြို့တော်ကြီးဆီသို့ တဖြည်းဖြည်းနှင့် ချဉ်းကပ်လာပြီး ကျင့်သိုမင်၏ မြို့တော်နယ်မြေထဲရှိ လေဆိပ်ထဲသို့ ဖြည်းညင်းစွာ ဆင်းသက်လိုက်၏။ ဝမ်ပေါင်လဲ့မှာ တိတ်တဆိတ် ထွက်ခွာသွားခဲ့သည့်တိုင်အောင် လင်းတျန်ဟောက်နှင့် တာအိုကျောင်းလေးကျောင်းမှ လူပေါင်းများစွာမှာ သူ့အား လေဆိပ်ထဲ၌ စောင့်ကြိုနေကြဆဲပင်။

ဝမ်ပေါင်လဲ့မှာ သင်္ဘောပျံကြီး အပြင်ဘက်သို့ထွက်လာသည်နှင့် တစ်ပြိုင်နက် လင်းတျန်ဟောက်နှင့် သူနှင့်ရင်းနှီးနေသော အခြားသူများကို မြင်လိုက်ရ၏။ ထို့ကြောင့် သူသည် နှလုံးသားထဲ၌ နွေးခနဲ ဖြစ်သွားရပြီး ပတ်ပတ်လည်ရှိ အဆောက်အဦများအား ဝေ့ဝိုက် ကြည့်ရှုလိုက်၏။ သူသည် ဤမြို့တော်ကြီးမှာ သူ၏မြို့တော်ကြီးဖြစ်ကြောင်း တွေးတောရင်း စိတ်ဓာတ်များ တတ်ကြွလာရတော့သည်။

” မြို့တော်သခင်ကို ကြိုဆိုပါတယ် ” လင်းတျန်ဟောက်က ကျယ်လောင်စွာဆိုလိုက်၏။ ထိုအခါ သူ၏နောက်တွင် ရပ်နေကြသောလူများမှာ ချက်ချင်းပင် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်လိုက်ကြပြီး ဦးညွှတ်အရိုအသေပေးလိုက်ကြတော့သည်။

ဝမ်ပေါင်လဲ့သည်လည်း ပြုံးကာ လူအုပ်ကြီးအား ခေါင်းညိတ်ပြလိုက်၏။ သူသည် သူ့ခရီးစဉ်၏ ရလဒ်အား ‌ကြေညာပြီး ဤမြို့တော်ထဲ၌ လေ့လာရေးစက်ရုံတစ်ခု တည်ဆောက်မည့်အကြောင်းကို လူတိုင်းအား အသိပေးရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက်ဆိုသလို မျက်မှောင်ကြုတ်သွားရတော့သည်။ ထို့နောက် သူသည် သူ့အား ကြိုဆိုရန် ရောက်လာခဲ့သည့် တာအိုကျောင်းလေးကျောင်းမှ လူအုပ်ကြီးထဲရှိ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ကို စိုက်ကြည့်မိသွား၏။

သူသည် သတ်လတ်ပိုင်းလူကြီးတစ်ယောက် ဖြစ်သည်။ သူ၏ အမူအရာမှာ ရိုသေလေးစားမှု အပြည့်ရှိသည့်ပုံ ပေါက်နေပြီး သူ၏ မျက်ဝန်းများထဲ၌ စိတ်အားထက်သန်မှု အရိပ်အယောင်များ တောက်ပနေသည်ကို မြင်နိုင်ပေသည်။ သူ၏ပုံစံမှာ ဝမ်ပေါင်လဲ့မှာ ယခင်တုန်းက မြင်ဖူးခဲ့သည့်အတိုင်းပင်။ သို့သော်… သူ့ဆီမှ ခပ်ရေးရေးခန့် ထွက်ပေါ်နေသည့် အငွေ့အသက်တစ်ခုမှာ ဝမ်ပေါင်လဲ့၏ မျက်ဝန်းထဲ၌ ထင်းခနဲ ပေါ်နေ၏။ ၎င်းမှာ…. အမှောင်ချီများပင် ဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် မျက်ဆံများ ကျဉ်းမြောင်းသွားရ၏။ သူသည် သေသေချာချာ ကြည့်ရှုရန် ပြင်လိုက်စဉ်မှာပင် ထိုလူအုပ်ကြီးထဲမှ အခြားသူများမှာလည်း အမှောင်ချီများ ထုတ်လွှတ်နေကြသည်ကို အာရုံခံမိသွားတော့သည်။ ထိုသို့ ထုတ်လွှတ်နေသည့် လူအရေအတွက်မှာ ငါးယောက်အထိ ရှိနေ၏။

