Switch Mode

အခန်း(၄၃)

မိန်းမတွေက ရေလိုပဲတဲ့… ကောင်းလိုက်တဲ့စာဆိုကွာ…

အခန်း (၄၃) : မိန်းမတွေက ရေလိုပဲတဲ့… ကောင်းလိုက်တဲ့စာဆိုကွာ…

“ကျွန်တော်က ရှေးဦးအဆီအနှစ် လေးလံရေစင်ကို သန့်စင်လိုက်တယ် ဟုတ်လား”

ရှန်ထျန်းက အံ့သြမှင်သက်သွားပြီးနောက် သူ့မျက်နှာအမူအယာက ချက်ချင်း ပြောင်းလဲသွားသည်။

အင်မတန် ဆာလောင်မွတ်သိပ်သည့် ခံစားချက်တစ်ခုနှင့်အတူ ဟာတာတာ ခံစားချက်ကြီးတစ်ခုက သူ့ခန္ဓာကိုယ်တစ်လျှောက် တဟုန်ထိုး ပျံ့နှံ့သွားသည်။

ထိုအခိုက် သူ့ခန္ဓာကိုယ်ကြီးက ဘာမှမရှိတော့ဘဲ ဟောင်းလောင်းကြီး ဖြစ်နေသလိုမျိုး သူခံစားလိုက်ရသည်။

“တစ်ခုခုတော့ မှားနေပြီ။ အဲဒီဟာက ကျွန်တော့်ရဲ့ အဆီအနှစ် စွမ်းအင်တွေကို စုပ်ယူနေတယ်”

ရှန်ထျန်းက သူ့ကျောက်ကပ်ကို ဖိကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက အဆီအနှစ်စွမ်းအင်တွေ အလျင်အမြန် ဆုတ်ယုတ်လာတာကို ခံစားလို့ရနေသည်။

သူ့ကျောက်ကပ်ဆီမှ အားကောင်းသည့် စုပ်အားတစ်ခုက ရုတ်ချည်း ထွက်ပေါ်လာကာ ရှိသမျှစွမ်းအင်တို့ကို အပြင်းအထန် စုပ်ယူနေလေသည်။

လခွမ်း…ပြောကြတာတော့ မိန်းမတွေက ရေလိုပဲတဲ့… ကောင်းလိုက်တဲ့ စာဆိုကွာ…

ရင်ထဲမှာ ကျိန်ဆဲနေလျက် ရှန်ထျန်းက ခန်းမင်လက်စွပ်ထဲမှ ဝိညာဉ်ကျောက်တုံး အမြောက်အများကို မြန်မြန် ထုတ်ယူလိုက်သည်။

အဆီအနှစ်စွမ်းအင်ကို ချီစွမ်းအင်အဖြစ်သို့ သန့်စင်ခြင်းဆိုသည်မှာ အဆီအနှစ်စွမ်းအင်နှင့် ဝိညာဉ်ချီတို့သည် တကယ်တမ်းတွင် အပြန်အလှန် ပြောင်းလဲယူနိုင်သည့် စွမ်းအင်နှစ်မျိုး ဖြစ်သည်ဟု ဆိုလိုနေလေသည်။

သို့သော် ဝိညာဉ်ချီ၏ သန့်ရှင်းစင်ကြယ်မှုက သာမန်အဆီအနှစ် စွမ်းအင်၏ သန့်ရှင်းစင်ကြယ်မှုထက် ပိုသည်။

ထို့ကြောင့် ကျင့်ကြံသူအများစုက အဆီအနှစ် စွမ်းအင်တွေ စုစည်းသိမ်းဆည်းရန် နေ့စဉ်စားသုံးသည့် အာဟာဖြည့် အစားအစာများအပေါ် မှီခိုကြသည်။ နောက်ပြီးမှ ထိုအဆီအနှစ်များကို ကျင့်ကြံဖို့အတွက် ဝိညာဉ်ချီအဖြစ် ပြောင်းယူလိုက်ကြလေသည်။

