အခန်း (၃၆) : နောက်တစ်ခေါက် ထပ်ထုလိုက်ရမလား
အရှေ့ပိုင်းလွင်ပြင်ဒေသ…
အသူရာချောက်နက်ထဲက တစ်နေရာတွင် သွေးပျက်ချောက်ချားဖွယ် နန်းဆောင်တစ်ဆောင် ရှိနေသည်။
ယဇ်စင်နန်းပေါ်တွင် သလင်းကျောက်သဖွယ် ကြည်လဲ့နေသည့် ဝိညာဉ်နာမည်ပြား များစွာကို နေရာချထားသည်။
ရုတ်တရက် ဝိညာဉ်နာမည်ပြားတစ်ခုက ကွဲအက်ကာ တစ်စစီ ကြေမွသွားလေ၏။
များစွာသောလူတို့က အမှောင်ထဲမှ နိုးထလာသည်။
“သွေးနက်ရဲ့ ဝိညာဉ်နာမည်ပြားပဲ။ သူ မီးတိုင်းပြည်ထဲမှာ အရှင်းခံလိုက်ရပြီ”
“သူ့မှာ ကျိုးအာ ရှိတယ်။ မီးတိုင်းပြည်ထဲမှာ သွေးနက်ကို သတ်နိုင်မယ့်လူ သိပ်မရှိဘူး”
“မီးတိုင်းပြည်ထဲမှာ ငါတို့ကို လူတွေ သိသွားကြပြီလား”
“သစ်နက်ကို စုံစမ်းဖို့ လွတ်လိုက်။ သွေးနက်ကို သတ်တဲ့ကောင်ကို သွားသတ်ဖို့ ပြောလိုက်။ ဖြစ်နိုင်ရင် မင်းသား(၆)ကိုပါ ငါတို့ဘက်ကို ပါလာဖို့ စည်းရုံးသိမ်းသွင်းခဲ့။ သူက ပါရမီ ရှိတယ်။ ငါတို့ရဲ့ ထာဝရ ဝိညာဉ်တော် အားကောင်းလာအောင် ဦးဆောင်ဖို့ သူ့ကို သုံးလို့ရတယ်”
“အမိန့်နာခံလျက်ပါ… သခင်”
…………………
ထိုက်ပိုင်ချိုင့်ဝှမ်း…
ရေကျသံတို့က နားကွဲလုမတတ်ဖြစ်နေသည်။ အလွန်မာသည့် ကျောက်တုံးများပင် ရေအားအောက်တွင် တစ်စစီ ကွဲကြေသွားပေလိမ့်မည်။
ရေတံခွန်၏ အောက်တွင် အမျိုးသားတစ်ယောက်က မတ်တပ်ရပ်နေကာ ရေတံခွန်မှ အင်တိုက်အားတိုက် စီးဆင်းနေသော ရေတွေကို သူ့ဓားဖြင့် ခုတ်ပိုင်းနေလေသည်။ အမျိုးသားမှာ လီချန်းကော ဖြစ်၏။
ရေတံခွန်ဘေးတွင် မတ်တပ်ရပ်နေသည့် သက်လယ်ပိုင်း လူကြီးတစ်ယောက်လည်း ရှိနေသည်။ သူက ဧရာမ ဓားပြားကြီးကို ကိုင်ဆောင်ထားကာ ကြည့်လိုက်သည်နှင့် အလွန်ခက်ထန်မည့်ပုံ ပေါ်နေသည်။
သူက လီချန်းကောအား ဆူနေလေသည်။
“နှေးလွန်းတယ်”
“အားပျော့လွန်းတယ်”
“ပခုံး၊ ခြေထောက်၊ လက်ချောင်း… အားကို သုံးစမ်းပါ”
“မင်းရဲ့ခန္ဓာကိုယ်က အရမ်းအရေးပါတယ်… ဓားရေးမှာ အစွမ်းထက်ချင်တယ်ဆိုရင် မင်း ဒီ့ထက်ပိုပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်ဖို့ လိုတယ်”
“မင်းဓားက အရမ်းကို အားနည်းနေသေးတယ်”
လူကြီးက လီချန်းကောအား ခပ်တည်တည် ကြည့်လိုက်ကာ “ဒီလို သုံးစားမရတဲ့ လက်ရည်လောက်နဲ့များ မင်းညီမလေးကို အပြင်ခေါ်သွားတယ်ပေါ့လေ… မရှက်ဘူးလား”
“ဆက်ကျင့်နေ… ချန်းဟယ်ဓားသဏ္ဍာန်ကို မတတ်မချင်း မင်း ဒီနေရာကနေ ထွက်သွားခွင့် မရှိဘူး”
ရုတ်တရက် လူကြီးက တစ်စုံတစ်ရာကို ခံစားမိလိုက်သည်။
သူက မီးတိုင်းပြည်ရှိသည့်ဘက်ကို ကြည့်ကာ ပြောလိုက်သည် “ငါ့အမှတ်အသားပြားကို သုံးလိုက်တဲ့လူ ရှိတယ်။ ဟိုကောင်လေးလား”
ထို့နောက် လူကြီးက အထင်သေးဟန်ဖြင့် နှာမှုတ်လိုက်သည်။
ငါ့ရဲ့ ဓားသခင်အမှတ်အသားပြားကို သူက ကိုင်ဆောင်ထားတယ်ဆိုတော့ ဒီကောင်လေးကို ရှာဖို့က သိပ်မခက်လောက်ဘူး…
ဇီယန်က မီးတိုင်းပြည်ရဲ့ မြေအနေအထားနဲ့ ရင်းနှီးတယ်… ကောင်လေးကို ခေါ်လာဖို့ သူ့ကိုပဲ ငါခိုင်းလိုက်မယ်…
ငါ့သမီးလေးကို လှည့်စားရဲတဲ့ အဲ့ကောင်က ဘယ်လိုပုံစံရှိလဲဆိုတာ ကြည့်ကြည့်ချင်စမ်းပါဘိ…
…………………
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ… သူတော်စင်မ တောင်ထိပ်…
အရိပ်တစ်ခု၏ ရှေ့သို့ ကြိုးကြားခေါင်းနီ တစ်ကောင်က ဆင်းသက်လာသည်။
အရိပ်မှာ အဖြူရောင်သံချပ်ကာကို ဝတ်ဆင်ထားပြီး ငွေရောင် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသည့် အမျိုးသမီးတစ်ယောက် ဖြစ်သည်။
သူမက အနီရောင် ဇာမဏီငှက်မွေးတောင် မျက်နှာဖုံးကို တပ်ထားသည်။ သူမ၏ မျက်ဝန်းများမှာ ကောင်းကင်ထက်က ကြယ်စင်များသဖွယ် လင်းလက်တောက်ပနေသည်။ သူမက ကြိုးကြားလေးကို ပွေ့ပိုက်လိုက်ကာ ဝိညာဉ်ကျောက်တုံး တစ်တုံး ကျွေးလိုက်သည်။
ဝိညာဉ်ကျောက်တုံးကို စားပြီးသွားသည့်နောက် ကြိုးကြာ၏ အမွေးအတောင်များကို ကြည့်ရသည်မှာ ပိုပြီး လှပသွားသယောင် ရှိသည်။
ကြိုးကြာလေးက မြည်သံပေးကာ ကောင်းကင်ဆီသို့ ပျံသန်းသွားလေ၏။
အမျိုးသမီးက တောင်စွယ်နားထိ သွားလိုက်ပြီး အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်သည်။
ကမ္ဘာလောကထဲရှိ မိစ္ဘာအပေါင်းကို သန့်စင်တော့မည့်ဟန်ဖြင့် သူမ၏ မျက်လုံးများထဲတွင် ငွေဖြူရောင်လျှပ်စီးတို့ ပြည့်နှက်နေသည်။
“မီးတိုင်းပြည်ထဲမှာ မိစ္ဆာဝိညာဉ် ပေါ်လာပြီး လူအများကြီးကို သတ်ဖြတ်သွားတယ်တဲ့လား…
အဆုံးမဲ့ဝိညာဉ်ဥယျာဉ်… နတ်မင်းအသင်းဝင်များ… နီပွန်းတောင်က အနက်ရောင်ချိုင့်ဝှမ်း… ရှန်အောင်းထျန်း…
သူ့နာမည်ကို တစ်ခါမှ မကြားဖူးဘူး။ မိစ္ဆာဝိညာဉ်ကလူ ဖြစ်မနေရင် ပြီးတာပဲ… ဖြစ်နေရင်တော့လား…”
ထို့နောက် သူမက ခုန်ဆင်းလိုက်ပြီး သူမ၏ဓားပေါ် စီးနင်းကာ ပျံသန်းသွားလိုက်သည်။
ရွှစ်…
တစ်ခဏအတွင်း သူမက ပျောက်ကွယ်သွားလေ၏။
…………………
မီးတိုင်းပြည်ထဲမှ အလုံပိတ်အခန်း တစ်ခုထဲတွင် ရှန်အောင်းက မျက်လုံးများကို ပိတ်ထားကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း တဆတ်ဆတ် တုန်ခါနေသည်။
သူ့တစ်ကိုယ်လုံး ချွေးစေးများဖြင့် ရွှဲနစ်နေသည်။
“ရောက်ခါနီးပြီ… ရောက်တော့မယ်”
“အား…”
ရှန်အောင်းက ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး အကျယ်ကြီး ဟစ်အော်လိုက်သည်။
တုန်ခါလှိုင်းများက အရာအားလုံးကို သူ့အနားမှ တွန်းထုတ်ပစ်လိုက်၏။
ရှန်အောင်းက ဖြည်းဖြည်းချင်း ထလာသည်။ သူ့တစ်ကိုယ်လုံးမှာ အင်မတန် အားနည်းနေသော်လည်း အလွန်တရာ အားကောင်းလှသည့် စွမ်းအားတို့က သူ့ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတာကို သူခံစားမိသည်။
“အားကောင်းလိုက်တဲ့ စွမ်းအားပဲ…
ငါ ခံစားလို့ရတယ်… ဒါက အခြေတည်အဆင့်ရဲ့ အင်အားလား…
ချီသန့်စင်ခြင်းအဆင့်ရဲ့ အင်အားက ဒါနဲ့ ယှဉ်လိုက်ရင် ဘာမှ မဟုတ်တော့ဘူးပဲ… ဒါကမှ ကျင့်ကြံခြင်းရဲ့ တကယ့်အနှစ်သာရပဲ”
ရှန်အောင်းက ချွေးများကို သုတ်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“စံပြပုဂ္ဂိုလ် ဇီယန်က ကတိပေးထားတာရှိတယ်… ငါ အခြေတည်အဆင့်ကို ရောက်အောင် ကျင့်နိုင်ရင် သူ့တပည့်အဖြစ် လက်ခံမယ်တဲ့…
အခု ငါအောင်မြင်သွားပြီဆိုတော့ ထိုက်ပိုင်ချိုင့်ဝှမ်းကို သွားဖို့ပဲ လိုတော့တယ်…
အော် ဟုတ်သားပဲ… ဆရာဇီယန်အတွက် လက်ဆောင်လေးတစ်ခုခုတော့ ယူသွားသင့်တယ်…
ငါ နောက်ထပ် သုံးရက်လောက် ဆက်ကျင့်လိုက်ဦးမယ်…
အဲ့ဒါပြီးရင် အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ဆီကို ပစ္စည်းကောင်းတစ်ခုခု သွားရှာလိုက်မယ်…
အင်း… မင်းသား(၁၃)က လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်တုန်းက ငါ့ဆီ လာသွားသေးတယ်… အဲ့ဒါက ငါ့ရဲ့ကံကောင်းခြင်းအပေါ် မထိခိုက်ဖို့ မျှော်လင့်ရတာပဲ”
…………………
“ဟတ်ချိုး…
ဟတ်ချိုး… ဟတ်ချိုး…”
ရှန်ထျန်း တစ်ယောက် မရပ်တမ်း နှာချေနေလေ၏။
တစ်ယောက်ယောက်က သူဘယ်လောက်ချောမောကြောင်း တိတ်တိတ်ကလေး ကြွေနေပြန်ပြီဟု သူက တွေးလိုက်၏။
စည်းကမ်းကိုင်များကို ပြန်သွားခိုင်းလိုက်ပြီ ဖြစ်ကာ ဒီတောရိုင်းမြေထဲတွင် သူတို့လေးယောက်ပဲ ကျန်တော့သည်။
ဝိညာဉ်နတ်မိမယ်လေးကတော့ အိပ်ပျော်နေဆဲပေါ့
ရှန်ထျန်း၏ အာရုံက သူ့လက်ထဲက ပုတီးစေ့များအပေါ်တွင် ရှိနေသည်။
“ဝိညာဉ်ကျောက်တုံး အတုံးလေးထောင်ကို အကုန်ခံပြီး တိုက်ကွက်တစ်ကွက် ထုတ်သုံးလိုက်ရပြီးတဲ့နောက်မှာ… ငါရတာ ဒါတဲ့လား” ရှန်ထျန်းက ပုတီးစေ့ကို ပွတ်သပ်ကြည့်လိုက်သည် “ဒါက အက်ကွဲရာတွေနဲ့… ကိုင်ရတာ ချောမွတ်မနေတော့ဘူးပဲ”
ရုတ်တရက်ကြီး ပုတီးစေ့များဆီမှ အသံတစ်သံ ထွက်ပေါ်လာသည်။
“ရှင်ကြီး… ရပ်လိုက်”
ရှန်ထျန်းမှာ လန့်ဖျန့်သွားပြီး ပုတီးကုံးကို လွှင့်ပစ်လိုက်မိသည်။
ပုတီးကုံးနားတွင် အနက်ရောင်မီးခိုးများ စတင်ဖြစ်ပေါ်လာကာ အနီရောင်ဝတ်စုံနှင့် မိန်းမတစ်ယောက် ပေါ်လာလေသည်။
ကျိုးအာ ဖြစ်နေသည်။
သို့သော် သူမကို ကြည့်ရသည်မှာ အရင်ကထက် တော်တော်လေး အားနည်းနေပုံပေါ်သည်။ သူမ၏ပုံပန်းသဏ္ဍာန်က အရမ်းကို မထင်မရှားဖြစ်နေပြီး အခုချက်ချင်းကို ပျောက်ကွယ်သွားတော့မယောင် ဖြစ်နေသည်။
သူမက ဒဏ်ရာအပြင်းအထန် ရရှိထားလေသည်။
မျက်လုံးများကို ဆံပင်တွေက ဖုံးအုပ်ထားကာ ဆံပင်တွေကြားမှ ထိုမျက်လုံးများဖြင့် သူမက ရှန်ထျန်းအား စိုက်ကြည့်လိုက်ပြီး “ကျွန်မကို ပွတ်သပ်နေတာကို ရပ်လိုက်ပါ”
ရှန်ထျန်းမှာ ပါးစပ်တွန့်သွားရသည် “ဘာဖြစ်လို့ မင်းဖြစ်နေရပြန်တာလဲ… ကျွန်တော် ပြောပြီးပြီလေဗျာ… မင်းကလေးတွေရဲ့ အဖေလုပ်ဖို့ စိတ်မဝင်စားပါဘူးဆို”
“ရှင်က ကျွန်မတစ်ကိုယ်လုံးကို လိုက်ပြီး ပွတ်သပ်နေတာကိုး… ကျွန်မ ထွက်လာရပြီပေါ့လို့”
သရဲအမေ၏ မျက်လုံးများထဲတွင် နာကြည်းခါးသီးမှုတို့ အပြည့်ဖြစ်နေ၏။ ထို့နောက် သူမက စတင် ငိုကြွေးလေတော့သည်။
ရှန်ထျန်းမှာ ဆွံ့အသွားရ၏။
ဘာရယ်… ပုတီးစေ့တွေကို ကိုင်မိတာနဲ့တင် ငါက ကျိုးအာကို ငိုသွားစေတာလား…
သရဲတစ်ကောင် ငိုနေတာကို နားထောင်နေရတဲ့ အတွေ့အကြုံကြီးက ဟာသတော့ မဟုတ်ဘူးရယ်…
သာမန်မိန်းကလေးတစ်ယောက် ငိုတာက ထိခိုက်မှုတစ်ရာ ပေးနိုင်တယ်ဆိုရင် ဒီသရဲမ ငိုနေတာက တစ်ထောင်တောင် ပေးနိုင်တယ်…
ကြားရတာ တကယ်ကို နားမချမ်းသာလှဘူး…
နေဦး… ဒီတော့… ဒီပုတီးစေ့တွေကို ကျိုးအာက ဝင်ပူးထားတာလား…
အဲ… မျက်နှာပူစရာကြီး…
ရှန်ထျန်းက အမြန်ပြောလိုက်သည် “အင်းပါ အင်းပါ… မငိုပါနဲ့တော့ဗျာ… ကျွန်တော်က ပုတီးစေ့တွေက ခဏပဲ ကိုင်မိတာပါ… စိတ်လျော့… စိတ်လျော့”
သရဲအမေက ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။ သူမကို ကြည့်ရသည်မှာ အင်မတန် ရှက်နေပုံပေါ်သည်။
သူမက ဦးညွှတ်ကာ ပြောလိုက်သည် “ကျွန်မရဲ့ အငြိုးအာဃာတတွေ အားလုံးကို ချွတ်ပေးတဲ့အတွက် စီနီယာ ထာဝရကျင့်ကြံသူကို ကျေးဇူးတင်ပါတယ်… အခု ကျွန်မ အသိဉာဏ် ပြန်ရနေပါပြီ။ စီနီယာ့ကို ဘယ်လိုကျေးဇူးဆပ်ရမှန်းတောင် မသိတော့ပါဘူးရှင်…”
ရှန်ထျန်းက မြန်မြန် ဖြတ်ပြောလိုက်သည် “ဟိုဟာ… မင်း ကျွန်တော့်ကို လက်ထပ်ပြီး ကျေးဇူးဆပ်စရာ မလိုပါဘူး”
ကျိုးအာက ခဏလောက် ကြောင်သွားသည်။ ပြီးမှ ပိုများသော အငြိုးတရားများ စတင်ဖြစ်ပေါ်လာပြန်သည်။ သူမ ပတ်ပတ်လည်မှ အနက်ရောင်မီးခိုးများသည်ပင် အရင်ကထက် ပိုပြီး သိပ်သည်းထူထပ်လာသယောင် ထင်ရသည်။
ချင်ကောင်းက ထိုအဖြစ်အပျက်ကြောင့် အရမ်းလန့်သွားကာ “အရှင့်သား… သရဲမရဲ့ အငြိုးတွေက ပြန်ရောက်လာပြန်ပြီ… ကျွန်တော်မျိုးတို့ နောက်တစ်ခေါက်လောက် သူမကို ထပ်ထုလိုက်ရမလား”
ကျိုးအာမှာ “…”