” အမှောင်ဂိုဏ်း ဟုတ်လား ” ကျင့်သိုမင်မှာ ကြက်သေသေသွားရ၏။ သူသည် ထိုဂိုဏ်း၏နာမည်ကို ယခုမှ ပထမဆုံးအကြိမ်အဖြစ် ကြားဖူးခြင်းဖြစ်သည်။ ကျောက်ပင်ဖန်မှာ ကမ္ဘာပေါ်မှ ဂိုဏ်းတစ်ခုအကြောင်းကို ပြောနေခြင်းမဟုတ်နိုင်ကြောင်း သူက သိထား၏။ အမှောင်ဂိုဏ်းမှာ နတ်ဘုရားလက်နက် လိုဏ်ခေါင်းကြီးနှင့် တစ်နည်းနည်းဖြင့် ဆက်နွယ်နေရမည်မှာ အသေအချာပင်။ သူ၏ သုံးသပ်ချက်များအရဆိုလျှင် ထိုဂိုဏ်းမှာ အခြားဂြိုလ်တစ်ခုပေါ်ရှိ လူနေမှုအဖွဲ့စည်းတစ်ခုထဲမှ ဖြစ်နိုင်ပေသည်။
ကျင့်သိုမင်၏ ခေါင်းထဲ၌ အတွေးမျိုးစုံပေါ်ပေါက်လာ၏။ သို့သော် ဝမ်ပေါင်လဲ့တစ်ယောက် ” အမှောင်ဂိုဏ်း ” ဟူသော စကားလုံးအား ကြားလိုက်ရချိန်တွင် မျက်လုံးများ အနည်းငယ်ခန့် မှေးသွားသည်ကို သူက သတိမထားမိလိုက်ပေ။ ဝမ်ပေါင်လဲ့၏ နှလုံးသားထဲတွင်မူ ခံစားချက်မျိုးစုံဖြင့် ယောက်ယက်ခတ်နေရပြီဖြစ်သည်။ ကျောက်ပင်ဖန်မှာ အမှောင်ဂိုဏ်းအကြောင်းကို သိနေလိမ့်မည်ဟု သူက မထင်ထားခဲ့ပေ။
သို့သော် ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ထိန်းချုပ်သည့်နေရာတွင် လိမ္မာပါးနပ်မှုရှိကာ ကျွမ်းကျင်နေဆဲပင်။ ထို့ကြောင့် သူသည် ဇဝေဇဝါဖြစ်နေသည့်ပုံစံ ဟန်ဆောင်လိုက်ပြီး မေးခွန်းတစ်ခု မေးလိုက်၏။
” အမှောင်ဂိုဏ်း ဟုတ်လား ”
ကျောက်ပင်ဖန်ကမူ ဝမ်ပေါင်လဲ့နှင့် ကျင့်သိုမင်တို့ပေါ်သို့ အာရုံရောက်မနေခဲ့ပေ။ သူ၏ စကားများမှာ မေးခွန်းတစ်ခုဟု ထင်ရပါသောလည်း အမှန်တွင်မူ သူ့ကိုယ်သူ စကားပြောနေခြင်းသာဖြစ်သည်။ ဝမ်ပေါင်လဲ့နှင့် ကျင့်သိုမင်တို့ နှစ်ယောက်စလုံးမှာ အမှောင်ဂိုဏ်း၏ အကြောင်းကို သိရှိထားလိမ့်မည်မဟုတ်ဟု သူက ယုံကြည်ထား၏။ ၎င်းမှာ ရှေးခေတ်တုန်းက ရှိခဲ့သည့် လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းကြီးတစ်ခု ဖြစ်နေသည်မဟုတ်ပါလော။ ထိုကိစ္စနှင့်ပတ်သက်၍ နှစ်ပေါင်းများစွာ လေ့လာခဲ့သော သူကိုယ်တိုင်ပင်လျှင် နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးအား ရှာဖွေတွေ့ခဲ့ပြီးနောက် အကျိုးအပဲ့ အပိုင်းအစပေါင်း များစွာပေါ်၌ မှတ်တမ်းတင်ထားသော ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီး၏ သမိုင်းကြောင်းအား လေ့လာပြီးခဲ့သည့်အချိန်မှသာ သဲလွန်စအချို့ကို ရရှိခဲ့သည် ဖြစ်သည်။
” အမှောင်ဂိုဏ်း ဘုန်းမီးနေလ တောက်ပခဲ့တဲ့အချိန်တုန်းက သူတို့က စကြဝဠာကြီး တစ်ခုလုံး၍ ပြန်လည်မွေးဖွားခြင်း သံသရာကို ထိန်းချုပ်ခဲ့ပြီးတော့ ဝိညာဉ်တွေကို ကြယ်စင်စုတွေတစ်လျှောက် လမ်းပြပေးခဲ့တာ…. အမှောင်ဂိုဏ်းကို စကြဝဠာကြီးရဲ့ သေမင်းအရှင်သခင်လို့တောင် သတ်မှတ်လို့ရတယ် ”
