အခန်း (၃၉) : ရေကန်ငယ်တစ်ကန်စာ ကြာပန်းဖြူဖြူများ
ကျောက်ပြားအထက်ရှိ ရှန်ထျန်းမှာကား ချွေးစေးများနှင့် ရွှဲနေလေ၏။
လခွမ်း… ငါလေး သေတော့မလို့…
ရှန်ထျန်းတစ်ယောက် ချောက်ကမ်းပါးစွန်းမှ ရုတ်တရက် ခုန်ချလိုက်ခြင်းမှာ စိတ်တိုပြီး စိတ်လိုက်မာန်ပါ လုပ်ချလိုက်သည့် လုပ်ရပ်တစ်ခု မဟုတ်ပေ။
ချောက်ကမ်းပါးစွန်းမှ ခုန်ချဖို့ကို သူ တွေးနေသည်မှာ ကြာပြီ ဖြစ်သည်။
သေကြောင်းကြံနေခြင်းတော့ မဟုတ်ပေ။ ဝိညာဉ်နတ်မိမယ်လေး၏ ရောင်ဝါစက်ဝန်းမှ ရုပ်ပုံထဲတွင် ဒီချောက်ကမ်းပါးအောက်၌ သူမ၏ ကံအပြောင်းအလဲ အခွင့်အရေး ရှိသည်ဟု ပြနေသောကြောင့် ဖြစ်သည်။
သဘောတရားအရ ရှန်ထျန်းသာ လိုက်မလာခဲ့ပါက သွေးနက် ပြန်ပေးဆွဲသွားသည့် ဝိညာဉ်နတ်မိမယ်လေးက ချောက်ကမ်းပါးစွန်းမှ ပြုတ်ကျသွားလိမ့်မည် ဖြစ်သည်။
ပြုတ်ကျသွားရသည့် အကြောင်းအရင်းကိုတော့ မသိချေ။ ရုန်းရင်းကန်ရင်း ပြုတ်ကျသွားသည်လား… ဒါမှမဟုတ် အသက်နှင့် အရှက်ကို လဲ၍ သေကြောင်းကြံလိုက်သည်လား… သေချာမသိရပေ။
သို့သော် ပြုတ်ကျလာပြီးနောက် သူမ ရောက်ရှိသွားသည့် နေရာမှာ သေချာပေါက် ဒီကျောက်ပြား ဖြစ်သည်။
အခုမူ ရှန်ထျန်း၏ ဝင်ရောက်စွက်ဖက်မှုကြောင့် ဝိညာဉ်နတ်မိမယ်လေးကို ကယ်လိုက်နိုင်လေရာ သူမကလည်း ချောက်ကမ်းပါးစွန်းကနေ အလကားသက်သက် ခုန်ချရလောက်အောင်ထိ တုံးအမနေချေ။ သည်လိုနှင့် ဝိညာဉ်နတ်မိမယ်လေးက ခုန်ချလိမ့်မည် မဟုတ်သောကြောင့် ရှန်ထျန်းက သူကိုယ်တိုင်ပဲ ခုန်ချလိုက်ရလေတော့သည်။
ပြဿနာက ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းတို့က သူ့ကို ဘေးကနေ ကာကွယ်ပေးနေသည်။ ထို့ကြောင့် ရှန်ထျန်းမှာ ကမ်းပါးစွန်းကနေ ရုတ်တရက် ခုန်ချလို့ မရဘဲ ဖြစ်နေ၏။
သူ့လုပ်ရပ်အတွက် အကြောင်းပြချက် ရေရေရာရာ ပေးဖို့ ခက်နေသည်။
ကံကောင်းစွာပင် ဝိညာဉ်နတ်မိမယ်လေးက ရှန်ထျန်းအား ဖြူစင်မှုကို သက်သေပြရန် ကမ်းပါးစွန်းမှ ခုန်ချခိုင်းလာသည်။
သည်လိုအခွင့်ကောင်းကို ရှန်ထျန်းက လက်လွတ်မခံနိုင်ပေ။ ထို့ကြောင့် သူက တုန့်ဆိုင်းမနေဘဲ ချက်ချင်းကို ခုန်ချပစ်လိုက်၏။
ရှန်ထျန်းက ဝိညာဉ်နတ်မိမယ်လေး ပြုတ်ကျသွားသည့် လမ်းကြောင်းနှင့် တည်နေရာကို သေသေချာချာ ဆန်းစစ်ပြီးသားဖြစ်သည်။ ထို့ကြောင့် သူက အကြောက်အလန့်မရှိ ခုန်ချလိုက်ကာ လေဟုန်စီးရသည့် အရသာကို ခံစားကြည့်လိုက်၏။
သို့သော် ထိုဖြစ်စဉ်၌ မတော်တဆ သေးသေးလေးတစ်ခု ဖြစ်ပွားသွားလေသည်။
ဝိညာဉ်နတ်မိမယ်လေး၏ ရုပ်ပုံထဲတွင် ပြထားသည့် လမ်းကြောင်းအနေအထားအတိုင်း လိုက်လုပ်ပါက ဘာပြဿနာမှ ကြုံလိမ့်မည်မဟုတ်ဟု ရှန်ထျန်းက အစောပိုင်းမှာ ထင်ထားသည်။
သို့သော် ခုန်ချပြီးသည့်နောက် ရှန်ထျန်းတစ်ယောက် ကမ်းပါးနံရံတွင် ပေါက်နေသည့် ထင်းရှူးပင်တစ်ပင်နှင့် သွားတိုက်မိလေသည်။ တိုက်မိလို့ မူးဝေဝေ ဖြစ်သွားရုံသာမက သူ ဆင်းရမည့် နေရာပါ ပြောင်းသွားလေ၏။
ကျောက်ပြားရှိသည့်နေရာကနေ သုံးပေစာလောက် လမ်းကြောင်းလွဲသွားသည်။
ထိုအခြေအနေတုန်းက သူ့မှာ သေလောက်အောင် လန့်ဖြန့်သွားခဲ့ရသည်။
သူက အရှေ့ကနေ လေဟုန်စီးပြီး ထိုးကျနေစဉ် သူ့နောက်မှ ဝိညာဉ်တစ်ကောင်က အမှီလိုက်လာနေသော်လည်း အချိန်မမီတော့မလို ဖြစ်သွားခဲ့ရသည်။
တကယ့်အရေးကြီးသည့် အခိုက်အတန့်မှာ ကျိုးအာကသာ သူ့ကို ဘေးသို့ တွန်းမပို့လိုက်ပါက အခုအချိန်လောက်ဆို သူ အသားမှုန့် ဖြစ်သွားလောက်လေပြီ။
“ငါမှားတာ… ငါမှားသွားတာ…
တကယ်ပဲ… အရင်ဆုံး လူသူမသိအောင် နေပြီး အသက်ရှင်ဖို့ကိုပဲ ငါလေး အာရုံစိုက်သင့်တယ်။ ငါ့ရောင်ဝါက အနည်းဆုံး အစိမ်းရောင် မဖြစ်သေးခင် ဘယ်စွန့်စားမှုမျိုးကိုမှ မလုပ်သင့်ဘူးပဲ”
ကျောက်ပြားပေါ်မှာ လှဲနေရင်း ရှန်ထျန်းက ဒါကို သင်ခန်းစာယူကာ နောက်ဘယ်တော့မှ စွန့်စားမှုတွေ မလုပ်တော့ဘူးဟု ရေရွတ်နေလေ၏။
…………………
ဝိညာဉ်နတ်မိမယ်လေးတို့က ကြိုးရှာလို့ တွေ့သွားလေပြီ။
“အရှင့်သား… ဘာဖြစ်သွားသေးလဲ”
မျက်နှာတွင် စိုးရိမ်မှုအပြည့်နှင့် ကွေ့ကုန်းကုန်းက ရှန်ထျန်းအား တွဲထူလိုက်သည်။
တစ်ဖက်တွင် ဝိညာဉ်နတ်မိမယ်လေးက သူမလက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ ပုရိသများစွာကို ဆွဲဆောင်ဖမ်းစားနိုင်သည့် သူမ၏ နတ်သမီးလို အရှိန်အဝါမှာ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ထိုအစား သူမကို ကြည့်ရသည်မှာ အနိုင်ကျင့်ခံထားရသည့် ဇနီးမယားတစ်ယောက်နှင့် တူနေလေသည်။
ဘယ်သူသိမလဲ သူမ အခုအချိန် ဘယ်လောက်တောင် ငိုချင်နေမလဲဆိုတာ…
“လူယုတ်မာကြီး… ရှင်ကြီးက ကမ်းပါးကနေ တကယ် ခုန်ချသွားတယ်ပေါ့လေ… ကျွန်မ ရှင့်ကို ဆက်ပြီး တာဝန်ယူဖို့ မပြောတော့ပါဘူး… ကဲ အခု ရှင်ပျော်ပြီလား ပြော”
သူမ၏ မျက်နှာတွင် မုန်းတီးနာကြည်းမှုနှင့် အငြိုးတရားများဖြင့် ပြည့်နေသောကြောင့် ရှန်ထျန်းက ဝိညာဉ်နတ်မိမယ်လေးအား မျက်နှာချင်းမဆိုင်ရဲဘဲ မျက်နှာလွှဲထားလိုက်လေသည်။
ဝိညာဉ်နတ်မိမယ်လေးကို စိပ်ပုတီးစေ့တွေ ဝတ်ထားခိုင်းလိုက်ပါက ရက်အနည်းငယ်အတွင်း ပုတီးစေ့တွေ ပြန်ကောင်းသွားလောက်သည်ဟု သူက တွေးလိုက်သည်။
…………………
ဘာကြောင့်မှန်းရယ်မသိ ရှန်ထျန်းတစ်ယောက် သူ့ကိုယ်သူ လူပွေလူရှုပ် တစ်ယောက် ဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။
သို့သော် တကယ်တမ်းမှာ သူ ဘာမှမလုပ်ရသေးဘူးလေ…
“အဟမ်း… အဟမ်း… ဒါဆို… အင်း… ဒီဂူနန်းကို တစ်ချက်လောက် ကြည့်ကြည့်ကြစို့လား”
သူက အကြောင်းအရာကို အတင်းပြောင်းကာ ဂူနန်းဆီသို့ လျှောက်သွားလိုက်သည်။
ဂူနန်းက ဆယ်ပေလောက် မြင့်ကာ ဂူနန်း၏ ဧရာမကြေးတံခါးကြီးမှာ သော့ခတ်ခံထားရသည်။ တံခါးအပေါ်တွင် သံပြားတစ်ချပ်ကို ချိတ်ဆွဲထားသည်။
သံပြားပေါ်တွင် အားမာန်ပါသော သေသပ်သည့် လက်ရာနှင့် ရေးသားထားသော “နတ်ရေစင် ထာဝရရှန်သန်သူ ဂူနန်း” ဟူသည့် စာလုံးကြီးလေးလုံး ရှိနေသည်။
“နတ်ရေစင် ထာဝရရှင်သန်သူဂူနန်း တဲ့လား… နန်းတွင်းထဲက စာအုပ်တွေထဲမှာ ဒါနဲ့ပတ်သက်ပြီး မှတ်သားထားတာ မတွေ့ဖူးဘူး” ကွေ့ကုန်းကုန်းက ပြောလိုက်သည် “အရှင့်သား… သတိထားပါ… ကျင့်ကြံသူတစ်ယောက်ရဲ့ ဂူနန်းထဲမှာ အန္တရာယ်တွေ ရှိနေနိုင်တယ်”
ရှန်ထျန်းက ခေါင်းငြိမ့်ပြလိုက်သည်။ ကွေ့ကုန်းကုန်းက သတိမပေးလျှင်ပင် သူက သတိထားရမည်မှန်း သိပြီးသားဖြစ်သည်။ စောစောလေးကတင် သူ အသားမှုန့် ဖြစ်တော့မလို့လေ…
သူက တံခါးဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သောအခါ ကြေးတံခါးပေါ်တွင် လက်ဝါးရာ ချိုင့်ခွက်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။
ရှန်ထျန်းက သူ့ညာဘက်လက်ကို လက်ဝါးရာချိုင့်ခွက်ထဲသို့ ထည့်လိုက်ပြီး အားနည်းနည်း သုံးကြည့်လိုက်သည်။
ရုတ်ချည်းဆိုသလို သူ့လက်ချောင်းငါးချောင်းကို ထိုးဖောက်သွားသည့် နာကျင်မှုကို ခံစားလိုက်ရသည်။
လက်ချောင်းများမှ သွေးငါးစက် စိမ့်ထွက်လာကာ ကြေးတံခါးက ထိုသွေးစက်တို့ကို စုပ်ယူလိုက်သည်။ သို့သော် သွေးကို စုပ်ယူပြီးသွားသော်လည်း တံခါးက ဘာမှမပြောင်းလဲသွားချေ။
တချို့ ကံအပြောင်းအလဲ အခွင့်အရေးတွေက သီးသန့် လူတချို့အတွက် အထူးလုပ်ထားတယ်ဆိုတာ တကယ်ပဲကိုး…
ရှန်ထျန်းမှာ မတတ်သာသည့်အဆုံး ပြောလိုက်ရသည် “ကြည့်ရတာ ဒီကြေးတံခါးက စမ်းသပ်မှုတစ်ခု ဖြစ်လောက်တယ်။ ကျွန်တော့်သွေးက မအောင်မြင်လိုက်ဘူး”
ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းတို့က တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီးနောက် သူတို့လည်းပဲ ရှေ့သို့ လျှောက်လာပြီး ကြိုးစားကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်းပင် ရလဒ်က ရှန်ထျန်းနှင့် အတူတူ ဖြစ်သည်။ ကြေးတံခါးကြီးက လှုပ်တောင်မလှုပ်ချေ။
“မိန်းကလေးလင်းအာ… အခု မင်းတစ်ယောက်ပဲ ကျန်တော့တယ်” ရှန်ထျန်းက ဝိညာဉ်နတ်မိမယ်လေးအား ပြုံးပြရင်း ပြောလိုက်သည်။
“ဟွန့်”
ဝိညာဉ်နတ်မိမယ်လေးက ရှန်ထျန်းအား မာန်ဝင့်စွာ တစ်ချက်ကြည့်လိုက်ပြီးမှ ကြေးတံခါးကြီးဆီသို့ လျှောက်သွားလိုက်သည်။
သူမက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူမ၏ သေးသွယ်သော လက်ဖဝါးလေးကို လက်ဝါးရာချိုင့်ခွက်ထဲသို့ ဖိချလိုက်သည်။
လက်ချောင်းများမှ သွေးငါးစက် ထွက်လာပြီး ကြေးတံခါးက သွေးစက်တို့ကို စုပ်ယူလိုက်လေ၏။
ကြေးတံခါးကြီးတစ်ခုလုံး သိမ့်သိမ့်တုန်ခါလာသည်။
ကျွီ…
ဆယ်ပေမြင့်သည့် ကြေးတံခါးကြီးက အသံအကျယ်ကြီး မြည်ကာ ပွင့်လာသည်။ ထို့နောက် အားလုံး ရှေ့တွင် လူသွားလမ်းအရှည်ကြီးတစ်ခု ပေါ်လာလေ၏။
“ကြည့်ရတာ မိန်းကလေးလင်းအာက ဒီဂူနန်းရဲ့ ကံစပ်သူ ထင်တယ်”
ရှန်ထျန်းက စိတ်အေးသွားသဖြင့် သက်ပြင်းချကာ ပြုံးပြလိုက်သည်။
နောက်ဆုံးတော့ ဝိညာဉ်နတ်မိမယ်လေးက ဂူနန်းတံခါးပေါက်ကို ဖွင့်နိုင်ခဲ့လေပြီ။
သည်လိုဆိုလျှင် ဝိညာဉ်နတ်မိမယ်လေးက သူမ၏ ကံအပြောင်းအလဲ အခွင့်အရေးကို ရရှိပြီးသွားသည်နှင့် သူ့ရောင်ဝါစက်ဝန်း၏ အရောင်ပြောင်းသွားမည့်အချိန် ရောက်လာတော့မည် ဖြစ်သည်။
လူစုက ဂူထဲသို့ သတိကြီးကြီးထားကာ ဖြည်းဖြည်းချင်း ဝင်သွားလိုက်သည်။
ဒီဂူထဲသို့ လူသူမရောက်သည်မှာ အချိန် အတော်ကြာနေပြီမှန်း မြင်နိုင်လေသည်။
ဂူ၏ ဘေးနံရံ တစ်ဖက်တစ်ချက်စီတွင် ဖယောင်းတိုင်တန်း တစ်တန်းစီ ရှိနေကာ ထိုဖယောင်းတိုင်များအပေါ်တွင် ဖုန်များနှင့် အပြည့်ဖြစ်နေသည်။
ကြေးတံခါးပေါက်ကို ဖြတ်လျှောက်လာပြီးသည့်နောက် လူစုက ဂူနန်း၏ ပိုနက်သည့် အတွင်းပိုင်းထဲသို့ ဦးတည်သွားလိုက်သည်။
လမ်းကြောင်းအတိုင်း လိုက်ရင်းဖြင့် သူတို့တွေက မီတာရာကျော်လောက် ခရီးရောက်လာပြီ ဖြစ်သည်။
ထိုအခိုက်မှာပဲ တောင်ကြားမြေပြင်ကျယ် အသေးစားလေးတစ်ခုက သူတို့ရှေ့၌ ပေါ်လာကာ သူတို့မြင်ရသည့် မြင်ကွင်းမှာလည်း ကျယ်ပြန့်သွားလေသည်။
တောင်ကြားငယ်လေးက ဝိညာဉ်ချီတို့နှင့် အပြည့်ဖြစ်နေသည်။
ထူးခြားဆန်းပြားသည့် ပန်းပေါင်းစုံနှင့် ရှားပါး ဆေးဖက်ဝင်အပင်များက ရှင်သန်ကြီးထွားနေကြကာ သူတို့၏ မွေးရနံ့များက လေထုထဲတွင် သင်းပျံ့နေလေ၏။
တောင်ကြား၏ အလယ်တည့်တည့်တွင် တစ်ဧကအကျယ်ရှိသည့် ရေကန်ငယ်လေး တစ်ခုပင် ရှိနေသည်။ ကန်ငယ်ထဲတွင် ဝိညာဉ်ကြာပန်းများကို စိုက်ပျိုးထားသည်။ ကြာပန်းများက အပြည့်အဝ ဖူးပွင့်နေကြပြီး လတ်ဆတ်သင်းပျံ့သော မွေးရနံ့လေးတစ်ခုကို ထုတ်လွှတ်နေကြလေသည်။
“ဒါက ပြန်လှည့်ရွှေရောင် ဆေးလုံးအတွက် မရှိမဖြစ်လိုအပ်တဲ့ အဖိုးတန်ဆေးဝါးပစ္စည်းတစ်ခု ဖြစ်တဲ့ မျိုးသန့် ကြာပန်းဖြူတွေပဲ”
ရေကန်ထဲမှ မျိုးသန့်ကြာပန်းဖြူများကို ကြည့်မိသောအခါ ကွေ့ကုန်းကုန်းမှာ အံ့သြတကြီး ပင့်သက်ရှိုက်လိုက်မိ၏။
မျိုးသန့်ကြာပန်းဖြူဆိုသည်မှာ ကျင့်ကြံရေးလောကထဲတွင် အလွန်ကျော်ကြားကာ အင်မတန် အဖိုးတန်သည့် ပစ္စည်းတစ်ခု ဖြစ်သည်။ အလွန်သာမန်ဖြစ်သည့် အဆင့်တစ် မျိုးသန့်ကြာပန်းဖြူကိုပင် ဝိညာဉ်ကျောက်တုံး ထောင်ချီကျော်ဈေးနှုန်းဖြင့် ရောင်းချနိုင်လေသည်။
အခုမူ တစ်ချက်ကလေး ကြည့်လိုက်ရုံနှင့် ရေကန်ထဲတွင် မျိုးသန့်ကြာပန်းဖြူ အပွင့်တစ်ရာလောက်တော့ အနည်းဆုံးရှိနေမှန်း သိနိုင်သည်။
သူတို့အနက် အဆင့်သုံး မျိုးသန့် ကြာပန်းဖြူ တချို့ကိုပင် ရှန်ထျန်းက မြင်မိသေးသည်။
အဆင့်သုံး မျိုးသန့် ကြာပန်းဖြူတစ်ပွင့်သည် အနည်းဆုံး ဝိညာဉ်ကျောက်တုံး အတုံးတစ်သိန်းလောက်တော့ တန်ပေလိမ့်မည်။
ဒီရေကန်တစ်ကန်စာ မျိုးသန့် ကြာပန်းဖြူများ၏ တန်ဖိုးကတင် မခန့်မှန်းနိုင်လောက်အောင်အထိ များနေလေပြီ။
…………………
ရေကန်ငယ်တစ်ခုလုံးစာ အပြည့်ဖြစ်နေသည့် မျိုးသန့် ကြာပန်းဖြူများကို ကြည့်မိသောအခါ ဝိညာဉ်နတ်မိမယ်လေးမှာ အံ့သြလွန်းသဖြင့် သူမပါးစပ်လေးကို လက်ဖြင့်ပိတ်လိုက်မိသည်။
မျိုးသန့်ကြာပန်းဖြူတွေ အများကြီးပါလား… တချို့ကဆို အဆင့်နှစ်နဲ့ အဆင့်သုံး ကြာပန်းဖြူတွေ…
သူတို့ကို အကုန်ရောင်းပစ်လိုက်ရင် ဘယ်လောက်တောင် ရမလဲ မသိဘူး…
သေချာပေါက် ထိုငွေပမာဏမှာ ဝိညာဉ်နတ်မိမယ်လေး စိတ်ကူးတောင် မယှဉ်ဖူးသည့် ငွေပမာဏမျိုး ဖြစ်နေပေလိမ့်မည်။
ဝိညာဉ်နတ်မိမယ်လေးက အနည်းငယ် စိုးရိမ်သွားပြီး ရှန်ထျန်းအား လှမ်းကြည့်လိုက်သည်။
ဒီလိုကံကောင်းမှုကြီးကို သူမ မြင်မိသွားလို့ သူက သူမကို သတ်လေမလားပေါ့…
ကျင့်ကြံသူတွေအတွက် ကျင့်ကြံရေးအရင်းအမြစ်များက တခြားအရာအားလုံးထက် ပို၍ အရေးကြီးလေသည်။
ဒီနေရာမှာ ထူးထူးဆန်းဆန်း ပန်းပွင့်တွေ၊ ရှားပါးဆေးဖက်ဝင်အပင်တွေအပြင် အနည်းဆုံး ဝိညာဉ်ကျောက်တုံး အတုံးဆယ်သိန်းလောက် တန်ကြေးရှိသည့် ရေကန်တစ်ကန်စာ မျိုးသန့် ကြာပန်းဖြူတွေပါ ရှိနေလေသည်။
မျက်စိရှေ့မှောက် ရောက်ရှိလာသည့် ချမ်းသာကြွယ်ဝမှုတို့အတွက် လူများစွာက သူတို့၏ သွေးသားအရင်းအချာများကိုပင် ထိခိုက်အောင် လုပ်နိုင်ကြသည်။
ဝိညာဉ်နတ်မိမယ်လေးက ဆင်းဆင်းရဲရဲဘဝမှာ မွေးဖွားရှင်သန်လာခဲ့ရသည့်အပြင် အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်လိုမျိုး လူတန်းစားပေါင်းစုံ ရောထွေးနေသည့် နေရာမျိုးတွင် နှစ်များစွာ အလုပ်လုပ်ခဲ့ဖူးသည်။ ထို့ကြောင့် ကျင့်ကြံရေးလောကထဲက လူသားတို့၏ အတွင်းစိတ်နှလုံးမှာ ဘယ်လောက်ထိ ယုတ်မာပက်စက်နိုင်သလဲကို သူမ ကောင်းကောင်းသိသည်။
သည်လို ကံအပြောင်းအလဲ အခွင့်အရေးမျိုးနှင့် ကြုံကြိုက်လာသည့် ကျင့်ကြံသူအများစုက လျို့ဝှက်ချက်ကို ထိန်းသိမ်းရန် သူတို့နှင့်အတူတူ ပါလာသည့် လူတွေအား နှုတ်ပိတ်သတ်ဖြတ်ပစ်လိမ့်မည် ဖြစ်သည်။
ဒီလူကကော ဒီလိုငွေကြေးပမာဏရဲ့ ဆွဲဆောင်မှုကို တောင့်ခံပြီး တွန်းလှန်နိုင်ပါ့မလား…
ထိုသို့တွေးမိသည့်အခိုက် ဝိညာဉ်နတ်မိမယ်လေးတစ်ယောက် အင်မတန်ကို စိတ်ပူသွားလေတော့သည်။