အခန်း (၄၀) : အရမ်းကို ပိုင်စိုးပိုင်နင်းဆန်လိုက်တာ… ဒါမျိုးကိုမှ ကြိုက်တာ
ဝိညာဉ်နတ်မိမယ်လေးက ရှန်ထျန်းအား လူကောင်းတစ်ယောက်ဟု သတ်မှတ်ထားသော်လည်း ပြောရမည်ဆိုလျှင် သူမနှင့် ရှန်ထျန်းတို့ သိသည်မှာ သိပ်မကြာသေးချေ။ ထို့အပြင် သူမက အရေခြုံထားသည့် ကြောင်သူတော်များကိုလည်း အများကြီး တွေ့ဖူးထားလေသည်။
အကျိုးအမြတ်များကို မလွန်ဆန်နိုင်ခြင်းမှာ လူ့သဘာဝပင် ဖြစ်သည်။
ရှန်ထျန်း ဘာတွေးနေမှန်း သူမ သေချာမသိချေ။
ထိုအချိန်မှာပဲ ရှန်ထျန်းက ပြောလိုက်သည် “လင်းအာ… ဒီကြာပန်းဖြူတွေနဲ့ ဝိညာဉ်ဆေးဖက်ဝင် အပင်တွေကို မင်းယူလိုက်ပါ”
သူ့စကားများကြောင့် ဝိညာဉ်နတ်မိမယ်လေးမှာ ချက်ချင်းပဲ အံ့သြမှင်သက်သွားလေ၏။
ဝိညာဉ်နတ်မိမယ်လေးက ရှန်ထျန်းအား တွေတွေကလေး လှည့်ကြည့်လိုက်သည်။
သို့သော် ရှန်ထျန်းကို ကြည့်ရသည်မှာ နောက်နေပုံမပေါ်ဘဲ အလေးအနက်ပြောနေပုံ ပေါ်နေသည်။
သူမက မယုံကြည်နိုင်စွာဖြင့် “ဒီဆေးဖက်ဝင် အပင်တွေနဲ့ ကြာပန်းဖြူတွေက ဝိညာဉ်ကျောက်တုံး ဘယ်နှတုံးလောက်တောင် တန်သလဲဆိုတာ ရှင် သိရဲ့လား”
ရှန်ထျန်းက ဝိညာဉ်နတ်မိမယ်လေးအား စိုက်ကြည့်ကာ ပြုံးပြလိုက်သည် “ဝိညာဉ်ကျောက်တုံး ဘယ်နှတုံးပဲတန်တန် ဒါတွေအားလုံးက မင်းအပိုင်ပဲလေ”
ရှန်ထျန်း၏ ညင်သာသည့် စကားလုံးများကို နားထောင်နေရင်း သူ့အကြည့်စူးစူးကို ခံစားမိသောအခါ ဝိညာဉ်နတ်မိမယ်လေးမှာ မျက်နှာတစ်ပြင်လုံး နီရဲသွားလေသည်။
ဝိညာဉ်ဆေးဖက်ဝင်အပင်တစ်ပင်က ဝိညာဉ်ကျောက်တုံး တစ်သန်းကျော် တန်တယ်လေ…
အစ်ကိုရှန်က ငါ့ကို ဒီအတိုင်းပဲ ယူသွားခိုင်းတယ်လား…
တကယ်ပဲ အစ်ကိုရှန်က ငါ့အပေါ် ခံစားချက်တွေ ရှိနေသေးတာကိုး…
သူက ချောက်ထဲ ခုန်ချရတဲ့ အကြောင်းအရင်းကလည်း… ငါ့ကို တာဝန်မယူချင်လို့ မဟုတ်ဘဲ ငါသံသယဝင်တာကို လက်မခံနိုင်လို့ပဲ ဖြစ်ရမယ်… ဟုတ်တယ်မလား…
ဒါပေမဲ့… အစ်ကိုရှန်က ငါ့ကို အရမ်းကို ချစ်မြတ်နိုးနေတဲ့ပုံစံနဲ့ စိုက်ကြည့်နေတာက… ရှက်ဖို့တော့ အကောင်းသား…
ဝိညာဉ်နတ်မိမယ်လေး၏ စိတ်ထဲတွင် မဆုံးနိုင်သော စိတ်ကူးယဉ်အတွေးတို့နှင့် ပြည့်နှက်သွားလေ၏။
…………………
သို့သော် တကယ်တမ်းမှာ သူမဘာသာ အတွေးလွန်နေခြင်း ဖြစ်သည်။
ရှန်ထျန်းက သူမအား ရှိသမျှပစ္စည်းတွေ အကုန်ယူခိုင်းပြီး စိုက်ကြည့်နေရသည့် အကြောင်းအရင်းမှာ ရိုးရှင်းလှသည်။ သူက ဝိညာဉ်နတ်မိမယ်လေး၏ ခေါင်းပေါ်မှ ရောင်ဝါစက်ဝန်း၏ အရောင်ကို စောင့်ကြည့်နေခြင်း ဖြစ်သည်။
ရှန်ထျန်းက ကြာပန်းဖြူ အကုန်လုံးနှင့် ရှိသမျှ ဆေးပင်ပန်းပင်အကုန်လုံးကို ဝိညာဉ်နတ်မိမယ်လေးအား ပေးမည်ဟု ပြောပြီးသွားသည့်အခိုက်မှာပဲ ဝိညာဉ်နတ်မိမယ်လေး၏ ခေါင်းပေါ်မှ ရောင်ဝါစက်ဝန်းက စူးစူးရှရှ တောက်ပလာလေသည်။
မူလက အနီရောင် ရောင်ဝါစက်ဝန်းထဲတွင် အစိမ်းကွက်လေးတွေ ဟိုတစ်စသည်တစ်စ ရှိနေသည်။ သို့သော် အခုတော့ ထိုအစိမ်းရောင် အလင်းကွက်တို့မှာ လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီ ဖြစ်သည်။
သူမခေါင်းပေါ်မှ ရောင်ဝါစက်ဝန်းက အနီရောင်လုံးလုံး ဖြစ်သွားလေပြီ။
တစ်ချိန်တည်းမှာပဲ သူ့တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းသွားသည်ကို ရှန်ထျန်းက ခံစားလိုက်ရသည်။
သိသာစွာပင် သူ့ကံဇာတာကလည်း သူမရောင်ဝါနှင့် တစ်ပြိုင်နက်တည်း အတူတူ တိုးမြင့်သွားလေပြီ။
ဒီခံစားချက်က အတော် စိတ်ကျေနပ်ဖို့ကောင်းသည်။
သို့သော် ထိုအချိန်မှာပဲ ဝိညာဉ်နတ်မိမယ်လေးက ပြောလိုက်သည် “ဒီလိုက မသင့်တော်ပါဘူးရှင်”
သူမက ရှန်ထျန်းအား ရှက်စနိုးလေး လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည် “အစ်ကိုရှန်… အစ်ကို ကမ်းပါးစွန်းကနေ ခုန်ချခဲ့လို့သာ ဒီဂူကို ရှာတွေ့ခဲ့တာလေ။ ကျွန်မကို ဝေစုအများကြီး ပေးလို့ ဘယ်ဖြစ်မလဲ”
ခဏတွေးလိုက်ပြီးနောက် ဝိညာဉ်နတ်မိမယ်လေးက ဆက်ပြောလိုက်သည် “အစ်ကိုရှန်… ဒီဆေးဖက်ဝင်အပင်တွေနဲ့ ကြာပန်းဖြူတွေကို အစ်ကိုပဲ ယူလိုက်ပါ”
သူမ စကားပြောလို့ ပြီးပြီးချင်း ချက်ချင်းကို သူမ၏ ခေါင်းပေါ်က ရောင်ဝါစက်ဝန်းတွင် အစိမ်းကွက်တို့ ပြန်ပေါ်လာပြန်သည်။ ထို့အပြင် အစိမ်းကွက်များက နဂိုကထက်တောင် ပိုများသွားသယောင် ရှိသည်။
ရှန်ထျန်းကလည်း သူ့ကိုယ်ကြီး လေးလာသည်ဟု ခံစားလိုက်ရပြန်သည်။
သူက ဖြောင့်မတ်သော ဟန်ပန်အပြည့်ဖြင့် ပြောလိုက်သည်။
“အဲ့လိုမျိုး ဘယ်အဖြစ်ခံလို့ရပါ့မလဲဗျ။ တကယ်လို့ မိန်းကလေးကသာ ကြေးတံခါးကြီးကို မဖွင့်နိုင်ခဲ့ရင် ကျွန်တော်တို့တွေ ဝင်လို့တောင် ရမှာ မဟုတ်ဘူးလေ…
မိန်းကလေးက ဒီဂူနဲ့ ကံစပ်သူ ဖြစ်နေတဲ့အတွက်ကြောင့် ဒီကပစ္စည်းတွေ အကုန်လုံးက မင်းဟာ ဖြစ်သင့်ပါတယ်”
အစိမ်းကွက်များက ဖြည်းဖြည်းချင်း မှေးမှိန်ပျောက်ကွယ်သွားသလို သူ့ကိုယ်လည်း ဖြည်းဖြည်းချင်း ပေါ့ပါးလာလေသည်။
ဝိညာဉ်နတ်မိမယ်လေးက အရမ်းကို ရင်ထဲထိသွားသည်။
သည်လိုယောက်ျားကောင်း တစ်ယောက်က တကယ့်ကို ရှားမှရှားပဲ…
ဤသို့တွေးမိကာ သူမမျက်နှာလေးက အနည်းငယ် ရဲသွားသည် “အစ်ကိုရှန်… မငြင်းပါနဲ့တော့… လက်ခံပေးပါရှင်”
အစိမ်းကွက်များက ပြန်ပေါ်လာပြန်သည်…
ဘေးမှ ရပ်ကြည့်နေသည့် ကွေ့ကုန်းကုန်းက ရင်နည်းနည်းကျပ်ချင်သလိုတောင် ရုတ်တရက် ခံစားလိုက်ရသည်။
သူက မနေနိုင်တော့ဘဲ ပြောလိုက်သည် “မိန်းကလေးလင်းအာနဲ့ အရှင့်သားနဲ့ လက်ထပ်လိုက်ကြပါလား… အဲ့လိုဆို ဒါတွေကို ဘယ်သူပိုင်ပိုင် ကိစ္စမရှိတော့ဘူးလေ”
ကိုယ်လုပ်တော်လန်သာ မင်းသားလေးနဲ့ မိန်းကလေးလင်းအာတို့ အကြောင်းကို သိရင် တမလွန်မှာ သူမ ပြုံးပျော်သွားမှာ သေချာတယ်…
ဒါပေမဲ့ ခုခေတ်လူငယ်တွေအတွက် ကျင့်ကြံရေးလက်တွဲဖော်လေး တစ်ယောက် ရှာဖို့ကို ဘာဖြစ်လို့ ဒီလောက် ခက်ခဲနေရတာလဲ…
ပစ္စည်းတွေကို ဘာလို့ ခွဲဝေနေဦးမှာလဲ… လက်ထပ်ပြီးသွားလို့ တစ်မိသားစုတည်း ဖြစ်သွားရင် အတူတူ ပိုင်ဆိုင်သွားကြမှာပဲမလား…
ကွေ့ကုန်းကုန်း၏ စကားတို့က ဝိညာဉ်နတ်မိမယ်လေး၏ မျက်နှာကို ပို၍ပင် နီရဲသွားစေလေသည်။
သူမက ရှန်ထျန်းအား တစ်ချက် ခိုးကြည့်လိုက်သောအခါ သူကလည်း သူမအား စိုက်ကြည့်နေသေးသည်ကို တွေ့လိုက်ရသည်။
သူ့အကြည့်တွေက အရမ်းကို နွေးထွေးကြင်နာနေသဖြင့် သူမပါးပြင်လေးတွေ ထိန်းမနိုင်သိမ်းမနိုင် ရဲတွတ်လာလေ၏။
ဒါပေမဲ့ သူ့အကြည့်တွေက တစ်မျိုးကြီးပဲ… ထူးဆန်းနေတယ်…
ပြောရမယ်ဆိုရင် ယောက်ျားတွေက သူတို့ချစ်သူတွေရဲ့ မျက်လုံးတို့၊ မျက်နှာတို့ကို ကြည့်ကြတာ မဟုတ်ဘူးလား…
အစ်ကိုရှန်က ငါ့ခေါင်းပေါ်ကိုပဲ ကြည့်နေတယ်လို့ ဘာဖြစ်လို့ ခံစားနေရတာလဲ…
…………………
ခဏလောက် တွေးပြီးနောက် ဝိညာဉ်နတ်မိမယ်လေးက သူမ ပိုပြီး ထိန်းထိန်းသိမ်းသိမ်း နေသင့်သည်ဟု ခံစားမိသည်။ ပြောရလျှင် ယောက်ျားအများစုက ဣန္ဒြေသိက္ခာ ပိုရှိသည့် မိန်းကလေးများကို သဘောကျတတ်ကြသည်လေ…
သူမက ညင်သာစွာ ပြောလိုက်သည် “ဘယ်သူက အစ်ကိုရှန်နဲ့ လက်ထပ်မှာလဲလို့”
“ဒီလိုဆိုရင်ကော…” ဝိညာဉ်နတ်မိမယ်လေးက ရှန်ထျန်းဆီမှ သူမအကြည့်ကို လွှဲကာ
“အစ်ကိုရှန်က ဒီဂူကို ရှာတွေ့ခဲ့ပြီးတော့ ကျွန်မရဲ့သွေးက ဒီဂူကို ဖွင့်နိုင်ခဲ့တယ်ဆိုတော့…
ကျွန်မတို့ အထဲက ပစ္စည်းတွေကို (၆၀-၄၀) ခွဲယူကြရအောင်ပါလား…
အစ်ကိုရှန်နဲ့ ကျွန်မက (၄၀)ရာခိုင်နှုန်းစီ… ဦးလေးကွေ့နဲ့ အစ်ကိုကောင်းက (၁၀)ရာခိုင်နှုန်းစီ”
ရှန်ထျန်းက သူမအကြံကို ငြင်းပယ်လိုက်သည်။
“အဲ့လိုလုပ်လို့ ဘယ်ဖြစ်မလဲ… ဦးလေးကွေ့နဲ့ ချင်ကောင်းတို့ရဲ့ ဝေစုကို ကျွန်တော် ပေးရမှာပေါ့… မိန်းကလေးရဲ့ဝေစုကနေ ခွဲပေးလို့ ဘယ်ကောင်းပါ့မလဲ…
ဒီလိုဆိုရင်ကော… (၅၀-၅၀) လုပ်ကြရအောင်… (၅၀)ရာခိုင်နှုန်း ယူလိုက်… ဒါအပြတ်ပဲ”
ဆက်လက်ညှိနှိုင်းခွင့် မပေးသည့် ရှန်ထျန်း၏ ပိုင်စိုးပိုင်နင်း စကားများကို ကြားလိုက်ရသောအခါ ဝိညာဉ်နတ်မိမယ်လေးက မငေးကြည့်ဘဲ မနေနိုင် ဖြစ်သွားမိလေ၏။
အရမ်းကို ပိုင်စိုးပိုင်နင်းဆန်လိုက်တာ… အရမ်း ကြမ်းတယ်… အရမ်းလည်း ယောကျ်ားပီသတာပဲ… ဒါမျိုးကိုမှ ကြိုက်တာ…
သူမက ဣန္ဒြေဆယ်ပြီး ငြင်းချင်သော်လည်း ပြောမထွက်ဘူး ဖြစ်နေလေသည်။
…………………
ပိုင်စိုးပိုင်နင်းဆန်သည့် ရှန်ထျန်းကို မျက်နှာချင်းဆိုင်မိသောအခါ ဝိညာဉ်နတ်မိမယ်လေးက စိတ်ကူးတွေ လျှောက်ယဉ်နေပြန်တော့သည်။
ရှန်ထျန်းကတော့ သူမခေါင်းပေါ်ကနေ အကြည့်လွှဲသွားပြီ ဖြစ်သည်။
စောစောက ဖြစ်ပျက်သွားသည်များကို ထောက်လျှင် ရှန်ထျန်းက သူ့ခန့်မှန်းချက်များထဲမှ တစ်ခုကို ထပ်အတည်ပြုနိုင်လိုက်လေသည်။ ထိုအရာမှာ လူတစ်ယောက်၏ ကံအပြောင်းအလဲ အခွင့်အရေးကို ထိုလူနှင့် ခွဲဝေယူရာတွင် အများဆုံး (၅၀)ရာခိုင်နှုန်းအထိ သူ ယူလို့ရနိုင်သည်ဆိုသော အချက် ဖြစ်သည်။
ဒီအချက်က အရေးပါသည်။ အကယ်၍ သူက အကျိုးအမြတ်၏ (၅၀)ရာခိုင်နှုန်းနှင့် (၅၀)ရာခိုင်နှုန်းအောက်ကို ယူလိုက်ပါက နှစ်ဖက်စလုံး ရရှိမည့် ကံဇာတာ တိုးတက်မှုကို အများဆုံးဖြစ်အောင် လုပ်နိုင်ပေလိမ့်မည်။
သည်လိုက နှစ်ဖက်စလုံးအတွက် အကျိုးရှိလေသည်။
ရှန်ထျန်း ရလိုက်သည့် အကျိုးအမြတ်က (၅၀)ရာခိုင်နှုန်းထက် ပိုများနေပါက ကံဇာတာ တိုးတက်မှုက နည်းသွားပေလိမ့်မည်။
အခွင့်အရေးအားလုံးကို ရှန်ထျန်းတစ်ယောက်တည်း မောင်ပိုင်စီးလိုက်ပါက သူ့ကံဇာတာက တိုးတက်လာလိမ့်မည် မဟုတ်ပေ။
ရှန်ထျန်း မောင်ပိုင်စီးလိုက်သည့် အခွင့်အရေး ပိုင်ရှင်ကမူ ကံဇာတာ နိမ့်ပါနိမ့်သွားကာ ကံဆိုးမှုများနှင့်ပင် ကြုံရတတ်လေသည်။
ချင်ကောင်းက အနီသန့်သန့် ရောင်ဝါစက်ဝန်းမှ အစိမ်းရောသည့် အနီရောင် ရောင်ဝါစက်ဝန်းအဆင့်သို့ ကျသွားဖူးလေသည်။
ဝိညာဉ်နတ်မိမယ်လေး၏ ရောင်ဝါစက်ဝန်းတွင် တိုးလာသည့် အစိမ်းကွက်များက ဒီအချက်ကို ညွှန်ပြနေလေသည်။
ဒီအချက်များမှ သူ၏ ထူးခြားသည့် အစွမ်းကို အသုံးချပြီး နေရာတိုင်းတွင် လူတိုင်းနှင့် ကောင်းမွန်သည့် ဆက်ဆံရေးများ တည်ဆောက်ခြင်းမှာ မှန်ကန်သည့်နည်းလမ်း ဖြစ်ကြောင်း တွေ့ရှိနိုင်ပေသည်။
ဤကဲ့သို့တွေးမိကာ ရှန်ထျန်းက သူ့ကိုယ်သူ ဉာဏ်ကောင်းလွန်းသည်ဟု မချီးကျူးဘဲ မနေနိုင် ဖြစ်သွားသည်။
…………………
“ကဲပါ… ငြင်းမနေနဲ့တော့”
ဝိညာဉ်နတ်မိမယ်လေးကို ကြည့်ရသည်မှာ သူ့အား တွေတွေကြီး ငေးမောကြည့်နေသေးပုံ ပေါ်သည်။
ဒီကောင်မလေး ဘာဖြစ်နေမှန်း ရှန်ထျန်းက နားမလည်ချေ။ သူက တောင်ကြား၏ အတွင်းပိုင်း၌ ရှိနေသည့် ကျောက်တုံးအိမ်ငယ်လေးကို လက်ညိုးထိုးပြလိုက်သည်။
“ဒီအပင်တွေက အရံပစ္စည်းတွေပဲ ရှိသေးတယ်။ ကျွန်တော်မှန်းတာ မမှားဘူးဆိုရင် ဟိုထဲမှာမှ တကယ့် ကံအပြောင်းအလဲ အခွင့်အရေး အစစ်တွေ ရှိနေလောက်တယ်ဗျ”
ကျောက်တုံးအိမ်ငယ်လေးကို ကြည့်ရသည်မှာ အလွန်သာမန် ဖြစ်ပုံပေါ်သည်။ အိမ်တစ်လုံးလုံးကို ဘာကနုတ်ပန်းမှ မပါသည့် မီးခိုးရောင်ကျောက်တုံးများဖြင့် တည်ဆောက်ထားသည်။ သို့သော် သေချာကြည့်ကြည့်လေလေ၊ အိမ်လေးဆီမှ ထူးခြားသည့် အလှတရားကို ခံစားမိလေလေ ဖြစ်သည်။
ကြည့်ရသည်မှာ အိမ်ငယ်လေးက တောင်ကြားတစ်ခုလုံးနှင့် ဆက်သွယ်ထားပုံပေါ်ကာ တောင်ကြားတစ်ခုလုံး၏ အချက်အချာနေရာ ဖြစ်နေဟန်ရှိသည်။
တောင်ကြားထဲမှ ဝိညာဉ်ချီတို့က အိမ်ငယ်လေးဆီသို့ စုဝေးရောက်ရှိနေသည်ကို သူ ခံစားလို့ရသည်။
ထိုအိမ်လေးက နတ်ရေစင် ထာဝရရှင်သန်သူဂူနန်း၏ ပိုင်ရှင်သခင် တကယ်နေထိုင်ခဲ့သည့် နေရာဖြစ်နေမှန်း သိသာလှ၏။
“ကြည့်ရတာ ဒီဂူနန်းသခင်က ခြိုးခြံချွေတာတတ်သူတစ်ယောက် ဖြစ်မယ်နဲ့ တူတယ်”
ရှန်ထျန်းက ပြုံးရင်း ခေါင်းခါလိုက်ပြီး အိမ်ငယ်လေးဆီသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားလိုက်သည်။
တောင်ကြားထဲက ဝိညာဉ်ဆေးဖက်ဝင်အပင်များကတင် ဝိညာဉ်ကျောက်တုံး တစ်သန်းလောက် တန်နေပြီလေ… ကျောက်တုံးအိမ်လေးထဲမှ တကယ့်အမွေအနှစ်အစစ်ဆို ဘယ်လောက်တောင် အဖိုးတန်လိုက်မလဲ…
ရှန်ထျန်း၏ ရင်ထဲတွင် မျှော်လင့်ချက်တို့နှင့် ပြည့်နှက်နေသည်။
ဒီစီနီယာ ချန်ထားခဲ့သည့် အခွင့်အရေးက သူ့ရောင်ဝါစက်ဝန်းကို အဖြူရောင် ဖြစ်သွားအောင်အထိ လုပ်နိုင်လေမလားဟု သူက တွေးနေမိသည်။
သူတို့အကုန်လုံး ကျောက်တုံးအိမ်ငယ်လေးဆီသို့ ရောက်သွားသည့်အချိန်၌ သူတို့က အိမ်တံခါးပေါ်တွင် လက်ဝါးရာချိုင့်ခွက် ပုံစံတူတစ်ခုကို မြင်လိုက်ရသည်။
သိသာစွာပင် သွေးတစ်ခေါက် ထပ်လှူဖို့ လိုပြန်ပြီလေ…
ဝိညာဉ်နတ်မိမယ်လေးက သူမ၏ ညာလက်ကို ဆန့်ထုတ်ကာ ထိုချိုင့်ခွက်ရာပေါ်သို့ ဖြည်းဖြည်းချင်း ဖိလိုက်လေသည်။
ချက်ချင်းဆိုသလို သွေးငါးစက်က သံတံခါးထဲသို့ စိမ့်ဝင်သွားသည်။
ကျောက်တုံးအိမ်တံခါးမကြီးက ဖြည်းဖြည်းချင်း ပွင့်လာသည်။ အထဲမှ တိတ်ဆိတ်ငြိမ်သက်နေသော အလုံပိတ်အခန်းတစ်ခန်းက အားလုံးရှေ့မှောက် ထွက်ပေါ်လာလေသည်။