တစ်နည်းအားဖြင့် ဝိညာဉ်ကျောက်တုံး အများအပြားကို လက်ဝယ်ပိုင်ဆိုင်ထားသည့် သူ့အတွက် ဝိညာဉ်ချီစွမ်းအင်ကို အဆီအနှစ် စွမ်းအင်အဖြစ်သို့ လျင်မြန်စွာ ပြန်လည်ပြောင်းယူနိုင်လေသည်။

လောလောဆယ်တွင် ရှန်ထျန်း၏ ခန္ဓာကိုယ်အတွင်း၌ ရှေးဦးအဆီအနှစ် လေးလံရေစင်က သူ့အဆီအနှစ် စွမ်းအင်များကို အပြင်းအထန် စုပ်ယူနေလေသည်။

သည်လစ်လပ်သွားသည့်နေရာကို ဖြည့်ရန် ဝိညာဉ်ကျောက်တုံးများကို စုပ်ယူပေးဖို့သာ သူတတ်နိုင်သည်။

ရှန်ထျန်းက ဝိညာဉ်ကျောက်တုံး တစ်အိတ်ကို ထုတ်ယူလိုက်ပြီး အထဲမှ ဝိညာဉ်ချီတို့ကို အလျင်စလို စုပ်ယူဝါးမြိုပစ်လိုက်သည်။

တစ်ရာ…

နှစ်ရာ…

သုံးရာ…

…………………

သိပ်မကြာခင်မှာပဲ ခမ်းခြောက်သွားသည်အထိ အစုပ်ယူခံထားရသော ဝိညာဉ်ကျောက်တုံးများက မြေပြင်ပေါ်မှာ နေရာအနှံ့ ပျံ့ကြဲသွားလေပြီ။

ရှန်ထျန်း၏ အသွင်အပြင်က ဖြည်းဖြည်းချင်း ကောင်းမွန်လာသော်လည်း သူ့မျက်အိမ်တစ်ဝိုက်မှာမူ ကြောက်စရာကောင်းအောင် မည်းနက်နေကာ ပန်ဒါမျက်ကွင်းဖြစ်နေဆဲ ဖြစ်သည်။

မသိလျှင် အလှပဂေးလေးတချို့က ရှန်ထျန်း၏ ခန္ဓာကိုယ်ကို အားပျက်အောင် လုပ်လိုက်ကြသည်ဟုပင် ထင်ကြလိမ့်မည်။

အလှလေးတွေနောက် သူ့ကျောက်ကပ်က မလိုက်နိုင်ဘူးဆိုပြီးပေါ့…

သူက စုပ်ယူခြင်းကို ဆက်လုပ်လိုက်သည်။

တစ်ထောင်…

နှစ်ထောင်…

သုံးထောင်…

…………………

အိတ်အလွတ်တွေ အကုန်လုံးမှာ ဘေးဘက်နားတွင် လွှင့်ပစ်ခံထားရသည်။ ကွေ့ကုန်းကုန်းတို့မှာ အံ့အားသင့် ဆွံ့အသွားကြသည်။

ကြောက်ခမန်းလိလိပါလား…

တစ်နာရီလေးအတွင်းမှာ သူက ဝိညာဉ်ကျောက်တုံး ထောင်ပေါင်းများစွာကို တကယ် စုပ်ယူပစ်လိုက်တာပဲ…

ရွှေအမြုတေကျင့်ကြံသူတစ်ယောက် ဖြစ်နေလျှင်ပင် ဝိညာဉ်ကျောက်တုံး အများကြီးကို အလျင်စလို စုပ်ယူသုံးစွဲပစ်ရပါက ထိုအတွက် တော်တော်လေး စိတ်ပူဗျာများနေမည် ဖြစ်သည်။

