Switch Mode

အခန်း(၄၁)

မင်းက ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေရဲ့ ဂိုဏ်းသားမှ မဟုတ်ဘူးဆိုရင်

အခန်း (၄၁) : မင်းက ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေရဲ့ ဂိုဏ်းသားမှ မဟုတ်ဘူးဆိုရင်

ဤအလုံပိတ်အခန်း၏ အခန်းဖွဲ့စည်းပုံမှာ အင်မတန် ရိုးရှင်းလှသည်။ အခန်းထဲတွင် စားပွဲတစ်လုံး၊ ထိုင်ခုံတစ်ခုံ၊ ကုတင်တစ်လုံးနှင့် ဖျာတစ်ချပ်သာ ရှိသည်။

စားပွဲပေါ်တွင် လက်ဖက်ရည်ကြမ်းအိုး တစ်အိုးရှိသည်။

နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်လေရာ အိုးထဲမှ လက်ဖက်ရည်ကြမ်းမှာ ခန်းခြောက်နေပြီ ဖြစ်သည်။

ထို့ထက် ကုတင်အလယ်ခေါင်က ဆုတောင်းဖျာပေါ်တွင် ထိုင်လျက်အနေအထားနှင့် ကျောက်တုံးရုပ်ထုတစ်ခု ရှိနေခြင်းက ပို၍ ထူးခြားနေလေ၏။

ဒီကျောက်တုံးရုပ်ထုမှာ အလွန်တရာ ချောမွတ်နေကာ သူ့အဝတ်အစားများက လေထဲတွင် တလွင့်လွင့် ဖြစ်နေသည်။

ရုပ်ထု၏ မျက်နှာသွင်ပြင်ကို အင်မတန် လက်ရာမြောက်စွာ ထုဆစ်ပုံသွင်းထားသဖြင့် လွန်စွာ အသက်ဝင်နေလေ၏။

သူတို့အကုန်လုံး အခန်းထဲသို့ ရောက်သွားသည်နှင့် ကျောက်တုံးရုပ်ထုရှေ့တွင် အမျိုးသမီးပုံရိပ်ယောင်တစ်ခု ပေါ်လာလေသည်။

အမျိုးသမီး၏ ရုပ်ရည်အသွင်အပြင်မှာ ကျောက်တုံးရုပ်ထုနှင့် တော်တော်ဆင်သည်။ သူမက အစိမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားကာ အကြွင်းမဲ့ လှပနေသည်။

သူမ၏ ရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ထည်တို့ အားလုံးက ဝိညာဉ်နတ်မိမယ်လေးနှင့် တန်းတူဖြစ်နေသည်။

သူမဆီတွင် လူအများ လေးစားအားကျစေလောက်သည့် ကျက်သရေဂုဏ်အရှိန်အဝါ တစ်မျိုးပင် ရှိနေသည်။

ပုံရိပ်ယောင်က လေထဲမှာ မျောလွင့်နေလျက် ရှန်ထျန်းတို့အား ဂရုမမူသည့်ဟန်ဖြင့် ကြည့်နေလေသည်။

သို့သော် ရှန်ထျန်းကို မြင်သည့်အခိုက် ပုံရိပ်ယောင်က ဆယ်စက္ကန့်ကျော်စာလောက် ခဏရပ်သွားသယောင် ရှိသည်။

ထို့နောက် သူမက ဖြည်းညင်းစွာ ပြောလိုက်သည်။

“ဒီတံခါးကနေ လူတွေ ဝင်လာပြီဆိုတာက ငါ သေဆုံးသွားပြီလို့ ဆိုလိုနေတာပဲ…

ငါက ကျောက်စိမ်းရေကန်အထွတ်အမြတ်မြေရဲ့ နဝမအကြီးအကဲ၊ နတ်ရေစင် ဝိညာဉ်အသျှင်ပဲ…

ငါ့ဂူနန်းကို သွေးစက်ချပြီး ဖွင့်နိုင်တဲ့သူတွေက သေချာပေါက် ငါ့မျိုးရိုးရဲ့ မျိုးနွယ်ဝင် နောင်လာနောက်သားတွေပဲ ဖြစ်ရမယ်…

လာ… ငါ့အမွေအနှစ်ကို ဆက်ခံဖို့အတွက် ရှေ့တိုးလာပြီး ဦးချကန်တော့ချည်ကွယ့်”

…………………

ပုံရိပ်ယောင်က သူမ၏ အမည်နာမကို ထုတ်ဖော်ပြောပြလိုက်သောအခါ အားလုံးက ဆွံ့အမှင်သက်သွားကြလေသည်။

ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေ၏ နဝမအကြီးအကဲ…

ဤဂုဏ်ပုဒ်အဆင့်အတန်းမှာ အင်မတန် မြင့်မားလေ၏။

ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေဆိုသည်မှာ ထိပ်သီးအဆင့်အတန်းဝင် အထွတ်အမြတ်မြေများထဲမှ တစ်ခု ဖြစ်သည်။

ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေ၏ အကြီးအကဲ တစ်ယောက်အနေနှင့် ရာထူးအဆင့်အတန်းအရ သူမ၏အထက်တွင် အထွတ်အမြတ်မြေ ဂိုဏ်းချုပ်သာ ရှိတော့သည်။

သူမက အရှေ့ပိုင်းလွင်ပြင် တစ်ခုလုံးရှိ ထိပ်သီးပုဂ္ဂိုလ်များအနက်မှ တစ်ယောက်ဖြစ်သည်ဟု သေချာပေါက် ပြောလို့ရလေသည်။

စိတ်ထဲတွင် ထိုသို့တွေးမိကာ ရှန်ထျန်းက မနေနိုင်ဘဲ ဝိညာဉ်နတ်မိမယ်လေးအား လှမ်းကြည့်လိုက်သည်။

သူက ဒီကောင်မလေးကို နတ်ရေစင် ဝိညာဉ်အသျှင်နှင့် အမျိုးတော်နေလိမ့်မည်ဟု မထင်ထားပေ။

သူမတစ်ယောက်တည်းပဲ တံခါးကို ဖွင့်နိုင်သည်မှာလည်း မထူးဆန်းတော့ချေ။

“အစ်ကိုရှန်… ကျွန်မကို ကန်တော့ခိုင်းနေတယ်” ဝိညာဉ်နတ်မိမယ်လေးက ပုံရိပ်ယောင်ကို ကြည့်ကာ မေးလိုက်သည် “ကန်တော့လိုက်ရမလားဟင်”

ရှန်ထျန်းက ပြုံးပြကာ “သူမက မင်းရဲ့စီနီယာဆိုတော့ သူမကို ကန်တော့လိုက်ရလည်း ဘာမှမဖြစ်ပါဘူး”

ဝိညာဉ်နတ်မိမယ်လေးက ခေါင်းငြိမ့်ကာ ကျောက်တုံးရုပ်ထုရှေ့တွင် လိမ်မာရိုကျိုးစွာ ဒူးထောက်လိုက်သည်။

ထို့နောက် သူမက နတ်ရေစင်ဝိညာဉ်အသျှင်၏ ရုပ်ထုအား ရိုရိုသေသေဖြင့် ဦးသုံးကြိမ်ချ ရှိခိုးကန်တော့လိုက်သည်။

ပုံရိပ်ယောင်က အသာအယာ ခေါင်းငြိမ့်လိုက်ကာ

“မဆိုးဘူး… မဆိုးဘူး… ငါ အရမ်းကျေနပ်တယ်…

ကလေးမလေး… ဒီကိုလာခဲ့”

ဝိညာဉ်နတ်မိမယ်လေးက စကားနားထောင်ကာ ပုံရိပ်ယောင်နားသို့ ချဉ်းကပ်သွားလိုက်သည်။

ပုံရိပ်ယောင်က ရှန်ထျန်းအား တစ်ချက် လှမ်းကြည့်လိုက်ပြီးမှ ဝိညာဉ်နတ်မိမယ်လေး၏ နဖူးကင်းကို သူမလက်ညိုးနှင့် ထောက်လိုက်သည်။

ပုံရိပ်ယောင်က အလင်းမှုန်စလေးများအဖြစ် ပြောင်းလဲသွားကာ ဝိညာဉ်နတ်မိမယ်လေး၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းဝင်ရောက်သွားလေသည်။

နတ်ရေစင်ဝိညာဉ်အသျှင်၏ အသံက အလုံပိတ်အခန်းထဲတွင် ပဲ့တင်သွားသည်။

“ဂျူနီယာ… သေချာမှတ်ထားပါ…ငါနဲ့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ကြက်သွေးရောင် ငှက်မွေးတောင်အဆီအနှစ် အသျှင်နဲ့ နှစ်ငါးရာနေရင် ပညာချင်းပြိုင်ဖို့ ချိန်းဆိုထားတာ ရှိတယ်။

ငါ သေသွားပြီဆိုပေမဲ့ သဘောတူညီချက်ကို ချိုးဖောက်လို့မရဘူး…

ငါ့ပညာအမွေကို ဆက်ခံတဲ့သူက ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေရဲ့ တပည့်ဂိုဏ်းသား လုပ်ကိုလုပ်ရမယ်။ ပြီးရင် ချိန်းထားတဲ့နေ့ကို ရောက်တဲ့အခါကျရင် ကြက်သွေးရောင်ငှက်မွေးတောင် အဆီအနှစ်အသျှင်ရဲ့ ဆက်ခံသူကို သွားပြိုင်ရမယ်။

အရှုံးကို လုံးဝ လက်မခံဘူး”

…………………

စကားသံရပ်သွားသည်နှင့် အလင်းစတို့လည်း လုံးဝ ပျောက်ကွယ်သွားလေသည်။

ဝိညာဉ်နတ်မိမယ်လေးက မျက်လုံးလေးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ သူမမျက်ဝန်းထဲတွင် အံ့သြမှုတို့နှင့် ပြည့်နှက်နေသည်။

တစ်ချိန်တည်းမှာပဲ သူမခေါင်းပေါ်မှ ရောင်ဝါစက်ဝန်းက အရင်ကထက်ပိုပြီး အရမ်းကို တောက်ပလာလေသည်။

အနီတောက်တောက် ရောင်ဝါစက်ဝန်းမှာ နေမင်းကြီးအလား ခန့်ညားထည်ဝါနေလေ၏။

ရောင်ဝါစက်ဝန်း၏ အစွန်နားလေးတွေကို ရွှေရောင်အလင်းတို့ဖြင့် ဘောင်ကွပ်ထားလေသည်။ ချင်ကောင်း၏ ရောင်ဝါစက်ဝန်းထက်ပင် ပို၍ တောက်ပနေသည်။

တစ်ဖက်တွင်လည်း ရှန်ထျန်းက ခန္ဓာကိုယ်တစ်ခုလုံး လေပေါ်ပျံနေသကဲ့သို့ ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရသည်။

သည်ဟာက အလွန့်အလွန်ထူးခြားသည့် အမွေအနှစ်တစ်ခု ဖြစ်နေသည်မှာ သိသာလှ၏။

ရှန်ထျန်းက သူမအား စိုက်ကြည့်နေသည်ကို မြင်သောအခါ ဝိညာဉ်နတ်မိမယ်လေးက ရှက်သွေးဖြာသွားသည်။

သူမက မြန်မြန် ပြောပြလိုက်သည်။

“ဆရာမက ကျွန်မကို အမွေအနှစ်(၂)ခု လက်ဆင့်ကမ်းခဲ့တယ်။ တစ်ခုက ဆန်းကြယ်ဝိညာဉ် ရှာနည်းဖြစ်တဲ့ နတ်ဘုရား အမြင်စွမ်းရည်… နောက်တစ်ခုကတော့ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ကို မရောက်ခင်အထိ ကျင့်လို့ရမယ့် ကျင့်ကြံစဉ်ဖြစ်တဲ့ ကျောက်စိမ်းရေကန် တော်ဝင်ကျမ်းပါ…

ဒါပေမဲ့ ကျွန်မတောင်းပန်ပါတယ်နော် အစ်ကိုရှန်… ဆရာမက ကျင့်ကြံစဉ်ပေးနေတုန်း ကျွန်မကို ပြောခဲ့တယ်။

နတ်ဘုရား အမြင်စွမ်းရည်က ဆရာမဘာသာ ရရှိခဲ့တဲ့ အခွင့်အရေးတစ်ခု ဖြစ်နေတာမို့လို့ ဆရာမက အစ်ကို့အတွက်  ပွားပြီး သပ်သပ်တစ်စောင် ကူးပေးဖို့ ကျွန်မကို ခွင့်ပြုခဲ့တယ်။

ကျွန်မ အခြေတည်အဆင့်ကို ရောက်တာနဲ့ အစ်ကို့ကို ဒီပညာရပ် ပေးလို့ရပြီရှင့်…

ဒါပေမဲ့… ကျောက်စိမ်းရေကန် တော်ဝင်ကျမ်းကတော့ လက်ဆင့်ကမ်းပေးလို့ မရနိုင်တဲ့ လျို့ဝှက်ကျင့်စဉ်တစ်ခု ဖြစ်နေတယ်။ ဒီကျမ်းကို ကျင့်ကြံမယ်ဆိုရင် အရင်ဆုံး အထွတ်အမြတ်မြေရဲ့ တပည့်သား ဖြစ်မှရမယ်။

အစ်ကိုက ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေရဲ့ တပည့်ဂိုဏ်းသား မဟုတ်ဘူးဆိုရင် ကျွန်မ အစ်ကို့ကို ဒီကျမ်း ပေးလို့မရဘူး”

…………………

ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေရဲ့ တပည့်ဂိုဏ်းသား ဖြစ်ရမယ် ဟုတ်လား…

ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေက တပည့်မတွေကိုပဲ လက်ခံတာ မဟုတ်ဘူးလား…

ဝိညာဉ်နတ်မိမယ်လေး၏ စကားများကို ကြားသောအခါ ရှန်ထျန်းမှာ ငိုပဲငိုရတော့မလိုလို ရယ်ပဲရယ်ရတော့မလိုလို ဖြစ်သွားရသည် “ရပါတယ် ကိစ္စမရှိပါဘူး”

စောစောတုန်းက ပုံရိပ်ယောင်ကို နတ်ရေစင် ဝိညာဉ်အသျှင်က ချန်ထားခဲ့တာ ဖြစ်လောက်သည်။

ဝိညာဉ်နတ်မိမယ်လေးက သူမ၏ မျိုးဆက် ဖြစ်နေသောကြောင့် သူမက ဝိညာဉ်နတ်မိမယ်လေးအား အမွေပေးရန် ကျန်ရှိနေခဲ့သည့် သူမ၏ အသိစိတ်ကိုပါ ပျောက်ကွယ်စေခဲ့သည်။

ရှန်ထျန်းနှင့် တခြားကျန်လူတို့က ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေ၏ တပည့်သားများ မဟုတ်ချေ။

ဘယ်လိုအကြောင်းကြောင့်မှ ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေ၏ အဓိကအမွေအနှစ်ကို သူတို့ဆီသို့ လက်ဆင့်ကမ်းပေးဖို့ရန် မဖြစ်နိုင်ပေ။

ထို့အပြင် ရှန်ထျန်း၏ လက်ရှိကံဇာတာနှင့် သူက ထိုကျမ်းကို ရခဲ့လျှင်ပင် မကျင့်ကြံရဲသေးပေ။

ချီသန့်စင်ခြင်းကျင့်စဉ် နည်းနည်းပဲပါသည့် သာမန်ကျင့်ကြံစဉ်ကို ကျင့်တာတောင်မှ သူ့မှာ ချီဖောက်ပြန်ခြင်းကို ရှစ်ဆယ့်ရှစ်ခါတိတိ ခံစားခဲ့ရသည်။

သည်လို နက်နဲသိမ်မွေ့သည့် တော်ဝင်ကျမ်းကိုသာ ကျင့်ကြံလိုက်ပါက အချိန်မရွေး သေသွားနိုင်သည် မဟုတ်ပါလော…

ဒီတော့ ထုံးစံအတိုင်းပဲ… ရောင်ဝါစက်ဝန်း မစိမ်းသရွေ့ လုံးဝမကျင့်ကြံဘူးဗျို့…

…………………

ရှန်ထျန်းက သူမအပေါ် မကောင်းသည့် စိတ်ဆို၍ ဘာမှမရှိသည်ကို မြင်သောအခါမှ ဝိညာဉ်နတ်မိမယ်လေးက စိတ်အေးသွားကာ သက်ပြင်းချလိုက်လေ၏။

ထို့နောက် သူမက ရှန်ထျန်းအား ကြည်ညိုလေးစားမှုအပြည့်နှင့် ကြည့်လိုက်သည်။

“အစ်ကိုရှန်… အစ်ကို ဘာဖြစ်လို့ သူများတွေအတွက် သတ္တုရိုင်းတွေ လိုက်ရှာပေးချင်ရတာလဲဆိုတာ ကျွန်မသိသွားပြီ”

ရှန်ထျန်းက ကြက်သေ သေသွားသည်။

မင်းသိတယ် ဟုတ်လား…

သူက တည်ငြိမ်သည့်ပုံစံဖမ်းကာ ပြုံးလိုက်သည် “ဟုတ်လား… ပြောကြည့်ပါဦး”

ဝိညာဉ်နတ်မိမယ်လေးက လေးလေးနက်နက် ပြောလိုက်သည်။

“နတ်ဘုရား အမြင်စွမ်းရည်က သတ္တုရိုင်းတုံးရှာဖွေဖို့အတွက် နက်နဲသိမ်မွေ့တဲ့ ပညာရပ်တစ်ခု ဖြစ်တယ်။

ဒီကျင့်စဉ်ကျင့်ကြံသူတွေက သူတို့ရဲ့ နတ်အသိစိတ်ကို မျက်လုံးတစ်ဖက်မှာ စုစည်းနိုင်ပြီး ဝိညာဉ်သတ္တုရိုင်းတုံးတွေကို စစ်ဆေးကြည့်လို့ရတယ်။

ကျင့်ကြံခြင်းမှာ အောင်မြင်မှု မြင့်လေလေ၊ ဝိညာဉ်သတ္တုရိုင်းတုံးတွေကို စစ်ကြည့်တဲ့စွမ်းရည်က အစွမ်းထက်လာလေလေပဲ။

ဒါပေမဲ့ ဒီကျင့်စဉ်ရဲ့ ရှေ့ဆုံးမှာ အထူးသတိပေးထားတာက ဒီကျင့်စဉ်ကို ခဏခဏ အသုံးပြုလို့ မရဘူးတဲ့”

ရှန်ထျန်းက နားလည်ရခက်သော အပြုံးတစ်ခုကို ဆင်မြန်းကာ မေးလိုက်သည် “အို… ဘာဖြစ်လို့လဲ”

ဝိညာဉ်နတ်မိမယ်လေးက ရှန်ထျန်း သူမကို စမ်းသပ်နေသည်ဟု တွေးကာ အရှုံးမပေးဘဲ ဆက်ပြောလိုက်သည်။

“ဘာဖြစ်လို့လဲဆိုတော့ ဝိညာဉ်သတ္တုရိုင်းတုံးတွေထဲမှာ ကြောက်စရာကြီးတစ်ခု ရှိနေလို့ပဲ…

အချိန်တွေ အရမ်းကြာလာပြီးတဲ့နောက်မှာ ဝိညာဉ်သတ္တုရိုင်းတုံးတိုင်းက နိမိတ်မကောင်းစေတဲ့ စွမ်းအားတစ်ခုကို ထုတ်လွှတ်လာလိမ့်မယ်။

ဒီလိုမျိုး နိမိတ်မကောင်းစေတဲ့ စွမ်းအားက နတ်အသိစိတ်ကို ညစ်ညမ်းလာစေပြီး နောက်ပိုင်းမှာ ခန္ဓာကိုယ်ကိုပါ ညစ်ညမ်းလာစေလိမ့်မယ်။

ဆန်းကြယ် ဝိညာဉ်ရှာနည်းကို သုံးပြီး ဝိညာဉ်သတ္တုရိုင်းတုံးတွေကို လိုက်ရှာလို့ရှိရင် အကျိုးဆက်က သေချာပေါက် မကောင်းတဲ့ စွမ်းအားရဲ့ ညစ်ညမ်းခြင်းကို ခံရတာပဲ ဖြစ်လိမ့်မယ်”

ဝိညာဉ်နတ်မိမယ်လေးက နတ်ဘုရားအမြင်စွမ်းရည်၏ အဓိကသဘောတရားကို ရှင်းပြလိုက်သည်။

“ဒါပေမဲ့… ဆန်းကြယ် ဝိညာဉ်ရှာနည်းတွေမှာ အောင်မြင်မှုများတဲ့ လူတွေက ထူးခြားတဲ့ ပညာရပ်တချို့ကို သင်ယူနိုင်ကြတယ်။

ဒီပညာရပ်တွေကနေတဆင့် သူတို့က သူများတွေကို ဝိညာဉ်သတ္တုရိုင်းတုံးထဲမှာ ပါတဲ့ပစ္စည်းတွေ ပေးလို့ရနိုင်သွားတယ်။

ကံပါတဲ့သူနဲ့ ကံကြမ္မာဝဋ်ကြွေးကို တူတူမျှဝေယူလိုက်တော့ ဝိညာဉ်သတ္တုရိုင်းတုံးအကဲဖြတ်သူပေါ်မှာ ကျရောက်လာမယ့် ဖိအားက အတော်လေး လျော့ပါးသွားလိမ့်မယ်…

အဲ့ဒီကံပါတဲ့သူတွေပေါ်က နိမိတ်မကောင်းစေတဲ့ စွမ်းအားကတော့ အချိန်ကြာလာတာနဲ့အမျှ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလိမ့်မယ်။

ဒီလိုနည်းနဲ့… ဝိညာဉ်သတ္တုရိုင်းတုံး အကဲဖြတ်သူတစ်ယောက်က ဝိညာဉ်သတ္တုရိုင်းတုံးတွေကို များများပိုပြီး ရှာဖွေပေးနိုင်သွားပြီးတော့ ဆိုးကျိုးကိုလည်း မခံစားရတော့ဘူးလေ”

ရှန်ထျန်းတစ်ယောက် ငိုရမလား ရယ်ရမလား မသိဘူးဖြစ်သွားသည်။

ဒီတော့ အကဲဖြတ်ဖို့ ဆိုင်လေးဖွင့်ရုံနဲ့တင် လူတွေ အထင်လွဲတာကို ခံရနိုင်သေးတယ်လား…

ဒါပေမဲ့ အဲ့ဒီဆန်းကြယ်ဝိညာဉ်ရှာနည်းတွေက ဘာဟုတ်သေးလို့လဲ…

ရှန်ထျန်းက သူများတွေအတွက် သတ္တုရိုင်းတုံးတွေ ရှာပေးသည့်အချိန်တွင် ကံမကောင်းမှာ စိတ်ပူစရာ လုံးဝမလိုပေ။ သူ့မှာ (၁၀၀)ရာခိုင်နှုန်း အောင်မြင်နိုင်ချေ ရှိသည်လေ…

သူ့အတွက် ထိုဆန်းကြယ် ဝိညာဉ်ရှာနည်းတွေက အသုံးမဝင်ချေ။

ရှန်ထျန်းက တစ်ခါထပ်မေးလိုက်သည် “နိမိတ်မကောင်းစေတဲ့ စွမ်းအားကို အချိန်မီ မဖယ်ရှားနိုင်ခဲ့ဘူးဆိုရင် ဘာဖြစ်သွားမှာလဲ”

ဝိညာဉ်နတ်မိမယ်လေးက ပြောလိုက်သည်။

“တကယ်လို့ အချိန်မီ မဖယ်ရှားခဲ့ဘူးဆိုရင် ဒါမှမဟုတ် အချိန်တိုအတွင်းမှာ မကောင်းတဲ့ စွမ်အားပမာဏ အများကြီးရဲ့ ညစ်ညမ်းခြင်းကို ခံလိုက်ရရင်… အဲ့လိုဆိုရင်တော့ ဝိညာဉ်သတ္တုရိုင်းတုံးအကဲဖြတ်သူက မကောင်းတဲ့စွမ်းအားရဲ့ တိုက်စားခြင်းကို လုံးလုံးလျားလျား ခံစားရနိုင်ချေ ရှိတယ်။

သူတို့ဟာ ကျောက်အဖြစ် ရုပ်ပြောင်းသွားတာကို ခံစားရပြီး နောက်ဆုံးမှာ ကျောက်တုံးရုပ်ထုတစ်ခု ဖြစ်သွားလိမ့်မယ်”

ဝိညာဉ်နတ်မိမယ်လေးက တစ်စုံတစ်ရာကို တွေးမိသွားဟန် ရှိသည်။

သူမက ဆုတောင်းဖျာပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည့် ကျောက်တုံးရုပ်ထုအား လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမမျက်နှာက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားသည်။

သည်တော့ နတ်ရေစင် ဝိညာဉ်အသျှင်က နိမိတ်မကောင်းစေတဲ့ စွမ်းအားရဲ့ အတိုက်စားခံလိုက်ရလို့ ကျောက်တုံးရုပ်ထုတစ်ခု အဖြစ်သို့ ရောက်ရှိသွားတာလား…

ဆက်ခံလိုက်ရသည့် မှတ်ဉာဏ်များမှ ဝိညာဉ်နတ်မိမယ်လေးက သိထားသည်။

သူမ၏ ဆရာမက ကနဦးစိတ်ဝိညာဉ်အဆင့်၏ အထက်ရှိ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ရှိ ပညာရှင်တစ်ယောက် ဖြစ်သည်။ ထို့အပြင် သူမက ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ရှိ ထိပ်သီး အဆင့်မြင့်ကျင့်ကြံသူများထဲမှ တစ်ယောက်လည်း ဖြစ်သည်။

သည်လိုပုဂ္ဂိုလ်မျိုးတောင်မှ မကောင်းသည့်စွမ်းအား၏ တိုက်စားမှုကြောင့် ကျောက်ရုပ်တစ်ခုဘဝသို့ ရောက်သွားခဲ့ရလေသည်။

အဲ့ဒီတုန်းက ဘယ်တားမြစ်ပစ္စည်းကိုများ ဆရာမ သွားထိမိခဲ့တာလဲ…

ဝိညာဉ်နတ်မိမယ်လေးမှာ ကျောရိုးထဲထိ စိမ့်သွားအောင်အထိ ထိတ်လန့်သွားမိသည်။

ထိုအချိန်မှာပဲ အလုံပိတ်အခန်းထဲတွင် ပြောင်းလဲမှုတစ်ခု ဖြစ်ပွားသွားသည်။ ကြမ်းပြင်က အက်ကွဲလာလေ၏။

Comment

Leave a Reply

Options

not work with dark mode
Reset