အခန်း (၃၅) : ဓားအရှိန်အဝါ ပင်လယ်ပြင်ကြီးတစ်ခု
“…ကလေးတို့ရေ… နောက်ဆုံးတော့ မင်းတို့တွေ အဖေတစ်ယောက် ရတော့မယ်”
အနက်ရောင်ဆံပင်တို့က သူမတစ်မျက်နှာလုံးကို ဖုံးအုပ်နေကာ ထိုဆံပင်တို့အောက်တွင် ဘာရှိနေသလဲဆိုတာကို မမြင်နိုင်အောင် လုပ်ထားသည်။ သို့သော် သူမ၏ ပုံစံနှင့် ချောက်ချားဖွယ်အသံတို့ကတင် ရှန်ထျန်းအား ကြက်သီးဖြန်းဖြန်းထအောင် လုပ်နိုင်နေလေပြီ။
ဒီလိုသရဲတစ်ကောင်က ရုတ်တရက်ကြီး သူ့ကို သူမကလေးတွေအတွက် အဖေ လုပ်ခိုင်းမလို့တဲ့လား…
ရှန်ထျန်းတစ်ယောက် ကျိုးအာ၏ ဘေးပတ်ပတ်လည်တွင် ဝန်းရံနေသည့် ကလေးသရဲများကို ကြည့်ကာ ကျောချမ်းသွားသည်။
အခုခေတ်မှာ မိစ္ဆာဝိညာဉ်တွေတောင် အူကြောင်ကြောင်တွေ ထလုပ်နေပြီလား… ငါ့နှယ်… အရမ်းကြီး ချောနေတာကလည်း ပြဿနာတစ်ခုပါလားနော်…
…………………….
သွေးနက်က ပြုံးကာ ပြောလိုက်သည်။
“သရဲအမေ… ဒီကောင်ချောလေးကို သဘောကျတယ်လား… ရတယ်လေ… ဒီစည်းကမ်းကိုင်တွေကို အနိုင်တိုက်နိုင်အောင်သာ ကျုပ်ကို ကူညီပေး… ကျုပ် ဒီကောင်လေးကို ဖမ်းမိသွားလို့ ညှို့ယူဆေးလုံး ကျွေးပြီးသွားရင် သူက မင်းအပိုင်ဖြစ်သွားပြီ”
ကျိုးအာက သွေးနက်ကို ကြည့်လိုက်၏။ ထို့နောက် ရယ်မောလိုက်သည် “ဟီး ဟီး… တကယ်နော်”
အသံကို ကြားသောအခါ သွေးနက်ပင် ကျောချမ်းမိသွားသည်။ ဒီမိစ္ဆာဝိညာဉ်က ဘယ်လောက်ထိ ရက်စက်ဆိုးသွမ်းသလဲဆိုတာ သူက အားလုံးထက် ပိုသိသည်လေ…
တိတိကျကျ ပြောရမည်ဆိုလျှင် ကျိုးအာက မိစ္ဆာဝိညာဉ်၏ နောက်လိုက်များထဲမှ တစ်ယောက်မဟုတ်ပေ။ ထိုအစား မိစ္ဆာဝိညာဉ်၏ ထိပ်သီးပိုင်းပုဂ္ဂိုလ်တို့ ပြုလုပ်ဖန်တီးထားသော ထူးခြားသည့် မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်သည်။
ဒီမှော်ဝင်ပစ္စည်းအတွက် အအေးသတ္တိရှိသည့် ယင်အချိန်မှာ မွေးဖွားသည့် အပျိုစင်တစ်ယောက်ကို ရှာဖွေဖို့ လိုအပ်သည်။ ပြီးလျှင် သူမချစ်သူနှင့် မင်္ဂလာဆောင်မည့်နေ့၌ သတို့သမီးဝတ်စုံ ဝတ်ထားစဉ် သူမ၏ တစ်မိသားစုလုံးကို သူမမျက်စိရှေ့တင် သတ်ပစ်ရမည်။ ထို့နောက် သူမ၏ ဝိညာဉ်ကို ဆွဲထုတ်ကာ သူမအား ဓမ္မရတနာပစ္စည်းတစ်ခုထဲမှာ နှစ်ပေါင်းများစွာ ကြာအောင် ပိတ်လှောင်ထားရမည်။
သည်နည်းဖြင့် တဖြည်းဖြည်းနှင့် သူမက အငြိုးကြီးသည့် ဝိညာဉ်တစ်ကောင် ဖြစ်လာလိမ့်မည်။ ကလေးသရဲ အကောင်ငါးရာနှင့်အထက် ရှိမှသာ ဒီအထွတ်အထိပ် မိစ္ဆာလက်နက်ဖြစ်သည့် ကျိုးအာကို အပြည့်အဝ သန့်စင်ပြီးသွားပြီဟု သတ်မှတ်နိုင်သည်။
အပြည့်အဝ သန့်စင်ပြီးသွားသော ကျိုးအာက အနည်းဆုံး ကနဦးစိတ်ဝိညာဉ်အဆင့်၏ အထက်တွင် ရှိပေလိမ့်မည်။ ဒီလက်နက်ပေါ်လာသည်နှင့် တစ်မြို့လုံး၊ တစ်တိုင်းပြည်လုံး ငရဲကျသလို ဖြစ်သွားလိမ့်မည်။
လောလောဆယ် ဒီသရဲအမေတွင် ကလေးသရဲ အကောင်သုံးရာပဲ ရှိသေးသည်။ ထို့ကြောင့် ဒီလက်နက်က ကနဦးစိတ်ဝိညာဉ်အဆင့်၏ တစ်ဝက်စာ စွမ်းအားကိုသာ ပိုင်ဆိုင်သေးသည်။
သို့သော် သွေးနက်က လက်ရှိမှော်ဝင်ပစ္စည်းက သူမကို ဆက်ထိန်းထားဖို့ မလုံလောက်တော့ဘူးဟု ခံစားလို့ရသည်။ ထို့ကြောင့် သူက လက်နက်ကို ဆက်ပြီး မသန့်စင်ရဲတော့ပေ။
သရဲအမေက အရမ်း အစွမ်းထက်သွားပြီး သူ့ကို ပြန်အန္တရာယ်ပေးမည်ကို သူက စိုးရိမ်မိသည်။ ထိုသို့ဆိုပါက သူတော့ အသေဆိုးနှင့် သေရပေလိမ့်မည်။
…………………
သို့သော် အခုအခြေအနေတွင် သွေးနက်မှာ အဝိုင်းခံထားရပြီး ပြေးစရာလမ်း လုံးဝမရှိချေ။ ထို့ကြောင့် သူက အန္တရာယ်များသည့် လောင်းကြေးကို ထပ်ကာ သရဲအမေကို ထုတ်သုံးလိုက်ရလေတော့သည်။
“ဟီး ဟီး… ရှင့်ကတိကို မှတ်ထားပါ… သူလေးက ဒီလောက်ကောင်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာ… ကျွန်မ သူ့ဆီက ရသမျှအကုန် စုပ်ယူပစ်ရမယ်”
ကျိုးအာက ကြောက်စရာ အပြုံးကြီးကို ပြုံးကာ ရွှေအမြုတေအဆင့် စည်းကမ်းကိုင်သုံးယောက်ဆီသို့ ခုန်ဝင်သွားလိုက်သည်။ သူမ၏ ကလေးသရဲ အကောင်သုံးရာက သူမနောက်မှ လိုက်လာပြီး အခြေတည်အဆင့် စည်းကမ်းကိုင်များကို ဝိုင်းထားလိုက်လေ၏။
စည်းကမ်းကိုင်တို့က ဓားအရှိန်အဝါတွေနှင့် ပြန်တိုက်ရန် ကြိုးစားသော်လည်း အရာမထင်ပေ။ စည်းကမ်းကိုင်တွေ၏ အကူအညီအားလုံးကို ပိတ်ဆို့တားဆီးခံထားရသည်။
ဘာအကူအညီမှ မရသောအခါ တဖြည်းဖြည်းနှင့် သူတို့မှာ အရေးနိမ့်လာပြီး အသတ်ခံနေကြရသည်။
“ဟီး ဟီး… အခုတော့ အရှုံးပေးရမယ့်သူက ဘယ်သူလဲကွ” သွေးနက်က သူ့ဒဏ်ရာများကို ကြည့်ပြီးနောက် ပြောလိုက်သည် “ဒါတွေအတွက် မင်းတို့တွေ ပြန်ပေးဆပ်ရမယ်”
ထို့နောက် သူက ရှန်ထျန်းဆီသို့ ပြေးဝင်သွားသည်။ သူ့လက်ထဲတွင်လည်း ညှို့ယူဆေးလုံးကို ဆုပ်ကိုင်ထားသည်။
သူ့ကို မိပြီကွ…