ဝမ်ပေါင်လဲ့မှာ ရင်ခုန်နှုန်းများပင် ရပ်တန့်သွားရ၏။ သူသည် တစ်ယောက်တလေလောက်ကိုသာ တွေ့ရမည်ဆိုပါက မတော်တဆတစ်ခုအဖြစ်သာ သဘောထားလိုက်မည်ဖြစ်ပါသော်လည်း သူ့အားလာရောက်ကြိုဆိုသည့် လူအုပ်ကြီးထဲတွင် ငါးယောက်တိတိ ရှိနေသောကြောင့် သူ့အတွက် အလွန်အင်မတန်မှ တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းနေတော့သည်။ သူသည် သူ၏ အကြည့်အား ချက်ချင်းပင်ပြန်၍ ရုပ်သိမ်းလိုက်ပြီး အပြုံးမပျက်သွားအောင် ထိန်းထားလိုက်၏။ သို့သော် သူသည် လေ့လာရေးစက်ရုံအသစ်အကြောင်းကို ကြေညာချင်စိတ် မရှိတော့သဖြင့် လင်းတျန်ဟောက်နှင့်အတူ လေဆိပ်ထဲမှ ထွက်ခွာလာတော့သည်။

အိမ်အပြန်လမ်းခရီးတွင် လင်းတျန်ဟောက်မှာ ဝမ်ပေါင်လဲ့၏ဘေး၌ နေ၍ သူမရှိခဲ့စဉ်တုန်းက မြို့တော်ထဲ၌ ဖြစ်ပျက်ခေတ်သည့် ကိစ္စအဝဝကို ပြန်လည်အစီရင်ခံလိုက်၏။

ဝမ်ပေါင်လဲ့မှာ သာမန်အမူအရာဖြင့် လင်းတျန်ဟောက်၏ အစီရင်ခံစာများကို နားထောင်နေသည့်ပုံ ပေါ်ပါသော်လည်း အမှန်တကယ်တွင်မူ လင်းတျန်ဟောက်အား သေသေချာချာ အကဲခတ်နေခြင်းဖြစ်သည်။ လင်းတျန်ဟောက်၏ ခန္ဓာကိုယ်ပေါ်တွင် အမှောင်ချီများ ရှိမနေကြောင်း သေချာသွားသောအခါမှ သူသည် စိတ်အေးသွားရပြီး သက်ပြင်းချလိုက်တော့သည်။ ထို့နောက် သူသညါ မြို့တော်သခင်ရုံးဆီသို့ ပြန်မည့် သင်္ဘောပျံကြီးပေါ်သို့ တက်သွားလိုက်၏။ ဝမ်ပေါင်လဲ့မှာ အေးဆေးတည်ငြိမ်နေသည့် အမူအရာဖြင့် သင်္ဘောပျံကြီး၏ အစွန်း၍ ရပ်နေလိုက်၏။ သို့သော် သူသည် မည်သူမှ မသိအောင် သူ၏ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုကာ မန္တန်အစီအရင်ကြီးထဲသို့ ဝင်ရောက်သွားလိုက်ပြီး မြို့တော်ကြီးတစ်ခုလုံးကို စစ်ဆေးကြည့်ရှုလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ မန္တန်အစီအရင်ကြီးထဲသို့ ရောက်သွားသည်နှင့် သူ၏ မဟာပေါင်လဲ့ မန္တန်အစီအရင်ကြီးထဲ၌ အမှောင်ချီများဖြင့် ပြည့်နှက်နေသည်ကို ချက်ချင်းပင်အာရုံခံမိလိုက်၏။ ထိုအမှောင်ချီများမှာ လှိုဏ်ခေါင်းထဲမှ ထွက်ပေါ်လာခြင်းမဟုတ်ဘဲ သူ၏ မြို့တော်နှင့် ထိုမြို့တော်ထဲရှိ ကျင့်ကြံသူပေါင်း မြောက်မြားစွာဆီမှ ထွက်ပေါ်လာနေခြင်းဖြစ်သည်…