သို့သော် ရှန်ထျန်းကတော့ ရပ်ပစ်ဖို့ စိတ်ကူးမရှိပေ။

သူက တင်ပျဉ်ခွေ ထိုင်နေလျက် သူ့ခန္ဓာကိုယ်က ဝဲကတော့ကြီးတစ်ခုသဖွယ် ဝိညာဉ်ချီတို့ကို အဆက်မပြတ် စုပ်ယူဝါးမြိုနေသည်။

သည်ဟာက သူရပ်ချင်တိုင်း ရပ်ပစ်လို့ရသည့် အနေအထား မဟုတ်တော့ချေ။

ရှန်ထျန်း ထပ်ထည့်လိုက်သည့် ဝိညာဉ်ချီကို အာရုံခံမိပြီးနောက် သူ့ကျောက်ကပ်ထဲရှိ ရှေးဦးအဆီအနှစ် လေးလံရေစင်က ပိုပြီးတော့တောင် တက်ကြွလာလေသည်။

သူက ရှန်ထျန်း၏ အဆီအနှစ် စွမ်းအင်များကို စုပ်ယူနေတာကို ချက်ချင်း စွန့်လွှတ်လိုက်ကာ ဝိညာဉ်ချီတို့ကိုပဲ အသည်းအသန် စတင်စုပ်ယူလေတော့သည်။

ရှန်ထျန်း သူ့ကိုယ်ထဲ စုပ်ယူလိုက်သမျှ ဝိညာဉ်ချီတိုင်းကို ရှေးဦးအဆီအနှစ်လေးလံရေစင်က အငမ်းမရ ဝါးမြိုပစ်လေ၏။

သို့သော် ပို၍ အံ့သြဖို့ကောင်းသည်မှာ ရှေးဦးအဆီအနှစ် လေးလံရေစင်က ဝိညာဉ်ချီတို့ကို ဝါးမြိုလိုက်သည်နှင့်အမျှ ရှန်ထျန်း၏ အရှိန်အဝါကလည်း လျင်မြန်စွာ ပိုပိုပြီး အားကောင်းလာသည့် အချက်ဖြစ်သည်။

ကိုယ်ထည်မာ ပထမအဆင့်…

ကိုယ်ထည်မာ ဒုတိယအဆင့်…

ကိုယ်ထည်မာ တတိယအဆင့်…

ကိုယ်ထည်မာ စတုတ္ထအဆင့်…

နှစ်နာရီအချိန်လေးအတွင်းမှာ သူ့အရှိန်အဝါက ကိုယ်ထည်မာ ပထမအဆင့်မှ စတုတ္ထအဆင့်အထိ တရှိန်ထိုး တိုးတက်သွားလေသည်။

ကျင့်ကြံရေးလမ်းစဉ်သည် အဆုံးနား ရောက်လေလေ၊ ပိုပိုပြီး ခက်ခဲလာလေလေ ဖြစ်သည်။

ကိုယ်ထည်မာစတုတ္ထအဆင့်ကို ကျော်လွှားဖို့က ကိုယ်ထည်မာ ပထမအဆင့်ကို ကျော်လွှားဖို့ထက် ဆယ်ဆပိုခက်သည်ဟု ပြောကြခြင်းမှာ ဖော့လျှော့ပြောနေခြင်းသာ ဖြစ်သည်။

ချီသန့်စင်ခြင်းကျင့်ကြံသူများတောင်မှ အဆင့်တစ်ဆင့်မှ နောက်တစ်ဆင့်သို့ ခပ်မြန်မြန် ကျော်လွှားတက်ရောက်နိုင်ဖို့ရာ အင်မတန် ခက်ခဲကြလေသည်။

ထို့အပြင် ရှန်ထျန်း ကျင့်ကြံနေသည်မှာ နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံနည်း ဖြစ်သည်။

ဒီအဆင့်တိုးတက်နှုန်းက အရမ်းကို မယုံကြည်စရာကောင်းလွန်းလှသည်။

………………….