” သူတို့နဲ့ ပိုပြီးတော့သင့်တော်တဲ့ နောက်ထပ်နာမည်တစ်ခု ရှိသေးတယ်လို့ ငါထင်တယ်။ အဲဒီနာမည်ကတော့…. မိုးကောင်းကင်တာအိုပဲ ”
” သူတို့က မိုးကောင်းကင်တာအိုလည်း ဖြစ်ရင်ဖြစ်နေလိမ့်မယ်၊ မိုးကောင်းကင်တာအိုက ဖန်တီးပေးလိုက်တဲ့ အရာတစ်ခုလည်း ဖြစ်ရင်ဖြစ်နေလိမ့်မယ်၊ ဒါမှမဟုတ် သူတို့က စကြဝဠာကြီး တစ်ခုလုံးရဲ့ စည်းမျဉ်းဥပဒေတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ တာဝန်ယူထားရတဲ့ မိုးကောင်းကင်တာအိုရဲ့ သံတမန်တွေလည်း ဖြစ်ရင်ဖြစ်နေနိုင်တယ် ”
” အပိုင်းအစတချို့ထဲမှာ ရှာတွေ့ခဲ့တဲ့ မှတ်တမ်းတွေအရဆိုရင် အစပိုင်းတုန်းက တချို့ကတော့ အမှောင်ဂိုဏ်းကို အပြင်မှာ တကယ်မရှိတဲ့ အရာတစ်ခုဆိုပြီးတော့ သတ်မှတ်ခဲ့ကြတာ။ ဒါပေမဲ့ အပျက်အစီးတွေ တစ်ခုပြီးတစ်ခု ရှာဖွေတွေ့ရှိခဲ့ပြီးတော့ အမှောင်အဆောင်တွေလည်း ပေါ်ပေါက်လာလာမလို့ အမှောင်ဂိုဏ်း တကယ်ရှိခဲ့တယ်ဆိုတဲ့အချက်က သက်သေအခိုင်လုံ ရှိသွားပြီ။ အဲ့တာအပြင် အဲဒီဂိုဏ်းရဲ့ ဘုန်းမီးနေလတောက်ပခဲ့တဲ့ အချိန်တွေက အနာဂတ်က လူတွေ စိတ်ကူးနဲ့ မမှန်းဆနိုင်တဲ့ အဆင့်မှာ ရှိနေခဲ့တာ ” ကျောက်ပင်ဖန်၏ မျက်ဝန်းများထဲတွင် လေးစားကြည်ညိုကာ ရီဝေဝေဖြစ်နေသည့် အရိပ်အယောင်များကို မြင်ရပေသည်။ သူ၏ လေသံမှာလည်း ပို၍စိတ်လှုပ်ရှားသည်ပုံ ပေါက်လာ၏။ သူသည် ရိုသေကျိုးနွံမှုနှင့် လွမ်းဆွတ်တောင့်တမှုများကြောင့် မျှော်လင့်တကြီး ဖြစ်နေသည့်ပုံပေါက်နေတော့သည်။
” မင်းတို့ စိတ်ကူးနဲ့ မှန်းကြည့်လိုက်စမ်း။ အမှောင်ဂိုဏ်းကလူတွေ စကြဝဠာကြီးတစ်ခုလုံးထဲမှာ လှည့်လည်သွားလာနေတဲ့ မြင်ကွင်းကို။ အသက်သေဆုံးသွားတဲ့ သတ္တဝါတွေ ရှိနေတဲ့နေရာတိုင်းမှာ အမှောင်ဂိုဏ်းက လူတစ်ယောက်ယောက်က သူတို့ကို လမ်းညွှန်ပေးနေမှာ… ဒီနံရံပန်းချီကြီးက အမှောင်ဂိုဏ်းက လူတစ်ယောက် အသက်သေဆုံးသွားတဲ့ သတ္တဝါတွေရဲ့ ဝိညာဉ်တွေကို လမ်းပြပြီးတော့ မကြာခင် သက်တမ်းကုန်တော့မယ့် ကြယ်ကြီးရဲ့ အဝေးဆီ ခေါ်သွားတဲ့ မြင်ကွင်းကို သရုပ်ဖော်ရေးဆွဲထားတာ ”
” ငါ ရှာတွေ့ထားတဲ့ စာရွက်စာတမ်းတွေထဲက အချက်အလက်တွေကို ထပ်ပြီးတော့ မဖော်ထုတ်နိုင်တော့တာ နှမြောစရာပဲ။ ဟိုးရှေးရှေးတုန်းက အမှောင်ဂိုဏ်းက ဒီလူကြီးက ပျောက်ကွယ်သွားခဲ့တာ။ သူက အသက်သေဆုံးသွားတာလည်း ဖြစ်ရင်ဖြစ်မယ်။ ဒါမှမဟုတ် အဝေးကိုထွက်သွားတာလည်း ဖြစ်ရင်ဖြစ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက မရှိတော့ဘူး ”
” ဒါပေမဲ့ အမှောင်ဂိုဏ်း လုံးဝမရှိတော့ရင်တောင် သူတို့ချန်ရစ်ခဲ့တဲ့ အရာတွေကတော့ ရှိနေတုန်းပါပဲ။ အင်္ဂါဂြိုဟ်နတ်ဘုရားလက်နက်က သာမန်နတ်ဘုရားလက်နက်တစ်ခု မဟုတ်ဘူး။ ငါ့ရဲ့ ခွဲခြမ်းစိတ်ဖြာမှုတွေနဲ့ လေ့လာသုံးသပ်ချက်တွေအရဆိုရင် အဲဒီ လက်နက်ကြီးက အမှောင်ဂိုဏ်းခေတ်ပြီးတော့ ကျန်ရစ်ခဲ့တဲ့ အမှောင်အဆောင်တစ်ခု ဖြစ်နိုင်ခြေ အများကြီးရှိတယ် ” ကျောက်ပင်ဖန်မှာ အသက်ပြင်းပြင်းရှူကာ တစ်ယောက်တည်း တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် သူ၏ညာဘက်လက်ကို မြှောက်၍ ဝှေ့ယမ်းလိုက်၏။ ထိုအခါ သူတို့၏ ပတ်ပတ်လည်ရှိ ကြယ်တာရာကောင်းကင်ယံကြီးမှာ ပျောက်ကွယ်သွားပြီး ဂူတစ်လုံး၏ အတွင်းပိုင်းအဖြစ်သို့ ပြန်၍အသွင်ပြောင်းသွားတော့သည်။ နံရံဆေးရေးပန်းချီပေါ်ရှိ အနက်ရောင်ဝတ်ရုံနှင့် လူကြီးနှင့် လှေကလေးတို့မှာလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။ အရာအားလုံးမှာ ပုံမှန်အတိုင်းပြန်ဖြစ်သွား၏။
သို့သော် ဝမ်ပေါင်လဲ့နှင့် ကျင့်သိုမင်တို့ နှစ်ယောက်စလုံးမှာ အသက်ရှူသံများ မြန်ဆန်လာကြပြီး ရင်ခုန်နှုန်းများ ဗြောင်းဆန်လာရတော့သည်။ ကျင့်သိုမင်ကမူ အမှောင်ဂိုဏ်းမှာ ရှေးခေတ်တုန်းက ပုံပြင်ဇာတ်လမ်းတစ်ပုဒ်ဟု မှတ်ယူထား၏။ သို့သော် ထိုဇာတ်လမ်းမှာ မြို့တော်အသစ်ထဲရှိ နတ်ဘုရားလက်နက်လှိုဏ်ခေါင်းနှင့် တိုက်ရိုက်ဆက်နွယ်မှုတစ်ခု ရှိနေသည်မဟုတ်ပါလော။ ထို့ကြောင့် ရှေးခေတ်တုန်းက အတိတ်နှင့် ယခုလက်ရှိ ပစ္စုပ္မန်ကြီးတို့မှာ ရောယှက်သွားကြသကဲ့သို့ ဖြစ်နေသောကြောင့် သူ၏ မျက်ဝန်းများထဲ၌ ထူးဆန်းသော အလင်းရောင်တစ်ခု ဝင်းလက်စွာ တောက်ပလာတော့သည်။ သူ၏နှလုံးသားထဲ၌ အမှောင်ဂိုဏ်းကြီး စကြဝဠာကြီးထဲ၌ လှည့်လည်သွားလာခဲ့သည့် ရှေးယခင်တုန်းက အချိန်များကို အထင်ကြီးအြံဩကာ လွမ်းဆွတ်တမ်းတနေသည့် ခံစားချက်များ ပေါ်ပေါက်လာတော့သည်။
ထို့အပြင် သူသည် သေခြင်းတရားနှင့် ပြန်လည်မွေးဖွားခြင်းတို့ကို ထိန်းချုပ်နိုင်စွမ်း ရှိနိုင်လောက်အောင် အစွမ်းထက်ချင်နေ၏။
ဝမ်ပေါင်လဲ့မှာလည်း ကျင့်သိုမင်ကဲ့သို့ပင် အံ့အားသင့်နေသည့်ပုံပင်။ သို့သော် သူ၏ စိတ်ထဲ၌ ခံစားနေရသော အံ့ဩတုန်လှုပ်မှုများမှာ သူ၏ တအံ့တဩဖြစ်နေသော မျက်နှာအမူအရာထက် အများကြီးပို၍ သာလွန်နေပြီ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော သူသည် အမှောင်ဂိုဏ်းအကြောင်းကို သိရှိထားသည်ဖြစ်သလို သူကိုယ်တိုင်လည်း အမှောင်ပညာရပ်အား လေ့ကျင့်နေသောကြောင့်ဖြစ်သည်။ တစ်ခါတစ်ရံတွင်ဆိုလျှင် သူသည် အမှောင်ဂိုဏ်းမှ တစ်ယောက်ယောက်နှင့် ဆွေမျိုးတော်စပ်နေသည်လားဟုပင် ခံစားခဲ့ရ၏။
သူ၏ လက်ရှိ ရာထူးအဆင့်အတန်းနှင့် အမှောင်ဂိုဏ်း၏ သမိုင်းအကြောင်းကို နားထောင်နေရသောကြောင့် ဝမ်ပေါင်လဲ့မှာ အကြီးအကျယ် အံ့ဩတုန်လှုပ်နေရ၏။ မမလေးမှာ ထိုကဲ့သို့ အသေးစိတ်အချက်အလက်များကို ထုတ်ပြောခဲ့ခြင်း မရှိဘဲ အပေါ်ယံမျှသာ ရှင်းပြခဲ့သည်ဖြစ်သည်။
ကျောက်ပင်ဖန်၏ စကားများကြောင့် ဝမ်ပေါင်လဲ့မှာ အမှောင်ဂိုဏ်းအကြောင်းကို ပို၍နားလည်လာတော့မည်ဟု ခံစားလိုက်ရ၏။ သူသည် လိုအင်ဆန္ဒမှာမူ ကျင့်သိုမင်နှင့် မတူပေ။ သူသည် အမှောင်ပညာရပ်အား ဆက်လက်လေ့ကျင့်ပြီး ထိပ်ဆုံးအဆင့်အထိ ကျွမ်းကျင်တတ်မြောက်သွားမည်ဆိုပါက သူသည်လည်း စကြဝဠာကြီးထဲ၌ လှည့်လည်သွားလာနိုင်စွမ်း ရှိနေမည်လားဟု တွေးနေမိတော့သည်။
ထိုအတွေးကြောင့် ဝမ်ပေါင်လဲ့မှာ ရင်ခုန်နှုန်းများ မြန်ဆန်လာရပြီး အသက်ရူသံများ လေးလံလာရတော့သည်။ ထို့နောက် သူနှင့်ကျင့်သိုမင်တို့မှာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်ကြပြီး ကျောက်ပင်ဖန်အား လှမ်းကြည့်လိုက်ကြကတော့သည်။
ကျောက်ပင်ဖန်မှာမူ ပြန်လည်တည်ငြိမ်သွားပြီဖြစ်သည်။ ထို့ကြောင့် သူသည် နောက်သို့လှည့်လာပြီး ဝမ်ပေါင်လဲ့နှင့် ကျင့်သိုမင်တို့အား ကြည့်လိုက်၏။ သူသည် အမှောင်ဂိုဏ်းအကြောင်း ဆက်ပြောချင်နေသည့်ပုံ ပေါက်နေပါသော်လည်း ထိုအချိန်တွင် သူ၏ အသံလွှင့်လက်စွပ်မှာ တုန်ရီသွား၏။ ထို့ကြောင့် သူသည် ၎င်းအား စစ်ဆေးကြည့်လိုက်သောအခါ မျက်မှောင်ကြုတ်သွားရ၏။ နောက်ဆုံးတွင် သူသည် စကားစဖြတ်လိုက်ပြီးနောက် ထွက်ခွာသွားတော့သည်။
သူသည် ထွက်မသွားခင်တွင် အမျိုးသမီး ပုံရိပ်ယောင်အား ဆင့်ခေါ်လိုက်ပြီး ထိုနှစ်ယောက်အား အခြားစမ်းသပ်ခန်းသုံးခန်းဆီသို့ လိုက်ပြပေးရန် မှာလိုက်၏။ ထို့အပြင် သူသည် မြို့တော်သစ်ထဲ၌ လေ့လာရေးစက်ရုံတစ်ခု တည်ဆောက်မည့် အဆိုပြုချက်ကိုလည်း သဘောတူလိုက်၏။
” လေ့လာရေးစက်ရုံအသစ် တည်ဆောက်ဖို့ကတော့ ငါ ခွင့်ပြုပေးနိုင်တယ်။ ဒါပေမဲ့ မင်းတို့မှတ်ထားရမှာက နတ်ဘုရားလက်နက် လှိုဏ်ခေါင်းကြီးက အမှောင်ဂိုဏ်းနဲ့ ပတ်သက်နေတယ်ဆိုတဲ့ အချက်ပဲ။ အဲ့တာမလို့ မင်းတို့တွေ အမြဲတမ်း သတိဝီရီယ ရှိနေဖို့လိုတယ်။ နံရံကြီး ပျောက်သွားတာနဲ့ အချိန်အကြာကြီး ပျောက်ကွယ်နေခဲ့တဲ့ အမှောင်ဂိုဏ်းနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို တစ်ပိုင်းတစ်စလောက်ပဲ ဖြစ်ဖြစ် ရှာတွေ့ကောင်း တွေ့နိုင်ပါရဲ့ ” ကျောက်ပင်ဖန်မှာ ထိုသို့ဆိုလိုက်ပြီးနောက် ထွက်ခွာသွားရန် ပြင်လိုက်တော့သည်။ သူ၏ မျက်ဝန်းများထဲ၌ စိုးရိမ်စိတ်များကို