Switch Mode

အခန်း ( ၁၇၀ )

နတ်မိမယ်လေး လင်ဖေး

မိန်းမငယ်လေးမှာ အမွှေးနံ့သာများကို လိမ်းကျံထားလေရာ ငယ်ရွယ်နုပျိုကာ လှပကျော့ရှင်းဟန် အထင်းသားပေါ်လွင်နေသည်။ သို့သော်လည်း သူမက လွန်ကဲစွာ လိမ်းကျံထားလေရာ အထက်တန်းစား ပြည့်တန်ဆာအဖြစ် သိသာထင်ရှားနေသည်။ ခြုံငုံ၍ပြောရလျှင်မူ သူမက အမှန်တကယ် လှပသည်။

သန်မာထွားကြိုင်းသောလူမှာ ပြုံးလိုက်ပြီး ဟိုယွင်ချင်အားအနီးရှိစားပွဲတစ်ခုဆီသို့ အလျင်အမြန်ခေါ်ဆောင်သွားလိုက်သည်။
“ညီလေး ယွင်ချင်…။ ငါက မင်းကိုစောင့်နေတာကွ။ လာခဲ့…လာခဲ့။ ငါနဲ့အတူတူလာထိုင်”

ဟိုယွင်ချင်မှ ပိုင်ရှောင်ချန်းအား တောင်းပန်သည့်အကြည့်ဖြင့်ကြည့်လိုက်သည့်အခါမှ သန်မာထွားကြိုင်းသောလူမှာ နောက်ဆုံးတွင် သတိပြုမိသွားလေသည်။

“ခင်ဗျားက ဒီမှာ လူသစ်ဖြစ်ပုံရတယ်” သူက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားက ဧည့်သည်ပဲလေ။ ယွင်ချင်ရဲ့ မိတ်ဆွေဘယ်သူမဆို ကျုပ်မိတ်ဆွေပဲပေါ့။ ကျုပ်က လီယိုသောက် ပါ။ ဒီစားသောက်ပွဲကို ကျုပ်တို့ လီမျိုးနွယ်စုက တမန်တော် တုလင်ဖေးကို ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပပေးတာဖြစ်တယ်။ ဒါကနည်းနည်း… အပြေးအလွှားလုပ်ခဲ့ရတာဆိုတော့ ပစ္စည်းတွေကို ဖြစ်သင့်တဲ့အတိုင်း ကောင်းကောင်းမစီစဥ်လိုက်ရဘူးဗျာ။ ကျေးဇူးပြုပြီး ကျုပ်တို့ရဲ့ လိုအပ်ချက်တွေအတွက် ခွင့်လွှတ်ပေးပါဗျာ” သူက အရမ်းကျေနပ်နေသည့်ပုံပေါ်ကာ ဟိုယွင်ချင်နှင့် ပိုင်ရှောင်ချန်းအား စားပွဲများဆီသို့ဆွဲခေါ်ကာ အတူတကွထိုင်လိုက်တော့သည်။ လီယိုသောက်၏အနီးတွင် အလွန်ချစ်စရာကောင်းပြီး ဣန္ဒြေရှိသော မိန်းမငယ်လေးတစ်ယောက်မှာ တိတ်ဆိတ်စွာထိုင်နေလေသည်။

” တကယ်ကို အလောတကြီးပါပဲဗျာ ” လီယိုသောက်ကပြောလေသည်။ “ကျုပ်ဆီမှာပဲ ရနိုင်တဲ့ အဆင့်တစ် အဆင့်မြင့်စိတ်စွမ်းအင်ဆေးလုံးကနေ ဖောက်ထားတဲ့ ဒီစိတ်စွမ်းအင်သေရည်။ တကယ်လို့ ကျုပ်တို့သာအချိန်ရခဲ့ရင် အဆင့်နှစ်အဆင့်မြင့် စိတ်စွမ်းအင်ဆေးလုံးကနေထုတ်တဲ့ဟာကို ကျိန်းသေရမှာဗျာ” သူက သက်ပြင်းချလိုက်သည်။ သို့သော်သူ၏မျက်နှာပေါ်ရှိ ဂုဏ်ယူနေသည့်ဟန်ကို ဖုံးကွယ်၍မရချေ။ သူနှင့် ဟိုယွင်ချင်တို့မှာ နှစ်ပေါင်းများစွာ တိတ်တဆိတ်ယှဥ်ပြိုင်နေခဲ့သည်ဖြစ်ပြီး ယခုတွင်မူ သူ့ကို သူ့အဆင့်သူသိစေရန် လုပ်ခွင့်ရပြီဖြစ်သည်။