ထိုအမှောင်ချီများမှာ သူတို့ဆီမှ ထွက်ပေါ်လာကြပြီး မဟာပေါင်လဲ့ မန္တန်အစီအရင်ကြီး၏ စုပ်ယူခြင်းကို ခံနေရခြင်းဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ကယောင်ချောက်ချား ဖြစ်သွားရပြီး မဟာပေါင်လဲ့ မန္တန်အစီအရင်ကြီးအား ချက်ချင်းပင် စစ်ဆေးကြည့်လိုက်၏။ သူသည် အမှောင်ချီများကို အာရုံခံနိုင်စွမ်းရှိနေသောကြောင့် မဟာပေါင်လဲ့ မန္တန်အစီအရင်ကြီးထဲ၌ အလားတူ ဝိညာဉ်စွမ်းအင်တစ်မျိုး ရှိနေသည်ကို ချက်ချင်းပင် အာရုံခံမိသွားတော့သည်။

” တစ်ခုခုတော့ လွဲနေပြီ ” ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်ဆန်လာပြီး လင်းတျန်ဟောက်ဘက်သို့ လှည့်ကြည့်လိုက်၏။ သူသည် ဝမ်ပေါင်လဲ့အား အသက်ရှည်နည်းပညာရပ်အကြောင်း အစီရင်ခံရန် ပြင်ဆင်နေခြင်းဖြစ်သည်။

” အသက်ရှင်နည်းပညာရပ်ဆိုတဲ့ ပညာရပ်တစ်ခုလည်းရှိသေးတယ်။ အဲဒီပညာရပ်က ရုတ်တရက်ကြီး ပေါ်ပေါက်လာပြီးတော့ လူတွေကြားထဲမှာ ချက်ချင်းကို ပျံ့နှံ့သွားခဲ့တာ။ ကျနော်တို့တွေ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးတာတောင် မသင်္ကာဖြစ်စရာ တစ်ခုတလေတောင် ရှာမတွေ့ခဲ့ဘူး။ ဒါပေမဲ့ လက်ထောက်မြို့တော်သခင်နဲ့ ပူးပေါင်းပြီးတော့ အဲဒီပညာရပ် ဆက်ပြီးတော မပျံ့နှံ့နိုင်အောင် ထိန်းချုပ်ဖို့တော့ ဆုံးဖြတ်ထားတယ် ” လင်းတျန်ဟောက် ထိုအကြောင်းပြောပြလိုက်တော့အခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားရတော့သည်။ သူသည် ကြားဖြတ်ပြောဆိုခြင်းမရှိဘဲ လင်းတျန်ဟောက်၏ အစီရင်ခံစာကို အဆုံးအထိနားထောင်လိုက်၏။ ထို့နောက် သူတို့မှာ မြို့တော်သခင်ရုံးသို့ ရောက်ရှိသွားတော့သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို အမိန့်တစ်ခု ထုတ်ပြန်လိုက်၏။ သူတို့မှာ ရုံးသို့မသွားရဘဲ သူ၏အိမ်ရာဆီသို့ သွားကြရမည်ဖြစ်သည်။