…………………
ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းတို့၏ မျက်နှာများမှာ ရုတ်ချည်း ပြောင်းလဲသွားသည်။
“အရှင့်သား… ပြေး…. ကျွန်တော်မျိုး သူ့ကို တားထားမယ်”
သူတို့နှစ်ယောက်က ရှန်ထျန်း၏ အရှေ့မှာ အတူတူ ပိတ်ရပ်လိုက်ကာ အသေခံဖို့ ပြင်ဆင်ထားလိုက်သည်။ သူတို့က မင်းသားလေးကို လုံးဝ အန္တရာယ်ကြား အရောက်ခံမည် မဟုတ်ပေ။
သို့သော် ရှန်ထျန်းက သူတို့နှစ်ယောက်ကို အသာလေး ဘေးသို့တွန်းဖယ်လိုက်သည်။
“ဟင်း…
ဘာဖြစ်လို့… ကျွန်တော့်ကို ဒီလိုလုပ်ဖို့ တွန်းအားပေးနေရတာလဲ”
ရှန်ထျန်းက သွေးနက်ဆီသို့ လက်ညိုးထိုးလိုက်သည်။
ရုတ်တရက် သူ့အား စူးရှသည့် အလင်းရောင်တစ်ခုက ဖုံးအုပ်သွားကာ ထိုအလင်းမှ လူတစ်ယောက် ပေါ်လာသည်။ သူ့ခန္ဓာကိုယ်ကို အလင်းရောင်ဖြင့် ဖုံးကွယ်ထားသော်လည်း သူ့တည်ရှိမှုက အင်မတန် အားကောင်းမှန်း သိသာလှသည်။
သူပေါ်လာသည့်အခိုက် ကမ္ဘာမြေကြီးတောင် လှုပ်ခါသွားရသည်။
သူက လက်ထဲတွင် ဓားပြားကြီး တစ်ချောင်းကို ကိုင်ထားသည်။ ထို့နောက် သူက ရိုးရှင်းသည့် ခုတ်ချက်တစ်ချက်ကို ပြုလုပ်လိုက်သည်။
ကြည့်ရသည်မှာ အတော်လေး သာမန်ဖြစ်ကာ ရိုးရှင်းပုံပေါ်သည်။
သို့သော် ခုတ်ချက်ကြောင့် ကောင်းကင်ထဲတွင် ဓားအရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ဓားအရှိန်အဝါက နှစ်ခုကွဲသွားသည်။ ပြီးတော့ သုံးခု… လေးခု… မကြာခင်မှာပဲ သန်းထောင်ချီသော ဓားအရှိန်အဝါများ ဖြစ်သွားလေသည်။
ဓားအရှိန်အဝါ ပင်လယ်ပြင်ကြီးတစ်ခု ဖြစ်သွားကာ သွေးနက်ဆီသို့ ပျံသန်းသွားလေသည်။
“ချန်းဟယ်ဓားသဏ္ဍာန်ပဲ… ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… မလုပ်နဲ့”
သွေးနက်က စူးစူးဝါးဝါး အော်သံကြီးတစ်ခုကို ပြုလိုက်သည်။ အသံမှာ သွေးပျက်ကြောက်လန့်မှုတို့နှင့် အပြည့် ဖြစ်နေသည်။ သူ့ရွှေအမြုတေ ကျင့်ကြံဆင့်နှင့်ပင် ထိုတိုက်ကွက်ကို မတားဆီးနိုင်ချေ။
အချိန်ခဏလေးအတွင်း ဓားအလင်းတန်းများက သွေးနက်၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားလေသည်။ သွေးဖြန်းဖြန်း ပန်းထွက်ကုန်၏။ သူ့ရွှေရောင်အမြုတေလည်း တစ်စစီ ကွဲကြေသွားလေသည်။
ဓားအရှိန်အဝါ ပျောက်ကွယ်သွားသည့်အချိန်၌ သွေးနက်က ထိုနေရာတွင် မရှိတော့ချေ။
ရွှေအမြုတေအဆင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်သည့် စံပြမိစ္ဆာအဆင့် သွေးနက်မှာ အသတ်ခံလိုက်ရလေပြီ။
…………………
အနက်ရောင် စိပ်ပုတီးတစ်ကုံးက မြေပေါ်သို့ ပြုတ်ကျလာသည်။ ပုတီးကုံးမှာ အလွန်ထူးခြားသည့်အရာပဲ ဖြစ်ရမည်။ သို့မဟုတ်ပါက တိုက်ခိုက်မှုကို ခံရပြီးသည့်နောက်တွင်ပင် မပျက်မစီးဘဲ ကျန်နိုင်လိမ့်မည် မဟုတ်ပေ။
ပုတီးစေ့တိုင်းပေါ်တွင် အက်ရာများ ရှိနေကာ အကြီးဆုံး အနီရောင်စိပ်ပုတီးစေ့မှာ ကွဲအက်လုနီးနီး ဖြစ်နေလေသည်။
ကျိုးအာနှင့် ကလေးသရဲများက စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီးနောက် ပျောက်ကွယ်သွားသည်။
သရဲအမေက မပျောက်ကွယ်သွားခင် ရှန်ထျန်းအား မုန်းမုန်းတီးတီးအကြည့်ဖြင့် တစ်ချက် ကြည့်သွားလိုက်သေးသည်။
…………………
ထိုအချိန်ကျမှ ရွှေအမြုတေအဆင့် စည်းကမ်းကိုင်များမှာ သက်ပြင်းချနိုင်တော့သည်။ သူတို့၏ ခန္ဓာကိုယ်မှာ ချွေးစေးတွေနှင့် ရွှဲနစ်နေလေပြီ။
သရဲအမေဆိုသည်မှာ ကြောက်မက်စရာ သတ္တဝါတစ်ကောင် ဖြစ်သည်။ သာမန် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများက သူမအပေါ်တွင် သက်ရောက်မှု မရှိသလောက်ကို ဖြစ်နေသည်။
တစ်ဖက်တွင်မူ သူမ၏ တိုက်ခိုက်မှုက ကြောက်စရာကောင်းစွာ ထူးခြားဆန်းကြယ်လွန်းသဖြင့် စည်းကမ်းကိုင်များမှာ သေရေးရှင်ရေး အခြေအနေအထိပင် ရောက်နေရသည်။
သူတို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြကာ ဓားများကို ပြန်သိမ်းလိုက်ကြသည်။
ထို့နောက် မျက်နှာပေါ်တွင် လေးစားအားကျမှုအပြည့်နှင့် သူတို့က ရှန်ထျန်းရှေ့သို့ ရောက်ချလာသည်။
“ကျုပ်တို့ တကယ် ရှက်မိပါတယ်ဗျာ… ဒီရောက်ရင် ကျုပ်တို့တွေ ကူညီနိုင်လိမ့်မယ်လို့ ထင်ထားတာ။ ဒါပေမဲ့ နောက်ဆုံးမှာ ဆရာနတ်မင်းက ကျုပ်တို့ကို ပြန်ကယ်လိုက်ရတယ်”
“ဆရာနတ်မင်းက ဒီလောက်တောင် အစွမ်းထက်အားကောင်းတဲ့ ဓားစွမ်းရည်ကို ပိုင်ဆိုင်ထားတာပဲ… ကျွန်တော် အရမ်းကို လေးစားမိပါတယ်”
“ဆရာနတ်မင်း… ဆရာက ကျုပ်ရဲ့အသက်သခင်ပါ… ဆရာခိုင်းသမျှ ကျုပ်အကုန်လုပ်ပေးပါ့မယ်”
“ဆရာနတ်မင်း… ဆရာ့ရဲ့ “နတ်မင်း အသင်းဝင်များ” ထဲမှာ လူလိုသေးလားဟင်… ဆရာ့အလုပ်တွေအတွက် ကျွန်တော့်ကို ယုံကြည်လို့ရပါတယ် ဆရာ”
…………………
အခု… ခေါင်းဆောင် သုံးယောက်ကတောင် နတ်မင်းအသင်းဝင်များထဲကို ဝင်ချင်နေလေရဲ့…
ရှန်ထျန်းတစ်ယောက် ပြောစရာစကားမရှိ ဆွံ့အသွားမိ၏။
မင်းတို့ရဲ့ စွမ်းရည်တွေနဲ့ဆို နန်းတော်ထဲမှာ အနည်းဆုံး နန်းတွင်းစောင့်တပ်သားတွေ ဖြစ်လာနိုင်ချေ ရှိတယ်လေကွာ…
ဘာဖြစ်လို့ ငါ့ပရိသတ် လုပ်ချင်နေသေးတာတုန်း…
“ဟို… ကျွန်တော့်ကို ကူညီဖို့ အပြေးရောက်လာပေးကြလို့ ကျေးဇူးတင်ပါတယ်”
ရှန်ထျန်းမှာ ငိုရမလို ရယ်ရမလို ဖြစ်သွားရသည်။ သူက ပြောလိုက်သည် “တစ်နေ့နေ့တော့ ကျွန်တော်တို့တွေ ကြားမှာ ကံပါလာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”
သူတို့၏ ခေါင်းပေါ်တွင် အစိမ်းရင့်ရင့် သီးသန့် ရောင်ဝါစက်ဝန်းများ ရှိနေကြသည်။ အနီကွက်တစ်ကွက်မှ မရှိသော်လည်း သူတို့ကို အလွန်ကံကောင်းသူများအဖြစ် သတ်မှတ်လို့ရသေးသည်။
သူတို့သာ ရှန်ထျန်းကို နေ့တိုင်း လာရှာနေမည်ဆိုပါက တစ်ရက်ရက်တော့ သူတို့လည်း ကံအပြောင်းအလဲ အခွင့်အရေးတွေ ရရှိလောက်မည် ဖြစ်သည်။ ထိုသို့တွေးမိကာ သုံးယောက်သား အပျော်ကြီး ပျော်သွားကြလေ၏။
ဆရာနတ်မင်းက သတ္တုရိုင်းတုံးတွေကို အကဲဖြတ်သည့်နေရာမှာ ပြိုင်ဖက်ကင်းဖြစ်သလို အစွမ်းထက်သည့် ဓားစွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားသေးသည်။
ဆရာနှင့်ကံပါခြင်းက သူတို့၏ ကံကောင်းမှု ဖြစ်ပေလိမ့်မည်။
“ကျေးဇူးတင်ပါတယ်… ဆရာနတ်မင်း”
“လိုတာရှိရင် ကျုပ်ကို ပြောနော်”
“ဒီမှာရှိနေတဲ့ နတ်မင်းအသင်းဝင်တွေ အားလုံးကို ကျွန်တော်တို့တွေ သေသေချာချာဂရုစိုက်လိုက်ပါ့မယ်”
……………………
သူတို့၏ ကတိစကားများကို ကြားသောအခါ ရှန်ထျန်းမှာ အားနာပါးနာနှင့် ခေါင်းငြိမ့်လိုက်ရသည်။
အရိုးသားဆုံးပြောရလျှင် စောစောတုန်းက သူ ထွက်မချချင်ခဲ့ပေ။
လီချန်ကော သူ့ကို ပေးခဲ့သည့် ဓားသခင်အမှတ်အသားပြားမှာ အရမ်းအရမ်းကို အကုန်အကျများလွန်းသည်။
တစ်ခါလေး သုံးရသေးတာကို ဝိညာဉ်ကျောက်တုံး အတုံးလေးထောင် ကုန်သွားလေပြီ။
သူ့ပိုက်ဆံအိတ်ကလေးခမျာ ပိုက်ဆံ မရှိတော့လို့ အော်ငိုနေရရှာပြီ။
…………………
ရှန်ထျန်းက စိပ်ပုတီးစေ့များကို ကြည့်ကာ တွေးလိုက်၏။
ဒီတော့ အခုကျလာတဲ့ဟာက ဂိမ်းတွေထဲကလိုမျိုး အကောင်တွေသေသွားရင် ကျလာတဲ့ပစ္စည်းလား…
good
good
good
good
good