“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းတို့က ရှန်ထျန်းအား ငေးကြောင်ပြီး ကြည့်နေကြသည်။ သူတို့မျက်နှာများမှာကား ဘဝကြီးအား မေးခွန်းထုတ်နေကြသည့်အလား…

ရှန်ထျန်း မေ့နေသည့် ဒီသုံးရက်အတွင်း ရှန်ထျန်း သူတို့ကို ပေးထားသည့် ဝိညာဉ်ကျောက်တုံးများနှင့် သူတို့နှစ်ယောက်ကလည်း ရုတ်တရက် ချက်ချင်းကြီး ကျင့်ကြံဆင့်တွေ တိုးတက်လာခဲ့လေသည်။

ကွေ့ကုန်းကုန်း၏ ကျင့်ကြံဆင့်မှာ (၈)ဆင့်မြောက် ချီသန့်စင်ခြင်းအဆင့်သို့ပင် ရောက်ရှိသွားလေပြီ။

ချင်ကောင်းက နဂိုက (၃)ဆင့်မြောက် ချီသန့်စင်ခြင်းအဆင့်၏ အထွတ်အထိပ်နားတွင် ရှိနေခဲ့သည်။ အခု သူလည်းပဲ (၅)ဆင့်မြောက် ချီသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိသွားလေပြီ။

သူတို့နှစ်ယောက်က သူတို့မင်းသားလေး ပေးသည့် ဟရူးဂါနတ်ဆိုးကျမ်း၏ ကောင်းကျိုးများကြောင့် အံ့သြနေခဲ့ရသည်။

သို့သော်လည်း… သူတို့မင်းသားလေး၏ ကျင့်ကြံဆင့် တိုးတက်လာနှုန်းနှင့် နှိုင်းယှဉ်ကြည့်ပါက သူတို့နှစ်ယောက်၏ တိုးတက်လာမှုမှာ ဘာမှမပြောပလောက်တော့ဘဲ ကလေးကစားသလောက်ပဲ ရှိတော့သည်ဟု နှစ်ယောက်သား ခံစားလိုက်ကြရသည်။

ငါတို့က ပိုလွယ်ကူတဲ့ ချီသန့်စင်ခြင်း ကျင့်ကြံနည်းကို ကျင့်ကြံနေတာဖြစ်ပြီး အရှင်မင်းသားလေးက ပိုခက်ခဲတဲ့ ကိုယ်ထည်မာ ကျင့်ကြံနည်းကို ကျင့်ကြံနေရတာ မဟုတ်ဘူးလား…

ငါတို့ကျင့်နေတာက အမြန်ဆုံး ကျင့်ကြံနှုန်း ရှိပါတယ်လို့ ကြွေးကြော်ထားတဲ့ နတ်ဆိုးဟရူးဂါ ချန်ထားခဲ့တဲ့ ဟရူးဂါ နတ်ဆိုးကျမ်းဆိုတာ တကယ်ကော ဟုတ်ရဲ့လား…

ပြီးတော့ အရှင်မင်းသားလေး ကျင့်နေတာက ငွေငါးစနဲ့ ဝယ်ထားတဲ့ အပေါစား မီးစာကိုယ်ထည်မာ ကျင့်စဉ်တဲ့လား…

တစ်လောကလုံးက ငါတို့ကို အရူးလုပ်နေတယ်လို့ ဘာကြောင့်များ ခံစားနေရတာပါလိမ့်…

မဟုတ်မှလွဲရော မင်းသားလေးက တကယ်ပဲ ဒဏ္ဍာရီတွေထဲမှာ ပြောကြတဲ့အတိုင်းများလား…

ရှားမှရှားတဲ့ ပါရမီရှင် ထာဝရကျင့်ကြံသူ တစ်ယောက်များ ဖြစ်နေတာလား…

…………………

အချိန်တွေ ကုန်လွန်လာသည်…

နောက်ဆုံးမှာတော့ ရှန်ထျန်း၏ အရှိန်အဝါက တဖြည်းဖြည်းချင်း တည်ငြိမ်သွားသည်။

သူ့ကျင့်ကြံဆင့်က ကိုယ်ထည်မာ စတုတ္ထအဆင့်၏ အထွတ်အထိပ်နားတွင် ရပ်တန့်သွားသည်။

ထိုအချိန်၌ သူက ဝိညာဉ်ကျောက်တုံး အတုံးတစ်သောင်းမကသည့် ပမာဏကို စုပ်ယူပြီးသွားပြီ ဖြစ်သည်။

ကျင့်ကြံသူအများစုက အခြေတည်အဆင့်အထိ ရောက်အောင် ကျင့်ကြံဖို့ ဝိညာဉ်ကျောက်တုံး အတုံးတစ်ထောင်လောက်သာ သုံးစွဲရလေ့ရှိသည်။

ရှန်ထျန်း သုံးစွဲလိုက်သည့် ဝိညာဉ်ကျောက်တုံးပမာဏက အခြေတည်အဆင့် ကျင့်ကြံသူ ဆယ်ယောက်ကိုတောင် ပျိုးထောင်ဖို့ လုံလောက်နေလေပြီ။

ကိုယ်ထည်မာ ပထမအဆင့်မှ စတုတ္ထအဆင့်အထိ တက်ရောက်ဖို့အတွက် သူက ဝိညာဉ်ကျောက်တုံး အတုံးတစ်သောင်းကို တကယ်သုံးပစ်လိုက်လေသည်။

ဒီအကြောင်းသာ ပေါက်ကြားသွားပါက လူတော်တော်များများက ဒီပမာဏကြောင့် သေမတတ် လန့်ဖြန့်သွားလိမ့်မည်သာ…

ရှန်ထျန်း၏ အသွင်အပြင်မှာ ပုံမှန်အတိုင်း လုံးဝပြန်ဖြစ်သွားပြီ ဖြစ်သည်။ သူ့ပန်ဒါမျက်ကွင်းများမှာလည်း ပျောက်သွားလေပြီ။

သူက ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကြည့်လိုက်ပြီးနောက် ရေရွတ်လိုက်သည် “ဒီလိုကိုး”

ကျင့်ကြံစဉ်ကို ခန္ဓာကိုယ်တစ်လျှောက်သို့ လှည့်ပတ်စေခြင်းဖြင့် သူ့တစ်ကိုယ်လုံးကို သေချာစစ်ဆေးကြည့်လိုက်သောအခါ သူ့ကိုယ်မှာ ဖြစ်ပျက်သွားတာတွေ အကုန်လုံးကို ရှန်ထျန်းက ဖြည်းဖြည်းချင်း သဘောပေါက်သွားသည်။

ရှန်ထျန်းက သုံးရက်သုံးညတိတိ သတိမေ့နေသည်မှာ မှန်သည်။ သို့သော် သူက ထိုအချိန်တွေကို အလဟဿမဖြစ်စေခဲ့ပေ။

ရှေးဦးအဆီအနှစ် လေးလံရေစင်ကို သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူပြီးသွားသည့်နောက်တွင် ထိုရေက မီးစာကိုယ်ထည်မာ ကျင့်စဉ်၏ လှည့်ပတ်လမ်းကြောင်းအတိုင်း စတင်လှည့်ပတ်လေတော့သည်။

ထိုအချိန်မှစ၍ ထိုရေက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ကြံ့ခိုင်မာကျောလာအောင် လုပ်ပေးနေလေသည်။

…………………

အားလုံးသိကြသည့်အတိုင်း ရှေးဦးအဆီအနှစ်လေးလံ ရေစင်သည် အစစ်အမှန်ရေစာရင်းတွင် အဆင့်(၁၂) ချိတ်သည်။ ထို့အပြင် သူ့အကြီးမားဆုံး သွင်ပြင်လက္ခဏာမှာ သူ့အလေးချိန် ဖြစ်သည်။