သင်္ဘောပျံကြီး သူ၏အိမ်ရာဆီသို့ ရောက်ရှိလာသောအခါ ဝမ်ပေါင်လဲ့မှာ သာမန်အမူအရာဖြင့်သာ အပြင်ဘက်သို့ ထွက်လာ၏။ သူသည် လင်းတျန်ဟောက်နှင့် အခြားသူများ ထွက်ခွာသွားသည်အထိ စောင့်နေလိုက်ပြီးမှ သူ၏ အိမ်ရာထဲသို့ ဝင်သွားလိုက်၏။ သူ၏မျက်နှာအမူအရာမှာလည်း ချက်ချင်းဆိုသလိုပင် အလွန်အင်မတန်မှ တည်ကြည်သွားတော့သည်။ ထို့နောက် သူသည် မန္တန်အစီအရင်အား ဖွင့်ကာ တံခါးပိတ်လေ့ကျင်းရေး အခန်းထဲသို့ ဝင်သွားလိုက်၏။ အထဲသို့ရောက်သောအခါ သူသည် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး သူ၏ လုပ်ပိုင်ခွင့်အာဏာများကို အသုံးပြု၍ မန္တန်အစီအရင်ထဲသို့ နောက်ထပ်တစ်ကြိမ် ဝင်ရောက်သွားလိုက်တော့သည်။

ထိုအခါ မြို့တော်အသစ်ကြီး၏ မန္တန်အစီအရင်ကြီးမှတစ်ဆင့် မြို့တစ်မြို့လုံးထဲတွင် ရှိနေကြသည့် ကျင့်ကြံသူပေါင်းမြောက်မြားစွာ၏ ခန္ဓာကိုယ်ထဲ၌ အမှောင်ချီများ ရှိနေကြသည်ကို အာရုံခံမိလိုက်တော့သည်။ ထို့ကြောင့် သူသည် တည်ကြည်မှုအပြည့်ရှိသော မျက်နှာအမူအရဖြင့် လင်းတျန်ဟောက် သူ့ဆီသို့ ပေးပို့ထားသည့် အသက်ရှည်နည်းပညာရပ်ကို ထုတ်ယူလိုက်၏။ သူသည် ထိုပညာရပ်အား လေ့လာကြည့်လိုက်သောအခါ တစ်ခုခု လွဲနေသည်ကို ချက်ချင်းပင် သိလိုက်ရတော့သည်။

” ဒီပညာရပ်က ဘာပြဿနာမှ မရှိပါဘူး။ တခြားနေရာတစ်ခုခုမှာ လေ့ကျင့်မယ်ဆိုရင် ပြဿနာလုံးဝမရှိဘူး။ လှိုဏ်ခေါင်းကြီးရဲ့ အထက်မှာရှိပြီးတော့ အမှောင်ချီတွေနဲ့ ပြည့်နှက်နေတဲ့ မြို့တော်အသစ်ထဲမှာ လေ့ကျင့်မှသာ ဆိုးရွားတဲ့ ကိစ္စကြီးတစ်ခု ဖြစ်လာမှာ ”

