အခန်း (၃၈) : အရှင့်သားလေး နောက်ဆုံးတော့ ကံကောင်းသွားပြီလား
ရှန်ထျန်းက အရင်ဘဝတုန်းက လေသွင်းပေးခြင်းနှင့် ရင်ဘတ်ဖိခြင်းတို့ ပါဝင်သော အခြေခံ ရှေးဦးသူနာပြုနည်း အနည်းငယ်ကို သင်ယူဖူးသည်။
လိုအပ်လျှင် အသုံးချနိုင်ဖို့အတွက် ရှန်ထျန်းက ထိုပညာများကို ကျွမ်းကျင်အောင် သေချာလေ့ကျင့်ခဲ့ဖူးသည်။
ထို့ကြောင့် ဝိညာဉ်နတ်မိမယ်လေးအား သူသိသမျှ လုပ်ပေးပြီးသည့်နောက် သိပ်မကြာခင်မှာပဲ သူမ၏အသက်ရှုသံက ဖြည်းဖြည်းချင်း ပုံမှန်ပြန်ဖြစ်လာလေသည်။
ဝိညာဉ်နတ်မိမယ်လေးက မျက်လုံးလေးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်သည်။
“ဟင်”
ရုတ်တရက်ဆိုသလို သူမက တစ်ခုခုမှားနေကြောင်း ခံစားမိလိုက်သည်။ အင်မတန် ချောမောခန့်ညားသော မျက်နှာတစ်ခုက သူမနားသို့ နီးနီးလာလေသည်။
ထိုသူက ရှန်ထျန်း ဖြစ်သည်။
ဝိညာဉ်နတ်မိမယ်လေးက အံ့သြလွန်းသဖြင့် ဖြူဖျော့သွားသည်။ ထို့နောက် သူမက မျက်လုံးများကို ကပျာကယာ အမြန်ပြန်ပိတ်လိုက်သည်။
ဘိုးတော်ကြီး… ရှင်ကြီးက ကျွန်မ သတိမေ့နေတုန်း အခွင့်ကောင်းယူပြီး ကျွန်မကို နမ်းတယ်ပေါ့လေ… ဟယ်… ပါးစပ်ထဲကို လေတွေတောင် မှုတ်လိုက်သေးတယ်…
အဲ… နေဦး… သူ… သူက ငါ့ရင်ဘတ်ကို ဖိနေတယ်… ဒါတော့ လွန်လွန်းအားကြီးသွားပြီ… ကျွန်မက အပျိုစင်လေးပဲ ရှိသေးတယ်ရှင့်…
ရှင်ကြီးက အဲ့လိုလုပ်လိုက်တော့ နောင်ကျရင် ကျွန်မ ဘယ်လိုလုပ် လက်ထပ်လို့ ရတော့မှာလဲ…
ဝိညာဉ်နတ်မိမယ်လေးက အရမ်းကို ဒေါသထွက်သွားသည်။ သူမက ထခုန်ပြီးတော့တောင် ရှန်ထျန်းအား ရိုက်သတ်ပစ်လိုက်ချင်မိသည်။
သို့သော်… သေချာပြန်စဉ်းစားကြည့်လိုက်တော့… ဒီတောရိုင်းမြေထဲတွင် ဘယ်သူမှ မရှိချေ။ ရှန်ထျန်းနှင့် သူ့နောက်လိုက်အစေခံနှစ်ယောက်သာ ရှိသည်။ သူမ တကယ်ပဲ ငြင်းဆန်တွန်းလှန်ချင်လျှင်တောင်မှ လုပ်နိုင်မည့်ပုံ မပေါ်ပေ။
ဖြစ်… ဖြစ်နိုင်တာက ငါသူ့ကို လူကဲခတ်မှား သွားတာများလား…
သူက တကယ်ပဲ လူကောင်းတစ်ယောက် မဟုတ်ဘဲ နှာဘူးအရူးတစ်ယောက်များလား…
ထိုသို့တွေးမိသောအခါ ဝိညာဉ်နတ်မိမယ်လေးမှာ ကြောက်လန့်လွန်းသဖြင့် လှုပ်တောင် မလှုပ်ရဲတော့ချေ။
သို့သော် သူမ တစ်သက်နှင့်တစ်ကိုယ် မခံစားဖူးသည့် ထူးဆန်းသည့် ခံစားချက်တစ်ခုက ဖြည်းဖြည်းချင်း ဖြစ်တည်လာသည်။ ထိုခံစားချက်မှာ မယုံနိုင်လောက်အောင် အံ့သြဖို့ကောင်းသည်။
ရုတ်တရက် သူမ၏နှုတ်ခမ်းပေါ်မှ အထိအတွေ့က ပျောက်ကွယ်သွားသည်။ သူမ၏ ရင်ဘတ်ပေါ်ကို ဖိနေခြင်းကလည်း ရပ်သွားလေပြီ။
ဝိညာဉ်နတ်မိမယ်လေးက သူမခန္ဓာကိုယ်ဆီမှ တစ်စုံတစ်ရာ ဆုံးရှုံးသွားလိုက်ရသယောင် ခံစားလိုက်ရသည်။
သူမက မျက်လုံးများကို ဆက်မှိတ်ထားလိုက်သည်။ ထိုအခါ ရှန်ထျန်းနှင့် ကွေ့ကုန်းကုန်းတို့ ပြောဆိုနေကြသည်များကို ကြားလိုက်ရသည်။
“ဦးလေးကွေ့… ကျွန်တော် နည်းနည်းပင်ပန်းလာပြီ… ဦးလေး အပ်စိုက်ပြီး ကုကြည့်ကြည့်ပါလား”
ဝိညာဉ်နတ်မိမယ်လေးက စိုးရိမ်လာမိသည်။
အပ်စိုက်ကုမယ် ဟုတ်လား… ဘာကိုအပ်စိုက်ကုမှာလဲ…
“အဟမ်း… အဟမ်း… ကျွန်တော်မျိုးက ပညာသိပ်မပြည့်တော့ မိန်းကလေးလင်းအာကို ထိခိုက်မိမှာ စိုးရိမ်မိပါတယ်။ အရှင့်သားပဲ ဆက်လုပ်ပေးလိုက်တာ ကောင်းပါလိမ့်မယ်”
ဟင်… ဒါဆို သူက ငါ့ကို မဖွယ်မရာပြုနေတာ မဟုတ်ဘဲနဲ့ ငါ့အသက်ကို ကယ်နေတာပေါ့…
မဖြစ်နိုင်တာ… အဲ့လိုလုပ်တာကို လူကယ်တယ်လို့ ဘယ်လိုလုပ် သတ်မှတ်လို့ရမှာလဲ…
ပြီးတော့ သူကများ ပင်ပန်းသလေး ဘာလေး ညည်းရတယ် ရှိသေး… ဘာလဲ… ကျွန်မကို ကယ်ဖို့ ရှင့်အတွက် အဲ့လောက်တောင် ခက်ခဲနေသလား…
ဝိညာဉ်နတ်မိမယ်လေး၏ နှလုံးသားထဲမှာ နာကြည်းမုန်းတီးလာမိသည်။
………………….
ထူးထူးဆန်းဆန်း ရှန်ထျန်း၏ စိပ်ပုတီးစေ့များက စတင်တုန်ခါလာလေသည်။
“သခင်… သခင်… ဟိုနားက အမျိုးသမီးဆီကနေ အငြိုးတရားတွေကို ခံစားလို့ရနေတယ်”
ရှန်ထျန်းက အံ့သြသွားသည်။
“သွေးနက်က အရံအစီအစဉ်အနေနဲ့ သူမအပေါ် တစ်ခုခုများ လုပ်ထားခဲ့တာများလား”
ကွေ့ကုန်းကုန်း၏ မျက်နှာကလည်း လေးနက်တည်ကြည်သွားကာ “အဲ့လိုမျိုးလည်း ဖြစ်နိုင်ချေရှိတယ်”
မိစ္ဆာကျင့်ကြံသူများက သူတို့၏ ရက်စက်ကြမ်းကြုတ်မှုနှင့် ဆန်းဆန်းပြားပြား နည်းလမ်းများကို သုံးတတ်ခြင်းတို့ကြောင့် ကျော်ကြားကြသည်။ သူတို့ဆီမှာ လူကျင့်ဝတ်ဆိုသည့်အရာ မရှိတော့သဖြင့် မသမာသော ကလိမ်ကကျစ် နည်းမျိုးစုံကို သုံးတတ်ကြလေသည်။ ထိုနည်းလမ်းတို့ကို တုံ့ပြန်ရင်ဆိုင်ရသည်မှာ အင်မတန် ခက်ခဲလှ၏။
ရှန်ထျန်းက သူ့လက်ထဲမှ ဓားသခင် အမှတ်အသားပြားကို ဆုပ်ကိုင်လိုက်ပီး “ဒီအငြိုးတရားကို ဖယ်ရှားပစ်ဖို့ နည်းရှိလား”
ဘေးမှာရပ်နေသည့် ချင်ကောင်းက ခဏတွေးလိုက်ကာ “ကျွန်တော်မျိုး ကြားဖူးတာကတော့ လူပျိုတစ်ယောက်ရဲ့ဆီးက မိစ္ဆာပစ္စည်းတွေကို ဖယ်ရှားပစ်နိုင်…”
“ရပ်”
ဝိညာဉ်နတ်မိမယ်လေးခမျာ ချင်ကောင်း၏အကြံကို ကြားလိုက်ရသောအခါ ကြောက်ရွံ့တုန်လှုပ်သွားကာ ဖြူဖျော့သွားသည်။ ထို့ကြောင့် သူမက ချက်ချင်း မြေကြီးပေါ်လှဲနေရာမှ ငေါက်ခနဲ ထလာလိုက်သည်။
“ကျွန်…ကျွန်မ… ကျွန်မ အဆင်ပြေပါတယ်”
ဝိညာဉ်နတ်မိမယ်လေး ဘယ်လိုတောင် ကြောက်ရွံ့တုန်လှုပ်နေမှန်း မြင်လိုက်ရသောအခါ ရှန်ထျန်း၏ မျက်နှာက တစ်မျိုး ဖြစ်သွားသည် “မင်းက နိုးနေပြီးသားလား”
ဝိညာဉ်နတ်မိမယ်လေးက ကြက်သေသေသွားသည်။ ခဏနေမှ ခပ်တွေတွေလေး ခေါင်းငြိမ့်ပြကာ “စောစောလေးကတင် နိုးလာတာ”
“နိုးနေပြီဆိုလည်း နိုးနေတဲ့အကြောင်းကို ဘာလို့မပြောတာလဲဗျာ” ရှန်ထျန်းက စိတ်ပျက်စွာ ပြောလိုက်သည် “ကျွန်တော့်မှာ မောသွားတာပဲ”
ဝိညာဉ်နတ်မိမယ်လေးမှာ “…”
ဝိညာဉ်နတ်မိမယ်လေးက တွေတွေလေး ကြည့်နေရာမှ သတိပြန်ဝင်လာပြီး ဒေါသပုန်ထသွားလေတော့သည်။
“ရှင်… ရှင်ကြီး… လူရမ်းကားကောင်… စောနတုန်းက ရှင် ကျွန်မကို နမ်းတယ်… ကျွန်မရဲ့ရင်ဘတ်ကိုလည်း ဖိတယ်… နောင်ကျရင် ကျွန်မ ဘယ်လိုလုပ် လက်ထပ်လို့ ရတော့မှာလဲ”
ကွေ့ကုန်းကုန်းက မျက်လုံးများ ပိတ်သွားသည်အထိ ပြုံးလိုက်ကာ “အဲ့ဒါဆိုလည်း အရှင့်သားကိုပဲ လက်ထပ်လိုက်ပေါ့ဗျာ”
ဟီးဟီး… စောစောတုန်းက အပ်စိုက်မကုဖြစ်လိုက်တာ တော်သေးတယ်… အရှင့်သားက တကယ့်ကို ဉာဏ်ပြေးတာပဲ…
“အဲ့လူရမ်းကောင်ကို ဘယ်သူက လက်ထပ်မှာလဲလို့” ဝိညာဉ်နတ်မိမယ်လေး၏ မျက်နှာမှာ တဖြည်းဖြည်း ရဲလာပြီး တိုးတီးရွေရွတ်လိုက်သည် “သူများ သတိလစ်နေတုန်း ဟိုလိုဟာတွေ လုပ်နေပြီးတော့…”
ရှန်ထျန်းမှာ မတတ်သာဘဲ ပြောပြလိုက်သည် “မင်းကို ကယ်ဖို့အတွက် အဲ့လိုတွေ လုပ်လိုက်ရတာ… တကယ်ပါ… တခြားဘာအတွေးမှ ကျွန်တော့်မှာ မရှိပါဘူးဗျ”
ဝိညာဉ်နတ်မိမယ်လေးက ဒေါသချောင်းချောင်း ထွက်သွားကာ “ဘာအတွေးမှ မရှိဘူး ဟုတ်လား… ကျွန်မက အဲ့လောက်တောင် ရုပ်ဆိုးနေတယ်ပေါ့လေ”
ရှန်ထျန်းတစ်ယောက် ဘာပြောရမှန်မသိ ဖြစ်သွားပြန်သည်။ သူမ အာရုံစိုက်သည့်အရာက နည်းနည်း လွဲနေသည်လေ…
သူက သက်ပြင်းချကာ “ဒါဆို မင်းယုံအောင် ကျွန်တော် ဘာလုပ်ပေးရမလဲ”
ဝိညာဉ်နတ်မိမယ်လေးက ပိုပိုပြီး စိတ်တိုလာသဖြင့် မျက်နှာကို ဘေးသို့ လွှဲပစ်လိုက်သည်။
လူယုတ်မာကြီး… သူကများ ငါ့ကို ကယ်ဖို့အတွက်ပဲ လုပ်လိုက်ရတာပါ၊ တခြားအတွေး မရှိပါဘူးလို့ ပြောရတယ် ရှိသေး… ဟွန့် …
သူက ဟိုလိုတွေလုပ်ပြီးမှ ငါ့ကို တာဝန်မယူချင်တာ အသိသာကြီး…
အရမ်းပဲ… မုန်းစရာကောင်းလိုက်တာ…
ဝိညာဉ်နတ်မိမယ်လေးက ဒေါသတွေနှင့် မွှန်ထူနေလေ၏။ ထို့ကြောင့် သူမက ဘေးနားက ချောက်ကမ်းပါးအစွန်းကို လက်ညိုးထိုးပြလိုက်ကာ
“ရှင်က တာဝန်မယူချင်ဘူးပေါ့လေ… ဟွန့်… ဒီနေရာကနေ ခုန်ချမယ်ဆိုရင် ရှင့်မှာ တခြားအတွေးမရှိဘူးဆိုတာကို ကျွန်မ ယုံပေးမယ်” သူမက မဲ့ရွဲ့ကာ ပြောလိုက်သည်။
ရှန်ထျန်းက ချောက်ကမ်းပါးကို ကြည့်ကာ တံတွေးမျိုချလိုက်သည် “ဒီ… ဒီကမ်းပါး… ကမ်းပါးစွန်းကနေ ခုန်ချရမှာလား”
ဝိညာဉ်နတ်မိမယ်လေးက ကျေနပ်နေသည့်ပုံစံဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် သူမက ပြုံးရင်း ပြောလိုက်သည် “ဘယ်လိုလဲ… အခုမှ ကြောက်နေပြီလား”
ဟွန့်… မသာကောင်…
ရှင်က ကျွန်မကို ကယ်ထားတယ်ဆိုမှတော့ ဒီကိစ္စကို ကျွန်မကပဲ ဆုံးဖြတ်ပေးရမှာပေါ့… ရှင် တာဝန်မယူဘဲနေလို့ လုံးဝ မရစေရဘူး…
နေဦး… ငါတို့တွေ လက်ထပ်ပြီးသွားရင် အိမ်မှာ ဘယ်သူက ဝိညာဉ်ကျောက်တုံးတွေ သိမ်းတဲ့တာဝန်ကို ယူမှာလဲ…
ဝိညာဉ်နတ်မိမယ်လေးတစ်ယောက် အတွေးနယ်လွန်ကောင်းနေတုန်း အရိပ်တစ်ခုက သူမဘေးမှ ဖြတ်သွားကာ ချောက်ကမ်းပါးဆီသို့ အရှိန်ဖြင့် ပြေးထွက်သွားသည်။
“ဒီနေ့ ကျွန်တော် လုပ်ခဲ့တဲ့ဟာတွေက မသင့်တော်မှန်း သိပါတယ်… ဒါပေမဲ့ ကျွန်တော်က မင်းကို ကယ်ချင်လို့ လုပ်ခဲ့တာ တကယ်ပါ… မင်းက မယုံဘူးဆိုမှတော့ ကျွန်တော့်ရဲ့ ဖြူစင်မှုကို သက်သေပြဖို့အတွက် ကျွန်တော် သေဖို့ပဲ တတ်နိုင်ပါတော့တယ်”
နောက်ဆုံးစကားလုံးကို ပြောပြီးသွားသည်နှင့် ရှန်ထျန်းက ချောက်ကမ်းပါးအစွန်းမှ ရုတ်တရက်ကြီး ခုန်ချလိုက်ပြီး ချက်ချင်းပဲ တိမ်စိုင်ထူထူတွေထဲ ပျောက်ကွယ်သွားလေတော့သည်။
သူက တကယ်ကြီး ချောက်ကမ်းပါးအစွန်းမှ ခုန်ချသွားလေ၏။
ဘေးမှာရှိနေသည့် ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းတို့ပင် ရှန်ထျန်းအား အချိန်မီ မတားနိုင်လိုက်ချေ။
…………………
ဝိညာဉ်နတ်မိမယ်လေးက အဖြစ်အပျက်တစ်ခုလုံးကို သူမမျက်စိနှင့် သေချာမြင်လိုက်ရကာ အံ့သြမှင်သက်သွားလေ၏။
ရှင်… ရှင်က တကယ်ကြီး ကမ်းပါးစွန်းကနေ ခုန်ချသွားတယ်လား… ကျွန်မကို အဲ့သည်လောက်တောင် မုန်းတာပဲလားဟင်…
တာဝန်ယူဖို့ထက် ကမ်းပါးစွန်းကနေ ခုန်ချပြီး သေဖို့ကိုပဲ ရှင်က ရွေးမယ်တဲ့လား… ဒါမှမဟုတ် ကျွန်မ ပြောလိုက်တဲ့စကားတွေက ရှင့်မာနကို ထိခိုက်စေတယ်လို့ ရှင်ထင်လို့လား…
အရူးကြီး… ရှင့်မှာ တခြားအတွေးတွေ ရှိမရှိ ဘယ်သူက ဂရုစိုက်နေလို့လဲ…
ဒါကို ရှင်က ရှင့်ဖြူစင်မှုကို ပြဖို့ ခုန်ချသွားတယ် ဟုတ်လား… ရှင်က တကယ့် အရူးပဲ…
ဝိညာဉ်နတ်မိမယ်လေးက သူမ၏ ပါးပြင် စိုစွတ်လာသည်ကို ခံစားလိုက်ရသဖြင့် ပါးပြင်ကို ကိုင်ကြည့်ကြည့်လိုက်သည်။ ဘယ်အချိန်ကတည်းကမှန်းမသိ သူမမျက်နှာမှာ မျက်ရည်တို့ဖြင့် ရွှဲနစ်နေနှင့်လေပြီ။
သိပ်မကြာခင်မှာပဲ ဝိညာဉ်နတ်မိမယ်လေးက ညတုန်းက ဖြစ်ပျက်သွားခဲ့သမျှ အကုန်လုံးကို ဆက်စပ်မိသွားသည်။
စံပြပုဂ္ဂိုလ်သွေးနက်က သူမအား ပြန်ပေးဆွဲခဲ့သည်ကိုကော ဆေးမိပြီး သူမ သတိလစ်သွားသည်ကိုပါ ပြန်မှတ်မိသွားသည်။
ဒါဆို သူလုပ်ခဲ့သမျှ အကုန်လုံးက ငါ့ကို ကယ်ဖို့အတွက်ပေါ့… ဒါကို ငါက နားလည်ဖို့ မကြိုးစားတဲ့အပြင် သူကိုတောင် ကမ်းပါးစွန်းကနေ ခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေခိုင်းမိခဲ့တာလား…
ဝိညာဉ်နတ်မိမယ်လေးက သူမတစ်ကိုယ်လုံး ရှိသမျှအားအင်တို့ ဆုတ်ယုတ်သွားသည်ဟု ခံစားလိုက်ရသည်။
သူမက ကမ်းပါးစွန်းနားသို့ တစ်လှမ်းပြီးတစ်လှမ်း ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။
ဟား ဟား… အစ်ကိုရှန်… သေရမှာ မကြောက်တာ ရှင်တစ်ယောက်တည်းပဲ ရှိတယ်လို့ ရှင်ထင်နေလား…
ကျွန်မကိုစောင့်ပါ အစ်ကိုရှန်… လင်းအာ အစ်ကို့ကို အဖော်ပြုပေးဖို့ လိုက်လာခဲ့ပါ့မယ်…
ဝိညာဉ်နတ်မိမယ်လေးက ကမ်းပါးစွန်းနား ဖြည်းဖြည်းချင်း ရောက်သွားပြီး ထူထိပ်သိပ်သည်းနေသည့် တိမ်လွှာများကို ကြည့်လိုက်သည်။
သူမက ပြုံးကာ သူမ၏ညာခြေထောက်ကို လေဟာနယ်ထဲသို့ လှမ်းလိုက်လေသည်။ နောက်ထပ်ခြေတစ်လှမ်း လှမ်းရုံသာ လိုတော့သည်။ ပြီးလျှင် သူတို့နှစ်ယောက် အတူတူ သေနိုင်တော့မည်။
ထိုအခိုက်အတန့်မှာပဲ အဆုံးရှိမည့်ပုံမပေါ်သည့် ချောက်ကမ်းပါးအောက်မှ ရှန်ထျန်း၏ အသံက ပဲ့တင်ထွက်လာသည်။
“ဟားဟားဟား… ချောက်ကမ်းပါးအလယ်နားမှာ အစွန်းထွက်နေတဲ့ ကျောက်ပြားတစ်ချပ် ရှိနေတယ်ဗျ…
ဦးလေးကွေ့… ချင်ကောင်း… မိန်းကလေးလင်းအာ… ကျွန်တော် အသက်ရှင်နေသေးတယ်…
ကျောက်ပြားပေါ်ကျလိုက်လို့ အသက်ရှင်နိုင်သွားတာ…
ဒီမှာ ဂူတစ်လုံးလည်း ရှိနေတယ်ရော… ကြည့်ရတာ ကျင့်ကြံသူတစ်ယောက်ရဲ့ ဂူနန်းတစ်ခု ဖြစ်မယ် ထင်တာပဲ…
ကြိုးတစ်ချောင်းရှာပြီး မြန်မြန်လေး ဆင်းလာခဲ့ကြဗျို့”
ရှန်ထျန်း၏ အသံ ပဲ့တင်ထပ်နေစဉ် ကမ်းပါးစွန်းမှ ခြေတစ်ချောင်း ထွက်နေနှင့်ပြီ ဖြစ်သော ဝိညာဉ်နတ်မိမယ်လေးမှာ အံ့သြမှင်သက်လွန်းကာ ခဲတောင့်သွားလေ၏။
တစ်ဖက်တွင် စက္ကူတစ်စလို ဖြူဖျော့နေသည့် မျက်နှာနှင့် ကွေ့ကုန်းကုန်းကလည်း ဝမ်းသာပြီး ငိုသွားလေသည်။
“ကမ်းပါးစွန်းကနေ ခုန်ချတာ မသေတဲ့အပြင် ကျင့်ကြံသူတစ်ယောက်ရဲ့ ဂူနန်းကိုတောင် ရှာတွေ့လိုက်သေးတယ်တဲ့လား… (၁၅)နှစ်လုံးလုံး လူမသိသူမသိဘဝနဲ့ နေလာခဲ့ပြီးတဲ့နောက် နောက်ဆုံးမှာတော့ အရှင့်သားလေး ကံတွေကောင်းလာပြီလား”
သို့သော်… တကယ့်အဖြစ်မှန်မှာ ထိုမျှ မရိုးရှင်းနေခဲ့ပေ။