ရှေးဦးအဆီအနှစ် လေးလံရေစင်၏ ရေတစ်စက်ကတင် တန်ပေါင်း သန်းနှစ်ဆယ်နီးနီး အလေးချိန် ရှိသည်။

ဒီရေထဲသို့ ဝိညာဉ်စွမ်းအင်ပမာဏ အများကြီးကိုပါ ထပ်ထည့်လိုက်ပါက အလေးချိန်က ပို၍ပင် ဆတိုးပွားသွားပေလိမ့်မည်။

ကျင့်ကြံရေးလောကထဲ၌ ဒီရေကို နတ်ဘုရားကိုယ်ထည်မာကျင့်ကြံနည်းအတွက် အထောက်အပံ့ ရတနာတစ်ပါးအဖြစ် အသိအမှတ်ပြုထားကြသည်။

ရှေးဦးအဆီအနှစ် လေးလံရေစင်ကို သန့်စင်ပြီးသွားသည့်နောက် ထိုရေကို သူ့ကိုယ်ထဲတွင် သိမ်းထားလိုက်သည်။

ရှန်ထျန်းက သူ့ကိုယ်ခန္ဓာကို မာကျောလာအောင်နှင့် ပိုပိုပြီး ကြံ့ခိုင်အားကောင်းလာအောင် လုပ်ရန်အတွက် ဒီရေကို ထိန်းချုပ် အသုံးချနိုင်သည်။

သို့သော် သည်လိုကိုယ်ထည်မာအောင် လုပ်နည်းက အလွန်အန္တရာယ်များသည်။ ကောင်းကောင်း မထိန်းချုပ်နိုင်ပါက ခန္ဓာကိုယ်ကြီး ပေါက်ကွဲပြီး သေသွားနိုင်၏။

ပြောရမည်ဆိုလျှင် တစ်စက်ကို တန်ပေါင်း သန်းနှစ်ဆယ်လောက် လေးသည့်အရာကို ဘယ်လိုလုပ် အလွယ်တကူ တောင့်ခံနိုင်ပါ့မည်နည်း…

ဘာကြောင့် သူက ဒီရှေးဦးအဆီအနှစ် လေးလံရေစင်ကို စုပ်ယူနိုင်ပြီး အလွယ်တကူ သန့်စင်နိုင်ရသလဲဆိုတာကို ရှန်ထျန်းကိုယ်တိုင်လည်း နားမလည်ချေ။

သူ ကျင့်ကြံနေတာက မီးစာကိုယ်ထည်မာ ကျမ်း ဖြစ်ပြီး ရေကိုယ်ထည်မာကျမ်း မဟုတ်တာလည်း အသိသာကြီးပင်…

ထို့အပြင် သူသတိမေ့နေသည့် သုံးရက်အတွင်း ရှေးဦးအဆီအနှစ် လေးလံရေစင်က အဆက်မပြတ် သူ့ကိုယ်တစ်လျှောက် လှည့်ပတ်စီးဆင်းနေကာ ခန္ဓာကိုယ်ကို ကြံ့ခိုင်မာကျောလာအောင် လုပ်ပေးထားလေသည်။

လွန်ခဲ့သောသုံးရက်အတွင်း၌ ရှန်ထျန်း၏ ကာယအင်အားက ဆယ်ဆကျော် တိုးတက်သွားခဲ့သည်။ သို့သော် ဝိညာဉ်ချီ၏ ထောက်ပံ့မှု မရှိသဖြင့် သူ့ခန္ဓာကိုယ်မှာ ခန်းခြောက်သွားပြီး သူ့အရှိန်အဝါမှာလည်း အပြည့်အဝ ထိန်းချုပ်ခံထားလိုက်ရသည်။

အခုတော့ ရှန်ထျန်းက ခန်းခြောက်ကာ ဟောင်းလောင်းဖြစ်နေသည့် သူ့ကိုယ်ကို အားဖြည့်ရန် ဝိညာဉ်ကျောက်တုံး စုစုပေါင်း အတုံးတစ်သောင်းကို စုပ်ယူပြီးသွားလေပြီ။

တစ်ခါတည်းနှင့် ကိုယ်ထည်မာ စတုတ္ထအဆင့်ထိ ရောက်နေသည့် အရှိန်အဝါက အပြည့်အဝ ပြန်ပေါ်လာလေပြီ။

သည်အချိန်မှာ သူက အရင်ကထက် အဆများစွာ အားကောင်းလာသည်ဟု ရှန်ထျန်းက ခံစားလိုက်ရသည်။

…………………

“ဦးလေးကွေ့ရေ… ကျွန်တော့်အားလေး နောက်တစ်ခေါက် ထပ်မြည်းကြည့်ပါဦးဗျို့”

ရှန်ထျန်း၏ မျက်လုံးများမှာ အရောင်လက်သွားကာ သူက ရယ်မောရင်း ကွေ့ကုန်းကုန်းဆီသို့ ခုန်ဝင်သွားလိုက်သည်။

သူက ညာဘက်လက်သီးကို တင်းတင်းဆုပ်ကာ ကွေ့ကုန်းကုန်းဆီသို့ လက်သီးတစ်လုံး ထိုးလိုက်သည်။

လက်သီးကြောင့် ဖြစ်ပေါ်လာသည့် လေလှိုင်းက ကြီးမားသည့် မြစ်တစ်စင်းပမာ ဖြစ်နေကာ လေတိုက်သံ တဟူးဟူးက အရှိန်အဟုန်ပြင်းစွာ ထွက်နေလေသည်။

သိသာစွာပင် ဒီလက်သီး၏ အင်အားသည် လွန်ခဲ့သည့်သုံးရက်တုန်းက လက်သီးနှင့် ယှဉ်လိုက်ပါက သိသိသာသာကို အဆမတန် တိုးတက်နေလေပြီ။

ကွေ့ကုန်းကုန်း၏ မျက်နှာက အနည်းငယ် ပြောင်းသွားသည်။ သူ့ကို ကြည့်ရသည်မှာလည်း အလွန်လေးနက်တည်ငြိမ်သွားသည်။

သူ့ကျင့်ကြံဆင့်မှာ (၈)ဆင့်မြောက် ချီသန့်စင်ခြင်းအဆင့်သို့ ရောက်နေပြီ ဖြစ်သောကြောင့် ရှန်ထျန်း၏ ကျင့်ကြံဆင့်ထက် များစွာ ပိုမြင့်နေသည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ ထွက်ပေါ်နေသည့် ရှန်ထျန်း၏ အရှိန်အဝါက သူ့အား အံ့သြသွားစေသည်။

…………………

ကွေ့ကုန်းကုန်းက အသက်ဝဝ တစ်ချက်ရှူရှိုက်လိုက်ပြီးနောက် အော်ဟစ်လိုက်သည် “နေကြာပန်းတို့ ပွင့်စေ”

ချက်ချင်းဆိုသလို သူ့ကိုယ်ထဲမှ အနီရောင် ဝိညာဉ်ချီတို့ တရှိန်ထိုး ထွက်ပေါ်လာကာ သူ့ရှေ့၌ သိပ်သည်းစုပြုံလာပြီး သွေးရောင်နေကြာပန်းတစ်ပွင့် ဖြစ်သွားလေသည်။

သည်ဟာက ဟရူးဂါနတ်ဆိုးကျမ်းထဲတွင် မှတ်တမ်းတင်ထားသော “နတ်ဆိုးနေကြာ အကာအကွယ်” ဟု ခေါ်သည့် ကာကွယ်ရေးအမျိုးအစားတိုက်ကွက် ဖြစ်သည်။