” ဒီပညာရပ်က မဟာအင်္ဂါဂြိုဟ်မန္တန်အစီအရင်ကြီးရဲ့ တမူထူးခြားတဲ့ ဂုဏ်သတ္တိတစ်ခုဖြစ်တဲ့ လူတွေရဲ့ဝိညာဉ်ချီကို စုပ်ယူတဲ့အချက်ကို အသုံးချပြီး အမှောင်ချီတွေကို မဟာအင်္ဂါဂြိုဟ်မန္တန်အစီအရင်ကြီးထဲရောက်အောင် ပေးပို့နေတာပဲ။ ဒါ ပြည်ထောင်စုကြီးထဲက တစ်ယောက်ယောက်ရဲ့ လက်ချက်တော့မဖြစ်နိုင်ဘူး။ နတ်လုရားလက်နက်လှိုဏ်ခေါင်းကြီးရဲ့ လက်ချက်ဖြစ်နိုင်လောက်တယ်… ဒါပေမဲ့ ဂူထဲက သားရဲကြီးတွေ အကုန်လုံးက အသိဉာဏ်မှ မရှိကြဘဲ။ ဘယ်လိုလုပ်ပြီးတော့ ဒီလိုမျိုး အစီအစဉ်တစ်ခုကို စဉ်းစားမိနိုင်သွားရတာလဲ ” ဝမ်ပေါင်လဲ့မှာ ထိုအချက်ကို အစိုးရိမ်ဆုံးဖြစ်နေရ၏။ သူသည် တစ်ခဏမျှ တွေးတောလိုက်ပြီးမှ လက်ရှိတွင် အရေးကြီးဆုံးအရာမှာ မြို့တော်အသစ်ထဲရှိ အသက်ရှည်နည်းပညာရပ်အား ကျင့်ကြံထားသော လူများ၏ ခန္ဓာကိုယ်များထဲမှ အမှောင်ချီများကို ဖယ်ရှားပစ်ရန်သာဖြစ်သည်ဟု ဆုံးဖြတ်လိုက်တော့သည်။

နောက်ကွယ်မှကြိုးကိုင်နေသူကို ရှာဖွေနေခြင်းထက် ထိုကဲ့သို့ အရင်ဆုံးလုပ်ရန် လိုအပ်ပေသည်။ မန္တန်အစီအရင်ကြီး တည်ငြိမ်စွာရှိနေသေးသရွေ့ မြို့တော်အသစ်ကြီးမှာ ဘေးကင်းလုံခြုံကာ တည်ငြိမ်နေမည်သာဖြစ်သည်။ ၎င်းမှာ ပြောင်းလဲပစ်၍ မရနိုင်သော အခြေခံသဘောတရားတစ်ခုပင်ဖြစ်သည်။

” ကျောက်တုံးတစ်တုံးနဲ့ ငှက်နှစ်ကောင် ပစ်ပြီးတော့ နောက်ကွယ်က ကြိုးကိုင်‌နေတဲ့ကောင်ပါ အလိုလိုပေါ်‌လာအောင် လုပ်ရင်လုပ်လို့ရနိုင်တယ် ” ဝမ်ပေါင်လဲ့မှာ တွေးလိုက်ပြီးနောက် ဆုံးဖြတ်ချက်ချလိုက်တော့သည်။ သူသည် ပြတ်သားမှရမည် ဖြစ်သည်။ ထို့ကြောင့် သူသည် မစဉ်းစားမဆင်ခြင်ဘဲ ပြုမူကာ ရန်သူအား နိုးနိုးကြားကြား ဖြစ်သွားအောင် လုပ်လိုက်မည်ဖြစ်သည်။

သို့သော် ထိုသို့မလုပ်ခင် အထူး ဓမ္မအဆောင်အချို့အား ပြင်ဆင်ထားရန်လိုအပ်ပေသည်။ ကံကောင်းစွာပင် မြို့တော်ကြီး တစ်ခုလုံးမှာ ဧရာမ ထာဝရခံတပ်ကြီးတစ်ခု မဟုတ်ပါလော။ ဝမ်ပေါင်လဲ့သာ ဝင်ရောက်ခွင့်ရှိသည့် ၎င်း၏ အတွင်းပိုင်းအကျဆုံး နေရာများထဲတွင် မရေမတွက်နိုင်လောက်အောင် များပြားသော ရုပ်သေးရုပ်ပေါင်းမြောက်မြားစွာ ရှိနေ၏။ ဝမ်ပေါင်လဲ့မှာ ဓမ္မအဆောင်များ သန့်စင်ရာ၌ အခြားသူများထက် ပို၍ အသာစီးရထားသည်သာဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset