Switch Mode

အခန်း(၄၂)

ရှေးဦးအဆီအနှစ်လေးလံ ရေစင်အား ကျောက်ကပ်ထဲသို့ သန့်စင်ခြင်း

အခန်း (၄၂) : ရှေးဦးအဆီအနှစ်လေးလံ ရေစင်အား ကျောက်ကပ်ထဲသို့ သန့်စင်ခြင်း

ကြမ်းပြင်က အက်ကွဲပွင့်ထွက်လာပြီး မြေကြီးထဲကနေ ကျောက်တိုင် သုံးတိုင် ဖြည်းဖြည်းချင်း ထွက်ပေါ်လာလေသည်။

ကျောက်တိုင်သုံးတိုင်စလုံးပေါ်တွင် ကျောက်တုံးသေတ္တာ တစ်လုံးစီ ရှိနေ၏။

သေတ္တာတိုင်း၏ ကိုယ်ထည်နှင့် မျက်နှာပြင်အနေအထားမှာ အလွန်ရိုးရှင်းပြီး ရှေးဆန်သည်။ သူတို့ပေါ်တွင် ဖုန်ထူထူ တစ်ထပ် ဖုံးအုပ်နေလေသည်။

သေတ္တာတွေ ထွက်ပေါ်လာသည့်အခိုက် ရှန်ထျန်း၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားသည်။

သူက သေတ္တာတစ်လုံးကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ ရုတ်ချည်းဆိုသလို ပြင်းပျသည့် အာသီသတစ်ခုက သူ့ကိုယ်ထဲမှ ပေါ်ထွက်လာသည်။

ဘယ်သူမှ မရပ်တန့်နိုင်သည့် ဆူနာမီတစ်ခုလို ဒီအာသီသက အရှိန်အဟုန်ပြင်းစွာ တိုးပွားလာသည်။

သူ ထိုအရာကို လိုချင်သည်။

“လင်းအာ” ရှန်ထျန်းက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ကာ “ညာဘက်ဘေးစွန်းက သေတ္တာကို ကျွန်တော့်ကို ပေးလို့ရမလား”

ရှန်ထျန်းက ဟိတ်ဟန်ထုတ်တတ်သူ မဟုတ်ပေ။ သူ့ကိုယ်၏ သွေးသားလှုံ့ဆော်မှုကို သူ ခံစားလို့ရသည်။

တတိယမြောက်သေတ္တာထဲမှ ပစ္စည်းက သူ့အတွက် အရမ်းအသုံးဝင်မည်ဆိုတာ သိသာလှ၏။

ဝိညာဉ်နတ်မိမယ်လေး၊ ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းတို့ကို ကြည့်လိုက်တော့ ရှန်ထျန်းလိုမျိုး ခံစားနေရပုံ မပေါ်ချေ။

ဝိညာဉ်နတ်မိမယ်လေးက ခေါင်းငြိမ့်ကာ ပြောလိုက်သည် “အဖိုးအတန်ဆုံး အမွေအနှစ်ကို ကျွန်မ ရပြီးသွားပြီလေ။ ဒီသေတ္တာသုံးလုံးစလုံးကို အစ်ကိုပဲ ယူလိုက်ပါ”

ဟေ… ဒီကောင်မလေး ဘယ်တုန်းကများ ဒီလောက်တောင် ရက်ရောသွားတာလဲ…

ရှန်ထျန်းက အနည်းငယ် တွေဝေနေပြီးမှ ဝိညာဉ်နတ်မိမယ်လေး၏ ခေါင်းပေါ်က ရောင်ဝါစက်ဝန်းအား လှမ်းကြည့်လိုက်သည်။

ဝိညာဉ်နတ်မိမယ်လေး စကားပြောပြီးသွားသောအခါ သူမခေါင်းပေါ်မှ ရောင်ဝါစက်ဝန်းက အရောင်ပြောင်းမသွားချေ။

ဒါဆို ဒီသေတ္တာသုံးလုံးစလုံး ယူတာက ငါ့ကံဇာတာအပေါ် သက်ရောက်မှု မရှိဘူးပေါ့…

ဟီးဟီး… ဒီလိုဆိုမှတော့ ငါလေးလည်း အားနာမနေတော့ဘူး…

သူက ပြုံးသွားကာ “ကောင်းပြီလေ”

ဝိညာဉ်နတ်မိမယ်လေးက အံ့သြသွားသည်။

တွေးကြည့်လိုက်မှ… အစ်ကိုရှန်က ဒီတစ်ခါကျတော့ ဘာဖြစ်လို့ ချက်ချင်း သဘောတူလိုက်တာပါလိမ့်နော်…

အစောတုန်းက ကြာပန်းဖြူကန်တစ်ကန်လုံးကိုတောင် ငြင်းခဲ့သေးတယ် မဟုတ်ဘူးလား…

ဆရာမက သူ့ကို တော်ဝင်ကျမ်း ပေးခွင့်မပြုခဲ့လို့ အစ်ကိုရှန်က စိတ်ဆိုးသွားတာများလား…

ဤသို့တွေးကာ ဝိညာဉ်နတ်မိမယ်လေးမှာ အကျပ်ရိုက်သွားလေ၏။

ဆရာမရဲ့စည်းကမ်းကို ဖောက်ပြီး သူ့ကို တိတ်တိတ်လေး တော်ဝင်ကျမ်း သင်ပေးလိုက်ရင် ကောင်းမလား…

ဝိညာဉ်နတ်မိမယ်လေး ဘာတွေးနေသလဲ ရှန်ထျန်းက မသိပေ။

သူက သေတ္တာသုံးလုံးကို အောက်ချလိုက်ပြီး ပထမဆုံးသေတ္တာကို ဖွင့်ကြည့်လိုက်သည်။

သေတ္တာထဲတွင် အလွန်လက်ရာမြောက်သည့် သိုလှောင်လက်စွပ်တစ်ကွင်း ရှိနေသည်။

လက်စွပ်မှာ ငွေရောင်လက်စွပ်ဖြစ်ကာ နီလာကျောက်မျက်များနှင့် အလှဆင်ပြုလုပ်ထားသည်။ လက်စွပ်လေးမှာ ပင်လယ်ကဲ့သို့ ကြည်ပြာလဲ့နေလေသည်။

လက်စွပ်အတွင်းဘက်ပိုင်းတွင် ရှေးသာဘာစကားဖြင့် “ခန်းမင်” ဟူသည့် စာလုံးကြီးနှစ်လုံးကို ရေးထွင်းထားသည်။

ဒါဆို ဒီလက်စွပ်ကို ခန်းမင်လက်စွပ်လို့ ခေါ်ရမှာလား…

…………………

ရှန်ထျန်းက အတွေးနက်နေသည်။ ထို့နောက် သူက လက်ညိုးမှး လက်စွပ်ပေါ်သို့ သွေးတစ်စက် ချလိုက်သည်။

ခန်းမင်လက်စွပ်က သွေးစက်ကို ဖြည်းဖြည်းချင်း စုပ်ယူသွားသည်။ ထို့နောက် ရှန်ထျန်းက သူနှင့်လက်စွပ်ကြားမှ ထူးခြားသည့် အာရုံဆက်သွယ်ချက် တစ်ခုကို ခံစားမိလိုက်သည်။

လက်စွပ်အတွင်းမှ နေရာအကျယ်အဝန်းကို သူ အာရုံခံလို့ရသွားသည်။

သည်ဟာက အထဲမှာ သိုလှောင်နယ် တစ်သောင်းပါသည့် ဧရာမ ကြားခံနယ် လက်စွပ်တစ်ကွင်း ဖြစ်လေသည်။

ကောင်းကင်ဝိညာဉ်ပြခန်းမှ ဆိုင်ပိုင်ရှင်သူဌေးစုန့်က သူ့ကို ပေးဖူးသည့် စကြဝဠာလက်စွပ်ထက် အဆတစ်ရာ ပိုကြီးလေသည်။

ခန်းမင်လက်စွပ်ထဲတွင် သေတ္တာကြီးတစ်လုံးနှင့်အတူ ဝိညာဉ်ကျောက်တုံး အမြောက်အများလည်း ရှိနေသည်။

အထဲ၌ ခန့်မှန်းချေ ဝိညာဉ်ကျောက်တုံး အတုံးတစ်သန်း ရှိနေသည်။ ထိုပမာဏကို မြင်သောအခါ ရှန်ထျန်း၏ ရင်ထဲ ပျော်ရွှင်မြူးတူးသွားသည်။

ချင်ကောင်း၏ အခွင့်အရေးနှင့် နှိုင်းယှဉ်ကြည့်ပါက ဝိညာဉ်နတ်မိမယ်လေး၏ အခွင့်အရေးအပေါ် ကုန်းပိုးလိုက်သွားရတာက ပိုပြီးသက်တောင့်သက်သာရှိသည်ဟု သူသိလိုက်ရ၏။

သည်ဖြစ်ရပ်က သူ့အား လူချမ်းသာ ဖြစ်သွားစေသည်လေ…

…………………

ဆက်သွားမယ်…

ရှန်ထျန်းက ဒုတိယမြောက်ကျောက်တုံးသေတ္တာကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်မှ အပြုံးက တဖြည်းဖြည်းနှင့် ခဲသွားလေသည်။

ဒုတိယမြောက်သေတ္တာထဲမှ ပစ္စည်းက ပထမဆုံးသေတ္တာအောက် တန်ဖိုးမနည်းချေ။ ဖြစ်နိုင်သည်မှာ ပို၍ပင် အဖိုးတန်နေလောက်သည်။

သို့သော် ရှန်ထျန်းမှာတော့ လုံးဝ မပြုံးပျော်နိုင်ပါချေ။

ဒုတိယမြောက်သေတ္တာထဲတွင် အပြာဖျော့ဖျော့ စစ်သံချပ်ကာတစ်ထည်နှင့် ကြာပွတ်ရှည်တစ်ချောင်း ရှိနေသည်။

သို့သော်… ပြဿနာက အမျိုးသမီးဝတ် ဖြစ်နေသည့်ကိစ္စပင်…

နတ်ရေစင် ဝိညာဉ်အသျှင်က ကျောက်တုံးသေတ္တာထဲတွင် သေချာထိန်းသိမ်းထားပုံထောက်လျှင် သည်ပစ္စည်းများမှာ သာမန်မဟုတ်တာ လုံးဝသေချာသည်။ သို့သော် ရှန်ထျန်းအတွက် အသုံးမဝင်ချေ။

ဒီအမျိုးသမီးဝတ်ကို သူ ဘယ်နားသွားဝတ်ရမှာလဲ…

ရှန်ထျန်းက စစ်သံချပ်ကာနှင့် ကြာပွတ်ကို ထုတ်ယူကာ ဝိညာဉ်နတ်မိမယ်လေးအား ကြည့်လိုက်သည်။

“လင်းအာ… ဒီသံချပ်ကာနဲ့ ကြာပွတ်ကို မင်း သဘောကျလား”

ဝိညာဉ်နတ်မိမယ်လေးက ခဏကြောင်သွားကာ “ကျွန်မ… ကျွန်မ တစ်ခါမှတော့ သံချပ်ကာ မဝတ်ဖူးဘူး…”

“မင်း မကြိုက်လို့ တစ်ခါမှ မဝတ်တာလား” ရှန်ထျန်းက သက်ပြင်းချလိုက်ပြီး “ဒါဆိုလည်း လောလောဆယ် သိမ်းထားကြတာပေါ့လေ။ နောင်ကျရင် ဒါတွေကို ရောင်းဖို့ ကြိုးစားကြည့်ရမယ်”

…………………

ရောင်း… ရောင်းမယ် ဟုတ်လား…

ဝိညာဉ်နတ်မိမယ်လေးမှာ ပါးစပ်တွန့်သွားရ၏။

ကျွန်မ အရင်က တစ်ခါမှ မဝတ်ဖူးဘူး… ဒါကြောင့် ကျွန်မကို အစ်ကိုရှန် ကူဝတ်ပေးပါလားလို့ ပြောမလို့လုပ်နေတာလေ ရှင်ကြီးရဲ့…

မကြိုက်ဘူးလို့ မပြောပါဘူးနော်…

သူများပြောနေတာလေး ဆုံးအောင်နားထောင်ပါဦးလား…

အား… စိတ်တိုလိုက်တာ…

ရှန်ထျန်းဆီမှ စိပ်ပုတီးစေ့များက ဖြည်းဖြည်းလေး တုန်ခါလာကာ ကျိုးအာ၏ အသံကို ထပ်ကြားလိုက်ရသည်။

“သခင်… မိန်းကလေးလင်းအာရဲ့ကိုယ်ကနေ အငြိုးတရားတွေ ထပ်ထွက်နေပြန်ပြီ”

သူမဆီက အငြိုးတရားတွေ ထပ်ထွက်နေပြန်ပြီလား… ဘယ်သူက သူမကို စိတ်ဆိုးအောင် သွားလုပ်တာလဲ…

ရှန်ထျန်းက ခဏလောက် စဉ်းစားကြည့်လိုက်သော်လည်း အကြောင်းရင်းကို ရှာမရပေ။

ဟင်း… မိန်းကလေးတွေ ဘာကြောင့် ဒေါသထွက်တာလဲ ဆိုတာကို ခန့်မှန်းရတာ တကယ်ခက်တာပဲ…

သူတို့မှာ နေ့စဉ်နေ့တိုင်း အမုန်းတရားတွေ၊ အငြိုးတရားတွေ ထွက်နေကြတာချည်းပဲ…  မတော်လို့ တစ်နေ့နေ့ကျ ရူးသွားရင် ဘယ်လိုလုပ်မလဲ…

ဒီကောင်မလေးကို စကားကောင်းကောင်းပြောဖို့ အခွင့်အခါလေး ရှာဦးမှပါလေ…

ကျင့်ကြံသူတွေအနေနဲ့ ငါတို့တွေဟာ အမြဲတစေ တည်ငြိမ်အေးချမ်းနေဖို့ လိုတယ်…

…………………

ရှန်ထျန်းလည်း ရွေးချယ်စရာ မရှိသဖြင့် စစ်သံချပ်ကာနှင့် ကြာပွတ်ကို ခန်းမင်လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်သည်။ ပြီးမှ တတိယမြောက်သေတ္တာကို ဖွင့်လိုက်သည်။

ဒီသေတ္တာက ရှန်ထျန်း၏ ပြင်းပြသည့် အာသီသတို့ အရင်းတည်ရာ ဖြစ်သည်။

သေတ္တာထဲမှ ပစ္စည်းကို သူ့ခန္ဓာကိုယ်က လိုချင်မက်မောနေမှန်း ရှန်ထျန်းက ခံစားလို့ရသည်။

တတိယမြောက်သေတ္တာ ပွင့်သွားသည်နှင့်တစ်ပြိုင်နက် အံ့သြတုန်လှုပ်ဖွယ် အာဂတည်ရှိမှုတစ်ခုက အလုံပိတ်အခန်းတစ်ခုလုံးအား လွှမ်းခြုံသွားလေသည်။

ရှန်ထျန်းတစ်ကိုယ်လုံး တဆတ်ဆတ် တုန်ခါလာပြီး မြေပေါ်သို့ လဲကျသွားတော့မလိုတောင် ဖြစ်သွားရသည်။

တတိယမြောက်သေတ္တာထဲတွင် ငွေရောင်အရည် ကန်ငယ်လေးတစ်ခု ရှိနေသည်။

ပိုပြီးတော့ အံ့သြသွားစေသည့်ကိစ္စမှာ သေတ္တာထဲမှ အရည်တို့ ထွက်ပေါ်လာသောအခါ၌ ရှန်ထန်း၏ မီးစာကိုယ်ထည်မာ ကျင့်စဉ်က သူ့အလိုအလျောက် စတင်လှည့်ပတ်လာသည့် ဖြစ်ရပ် ဖြစ်သည်။

သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးတစ်နေရာမှ ပေါက်ဖွားလာသည့် စိတ်ဆန္ဒအာသီသမှာလည်း ပိုပိုပြီး ကြီးထွားပြင်းထန်လာသည်။

ရှန်ထျန်းက ငွေရောင်အရည်ဆီသို့ ညာဘက်လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်သည်။

ညာဘက်လက်က အရည်နှင့် ထိမိသည့်အခိုက် ထိုအရည်က သူ့ကိုယ်ထဲသို့ တရှိန်ထိုး ပြေးဝင်သွားလေသည်။

ဖြစ်ပျက်သွားသည်မှာ အင်မတန် မြန်ဆန်လွန်းလှ၏။ မီးစာကိုယ်ထည်စာ ကျင့်စဉ်က အရည်ကို လှမ်းစုပ်ယူလိုက်ကာ ရှန်ထျန်း၏ ခန္ဓာကိုယ်တစ်လျှောက် စတင်လည်ပတ်စေလိုက်လေသည်။

နာကျင်မှု…

တစ်ခါမှ မကြုံဖူးသည့် နာကျင်မှုတစ်ခု…

ရှန်ထျန်း ဝိညာဉ်ချီကို စုပ်ယူကာ ဆေးရေကန်နှင့် ကိုယ်ထည်မာ ကျင့်စဉ်ကို ကျင့်ကြံတုန်းက သူ့အား သစ်သားတူနှင့် ရိုက်နှက်နေသကဲ့သို့ ခံစားရသည်ဆိုလျှင်… ဒီအရည်တို့ ရှန်ထျန်းကိုယ်တစ်လျှောက် စီးဆင်းသွားသည့်အဖြစ်က သူ့အား တိမ်ခွင်းတူနှင့် ရိုက်နှက်နေသကဲ့သို့ ခံစားရစေသည်။

အစပိုင်း၌ သွေးပျက်ဖွယ်အော်သံကြီး တစ်ချက်ကို ဟစ်ကြွေးနိုင်လိုက်သည်မှလွဲ၍ ကျန်သည့်အချိန်အားလုံး၌ ရှန်ထျန်းက သတိလစ်နေခဲ့လေသည်။

…………………

အချိန်တစ်ခု ကြာပြီးနောက် ရှန်ထျန်းက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်သည်။ စိတ်ပူနေသည့် မျက်နှာသုံးခုက သူ့မြင်ကွင်းထဲ ဝင်လာသည်။

“အရှင့်သား… နိုးလာပြီပေါ့”

“အစ်ကိုရှန်… အစ်ကို သတိမေ့နေတာ သုံးရက်နဲ့သုံးည ရှိနေပြီ”

“ကိုယ်လုပ်တော်လန် စောင့်ရှောက်လို့ တော်သေးတာပေါ့… ကျွန်တော်မျိုးကြီးမှာ လန့်သွားတာပဲ အရှင့်သားလေးရယ်”

ရှန်ထျန်းက နားထင်ကို ပွတ်လိုက်ရင်း မေးလိုက်သည် “ကျွန်တော် ဘာလို့ မူးမေ့သွားတာလဲ”

ကွေ့ကုန်းကုန်းမှာ ငိုရမလိုလို ရယ်ရမလိုလို ဖြစ်သွားကာ “သတိမမေ့ဘဲ ဘယ်လိုလုပ်နေနိုင်ပါ့မလဲ… တတိယမြောက်သေတ္တာထဲမှာ “ရှေးဦးအဆီအနှစ်လေးလံ ရေစင်” နဲ့ ပြည့်နေတာလေ”

ရှေးဦး အဆီအနှစ် လေးလံ ရေစင်…

ရှန်ထျန်းတစ်ယောက် အံ့အားသင့်သွားလေသည်။

အစစ်အမှန်ရေစာရင်းပေါ်မှာ အဆင်(၁၂) ချိတ်တဲ့ ရှေးဦးအဆီအနှစ် လေးလံရေစင်လား…

ကျင့်ကြံရေးလောကထဲက ရတနာတွေကို သတ်မှတ်ထားသည့် အဆင့်များ အမြောက်အမြား ရှိလေသည်။

ရှန်ထျန်းက ဝိညာဉ်သစ်ပင်စာရင်းပေါ်တွင် အဆင့်(၃၆) ချိတ်သည့် ရတနာခုနှစ်သွယ် နတ်ဘူးသီးအစေ့ကို ရှာတွေ့ခဲ့ဖူးသည်။

သည်တစ်ကြိမ်က ပိုပြီးတော့ အံ့သြဖွယ်ကောင်းနေလိမ့်မည်ဟု သူက မထင်ထားခဲ့ပေ။ အစစ်အမှန်ရေစာရင်းပေါ်တွင် အဆင့်(၁၂) ချိတ်သည့် ရှေးဦးအဆီအနှစ် လေးလံရေစင်ကို သူ တကယ်ကြီး ရှာတွေ့နိုင်ခဲ့လေသည်။

ဒီရေက ရတနာခုနှစ်သွယ် နတ်ဘူးသီးအစေ့ထက်ပင် များစွာပို၍ အဖိုးတန်သည့် ရတနာတစ်ခု ဖြစ်သည်။

သည်လိုကြီး ကံကောင်းသွားတာကို ဘယ်သူကမှ အပြစ်တင်နေမှာ မဟုတ်ပေ။

ဝိညာဉ်နတ်မိမယ်လေးကလည်း အံ့သြသွားသည်။

အံ့သြစရာကြီး… သူက ရှေးဦးအဆီအနှစ် လေးလံရေစင်ကို တကယ်ကြီး သန့်စင်နိုင်ခဲ့တာပဲ…

နတ်ရေစင်ဝိညာဉ်အသျှင်၏ အမွေအနှစ်ထဲတွင် သူမကို သေသေချာချာ ပြောပြထားသည်။

ရှေးဦးအဆီအနှစ် လေးလံရေစင်သည် နတ်ရေစင် ဝိညာဉ်အသျှင်က ကျင့်ကြံရေးလောကထဲတွင် ကျင်လည်အုပ်စိုးခဲ့စဉ်က သူမအတွက် အကြီးမားဆုံး အထောက်အပံ့ကြီးတစ်ခု ဖြစ်ခဲ့သည်။ ထိုရေက အင်မတန်ကို အစွမ်းထက်၏။

အခြေခံအဆင့်ထိ သူ့ကို သန့်စင်ထားပြီးသားဖြစ်၍ တစ်ယောက်ယောက်က သူ့ကို အပြီးအပိုင် သန့်စင်သည့်အခါတွင် တွေ့ကြုံရမည့် ခက်ခဲမှုက (၈၀)မှ (၉၀)ရာခိုင်နှုန်းလောက်ထိ လျော့သွားပြီ ဖြစ်သည်။ သို့သော် ရွှေအမြုတေအဆင့်အောက်မှ ကျင့်ကြံသူများ အလွယ်တကူ သန့်စင်နိုင်သည့်အရာတော့ လုံးဝမဟုတ်ပေ။

ကိုယ်ထည်မာအဆင့်၌သာ ရှိသေးသည့် ရှန်ထျန်းက ရှေးဦးအဆီအနှစ် လေးလံရေစင်ကို အတင်းသန့်စင်လို့ ရနိုင်ခဲ့မည်ဟု သူမက မထင်ထားမိပေ။

သည်ဟာက တကယ့်ကို စိတ်ကူးတောင် မယဉ်ကြည့်ဖူးသည့် အဖြစ်မျိုးပင်…

ထို့အပြင် ဒီရက်အတောအတွင်း သူတို့အားလုံး၏ လေ့လာတွေ့ရှိချက်အရ ရှန်ထျန်းက ဒီရေကို သူ့ကျောက်ကပ်ထဲမှာ စုပ်ယူထားပုံပေါ်သည်။

ကျောက်ကပ်က ရေကို အစိုးရသည်။ ကျောက်ကပ်က ကိုယ်တွင်းအင်္ဂါငါးခုနှင့် အူမကြီးခြောက်ခုတို့၏ အဆီအနှစ်များကို လက်ခံပြီး သူတို့ထဲမှာ သိမ်းဆည်းပေးကြသည်။

ကျင့်ကြံသူတွေအတွက် ကျောက်ကပ်မှာ အသက်ရှင်မှုအတွက် အခရာကျသည့် အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

ဘာကြောင့်မှန်းရယ်မသိ ရှေးဦးအဆီအနှစ် လေးလံရေစင်က ရှန်ထျန်း၏ ကျောက်ကပ်ထဲသို့ ရောက်သွားလေပြီ။

ဒီဟာက ကံကောင်းတာလား ဒါမှမဟုတ် ကံဆိုးတာလား ဆိုတာကိုတော့ မသိနိုင်သေးချေ။

Comment

Leave a Reply

Options

not work with dark mode
Reset