အထင်သားမြင်နေရသောကြောင့် သူလက်ခံရရှိလိုက်သည့် အသံလွှင့်အကြောင်းကြားစာမှာ သူ့အတွက် အလွန်အင်မတန်မှ အရေးကြီးရမည်ဖြစ်ကြောင်း သိသာထင်ရှားပေသည်။ သို့သော် ကျောက်ပင်ဖန်မှာ အခန်းနံပါတ်သုံး၏ အပေါက်ဝသို့ ရောက်သွားသောအချိန်တွင် ခြေလှမ်းများ ရပ်တန့်သွား၏။ ထို့နောက် သူသည် နောက်သို့လှည့်ကာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်ရင်း ရုတ်ခြည်းဆိုသလို ဆိုလိုက်တော့သည်။
” ဝမ်ပေါင်လဲ့။ မုန့်တွေလျှော့စားပြီး လေ့ကျင့်ခန်းများများလုပ်။ မင်းက ပဏာမအဆင့်သုံး မြို့တော်သခင်တစ်ယောက်လေ။ အချိန်တိုင်း မုန့်တွေချည်းပဲ စားနေလို့ ဘယ်ဖြစ်မလဲ။ မတင့်တယ်ဘူးလေ။ ပြီးတော့ ကျင့်ကြံခြင်းအပိုင်းမှာလည်း ကြိုးစားဦး။ အမြုတေအဆင့်ကို အမြန်ဆုံး ရောက်နိုင်အောင်လုပ် ” ကျောက်ပင်ဖန်မှာ ဝမ်ပေါင်လဲ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ ထိုသို့ဆိုလိုက်ပြီးနောက် ထွက်ခွာသွားတော့သည်။
ဝမ်ပေါင်လဲ့မှာမူ အနည်းငယ်ခန့် ဆွံ့အသွားရ၏။ ကျောက်ပင်ဖန် နောက်ဆုံးပြောခဲ့သည့် စကားအချို့မှာ တစ်ခုခု လွဲနေသည်ဟု သူက ခံစားလိုက်ရ၏။
” သူက ငါ့အဖေ မဟုတ်ဘဲနဲ့ ဘာလို့ ငါ့အဖေလို့ လေသံနဲ့ စကားပြောနေရတာလဲဟ။ ပြီးတော့ ငါက ဒီလောက်ပိန်နေတာကို။ ဘာကိစ္စ ဝိတ်လျှော့ရမှာလဲ ”
ဝမ်ပေါင်လဲ့မှာ မကျေမချမ်းဖြစ်ကာ သံသယများစွာဖြင့် ကျင့်သိုမင်နှင့်အတူ အမျိုးသမီး ပုံရိပ်ယောင်၏ နောက်သို့ လိုက်သွားလိုက်ပြီး နောက်ထပ် စမ်းသပ်ခန်း သုံးခန်းဆီသို့ သွားရောက်လည်ပတ်လိုက်၏။ သို့သော် နောက်ဆုံးအခန်းသုံးခန်းမှာ လေ့လာစမ်းသပ်မှုအပိုင်းကိုသာ ပို၍ အာရုံစိုက်ထားကြသည်ဖြစ်သောကြောင့် သူတို့မှာ မည်သည့်အရာကိုမှ နားမလည်နိုင်ခဲ့ပေ။ ထို့အပြင် သူတို့မှာ အမှောင်ဂိုဏ်းကြီးနှင့် ပတ်သတ်၍ သိခဲ့ရသော အကြောင်းရာများကြောင့် ကယောင်ချောက်ချား ဖြစ်နေကြဆဲပင်။ သို့ဖြစ်ရာ သူတို့မှာ နောက်ဆုံးသုံးခန်းထဲရှိ အရာများကို လေ့လာချင်စိတ် မရှိကြတော့ပေ။ ထို့ကြောင့် ခဏအကြာတွင် အမျိုးသမီး ပုံရိပ်ယောင်မှာ သူတို့နှစ်ယောက်အား လေ့လာရေးစက်ရုံ၏ အပြင်ဘက်သို့ ပြန်၍ခေါ်သွားလိုက်တော့သည်။
သူတို့နှစ်ယောက် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးထဲသို့ ရောက်သွားသောအခါမှသာ ဝမ်ပေါင်လဲ့၏ နှလုံးသားမှာ ပြန်လည်တည်ငြိမ်သွားရ၏။ သူသည် နောက်သို့လှည့်လာပြီး မမလေးတည်း တထေရာတည်းတူနေသည့် အမျိုးသမီး ပုံရိပ်ယောင်အား စိုက်ကြည့်နေလိုက်၏။ ထို့နောက် သူသည် အဆုံးမရှိလောက်အောင် ကျယ်ပြောနေပြီး လျှို့ဝှက်ချက်ပေါင်းများစွာ ကိန်းအောင်းနေသော လေ့လာရေးစက်ရုံကြီးအား ငေးကြည့်နေမိတော့သည်။ ထိုစက်ရုံကြီးထဲတွင် ပြည်ထောင်စုကြီးဘက်မှ အများပြည်သူအား အသိမပေးလိုသည့် လျှို့ဝှက်ချက်ပေါင်း မြောက်မြားစွာ ထပ်၍ရှိနေရဦးမည်ဟု သူက အာရုံခံမိနေ၏။
” ဒီစက်ရုံထဲမှာ ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်ယောက် ရှိနေရင်ရော။ ဘယ်သူက တပ်အပ်ပြောရဲမှာလဲ ” ဝမ်ပေါင်လဲ့မှာ တိုးတိုးလေး ရေရွတ်လိုက်၏။ ထို့နောက် သူသည် အဖြေမထွက်နိုင်သော် မေးခွန်းပေါင်း မြောက်မြားစွာဖြင့် ကျင့်သိုမင်နှင့်အတူ တည်နေရာပြောင်းရွှေ့သွားတော့သည်။
သူတို့နှစ်ယောက် ပင်မအင်္ဂါဂြိုဟ်မြို့တော်ထဲ၌ ပြန်ပေါ်လာကြသည့်အချိန်တွင် သူတို့နှစ်ယောက်စလုံးမှာ သက်ပြင်းအရှည်ကြီး ချလိုက်ကြ၏။ သူတို့မှာ ထိုမြို့တော်ထဲ၌ ဆက်မနေတော့ဘဲ သင်္ဘောပျံကြီးတစ်စင်းပေါ်သို့တက်ကာ မြို့တော်အသစ်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားကြတော့သည်။
ကျင့်သိုမင်မှာ ထိုခရီးစဉ်နှင့်ပတ်သက်၍ အလွန်အင်မတန်မှ ကျေနပ်နေ၏။ သူသည် လျှို့ဝှက်ချက်ပေါင်း မြောက်မြားစွာကို လေ့လာသိရှိခဲ့ရသည် မဟုတ်ပါလော။ အရေးကြီးဆုံး အချက်မှာ လေ့လာရေးစက်ရုံတစ်ခု တည်ဆောက်လို့သည့် သူတို့၏ အဆိုပြုချက်အား ထောက်ခံချက် ရရှိသွားခဲ့ခြင်းပင်။ သူသည် ဝမ်ပေါင်လဲ့အား သူနှင့်အတူ ခေါ်ဆောင်လာခဲ့သည်မှာ အမြော်အမြင်ရှိသော လုပ်ရပ်တစ်ခုဖြစ်ကြောင်း မှတ်ယူလိုက်၏။
သူသည် ဝမ်ပေါင်လဲ့အား မပြောပြထားဖူးပါသော်လည်း ယခင်တုန်းက သူတစ်ယောက်တည်း ကျောက်ပင်ဖန်ဆီသို့ သွားရောက်လည်းပတ်ရန် တောင်းဆိုခဲ့ဖူးသည်ဖြစ်သည်။ သို့သော် ကျောက်ပင်ဖန်မှာ လျစ်လျူရှုခဲ့၏။ ထို့ကြောင့်လည်း ကျင့်သိုမင်မှာ သေသေချာချာ စဉ်းစားတွေးတောပြီးနောက် နောက်ထပ်တစ်ကြိမ် တောင်းဆိုသည့်အချိန်တွင် ဝမ်ပေါင်လဲ့၏ အမည်ကို ထည့်ပြောခဲ့ခြင်းဖြစ်သည်။
ထိုအခါမှသာ ကျောက်ပင်ဖန်မှာ သူတို့အား လက်ခံဆုံတွေ့ရန် သဘောတူခဲ့၏။
ကျင့်သိုမင်မှာ သူ၏ထောက်ခံချက်အား ရရှိလိုက်ပြီးနောက် ပြင်ဆင်မှုမြောက်မြားစွာကို ပြုလုပ်ခဲ့၏။ ဝမ်ပေါင်လဲ့မှာ ကျောက်ပင်ဖန်၏ရှေ့တွင် အိုးနင်ခွက်နင်း ဖြစ်နေနိုင်လောက်ပေသည်ဟု သူက တွေးထားခဲ့၏။ အကယ်၍ ထိုသို့သာဖြစ်လာပါက သူ့ဘက်မှ ပြန်၍ အဖတ်ဆယ်ပေးရန် လိုအပ်မည်ဖြစ်သည်။ ကြီးမြတ်လှသော ဆရာကျောက်မှာ သူ့အတွက် အသုံးမလိုတော့ပါက စွန့်ပစ်ခဲ့မည့် လူစားမျိုးတော့ မဖြစ်တန်ရာ။
” ဒါပေမဲ့ ဆရာကျောက်က အပေါ်ယံပဲ ကြည့်ပြီးတော့ အကဲဖြတ်ခဲ့တာလေ။ ဝမ်ပေါင်လဲ့က မဆိုးဘူးလို့ သူက သတ်မှတ်လိုက်တာများလား။ ဖြစ်နိုင်ဘူး။ ဒါပေမဲ့ အဲ့လိုမဟုတ်ရင်လည်း ဘာလို့ သူက ဒီလောက် လျှို့ဝှက်ချက်တွေ အများကြီး ပြောပြခဲ့တဲ့အပြင် ဝမ်ပေါင်လဲ့ကို ဓမ္မလက်နက် သန့်စင်ခြင်းပညာရပ်နဲ့ ပတ်သတ်ပြီးတော့ ပိုပြီးနားလည်သွားအောင် သွယ်ဝိုက်တဲ့နည်းနဲ့ ကူညီပေးခဲ့ရတာလဲ…. ” ကျင့်သိုမင်မှာ သံသယများစွာ ရှိနေပါသော်လည်း သူ့ရရှိလိုက်သည့် အကျိုးမြတ်များကြောင့် ကျေနပ်နေဆဲပင်။
ဝမ်ပေါင်လဲ့မှာလည်း အကျိုးအမြတ်များစွာ ရရှိလိုက်သည်ဟု မှတ်ယူထား၏။ သူသည် အမှောင်ဂိုဏ်း၏ သမိုင်းကြောင်း တစ်ပိုင်းတစ်စကို လေ့လာနိုင်ခဲ့သလို ဓမ္မလက်နက်များ၏ မိုးကောင်းကင်လှုံ့ဆော်ခြင်းအပိုင်းကိုလည်း နားလည်သွားခဲ့သည်မဟုတ်ပါလော။
ထိုသမိုင်းကြောင်းအား လေ့လာသိရှိခဲ့ရသဖြင့် သူ၏ သိမှုနယ်ပယ်များ ကျယ်ပြန့်သွားခဲ့ရပြီး မိုးကောင်းကင်လှုံ့ဆော်ခြင်းအား နားလည်သွားခဲ့သောကြောင့် ဓမ္မလက်နက်များ လေ့လာရာ၌ အထောက်ကူများစွာ ရရှိသွားတော့မည်ဖြစ်သည်။
သို့သော် ကျောက်ပင်ဖန် သူ့အား ကြည့်ခဲ့သည့်အကြည့်များနှင့် နောက်ဆုံး၌ ပြောခဲ့သောစကားများမှာ အနည်းငယ်ခန့် ထူးဆန်းနေသည်ဟု သူက ခံစားနေရဆဲပင်။ ထို့ကြောင့် သူသည် ကျင့်သိုမင် သူ့အား သူနှင့်အတူ ခေါ်သွားရသည့်အကြောင်းကို တွေးတောကြည့်လိုက်၏။ သူသည် အသေးစိတ်အချက်အလက်များကို မသိနိုင်ပါသော်လည်း ကျင့်သိုမင်မှာ ယခုလို သွားရောက်လေ့လာခွင့်နှင့် သူ၏ တောင်းဆိုချက်အတွက် လိုအပ်သော ထောက်ခံချက်အား ရရှိနိုင်ရန် သူ့ကို အသုံးချခဲ့ခြင်း ဖြစ်ကြောင်း အာရုံခံမိနေဆဲပင်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်ခုံးများပင့်ကာ ကျင့်သိုမင်အား ရုတ်တရက်ဆိုသလို ပခုံးပုတ်လိုက်၏။ ထို့နောက် သူသည် ခပ်ရေးရေးမျှ ပြုံးကာ ဆိုလိုက်၏။
” ဘော်ဒါဟောင်းကြီး ကျင့်ရေ။ ငါ လတ်တလောမှာ ဓမ္မလက်နက်တွေကို လေ့လာနေတာကွာ။ အဲ့တာ ပစ္စည်းအလုံအလောက်မရှိဘူး ဖြစ်နေတာ။ အဲ့တာမလို့ ငါ့ကို အခုငါးဆယ်လောက် ငှားပါလား ”
စိတ်ရွှင်လန်းချမ်းမြေ့နေသော ကျင့်သိုမင်မှာ ဝမ်ပေါင်လဲ့၏ တောင်းဆိုမှုကို ကြားလိုက်ရသောအခါ ချက်ချင်းပင်ငြင်းဆန်လိုက်၏။
” ငါ့ကို ဓားပြသာ တိုက်သွားပါတော့လား။ ငါ့ဆီမှာ အဲ့လောက်များတဲ့ ဓမ္မလက်နက်တွေ ရှိနေတဲ့ပုံ ပေါက်နေလို့လားဟ။ မငှားနိုင်ပါဘူး။ ”
” တကယ်လား။ ဟုတ်ပြီလေ။ ငါက မြို့တော်အသစ်ထဲမှာ လေ့လာရေးစက်ရုံတစ်ခု အရေးတကြီး မလိုဘူးလို့ ခံစားနေရတာ။ ပြီးတော့ ဆရာကျောက်က ငါ့ကို အထင်လွဲနေတဲ့ပုံပဲ။ ထားလိုက်ပါ။ ပြန်ရောက်မှပဲ ဘုရင်ခံနဲ့ စကားသွားပြောလိုက်မယ်။ လေ့လာရေးစက်ရုံကိုတော့ ဆောက်မနေတော့ဘူး ” ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ နှာမှုတ်လိုက်ပြီး တည်ကြည်စွာ ဆိုလိုက်၏။ ကျင့်သိုမင်မှာ သူ၏ကိုယ်ပိုင် စီမံကိန်းအတွက် သူ၏ ဩဇာအာဏာများကို အသုံးချရန် ကြံစည်နေသည်ဖြစ်ကြောင်း တွေးလိုက်၏။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ သူ့ဆီမှ တစ်ခုခု ပြန်မရပါက ခွင့်ပြုနိုင်မည် မဟုတ်ပေ ”
ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်သောအခါမှ ကျင့်သိုမင်မှာ ရှုံ့မဲ့စွာ ပြုံးလိုက်ပြီး ဝမ်ပေါင်လဲ့မှာ သူ၏မကျေနပ်ချက်များကို ထုတ်ဖော်ပြသနေခြင်းဖြစ်ကြောင်း ရိပ်မိသွား၏။ သူသည် မည်သည့်နည်းလမ်းကို သုံးရသုံးရ အကျိုးအမြတ်တစ်ခု ပြန်ရအောင်လုပ်ရန် စိတ်ပိုင်းဖြတ်ထားသည်ဖြစ်သည်။
” တစ်ခု… ငါ ကျိန်ရဲတယ်ကွာ။ ငါ့ဆီမှာ နှစ်ခုပဲ ရှိတာကွ။ ငါ့မိသားစုက ငါ့ကို ထပ်ပေးမှာမဟုတ်တော့ဘူး။ အဲ့တာမလို့ မင်းကို တစ်ခုပဲ ငှားလို့ရမှာ ”
” တစ်ခုပဲလားကွ။ အဆင်မပြေဘူးနော်။ ထားပါတော့ကွာ။ ဒီလောက် တန်ဖိုးကြီးတဲ့အရာကို မင်းက စေတနာသန့်သန့်နဲ့ လက်ဆောင်ပေးနေမှတော့လည်း ငါက ငြင်းလို့ ဘယ်ကောင်းပါ့မလဲ။ မင်း စိတ်မကောင်းဖြစ်သွားရမှာပေါ့။ ဟုတ်ပြီလေ။ ငါ မင်းရဲ့လက်ဆောင်ကို ယူလိုက်ပါ့မယ်။ နောက်တစ်ခါတော့ မရဘူးနော် ” ဝမ်ပေါင်လဲ့မှာ သူ၏ဗိုက်ကိုပုတ်ကာ ပခုံးတွန့်၍ ဆိုလိုက်၏။ သူ၏မျက်နှာအမူအရာမှာမူ ကြံရာမရ ဖြစ်နေသည့်ပုံ ပေါက်နေ၏။
ကျင့်သိုမင်မှာမူ ရူးသွပ်လုမတတ် ခံစားနေရပြီဖြစ်သည်။ သူသည် ငှားရုံမျှသာ ငှားမည်ဟု ဆိုခဲ့ခြင်းဖြစ်ပြီး သူ့အား အလကားပေးမည်ဟု ပြောခဲ့ခြင်းမဟုတ်ပေ…. သို့သော် ဝမ်ပေါင်လဲ့၏ လုံးဝအရှက်မရှိသော လုပ်ရပ်များကို သူက ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းမဟုတ်ပေ။ သို့သော်ငြားလည်း သူသည် ဓမ္မလက်နက်တစ်ခု ဆုံးရှုံးလိုက်ရသဖြင့် ခံစားနေရသည့် နာကျည်းမှုကြီးကို မဖြေဆည်နိုင်လောက်အောင် ဖြစ်နေရ၏။ သို့သော် ဝမ်ပေါင်လဲ့မှာ သူလိုချင်သည့်အရာကို မရပါက ဘုရင်ခံဆီသို့ အကြောင်းကြားစာတစ်စောင် အမှန်တကယ် ပေးပို့လိုက်မည်သာဖြစ်ကြောင်း သူကသိထား၏။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့တစ်ယောက် အမှန်အတိုင်း မသိသေးသည့်အတွက် မိုးကောင်းကင်ကြီးအား ကျေးဇူးတင်နေမိတော့သည်။ အကယ်၍ သူသာ အမှန်အတိုင်း သိသွားမည်ဆိုပါက ယခုထက်ပို၍ ငွေညှစ်နေဦးမည်သာဖြစ်သည်။ ထို့ကြောင့် ကျင့်သိုမင်မှာ အံကြိတ်ကာ ဆိုလိုက်ရ၏။
” အေးပါ။ ဒါပေမဲ့ ဒီကိစ္စ ဒီမှာတင်ပြီးပြီနော် “