ထိုအချိန်တွင် လီယိုသောက်၏ဘေးတွင် ထိုင်နေသော မိန်းမငယ်လေးမှာ စကားပြောလေသည်။

“ယိုသောက်..” သူမကဆိုသည်။ “အဲ့လောက်ကြီး ကျိုးနွံမနေနဲ့လေ။ အဆင့်တစ် အဆင့်မြင့် စိတ်စွမ်းအင်ဆေးလုံးကနေဖောက်ထားတဲ့သေရည်နဲ့ ဧည့်ခံတဲ့မျိုးနွယ်စုဆိုတာ အရှေ့ဘက်သစ်တောဒေသမှာ တွေ့ရခဲပါတယ်။ ဖန်ခွက်အသေးလေးတစ်ခွက်ကိုတောင် စိတ်စွမ်းအင်ကျောက်တုံးရာချီနဲ့ပေးဝယ်ရတာ”

သူမ၏မြှောက်ပင့်ပြောဆိုခြင်းမှာ လီယိုသောက်၏နားထဲတွင် သီချင်းသံလေးကဲ့သို့ဖြစ်နေသည်။

“အာ…ဘယ်က ရာနဲ့ချီတဲ့ စိတ်စွမ်းအင်ကျောက်တုံးဖြစ်ရမှာလဲ” သူက ပြောလေသည်။ “ဒါလေးက စိတ်စွမ်းအင်သေရည်လေးပါပဲကွာ။ သောက်..သောက် ယွင်ချင်ရ။ မင်းနဲ့ မင်းသူငယ်ချင်းက ဒီဟာကို သောက်ကြည့်သင့်တယ်။ ဒီသေရည်က အရှေ့ဘက်သစ်တောဒေသမြို့မှာတောင် တကယ် ရှာရခက်တယ်ကွ” ထိုသို့ပြောကာ ဟိုယွင်ချင်နှင့် ပိုင်ရှောင်ချန်း၏ခွက်များကို ဖြည့်ခိုင်းရန် အစေခံတစ်ဦးအားလက်ပြလိုက်လေသည်။

ဟိုယွင်ချင်မှာ အနည်းငယ်ရှက်သွားပုံပေါ်သည်။ သူ၏မျိုးနွယ်စုမှာ အတော်အတန်ချမ်းသာသော်လည်း သူကအဆင့်တစ် အဆင့်မြင့် စိတ်စွမ်းအင်ဆေးလုံးမှ ဖောက်ထားသောသေရည်ကိုတစ်ခါသာသောက်ဖူးလေသည်။ ခဏလောက်တုံ့ဆိုင်းသွားပြီးနောက် အရှက်ပြေပြုံးလိုက်ကာ တစ်ငုံသောက်လိုက်လေသည်။

ပိုင်ရှောင်ချန်းကသေရည်ကို အလွန်စိတ်ဝင်စားစွာဖြင့်စူးစမ်းနေသည်။ အနံ့ခံကြည့်ပြီးနောက် သူကစိတ်ပျက်သွားလေသည်။ ရှင်းလင်းစွာပင် မသန့်စင်မှုပမာဏမှာ အလွန်မြင့်နေလေသည်။

လီယိုသောက်မှာ ဟိုယွင်ချင်၏ တုံ့ပြန်မှုကိုမြင်ကာ လွန်စွာကျေနပ်နေလေသည်။ သို့သော် ပိုင်ရှောင်ချန်း၏မျက်နှာအမူအယာကိုမြင်လိုက်ရသောအခါ သူ၏ကျေနပ်နေမှုမှာလျော့ကျသွားလေသည်။ သူ့အားခေါင်းအစခြေအဆုံးကြည့်လိုက်ပြီးနောက် ဟိုယွင်ချင်ကိုသာ သူ့အဆင့်သူသိစေရန် လုပ်ရုံမျှမက သူ၏သူငယ်ချင်းကိုပါ တချိန်တည်း ရိုက်ချသင့်ကြောင်းဆုံးဖြတ်လိုက်လေသည်။