သူ့ကိုယ်သူ ကာကွယ်ရန်အတွက် သူက သူ့ဝိညာဉ်ချီတို့ကို အနီရောင် နတ်ဆိုးနေကြာပန်း တစ်ပွင့်အဖြစ် သိပ်သည်းစေလိုက်သည်။

ဒီနတ်ဆိုနေကြာပန်းတွင် အင်မတန် အားကောင်းသည့် အကာအကွယ်တစ်ခု ပါရှိသည်။ အဆင့်တူ နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံသူများပင်လျှင် ထိုအကာအကွယ်ကို ကွဲအောင်လုပ်ဖို့ အတော် ခက်ခဲပေလိမ့်မည်။

ဘုန်း…

ရှန်ထျန်း၏ လက်သီးက နတ်ဆိုးနေကြာပန်းပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။

ကွေ့ကုန်းကုန်းတစ်ယောက် မျက်နှာပြောင်းသွားသည်။ နတ်ဆိုးနေကြာပန်း တုန်ခါသွားတာကို သူ ခံစားလို့ရသည်။

ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… မင်းသားလေးက ကိုယ်ထည်မာ စတုတ္ထအဆင့်မှာပဲ ရှိသေးတာလေ… ဒါပေမဲ့  ဘာဖြစ်လို့ မင်းသားလေးရဲ့ အင်အားက သာမန် (၇)ဆင့်မြောက် ချီသန့်စင်ခြင်းအဆင့်ရှိသူထက်တောင် ပိုပြီးအားကောင်းနေတယ်လို့ ခံစားစေရတာလဲ…

နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံစဉ်များ၏ (၉၉)ရာခိုင်နှုန်းကို အဓိက ထာဝရရှင်သန်သူ ဂိုဏ်းကြီးများက သူတို့ဂိုဏ်းအတွက် ထိန်းသိမ်းစောင့်ရှောက်ထားကြလေသည်။

သို့သော်… ဘာကြောင့်မှန်းရယ်မသိ… မီးစာကိုယ်ထည်မာ ကျမ်းက ကျင့်ကြံရေးလောက တစ်ခွင်လုံးတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လျက်ရှိသည်။

ဒါပေမဲ့ မင်းသားလေးကျင့်ကြံတဲ့ ဒီလိုမျိုးသာမန်ကျင့်စဉ်လေးတစ်ခုက ဒီလောက်ကြောက်စရာကောင်းတဲ့ အဆင့်အထိ ရောက်ရှိနိုင်လို့လား…

မင်းသားလေးရဲ့ ကျင့်ကြံရေးပါရမီကကော ဘယ်တုန်းကများ ဒီလောက် ကြောက်စရာကောင်းသွားရတာလဲ…

ကွေ့ကုန်းကုန်းမှာ စဉ်းစားချိန် သိပ်မရလိုက်ချေ။ သူ့မျက်နှာက ပြောင်းသွားပြန်သည်။

ရှန်ထျန်း၏ တိုက်ကွက်က ထပ်ရောက်လာပြန်ပြီ။

“ဦးလေးကွေ့… သတိထားနော်”

ရှန်ထျန်းက ကျယ်လောင်သည့် အသံရှည်တစ်ခုကို ပြုလုပ်လိုက်ပြီး ရုတ်ချည်းဆိုသလို သူ့ကျောက်ကပ်ရှိရာ နေရာကို လက်နှင့် ရိုက်ချလိုက်သည်။

ထို့နောက် ချက်ချင်းပင် သူ့ညာဘက်လက်သီး၏ မျက်နှာပြင်ပေါ်တွင် ငွေရောင်အရည်လွှာ တစ်လွှာ ပေါ်လာလေသည်။

ဒီအရည် ပေါ်လာသည်နှင့် ရှန်ထျန်း၏ အရှိန်အဝါမှာလည်း ချက်ချင်း မြင့်တက်သွားသည်။

သူက လက်သီးချက်ကို ထိုးသွင်းလိုက်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset