Switch Mode

အခန်း(၃၇)

အပ်စိုက်ကုထုံးနဲ့ဆို ရပြီ

အခန်း (၃၇) : အပ်စိုက်ကုထုံးနဲ့ဆို ရပြီ

ယင်ချီတစ်ရှိုက်စာကို ဝဝရှူသွင်းလိုက်ပြီးနောက် ကျိုးအာက သူမ၏ဘေးပတ်ပတ်လည်မှ အမှောင်မိစ္ဆာ အငွေ့အသက်များကို အလျင်အမြန် ဖယ်ရှားလိုက်၏။

သူမက ရှင်းပြလိုက်သည် “ကျွန်မမှာ အငြိုးတရားတွေ မရှိတော့ပါဘူး… စီနီယာထာဝရကျင့်ကြံသူ အထင်မလွဲပါနဲ့ရှင်”

သူမ၏ အငြိုးတရားတို့ အမှန်တကယ် ပျောက်ကွယ်သွားမှန်း ခံစားမိသောအခါမှ ရှန်ထျန်းက သက်ပြင်းချနိုင်တော့သည်။ ကျိုးအာက အစွမ်းအထက်ဆုံး အခြေအနေမှာ ရှိနေလျှင်ပင် သူက မကြောက်ပေ။ သို့သော် ဓားသခင် အမှတ်အသားပြားကို သုံးမည်ဆိုပါက ဝိညာဉ်ကျောက်တုံးတွေ အများကြီးကို ထပ်သုံးနေရလိမ့်မည်။

ကျိုးအာက ရှန်ထျန်းရှေ့တွင် ဒူးထောက်ကာ ပြောလိုက်သည်

“စီနီယာထာဝရကျင့်ကြံသူက မိစ္ဆာဝိညာဉ်ရဲ့ ဒုစရိုက်မိစ္ဆာကောင်တွေကို သတ်ပြီး သူတို့ရဲ့ ထိန်းချုပ်မှုအောက်ကနေ ကျွန်မကို လွတ်မြောက်စေခဲ့တယ်…

စီနီယာ့ရဲ့ ကျေးဇူးတရားကို ပြန်ပေးဆပ်ဖို့ ကျွန်မ မတတ်နိုင်သေးပါဘူး… ဒါကြောင့် တခြားဘာမှလည်း ထပ်မမျှော်လင့်ရဲပါဘူးရှင်… ဒါပေမဲ့… တစ်ခုပဲ… ပုတီးစေ့တွေထဲက ကလေးငယ်တွေက အပြစ်မရှိပါဘူးရှင်။ ပြီးတော့ သူတို့လေးတွေက ပြန်လည်ဝင်စားခြင်း စက်ဝန်းထဲကို မဝင်နိုင်ဘူး ဖြစ်နေပါတယ်…

ကျွန်မက သူတို့လေးတွေရဲ့ အမေအရင်း မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့တတွေ နှစ်ပေါင်းများစွာ အတူတူ ရှိခဲ့ကြတယ်… ဒါကြောင့် သူတို့လေးတွေ လောကကြီးထဲကနေ ပျောက်ကွယ်သွားမှာကို ကျွန်မ မကြည့်ရက်နိုင်ပါဘူး…

စီနီယာက သူတို့လေးတွေရဲ့ ဝိညာဉ်တွေကို လွတ်မြောက်ခွင့်ပေးပြီး ပြန်လည်ဝင်စားခြင်း သံသရာစက်ဝန်းထဲကို ဝင်ခွင့်ပေးဖို့ပဲ ကျွန်မ မျှော်လင့်မိပါတယ်…

အဲ့လိုသာ ခွင့်ပြုခဲ့မယ်ဆိုရင် စီနီယာ့ကို ကျေးဇူးဆပ်ဖို့အတွက် စီနီယာ့ရဲ့ အစေခံပဲ လုပ်ရလုပ်ရ ကျေးကျွန်ပဲ လုပ်ရလုပ်ရ လုပ်ပြီး စီနီယာ့နားမှာ ခစားဖို့ ဆန္ဒရှိပါတယ်ရှင်…

စီနီယာက ကျွန်မကို ပွတ်သပ်ချင်ရင်တောင်မှ… ကျွန်မ လက်… လက်ခံနိုင်ပါတယ်”

……………………

ရှန်ထျန်းက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။

ဘယ်သူက မင်းကို ပွတ်သပ်ချင်နေလို့လဲ… ငါ့ကို ဘယ်လိုလူစားများ အောက်မေ့နေသလဲ…

ထိုအခိုက်အတန့်၌ ကျိုးအာက နဂိုက သူမ၏မျက်နှာအား ဖုံးကွယ်နေသည့် ဆံပင်များကို သပ်တင်လိုက်သည်။ ထိုအခါ အလွန်သိမ်မွေ့နူးညံ့ကာ အသက်ရှုမှားလောက်အောင်လှသည့် မျက်နှာလေးတစ်ခုက ရှန်ထျန်းရှေ့၌ ပေါ်လာလေ၏။

ရှန်ထျန်းက သူမ၏အလှတရားကို ဘယ်လိုဘယ်ပုံ ညွှန်းဆိုဖော်ပြရမလဲတောင် မသိတော့ချေ။

မဖြစ်မနေ ညွှန်းဆိုပြရမည်ဆိုလျှင်…

အင်း… ဝိညာဉ်နတ်မိမယ်လေး၏ ရုပ်ရည်မှာ နတ်မိမယ်လေးသဖွယ် ရင်သပ်ရှုမောရလောက်အောင် လှပသည်။ လီလျန်အာက အိမ်ဘေးနားက ညီမလေးတစ်ယောက်လိုမျိုး ချစ်စရာကောင်းသည်။ တစ်ဖက်တွင်မူ ကျိုးအာသည် ဝမ်းနည်းကြေကွဲလျက် ငိုကြွေးမြည်တမ်းနေသော လရောင်အောက်က ညနတ်သမီးလေး တစ်ပါးအလား ထင်မှတ်ရလေသည်။

သူမက “တရုတ်သရဲပုံပြင်တစ်ပုဒ်” ရုပ်ရှင်ဇာတ်ကားတွင် “သရုပ်ဆောင်မင်းသမီး ဝေါင်းကျူရှန်း” သရုပ်ဆောင်ထားသည့် “နျဲ့ရှောင်ချန်း” ဇာတ်ကောင်နှင့်ပင် တူနေလေသည်။

သူမက ချစ်စဖွယ် အသွင်အပြင်လေးရှိကာ မြင်သူတိုင်းအား သူမကို မသနားဘဲ မနေနိုင် ဖြစ်စေနိုင်သည်။

ဟင်း… သေချာစဉ်းစားကြည့်ရင် သူမခမျာ လက်မထပ်ခင်လေးတင် တစ်မိသားစုလုံး အသတ်ခံတာကို မြင်ခဲ့ရတယ်… ပြီးတော့ စိပ်ပုတီးစေ့ထဲမှာ ပိတ်လှောင်ခံထားရလို့ ပြန်လည်ဝင်စားခြင်း စက်ဝန်းထဲလည်း မဝင်နိုင်ရှာချေ… တကယ်တော့ တော်တော်လေးကို သနားဖို့ ကောင်းတာပဲ…

ရှန်ထျန်းက မနေနိုင်ဘဲ သူမအား ကိုယ်ချင်းစာကြည့်ပြီး သနားမိသွားသည်။

“စိတ်မပူပါနဲ့… ကျွန်တော့်ရဲ့အစေခံတွေ ကျေးကျွန်တွေ လုပ်စရာမလိုပါဘူး… မိုးမြေအောက်မှာ တရားမျှတမှုက အမြဲရှိပါတယ်” သူက ဖြောင့်မတ်စွာ ပြောလိုက်သည် “ဒီကလေးလေးတွေရဲ့ ဝိညာဉ်တွေကို ကျွန်တော် သေချာပေါက် လွှတ်ပေးမှာပါ”

ကျိုးအာက ရင်ထဲကြည်နူးသွားသည် “ကလေးတွေကိုယ်စား ကျွန်မ စီနီယာ့ကို ကျေးဇူးတင်ပါတယ်”

“အော် ဒါနဲ့…” ရှန်ထျန်းက တစ်ခုခုကို တွေးမိသွားဟန်ဖြင့် မေးလိုက်သည် “သူတို့ရဲ့ ဝိညာဉ်တွေကို ကျွန်တော်တို့ ဘယ်လိုလွှတ်ပေးရမှာလဲ… ရုပ်ပိုင်းအရ လုပ်လို့ ရနိုင်လား”

ကျိုးအာက တစ်ခဏမျှ ကြောင်သွားပြီး “ရုပ်ပိုင်းအရဆိုတာက… ဘာကိုဆိုလိုတာလဲရှင့်”

ရှန်ထျန်းက သူကိုင်ထားသည့် ဓားသခင်အမှတ်အသားပြားကို နှမြောတသစွာ ထိလိုက်သည်။

သို့သော် သူက ပြတ်ပြတ်သားသား ပြောပြလိုက်ဆဲသာ…

“တကယ်လို့ စောနက ဓားအရှိန်အဝါကို သုံးပြီး နောက်ထပ် အချက် နည်းနည်းလောက် ကျွန်တော် ထပ်ခုတ်လိုက်ရင်ကော… အဲ့လိုဆို သူတို့ရဲ့ အငြိုးတရားတွေကို အပြတ်ဖြတ်နိုင်လောက်လား”

ကျိုးအာ၏ ခန္ဓာကိုယ်လေးမှာ တုန်ရီသွားကာ နဂိုက မထင်မရှား ဝိုးတိုးဝါးတားဖြစ်နေသည့် သူမ၏ ဝိညာဉ်က ပို၍ပင် ပါးလွှာသွားလေသည်။ စောစောတုန်းက ဓားချက်၏ အစွမ်းကို ပြန်စဉ်းစားမိသောအခါ သူမ၏ မျက်လုံးများထဲတွင် အကြောက်တရားတို့နှင့် ပြည့်နှက်သွားသည်။

“အဲ့လိုမလုပ်တာက ကောင်းပါလိမ့်မယ်… တကယ်လို့ စီနီယာက တကယ်ပဲ အဲ့ဒီဓားချက်ကို ထပ်ထုတ်လိုက်မယ်ဆိုရင် စိပ်ပုတီးစေ့တွေ လုံးဝပျက်စီးသွားပါလိမ့်မယ်… အဲ့ဒီလိုဖြစ်သွားရင် ကျွန်မတို့ရဲ့ ဝိညာဉ်တွေလည်း အပြီးအပိုင် ပျောက်ကွယ်သွားရပါလိမ့်မယ်”

ဝိညာဉ်တွေ ချွတ်ပေးဖို့အတွက် ဓမ္မဂါထာမန္တန်တွေကို တစ်ခုမှ မသိလေရာ ရှန်ထျန်းမှာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။

ဒါဆိုရင်တော့ ဒီကိစ္စက ခက်ခဲသွားပြီ…

ထားလိုက်ပါလေ… လောလောဆယ်တော့ ဒီစိပ်ပုတီးစေ့တွေကို ငါပဲ ထိန်းသိမ်းထားလိုက်ပါ့မယ်…

အကယ်၍ အခွင့်ကြုံကြိုက်ပြီး ပြန်လည်မွေးဖွားခြင်း မန္တန်လိုမျိုး ဝိညာဉ်များကို လွတ်မြောက်အောင် ချွတ်ပေးနိုင်သည့် မန္တန်တစ်ခုခုကိုသာ သူတွေ့ခဲ့ပါက ရှန်ထျန်းက သူတို့ကို ပြန်လည်ဝင်စားခြင်း စက်ဝန်းထဲ ဝင်နိုင်အောင် ကူညီပေးမည် ဖြစ်သည်။

ရှန်ထျန်းက ပြောလိုက်သည် “အဲ့ဒီကလေးလေးတွေ ပြန်လည်မွေးဖွားနိုင်အောင် ကူညီပေးဖို့ တခြားနည်းလမ်းတွေကိုလည်း ကျွန်တော် စဉ်းစားထားလိုက်မယ်…

ဒါနဲ့… မင်းကိုကြည့်ရတာ တော်တော်လေး ထိခိုက်ထားပုံပဲ… မင်းရဲ့ဒဏ်ရာတွေကို ကုသဖို့ နည်းလမ်းလေး ဘာလေးမရှိဘူးလား”

သူမ၏ ဝိညာဉ် ဘယ်လောက်ထိ အားနည်းကာ မထင်မရှားဖြစ်နေသည်ကို မြင်သောအခါ သူမက ခဏနေလျှင်ပဲ ပျောက်ကွယ်သွားတော့မည်ဟု ရှန်ထျန်းက ခံစားလိုက်ရသည်။

ကျိုးအာက ခေါင်းငြိမ့်ပြကာ “ဒါဟာတွေက ဝိညာဉ်အားဖြည့် ပုတီးစေ့တွေ… အဲ့ဒါကြောင့် ပုတီးစေ့ထဲကို ကျွန်မ ပြန်ဝင်သွားလိုက်တာနဲ့ ကျွန်မရဲ့ဒဏ်ရာတွေက ဖြည်းဖြည်းချင်း ပြန်ကောင်းလာပါလိမ့်မယ်”

ရှန်ထျန်းက သေသေချာချာ စဉ်းစားလိုက်ကာ “ဒါပေမဲ့… ပုတီးစေ့တွေက ခိုက်မိထားတဲ့ပုံပဲ… အဲ့ဒါတွေကို နဂိုအတိုင်း ပြန်ကောင်းအောင်လုပ်ဖို့ နည်းလမ်းကော ရှိလား”

ကျိုးအာက ပြောလိုက်သည် “အငြိုးတရားတွေနဲ့ မိစ္ဆာချီ အလုံအလောက်ကို စုပ်ယူနိုင်တာနဲ့ အဲ့ဒါတွေက ပြန်ကောင်းသွားနိုင်ပါတယ်… ဒါပေမဲ့…”

ရှန်ထျန်းက သူမ ဘာကိုဆိုလိုချင်မှန်း နားလည်နိုင်သဖြင့် ကျိုးအာက ဆက်မပြောတော့ချေ။ ပုတီးစေ့များက အငြိုးတရားများကို ဆက်လက် စုပ်ယူနေမည်ဆိုပါက ပုတီးစေ့များ ပြန်ကောင်းသွားသည့်အခါ၌ ကျိုးအာနှင့် ကလေးလေးတွေ၏ ဝိညာဉ်များမှာ ဆက်လက် အတိုက်စားခံရပေလိမ့်မည်။

ထိုအချိန်ရောက်လျှင် ကျိုးအာက သူမ၏ အရင်ပုံစံအတိုင်း အငြိုးကြီးသည့် သရဲအမေ ပြန်ဖြစ်သွားပေလိမ့်မည်။

…………………

“ဝိညာဉ်ချီကိုကော စုပ်ယူလို့ မရဘူးလား” ရှန်ထျန်းက ရုတ်တရက် ထမေးလိုက်သည် “ဝိညာဉ်ကျောက်တုံးတွေကို စုပ်ယူရင်ကော ပြန်မကောင်းလာနိုင်ဘူးလား”

ကျိုးအာက ခဏလောက် တွေးလိုက်ပြီးမှ ပြောလိုက်၏ “ရနိုင်လောက်တယ်ရှင့်”

ကျင့်ကြံရေး အရင်းအမြစ်တွေ ချို့တဲ့မှုကြောင့် မိစ္ဆာကျင့်ကြံသူများက တစ်ပါးသူအား အန္တရာယ်ရှိစေပြီး သူတို့အတွက် အကျိုးရှိစေသည့် မိစ္ဆာကျင့်စဉ်များကို ကျင့်ကြံကြသည်။

မိစ္ဆာချီတွေ၊ မိစ္ဆာဝိညာဉ်ကောင်တွေဆီမှ ချီတွေ ဒါမှမဟုတ် အငြိုးတရားတွေ… သည်ဟာတွေက မိုးမြေဆီမှ လာသော ဝိညာဉ်ချီလောက် မသန့်စင်ပေ။ သို့သော် မိစ္ဆာကျင့်ကြံသူတွေအတွက်မူ ဝိညာဉ်ကျောက်တုံးတွေထက်စာလျှင် ထိုမကောင်းသည့်ချီအမျိုးအစားများက ရရှိရန် ပိုပြီးလွယ်ကူနေလေသည်။

ဥပမာ… အမုန်းတရားတွေ ပါဝင်သည့် အငြိုးတရားတွေကို ရရှိဖို့ဆိုလျှင် လူတွေကို ဆက်တိုက်သတ်ဖြတ်ရန်သာ လိုအပ်သည်။

ဝိညာဉ်ကောင်တွေကို မွေးမြူရန် ဝိညာဉ်ချီကို သုံးမည်ဆိုပါက ချမ်းသာလှပါသည်ဆိုသော ကနဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများ၏ အရင်းအမြစ်များပင်လျှင် ကုန်ခန်းသွားပေလိမ့်မည်။ ထို့ကြောင့် အောက်လမ်းကျင့်ကြံသူ အများစုက ဓမ္မရတနာများကို ပြန်ကောင်းအောင်လုပ်ရန်အတွက် သွေးစတေးခြင်းကိုသာ ရွေးချယ်ကြလေသည်။

သိသာစွာပင် သူ့ဆီမှာ ဝိညာဉ်ကျောက်တုံးကလွဲ၍ တခြား ဘာရတနာကောင်းကောင်းကန်းကန်းမှ မရှိသဖြင့် ရှန်ထျန်းအတွက် ဝိညာဉ်ချီကို သုံးဖို့က ပိုပြီးအဆင်ပြေသည်။

“ဟုတ်ပြီ… ဒါဆို ပုတီးစေ့တွေဆီ ပြန်သွားပြီး အဲ့ထဲမှာပဲ နေနေလိုက်တော့”

ရှန်ထျန်းက ဝိညာဉ်ကျောက်တုံးတွေ ထည့်ထားသည့် အိတ်တစ်အိတ်ကို ထုတ်ယူလိုက်ကာ စိပ်ပုတီးစေ့များကို ထိုအိတ်ထဲသို့ ထည့်ထားလိုက်သည်။

ဟီးဟီး… အခုဆို သူမ နေလို့ကောင်းသွားလောက်ရောပေါ့…

…………………

ရှန်ထျန်းက စိပ်ပုတီးစေ့များ၏ ပိုင်ရှင်အဖြစ် ခံယူလိုက်သည်ကို မြင်သောအခါ ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းတို့ နှစ်ယောက်စလုံးမှာ စိတ်အေးသွားကြသည်။

ဒီတော့… မင်းသားလေးက ဝိညာဉ်နတ်မိမယ်လေးနဲ့ နတ်မိမယ်လျန်အာတို့ကို ဂရုမစိုက်ရတဲ့ အကြောင်းအရင်းက… မင်းသားလေးက မိန်းမတွေကို မကြိုက်ဘဲ သရဲမတွေကိုပဲ သဘောကျလို့ကိုး…

သရဲမတွေနဲ့ ပတ်သက်တာက သိပ်တော့မကောင်းပေမဲ့… အနည်းဆုံးတော့ မင်းသားလေး အရွယ်ရောက်လာပြီလို့ ပြောရမယ်… ညဘက် မီးမှုတ်ပြီးသွားရင် သရဲမနဲ့ လူမိန်းမကြား သိပ်ကွာတော့မှာမှ မဟုတ်တာ…

မင်းသားလေးက အခုလောလောဆယ် သရဲမတွေကို စိတ်ဝင်စားနေတယ်ဆိုတော့… ငါတို့သာ သူ့ကို ဖြည်းဖြည်းချင်း ဆွဲခေါ်သွားရင် အနာဂတ်မှာ မင်းသားလေးက လူမိန်းမတွေကိုလည်း သဘောကျလာမှာပဲ… အဲ့ဒီအချိန်ကျရင် လက်ထပ်တာတွေ၊ ကလေးမွေးတာတွေလည်း သူ့အလိုလို ဖြစ်လာမှာပဲလေ…

ကိုယ်လုပ်တော်လန်သာ သိရင် သိပ်ပျော်သွားရှာမှာ…

မင်းသား(၁၃)တစ်ယောက် နောက်ဆုံးတော့ သူ့ကို ရင်ခုန်အောင် လုပ်နိုင်သော မိန်းမတစ်ယောက်ကို ရှာတွေ့သွားသဖြင့် ကွေ့ကုန်းကုန်းက စိတ်အေးသွားသည်။

ချင်ကောင်းကဆို ပိုပြီးတော့တောင် စိတ်လှုပ်ရှားဝမ်းသာနေလေ၏။

…………………

ရှန်ထျန်းက သူ့လူတွေ ပေါက်တတ်ကရတွေ လျှောက်တွေးနေမှန်း သတိမထားမိချေ။

သူက ဝိညာဉ်နတ်မိမယ်လေးဆီသို့ တစ်လှမ်းချင်း လှမ်းသွားလိုက်ပြီး သူမ၏အခြေအနေကို ကြည့်ကြည့်လိုက်သည်။

သွေးနက်က ဘာဆေးတွေကျွေးလိုက်မှန်း မသိချေ။ သူမက အခုအထိ ဝက်တစ်ကောင်လို သိုးနေအောင် အိပ်နေတုန်း။ ကီလိုမီတာပေါင်းများစွာ အထမ်းခံလာရသည့် လမ်းခရီး၌လည်း မနိုးချေ။ ဒီနားလေးတင် တိုက်ပွဲအပြင်းအထန် ဖြစ်ပျက်သွားတာလည်း မနိုးချေ။ သူမပုံစံက နိုးလာမည့်အရိပ်အယောင် လုံးဝ မရှိချေ။

“ဦးလေးကွေ့… သူမကို နိုးလာအောင် လုပ်ဖို့ နည်းလမ်းရှိလား”

ကွေ့ကုန်းကုန်းက ပြန်ဖြေလိုက်သည် “မိန်းကလေးလင်းအာက သတိမေ့သွားတာပါ။ အပ်နဲ့ ထိုးလိုက်ရင် ပြန်သတိလည်လာလောက်တယ်။ ဒါပေမဲ့ အပ်စိုက်ကုသဖို့ဆိုရင် မိန်းကလေးလင်းအာရဲ့ အပေါ်ဝတ်တွေကို ချွတ်ဖို့ လိုပါလိမ့်မယ်”

ဒီနှစ်တွေမှာ ရှန်ထျန်းက ရက်အနည်းငယ်ရှိတိုင်း တစ်ခါ ချီဖောက်ပြန်ကာ ဒဏ်ရာအမြဲရလေ့ရှိသည်။

“နာတာရှည်ရောဂါများကြောင့် သမားတော်ကောင်း ဖြစ်လာသည်” ဟူသည့် အဆိုတောင် ရှိသေးသည်။

ကွေ့ကုန်းကုန်းက မင်းသားလေးကို ကုသရန် အပ်စိုက်ကုထုံးကို အချိန်ပေး လေ့လာသင်ယူထားလေရာ တော်တော်တောင် ကျွမ်းကျင်နေပြီ ဖြစ်သည်။

“အပ်စိုက်ကုထုံးနဲ့ ကုဖို့ အပေါ်ဝတ်တွေ ချွတ်ရမယ် ဟုတ်လား”

ရှန်ထျန်းက ဝိညာဉ်နတ်မိမယ်လေးကို ကြည့်လိုက်သည်။ ထို့နောက် သူမအဝတ်တွေကို လူမြင်ကွင်း ဟာလာဟင်းလင်းကြီးမှာ ချွတ်ပစ်ရန် မသင့်တော်ဘူးဟု သူက တွေးမိသည်။

သတိမေ့သွားရုံလောက်ပဲဆိုလျှင် စီပီအာနဲ့လည်း သတိရလာအောင် လုပ်လို့ရမှာပဲ…

ရှန်ထျန်းက ပြောလိုက်သည် “ကျွန်တော် လုပ်လိုက်မယ်”

သူက ကွေ့ကုန်းကုန်းကို နောက်ဆုတ်ခိုင်းလိုက်ပြီး ဝိညာဉ်နတ်မိမယ်လေးနားသို့ တိုးသွားလိုက်သည်။ သူက အသက်ကို ပြင်းပြင်းရှုကာ မသင့်တော်သည့် အတွေးများကို စိတ်ထဲမှ မောင်းထုတ်ပစ်လိုက်သည်။ ထို့နောက် ရှန်ထျန်းက လက်နှစ်ဖက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်ပြီး ဝိညာဉ်နတ်မိမယ်လေး၏ ရင်ဘတ်ပေါ်သို့ ဖိချလိုက်သည်။

တစ်ဖက်တွင်ကား ရှန်ထျန်းနောက်က ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းတို့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြလေသည်။

ဘုရားရေ… စောစောတုန်းက မိန်းကလေးလင်းအာက အရှင့်သားဆီကို သူ့ဘာသာသူ ရောက်ချလာပြီး အရှင့်သားရဲ့ အိပ်ယာပေါ်မှာတောင် အိပ်ခဲ့သေးတယ်… အဲ့ဒါကို အရှင့်သားက အခန်းထဲက ချက်ချင်း ထွက်လာတဲ့အပြင် သူမကို ထိတောင်မထိခဲ့ဘူးလေ…

အခုကျ ကောင်မလေးလည်း သတိလစ်နေရော အရှင့်သားက သူမကို တွေ့ထိဖို့ ကြိုးစားရောလား…

အလိုမတူဘဲနဲ့က ပိုကောင်းတယ်လို့ တကယ်ကြီး ခံစားစေတာလား…

ကွေ့ကုန်းကုန်းက သံသယဝင်လာမိသည်။

အစတုန်းက အရှင့်သားက သရဲမတွေကိုပဲ ကြိုက်တယ် ထင်နေတာ… ဖြစ်နိုင်တာက အရှင့်သားက ဒါမျိုးလည်း ကြိုက်တာများလား… ကောင်မလေးက သတိမေ့နေတဲ့အကွက်မျိုးလေ…

Comment

Leave a Reply

Options

not work with dark mode
Reset