“အစ်ကိုကြီး အားမရသေးဘူးလား။ အာ…စိတ်မပူပါနဲ့ဗျာ..။ ဒီစားသောက်ပွဲမှာ ကျုပ်တို့က နတ်မိမယ် လင်ဖေးအတွက်လည်း ခဏကြာရင် စီစဥ်ပေးတော့မှာ။ ဒါပေမဲ့ ကျုပ်တို့က ရှားပါးတဲ့စားစရာတွေကို ကျွေးမွေးဖို့ပြင်ဆင်နေတုန်းမို့ပါ။ နတ်မိမယ်လင်ဖေးက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကို ဘယ်လောက်လွမ်းကြောင်းအမြဲပြောတာကို ကျုပ်ကြားဖူးတယ်။ ဒါကြောင့်မို့ လီမျိုးနွယ်စုက သူမရဲ့အိမ်ကိုသတိရစေဖို့ ဝိညာဥ်အမြီးကြက်အတွက် ပိုက်ဆံအများကြီးသုံးလိုက်ရတယ်ဗျ”

“ကိုယ်လူတို့…..ဝိညာဥ်အမြီးကြက်သားချပေးကွာ” ဟက်ဟက်ပက်ပက်ရယ်မောရင်းသူ၏လက်ကို ဝေ့ယမ်းလိုက်သည့်အခါ အစေခံတစ်ဦးမှာ ရွှေလင်ဗန်းဖြင့်သယ်လာလေသည်။ ရွှေလင်ဗန်းပေါ်တွင် ကြွပ်ရွနေသော ဝိညာဥ်အမြီးကြက်သားကင်ရှိလေသည်။

လင်ဗန်းပင် အလွန်အဖိုးတန်ပုံပေါ်ပြီး သုံးရောင်ခြယ်ဝိညာဥ်အမြီးနှင့် ပေါင်းဖက်လိုက်သောအခါဝယ် အလွန်လှပတင့်တယ်နေသည်။ ကြက်သားကိုလည်း ပယင်းရောင်ရင့်သည်အထိ ကင်ထားပြီး ပုံစံကြည့်လိုက်သည်နှင့် တမူထူးခြားမှန်းသိသာလှသည်။ ယခုမှမီးဖိုထဲမှထုတ်လာပုံရပြီး ကြက်ကင်နံ့က မွှေးပျံလာလေသည်။ ဧည့်သည်အတော်အများမှာ အံ့အားသင့်လျက် ကြည့်လာကြလေသည်။

“ဝိညာဥ်အမြီးကြက်တဲ့လား။ လီမျိုးနွယ်စုက တကယ်ကိုအရမ်းချမ်းသာတာပဲ”

“စားပွဲတိုင်း ဝိညာဥ်အမြီးကြက်ကို ချပေးတာပဲလား။ ကြည့်စမ်းပါဦး…ဒီကောင်တွေက ဒီနားပတ်ဝန်းကျင်မှာ မွေးထားတဲ့အကောင်တွေမဟုတ်ဘူးကွ။ သူတို့ကို ဘယ်ကများဝယ်ခဲ့တာလဲကွာ”

ထိုနေရာများတွင် ထိုင်နေသူများဆီမှ တုံ့ပြန်မှုများကို ကြားလိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ အံ့အားသင့်၍ မျက်တောင်တဖျတ်ဖျတ်ခတ်မိလိုက်လေသည်။ “ဒါလေးက ဝိညာဥ်အမြီးကြက်လေးပဲ မဟုတ်ဘူးလား”

သူ၏နှုတ်မှ ထိုစကားထွက်သွားပြီးပြီးချင်း လီယိုသောက်၏ဘေးနားတွင် ထိုင်နေသော လှပသည့်မိန်းမငယ်လေးက မထီမဲ့မြင်စွာဖြင့် ပြောလေသည်။
“သခင်လေးယွင်ချင်ရယ်…။ ရှင့်သူငယ်ချင်းက ဘယ်လိုစကားပြောရမလဲဆိုတာကို တကယ်ကောသိရဲ့လား။ ဒါလေးက ဝိညာဥ်အမြီးကြက်လေးပဲ မဟုတ်ဘူးလား တဲ့။ မသိရင် သူကပဲ အများကြီးစားဖူးတဲ့ပုံနဲ့”

လီယိုသောက်က ထိုမိန်းကလေးငယ်အား စကားကို လက်လွတ်စပယ် မပြောသင့်ကြောင်းသတိပေးသကဲ့သို့ စိုးရိမ်စွာကြည့်လိုက်သည်။ သို့သော်လည်း တကယ်တမ်းတွင် ပိုင်ရှောင်ချန်းက အလွန်ကြွားလုံးထုတ်နေသည်ဟု သူကခံစားရလိုက်သည်။ စိတ်ထဲတွင် ဒေါသထွက်လာသော်လည်း အပြင်ဘက်တွင် ယဥ်ကျေးစွာဖြင့် ရှင်းပြချက်ပေးနေလေသည်။

” မိတ်ဆွေ….။မင်းနားလည်မှုလွဲသွားမှာ ငါမလိုချင်ပါဘူးကွာ။ ဒီဝိညာဥ်အမြီးကြက်တွေက သာမန်တော့မဟုတ်ဘူးကွ။ ဒီကြက်တွေကို ငါ့လီမျိုးနွယ်စုက မွေးထားခဲ့တာမဟုတ်ဘူး။ စိတ်စွမ်းအင် နတ်ရေစင်ဂိုဏ်းက ယူလာတာ ”

“ပိုပြီးတိတိကျကျပြောရရင်တော့ကွာ… စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ တောင်ဘက်ခြမ်းကနေပေါ့ ” သူကစကားကို ညင်ညင်သာသာပြောဆိုနေသော်လည်း ထိုနေရာရှိလူများကကြားသွားကြပြီး မကြာမီတွင် ပင့်သက်ရှိုက်သံများထွက်ပေါ်လာသည်။

ဟိုယွင်ချင်သည်ပင် လီယိုသောက်၏ ချမ်းသာခြင်းကို ပင့်သက်ရှိုက်မိရုံမှလွဲ၍ မတတ်နိုင်ခဲ့ပေ။

လီယိုသောက်မှာ ဟိုယွင်ချင်နှင့် လူအုပ်ကြီး၏ တုံ့ပြန်မှုကိုအကျေနပ်ကြီးကျေနပ်သွားလေသည်။ သူ့ကိုယ်သူလွန်စွာဂုဏ်ယူလျက် ဆက်ပြီးထပ်မံရှင်းပြလေသည်။

“စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ တောင်ဘက်ခြမ်းက ဝိညာဥ်အမြီးကြက်တွေဟာ အရမ်းကိုရှားပါးသွားပြီ။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ကြက်သူခိုးမိစ္ဆာ လို့သိကြတဲ့ ကြက်သူခိုးကြောင့် ထုတ်လှုပ်မှုတော်တော်ကိုလျော့ကျသွားခဲ့တယ်။ ဒါကြောင့် အခုဆိုရင် တောင်ဘက်ခြမ်းရဲ့ဝိညာဥ်အမြီးကြက်တွေက လေလံတင်ရောင်းချတာနဲ့ စျေးအများကြီးပေးမှသာဝယ်လို့ရတော့တာ။ ဒီကောင်တေွကရှာရတာလွယ်တယ်ဗျ။ အစိမ်းရောင်အရိုးတွေနဲ့ လှပတဲ့အမြှီးတွေရှိတယ်လေ။ တခြားကြက်မျိုးတွေနဲ့စာရင်တော့ တော်တော်ကို ကွဲပြားတယ် ”

“ဒါပေမဲ့လည်းဗျာ…” သူက မြည်တမ်းလေသည်။ “အဲ့ဒီ အထင်သေးစရာကောင်းတဲ့ ကြက်သူခိုးမိစ္ဆာ ကို ကျေးဇူးတော့တင်သင့်သားဗျ။ သူကအရူးလို စိတ်လွတ်လက်လွတ် ခိုးတော့ တောင်ဘက်ခြမ်းက ဝိညာဥ်အမြီးကြက်တွေမျိုးသုန်းခါနီးဆဲဆဲကိုဖြစ်သွားတာလေ” ထိုသို့ပြောကာသူက
ကြက်သူခိုးမိစ္ဆာ အကြောင်းပြောလိုက် ကျိန်ဆဲလိုက်နှင့်လုပ်နေလေသည်။ သူ၏အဖော်မိန်းမငယ်လေးကလည်း စကားဝိုင်းထဲဝင်ပြောလာပြီး ပတ်ဝန်းကျင်ရှိဧည့်သည်များကပါ သူတို့ထင်မြင်ရာများကိုပြောသံများမှာ ပဲ့တင်ထပ်၍ထွက်လာလေသည်။

ကြက်သူခိုးမိစ္ဆာကိုလူတိုင်းက အပြစ်တင်ဝေဖန်နေသောအခါ ပိုင်ရှောင်ချန်းက ခြောက်ကပ်ကပ် ချောင်းဟန့်လိုက်လေသည်။

ထိုအချိန်တွင် လူတစ်စုရောက်ရှိလာသည်။ ကျင့်ကြံခြင်းမျိုးနွယ်စုများမှ ယောက်ျားပီသကာ ချောမောသော လူငယ်လေးများက မိန်းမလှလေးအနားတွင် စုပြုံဝန်းရံနေကြလေသည်။ သူမက ကြာပွင့်လေးများနှင့်ဆင်တူသည့် ရှည်လျားသောဂါဝန်ကိုဝတ်ဆင်ထားပြီး သူမ၏အသားအရည်နှင့်လည်း လိုက်ဖက်ညီကာ သူမ၏ဆံပင်ရှည်ကိုထုံးဖွဲ့ကာ ငွေရောင်ဆံထိုးထိုးထားလေသည်။ သူမက ပုလဲနှင့်လက်ဝတ်ရတနာများကိုဆင်မြန်းထားပြီး နူးညံ့သိမ်မွေ့ပြီး ကျက်သရေရှိစွာလျှောက်လှမ်းလာလေသည်။ သူမ၏မျက်လုံးလေးများမှာ ကြယ်ပွင့်လေးများအလား တလက်လက် တောက်ပနေပြီး သူမအားပို၍ပင်လှပသွားစေသည်။

ကံမကောင်းစွာပင် အလိုမကျဟန်ဖြင့် သူမ၏နဖူးကြောလေး တွန့်ကွေးသွားလေရာ သူမ၏ထူးကဲသောအလှမှာ တိမ်များအောက်သို့ ဝင်ရောက်သွားသည့် ငွေလမင်းကြီးအလား မှိုင်းညို့သွားသည်။ သူမကိုကြည့်ရသည်မှာ အရေးကြီးကိစ္စတစ်ခုခုအား ပူပန်သွားသည့်ပုံပေါ်လေသည်။ သို့တိုင်အောင် သူမကအားတင်းကာ ပြုံးလိုက်ပြီး သူမကို ပိုးပန်းနေသော လူငယ်များထဲမှ တစ်ယောက်အား အသံနှိမ့်၍စကားပြောလိုက်လေသည်။

ထိုလူငယ်မှာ အတတ်နိုင်ဆုံး ဖုံးကွယ်ထားရန် ကြိုးစားသော်လည်း သူမ၏စကားကိုနားထောင်နေစဥ် သူ့မျက်လုံးများတွင် မိန်းမပျိုအား ချစ်ခင်မြတ်နိုးဟန် အထင်းသား ပေါ်လွင်နေသည်။

ထိုမိန်းမငယ်လေးမှာ တုလင်ဖေးမှလွဲ၍တခြားသူမဟုတ်ပေ။

သူမက လူများ၏ အာရုံအစိုက်ခံရသူချက်ချင်းပင်ဖြစ်သွားလေသည်။ ထို့အပြင် စွမ်းအား သို့မဟုတ် တန်ခိုးအာဏာရှိခြင်းကြောင့် သူမ၏ရှေ့မှောက်တွင်ရှိနေသော သူများက သူမအား ဦးခေါင်းကိုငုံ၍အရိုအသေပေးလိုက်ကြသည်။

သူမ၏ပတ်ဝန်းကျင်တွင် လူများစုရုံးနေပါသော်လည်း ပိုင်ရှောင်ချန်းက သူမကို ချက်ချင်းပင်မြင်လိုက်လေသည်။ ပထမပိုင်းတွင် သူ တွေဝေငေးမောသွားသည်။ သူတို့တစ်ဦးကိုတစ်ဦး မတွေ့ရတော့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေသော်လည်း သူမကို ယခင်ကထက်ပင် ရင်းနှီးနေမိသလို ခံစားနေရသည်။ ထို့ပြင် ယခင်ကထက်ပို၍လှပလာသလို မြင့်မြတ်ပြီး ဣေန္ဒြရှိသော မိန်းမပျိုလေးတစ်ယောက် ဖြစ်လာခဲ့သည်။ သူမက ကြီးမားသောရာထူးကို ဆုပ်ကိုင်ထားခဲ့ရခြင်းကြောင့် ထိုသို့ဖြစ်လာဟန်လည်း ရှိသည်။

သူတို့၏ပထမဆုံးတွေ့ဆုံချိန်တုန်းကကဲ့သို့ နုနယ်ပြီး အကျိုးအကြောင်း ခွဲခြားမသိတတ်သော အလှတရားများ မရှိတော့ဟန်တူသည်။ သို့တိုင် သူမအား ကြည့်နေသည့်အချိန်တွင် ယခင်ကတုလင်ဖေးနှင့် ယခုပို၍လှပလာသောတုလင်ဖေးမှာ တဖြည်းဖြည်းပေါင်းစပ်သွားခဲ့သည်။

သူတို့ဝေးကွာသွားချိန်တွင် ပိုင်ရှောင်ချန်းမှာ ယောက်ျားပီသသူတစ်ယောက် ဖြစ်လာခဲ့ပြီး သူမကလည်းပိုမိုလှပလာသည်။ သူမက အရှေ့ဘက်သစ်တောမြို့မှ ကျင့်ကြံသူမျိုးနွယ်စုများကို သိမ်မွေ့စွာထိန်းချုပ်လိုက်မှုကြောင့် အပြင်လူအများစုမှာ မယုံနိုင်ကြပေ။

“နတ်မိမယ်လေး…တုလင်ဖေး” လီယိုသောက်က ပြောလိုက်ကာ သူ၏မျက်လုံးများ လှုပ်ခတ်နေကာ အရောင်လက်နေသည်။ သူမအား တစ်ချက်ကြည့်ရုံဖြင့်ပင် သူမထံမှ အကြည့်ကို လွှဲဖယ်၍ မရတော့ချေ။ သူမ၏ မျိုးနွယ်စုများအပေါ် ကျွမ်းကျင်စွာ အုပ်ချုပ်နိုင်ခြင်းကြောင့် သူကသူမအား ရူးရူးမူးမူးချစ်လျက်ရှိ၏။

သူ၏ဘေးတွင်ထိုင်နေသော အထက်တန်းစား ပြည့်တန်ဆာလေးမှာ နှိုင်းယှဥ်ကြည့်လိုက်မှုကြောင့် ဖြူဖျော့သွားလေသည်။ အရှိန်အဝါ ကြီးမားသောတုလင်ဖေး၏ မျက်နှာကိုမကြည့်ရဲသည့်အတွက် သူမမှာ ခေါင်းကိုငုံ့လိုက်ရန်မှလွဲပြီး တခြားရွေးချယ်စရာမရှိပေ။

ထိုအချိန်တွင် ဟိုယွင်ချင်မှာ ပိုင်ရှောင်ချန်းအပေါ်မှီလိုက်ကာ တိတ်တဆိတ်ပြောကြားလိုက်သည်။ “နတ်မိမယ်လေးတုလင်ဖေးက အရှေ့သစ်တောမြို့ကိုဘာမှမပါပဲလာတာလေ။ ကျေနာ်မှတ်မိသေးတယ်။ သူမက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရှိတဲ့ဘက်ကို မကြာခဏ ငေးကြည့်နေပြီး တစ်ခုခုကို စဥ်းစားနေတတ်တယ်။ သူမက ကောင်းကောင်းမွန်မွန်လုပ်နိုင်ခဲ့လိမ့်မယ်လို့ ဘယ်သူမှမတွေးမိခဲ့ဘူးဗျ။ အရင်က ဘယ်တမန်တော်တွေမှ သူမလို မလုပ်ဆောင်နိုင်ခဲ့ဘူး။ သူမက မျိုးနွယ်စုတွေကြား ငြိမ်သက်အေးချမ်းမှုကိုထိန်းသိမ်းထားပြီး တစ်ခါမှမဖြစ်ပျက်ခဲ့ဖူးတဲ့ သဟဇာတဖြစ်မှုတွေကို ယူဆောင်ပေးခဲ့တယ် ”

“မျိုးနွယ်စုခေါင်းဆောင်တချို့က အရမ်းကိုအထင်ကြီးကြပြီး စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းဆီမှာ သူမကို တမန်တော် အဖြစ်သက်တမ်းတိုးပေးဖို့ အကြိမ်ကြိမ်သွားစည်းရုံးခဲ့တယ်တဲ့”

လီယိုသောက်မှာ သူမအား တောက်ပနေသောမျက်ဝန်းအစုံဖြင့်စိုက်ကြည့်နေစဥ် ဟိုယွင်ချင်မှာ ပိုင်ရှောင်ချန်းအားတီးတိုးပြောပြနေသည်။ ထိုအချိန်တွင် တုလင်ဖေးက သူမဘေးရှိ လူငယ်လေးနှင့်စကားပြောနေသည်မှာလည်း ပြီးဆုံးသွားသည်။

သူမက ရှေ့ဆက်သွားရန် ပြင်လိုက်စဥ်မှာပင် သူမ၏အကြည့်မှာ လူအုပ်ကိုဖြတ်၍ လီယိုသောက်၏စားပွဲဆီသို့ရောက်လာသည်။

သူမ၏မျက်လုံးမှာပြူးကျယ်သွားပြီး မယုံနိုင်ဟန်၊ အံ့အားသင့်ဟန်များက သူမ၏မျက်နှာတွင် ဖြတ်ပြေးသွားသည်။ ရုတ်တရက် သူမ၏ပတ်ဝန်းကျင်မှလူများအားလုံးပျောက်ကွယ်သွားသည့်အလား သူမ၏ကမ္ဘာထဲတွင်လူတစ်ယောက်သာ ကျန်ရစ်လေသည်။

သူမသည် အသက်ရှူရန်ပင် မေ့လျော့နေသည့်အလား
သူမ၏ရင်မှာ နိမ့်ချည်မြင့်ချည်ဖြစ်နေကာ စားပွဲဆီသို့ဦးတည်၍လျှောက်လာသည်။ လူတိုင်းမှာ သူမ၏အပြုအမူကြောင့်အံ့အားသင့်နေလေသည်။ အထူးသဖြင့် လီယိုသောက်မှာ ခြေထောက်များ တဆတ်ဆတ် တုန်ခါလာလေသည်။

“သူ…..သူမက တကယ်ကြီး ငါ့ကိုလာတွေ့တာပဲ” သူ၏ခေါင်းတစ်ခုလုံး ချာချာလည်နေပြီး သူ၏နှလုံးသားမှာလည်း အရှိန်အဟုန်ပြင်းစွာ တဒိန်းဒိန်းခုန်နေသည်။ သူ့မျက်နှာထက်တွင် ပျော်ရွှင်နေသည့်အရိပ်အယောင်များမှာ ထိန်းချုပ်ခြင်းငှာ မစွမ်းသာတော့ဘဲ သူမဆီသို့ ချက်ချင်းပင် လျှောက်သွားလေတော့သည်။

“နတ်မိမယ်လေး တုလင်ဖေး…..” သူကပြောလေသည်။ သူက စကားဆက်ပြောရန်ပြင်လိုက်သော်လည်း တုလင်ဖေးက သူ့အားတစ်ချက်မျှ လှည့်မကြည့်ဘဲ ဖြတ်လျှောက်သွားလေသည်။ သူပါးစပ်အဟောင်းသားဖြစ်သွားကာ သူ့ပခုံးကိုကျော်လျက် တုလင်ဖေးအား လှည့်ကြည့်လိုက်သောအခါ သူမက စားပွဲရှေ့တွင်ရပ်လိုက်ကာ လူတစ်ဦးတည်းကိုသာကြည့်နေလေသည်။

“ပိုင်ရှောင်ချန်း….ရှင်က ဒီရောက်နေတာကိုး…… ”
သူမရပ်နေဟန်လေးမှာ လွန်စွာချစ်မြတ်နိုးဖွယ်အတိ ဖြစ်နေသည်။ သူမ၏မျက်လုံးလေးများမှာ ကြယ်ပွင့်လေးများအလား ဝင်းလက်တောက်ပနေပြီး သူမကို ကြည့်နေကြသည့် လူတိုင်းမှာ ထိန်းချုပ်မရနိုင်တော့ဘဲ သူတို့၏ နှလုံးသားထဲမှ ချစ်စိတ်များ တဖွားဖွား ပေါ်ပေါက်နေတော့သည်။

သူမက ပိုင်ရှောင်ချန်း၏နာမည်ကို ပြောလိုက်သည့် တဒင်္ဂလေးမှာပင် စားသောက်ပွဲရှိ ဆူဆူညံညံအသံများ ပျောက်ကွယ်သွားကာ တိတ်ဆိတ်ငြိမ်သက်ခြင်းသာ ကြီးစိုးလာသည်။ အံ့သြ တုန်လှုပ်နေလျက် လူများသည် ပိုင်ရှောင်ချန်းအား လှည့်ကြည့်လာကြလေသည်။

လူတိုင်းက ပိုင်ရှောင်ချန်းမှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ဂုဏ်ထူးဆောင်ဂိုဏ်းသားဖြစ်ကြောင်း နှင့် ဂိုဏ်းခေါင်းဆောင်၏ ဂိုဏ်းတူညီလေးဖြစ်ကြောင်း ကိုသိကြလေသည်။ သူနှင့်ပတ်သက်သောနောက်ဆုံးသတင်းမှာ အခြေခိုင်မာခြင်းအဆင့် မြင့်မြတ်သောနယ်မြေတစ်ခုဆီသို့ သွားခဲ့ကြောင်းသာ ဖြစ်သည်။

“အင်း…ငါရောက်လာခဲ့တာ… ” ပိုင်ရှောင်ချန်းက ပြုံး၍ပြောလေသည်။ ရုတ်တရက် လောချိန်မျိုးနွယ်စုဆီမှ ထွက်ပြေးလာကြစဥ် ဂူထဲရှိအချိန်တချို့ကို သူပြန်အမှတ်ရသွားလေသည်။ သူမကမီးဖိုဘေးတွင် ဖြူဖပ်ဖြူရော်ဖြစ်လျက် ထိုင်နေသည့်တိုင် အလွန်အမင်း လှပနေခဲ့သည်။

ဟိုယွင်ချင်က သူ့ မျက်နှာထက်တွင် အံ့အားသင့်သွားဟန်များကို ချက်ချင်းဆင်မြန်းလိုက်သည်။ သူက တုန်ရီလှိုက်မောသည့်အသွင်နှင့် ခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်ရင်း ဒူးထောက်ကျသွားတော့မည့်အလား ပြုမူလိုက်ကာ လက်ညှိုးထိုးလျက် အခြားသူများကြားနိုင်လောက်အောင် တတ်နိုင်သလောက် အသံအကျယ်ကြီးနှင့် ပြောလေသည်။ “ခ…ခင်…ခင်ဗျားက….. ပိုင်ရှောင်ချန်းးးလား”

ထိုအခိုက် အမျိုးမျိုးသော မျိုးနွယ်စုများမှ ကျင့်ကြံသူများက သူတို့၏မျိုးနွယ်စုမှသတင်းအသစ်ပေးလိုက်သဖြင့် ကိုင်ထားသည့်အိတ်ထဲမှ ကျောက်စိမ်းပေလွှာများကို ထုတ်ယူလိုက်ကြသည်။

ထိုအခါ သူတို့၏နှလုံးသားထဲတွင် အံ့အားသင့်နေရာမှ အံ့သြတုန်လှုပ်သည့်လှိုင်းများ ရိုက်ခတ်လာသည်။ လူများမှာ ပင့်သက်ရှိုက်မိသွားပြီး ပိုင်ရှောင်ချန်းကိုကြည့်ကာ စိတ်ရှုပ်ထွေးလျက်ရှိနေကြသည်။

ကျောက်စိမ်းပေလွှာအမျိုးမျိုးတွင် တူညီသောသတင်းအချက်အလက်ပါဝင်ေနသည်။

“ပိုင်ရှောင်ချန်းက ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့်ကို ရောက်သွားခဲ့ပြီ။ သူနဲ့တွေ့ဆုံတဲ့ ဘယ်မျိုးနွယ်စုဝင်မဆို သူ့ကို အထူးလေးစားရမယ်။ မျိုးနွယ်စုကို သူ့အကြောင်း ချက်ချင်းသတင်းပေးရင် ကြီးမားတဲ့ဆုလာဘ်ရမယ် “

Comment

Leave a Reply

Options

not work with dark mode
Reset