အခန်း (၃၄) : အခုကျ ငါက အဖေတဲ့လား
စည်းကမ်းကိုင်များကို အဖြူရောင်ဓားအလင်းတန်းတစ်ခုက ဖုံးအုပ်လွှမ်းခြုံထားသည်။ ထိုဓားအလင်းတန်းက ညဘက်ကောင်းကင်မှာ ကြွေကျလာသည့် ကြယ်တစ်စင်းအလား လင်းလက်နေသည်။
ရွှေအမြုတေအဆင့်ရှိ စည်းကမ်းကိုင် ခေါင်းဆောင် သုံးယောက်က ဘေးချင်းကပ် ရပ်နေကြသည်။ အခြေတည် အဆင့်ရှိ စည်းကမ်းကိုင် အယောက်(၂၀)က ဘယ်ဘက်နှင့်ညာဘက်ရှိ ခေါင်းဆောင်များနောက်မှ (၁၀)ယောက်စီ ဘေးဘက်တွေသို့ ဖြန့်ကားတန်းစီနေသည်။ အားလုံးကို ခြုံငုံကြည့်ကြည့်လိုက်ပါက မြားတစ်စင်းပုံစံတိုက်ကွက်ကို ဖော်ထားမှန်း တွေ့ရလိမ့်မည်။
ဓားရွေ့လျားပျံသန်းခြင်း သဘောတရား တစ်ခုအရ ထိုပုံစံအတိုင်း ဓားပျံသန်းခြင်းက အတွင်းအားနည်းနည်းနှင့် ခရီးမြန်မြန်ပေါက်သည်ဟု ဆိုထားသည်။
ထိုအတိုင်း တကယ်ဖြစ်နေကာ အယောက်(၂၀)မကသည့် စည်းကမ်းကိုင်များက မိုင်ကုန် တရှိန်ထိုး ပျံသန်းလာနေသည်။
မိုင်ပေါင်းများစွာ ဝေးနေရာမှ ချက်ချင်းဆိုသလိုကြီးကို အနီးသို့ ရောက်လာလေသည်။
ချွင်…
စည်းကမ်းကိုင်များ၏ ကျောဘက်ရှိ ဓားအိမ်များထဲမှ နတ်ဆိုးနှိမ်နင်း ဓားများက ပျံထွက်သွားကြသည်။ ထို့နောက် အင်မတန် ကျယ်လောင်သည့် ပဲ့တင်ထပ်သံကြီးကို ကြားလိုက်ရသည်။
မှော်ဓား (၂၃)ချောင်းက နတ်ကွန်ရက်တစ်ခုကို ဖွဲ့စည်းပုံဖော်လိုက်ပြီး သွေးနက်ကို အလယ်ခေါင်မှာ ပိတ်ထားလိုက်သည်။
ဓားတန်းက နတ်လက်နက် တစ်ခုသဖွယ် တစ်ခဏလေးအတွင်း ရှေ့သို့ ပြေးထွက်လာလေသည်။
…………………
“မိစ္ဆာကောင်… သုတ်သင်ပစ်”
ဦးဆောင်လာသည့် ရွှေအမြုတေကျင့်ကြံသူက ဓားကိုင်လျက် အော်လိုက်သည်။
စည်းကမ်းကိုင်အားလုံးက သူတို့၏ အတွင်းအားများကို ကောင်းကင်ထက်တွင် မီတာ(၂၀) ရှည်သည့် ဓားကြီးတစ်လက် ဖွဲ့စည်းရန် ပေးလိုက်ကြသည်။ ထို့နောက် ဓားကြီးက ဒေါင်လိုက်ခုတ်ပိုင်းလိုက်သည်။ ထိုဓားချက်ကြောင့် မြေကြီးပေါ်တွင် ဓားရာ အနက်ကြီးတစ်ခု ထင်ကျန်သွားလေသည်။
သွေးနက်ကလည်း တွေဝေမနေရဲဘဲ အကောင်းဆုံး ကြိုးစားခုခံလိုက်သည်။ အခုဆိုလျှင် သူ့ရွှေအမြုတေ၏ ပတ်ပတ်လည်တွင် အနက်ရောင်မီးခိုးတို့ ဝန်းရံနေလျက် ကြည့်ရသည်မှာ သရဲတစ္ဆေတစ်ကောင်နှင့် အလွန်တူနေလေသည်။ တစ်ချိန်တည်းမှာ သူ့အစွမ်းအားက တိုးတက်သွားသည်။
သိသာစွာပင် သူက ကွေ့ကုန်းကုန်းနှင့် ရင်ဆိုင်စဉ်က သူ့အစွမ်း၏ တစ်ဝက်ကိုပင် ထုတ်မသုံးခဲ့ပေ။
“တစ္ဆေသွေး လက်သင်္ကေတ သိုင်းကွက်”
သွေးနက်၏ အသံမှာ ငရဲမှ တက်လာသည့် မိစ္ဆာသရဲတစ်ကောင်အလား ကွဲအက်အက်အသံကြီး ဖြစ်နေသည်။
သူက ရွှေအမြုတေ ကျင့်ကြံဆင့်ကို သုံးကာ ဓားကြီး၏ တိုက်ကွက်ကို တားဆီးလိုက်သည်။ နီပုပ်ပုပ်အရောင် ဝဲကတော့ကြီးတစ်ခု ပေါ်လာကာ ဓားကြီးဆီမှ ဓားအရှိန်အဝါကို စုပ်ယူပစ်ရန် ကြိုးစားလိုက်၏။
ကံဆိုးစွာပင် အယောက်(၂၀)ကျော်သည့် စည်းကမ်းကိုင်တို့၏ ဓားအရှိန်အဝါက အရမ်းကို အားကောင်းလွန်းနေသည်။
ဓားကြီးက သွေးနက်ပေါ်သို့ ကျရောက်သွားသည်။
ဘုန်း…
ဓားကြီး၏ တိုက်ကွက်စွမ်းအား အကုန်လုံးက သူ့ကိုယ်ပေါ် ကျရောက်သွားသဖြင့် သွေးနက်မှာ ဒဏ်ရာအပြင်းအထန် ရရှိသွားသည်။ ပါးစပ်မှလည်း သွေးတွေ ပန်းထွက်လာသည်။
အခုတော့ သူ့ကို ကြည့်ရသည်မှာ အတော်လေး သွေးဆုတ်ဖြူဖျော့သွားပုံ ပေါ်သည်။
…………………
စည်းကမ်းကိုင် (၂၃)ယောက်လုံးက အတူတူ ဆင်းသက်လာပြီး ရှန်ထျန်းအား သူတို့နောက်တွင် ကာကွယ်ထားလိုက်သည်။
“သွေးနက်… မင်းကို မိစ္ဆာဝိညာဉ်ကမှန်း ငါမသိခဲ့ဘူး”
“မင်း ထွက်ပြေးလို့ လွတ်မှာ မဟုတ်ဘူး… မင်းဘာသာ လက်နက်ချ အညံ့ခံလိုက်ပါ”
“ဆရာနတ်မင်း… မစိုးရိမ်ပါနဲ့… ကျုပ်တို့ ရှိတယ်… သူ ဆရာ့ကို မထိခိုက်နိုင်ပါဘူး”
မီးတိုင်းပြည်ထဲတွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေ အများကြီး မရှိပေ။ ထို့အပြင် သူတို့က သွေးနက်နှင့် သိကျွမ်းနေကြသည်မှာ သိသာလှသည်။
သို့သော် သူတို့၏ ရင်းနှီးပတ်သက်မှုက ဘယ်လိုပဲဖြစ်နေပါစေ သွေးနက်က မိစ္ဆာဝိညာဉ်အဖွဲ့ဝင် တစ်ယောက်မှန်း သိပြီးသွားသည့်နောက်တွင်မူ သွေးနက်ကို သတ်ပစ်ရန်မှလွဲ၍ တခြားရွေးချယ်စရာ မရှိတော့ချေ။
ထို့ထက်ကို သူတို့နောက်မှ ဒီဆရာနတ်မင်း အောင်းထျန်းက အင်မတန်ကို အရေးပါသည့်လူတစ်ယောက် ဖြစ်နေလေသည်။
အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ထဲမှ ရာထူးကြီး ဂုဏ်သရေရှိပုဂ္ဂိုလ် တော်တော်များများက ဒီဆရာ့အပေါ် ကျေးဇူးတင်စရာတွေ ရှိနေသည်သာမက အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်၏ မင်းသမီးလေးကလည်း သူ့အား သူမ၏ ကျောက်စိမ်းရေစင်ဓားကို ပေးပစ်သည်အထိပင် ဒီဆရာကို သဘောကျနေလေသည်။
အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ထဲတွင် ရှိနေစဉ်အတွင်း သူတစ်ခုခု ဖြစ်သွားပါက သူတို့တွေ သေချာပေါက် အလုပ်ပြုတ်သွားလိမ့်မည်သာ။
…………………
ချင်ကောင်းကလည်း စည်းကမ်းကိုင်များနောက်တွင် ပေါ်လာသည်။
သူက ဟရူးဂါ နတ်ဆိုးကျမ်းကို ကျင့်ကြံရာတွင် ကွေ့ကုန်းကုန်းထက် အဆများစွာ ပိုပြီး ပါရမီရှိသည်။ သူ ကျင့်ကြံဖို့အတွက် ရှန်ထျန်းက ဝိညာဉ်ကျောက်တုံး အလုံအလောက်ကို ပေးထားလေရာ သူက များစွာ ပိုပြီး အင်အားကောင်းနေပြီ ဖြစ်သည်။
အခုဆို သူက (၃)ဆင့်မြောက် ချီသန့်စင်ခြင်းအဆင့်သို့ပင် ရောက်နေလေပြီ။
သူ့ကိုယ်ဖော့ပညာကလည်း အလွန်လျင်မြန်လှ၏။
ချင်ကောင်းက အမြန်ရောက်လာပြီး သူတို့အား အလောတကြီး မေးလိုက်သည် “အရှင့်သား… ဦးလေးကွေ့… အဆင်ပြေကြရဲ့လား”
ကွေ့ကုန်းကုန်းက ပြုံးကာ ပြောလိုက်သည် “မင်းအချိန်မီရောက်လာလို့ တော်သေးတာပေါ့… စောစောတုန်းက ငါ သခင်မလန်နောက်ကို လိုက်ရဖို့ နည်းနည်းပဲ လိုတော့တယ်”
ချင်ကောင်းက အားနာသွားကာ “ကြာသွားလို့ တောင်းပန်ပါတယ်ဗျာ”
သွေးနက်က ဝိညာဉ်နတ်မိမယ်လေးကို ခေါ်သွားတာကို မြင်လိုက်ရသည့် အချိန်ကတည်းက ရှန်ထျန်းက မယုံသင်္ကာဖြစ်မိခဲ့သည်။
အဆုံးမဲ့ဝိညာဉ်ဥယျာဉ်၏ လုံခြုံရေးက ဘယ်ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူမဆို လာချင်တိုင်းလာပြီး တည်းခိုခန်းမှ လူတွေကို ခေါ်ချင်တိုင်းခေါ်သွားလို့ ရလောက်အောင်အထိ မညံ့ဖျင်း၊ အင်အားနည်း မနေပေ။
ဝိညာဉ်နတ်မိမယ်လေးကို ခေါ်သွားရင် ဘာများလုပ်လို့ရမှာတုန်း…
သူမကို အဓမ္မကျင့်ချင်ရင် သူမအခန်းထဲမှာ အိပ်ယာရှိနေပြီးသားလေ…
ထိုအတိုင်းက ပိုပြီးအဆင်ပြေကာ စိတ်လှုပ်ရှားစရာ ပိုကောင်းမည် မဟုတ်ပါလား…
သူမကို ခေါ်သွားပြီဆိုကတည်းက တစ်ခုခုတော့ မှားနေလေပြီ။
…………………
သွေးနက်၏ သရုပ်ဆောင်စွမ်းရည်က ညံ့ဖျင်းနေတာလည်း ပါသည်။ သူက ပြန်ပေးဆွဲလာသည့်သူ ရှိနေပါလျက်နှင့် ထွက်ပြေးနေစဉ် ရှန်ထျန်း၏ အခန်းကိုပဲ လှမ်းလှမ်းကြည့်နေလေသည်။
ထိုသို့လုပ်နေခြင်းက ရှန်ထျန်းအား သူ့နောက်ကို လိုက်ဖမ်းလှည့်ပါဟု တောင်းပန်နေသလို ဖြစ်နေလေ၏။
ရှန်ထျန်းက ဒီကိစ္စတစ်ရပ်လုံးမှာ ဘာမှားနေသလဲဆိုတာကို သိရန် ဝတ္ထုတွေအများကြီး ဖတ်ဖူးသည်။ ထို့ကြောင့် သူက စည်းကမ်းကိုင်တွေဆီမှာ အကူအညီ သွားတောင်းရန် ချင်ကောင်းကို အမိန့်ပေးခဲ့သည်။
ဘာပဲဖြစ်ဖြစ် ဒါက သူတို့အလုပ်ပဲလေ…
သူ တစ်ယောက်တည်း စွန့်စားတိုက်ခိုက်စရာ မလိုအပ်ပေ။
အခုတော့ သူထင်ထားသည့်အတိုင်း ဖြစ်နေသည်။
သို့သော် ရှန်ထျန်းက ချင်ကောင်းကို သည်လောက်လူတွေ အများကြီး ခေါ်လာလိမ့်မည်ဟု မထင်ထားပေ။
အလွန်ဆုံး ရွှေအမြုတေအဆင့် ကျင့်ကြံသူ တစ်ယောက်လောက်ကို ခေါ်လာနိုင်လိမ့်မည်ဟု ရှန်ထျန်းက တွေးထားသည်။
မမျှော်လင့်ဘဲ ရွှေအမြုတေအဆင့် ကျင့်ကြံသူက သုံးယောက်ပါလာပြီး အခြေတည်အဆင့် ကျင့်ကြံသူက အယောက်(၂၀) ပါလာလေသည်။ ဒီလူအုပ်က အထူးတပ်ဖွဲ့တစ်ဖွဲ့ တည်ထောင်ဖို့တောင် လုံလောက်နေပြီ ဖြစ်သည်။
ထို့ကြောင့် ရှန်ထျန်းက ဒီကိစ္စနှင့်ပတ်သက်၍ အင်မတန် ကျေနပ်မိသည်။
သူက ပြုံးကာ ပြောလိုက်သည် “အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်ရဲ့ စည်းကမ်းကိုင် ခေါင်းဆောင်တွေက တော်ရုံတန်ရုံနဲ့ အပြင်ကို ထွက်လေ့ မရှိဘူး။ ခေါင်းဆောင်သုံးယောက်ကိုတောင် အပါခေါ်လာနိုင်တာ မင်းတော်တယ်”
ချင်ကောင်းက ပြန်ဖြေလိုက်သည်။
“တကယ်တော့ ကျွန်တော်မျိုး ဘာမှ သိပ်မလုပ်လိုက်ရပါဘူး။ လမ်းကြုံစည်းကမ်းကိုင် တစ်ယောက်ကို အရှင့်သားမှာ အသက်အန္တရာယ်ရှိနိုင်ချေ ရှိတယ်လို့ပဲ ကျွန်တော်မျိုး ပြောလိုက်ရတာ…
အဲ့ဒီလိုလည်း ပြောလိုက်ရော ညတာဝန်ကျနေတဲ့ စည်းကမ်းကိုင်အားလုံးက လိုက်လာဖို့ ဆန္ဒရှိတယ်ဆိုပြီး ပြောလာကြတယ်။ သူတို့ပြောတာတော့ ဒါက ဆရာနတ်မင်းနဲ့ ကံကြမ္မာ ရေစက်ရှိလာအောင် ဖန်ဖို့ အကောင်းဆုံးအချိန်ပဲတဲ့…
ခေါင်းဆောင်သုံးယောက်က ဒီကိစ္စအကြောင်း တခြားခေါင်းဆောင်တွေကို သွားမပြောဖို့ ကျန်တဲ့လူတွေကို မှာထားတယ်။ လူတွေအရမ်းများလာရင် ကံကြမ္မာရေစက်နှောင်ကြိုးကို ခွဲဝေရမယ့်လူတွေ များလာမှာကို သူတို့က စိုးရိမ်နေကြတာ”
ရှန်ထျန်းမှာ “???”
…………………….
ဘာလား… ဒီတော့ ဒါကလည်း ကံကြမ္မာရေစက်ဆုံအောင် လုပ်ဖို့အတွက်ပေါ့လေ…
ရှန်ထျန်းမှာ ပါးစပ်တွန့်သွားမိသည်။
သူတို့တွေက ချမ်းသာဖို့အတွက် အရမ်းကို အရူးအမူး ဖြစ်နေလွန်းတာပါလား…
သို့သော် ထိုအချိန်မှာပဲ တိုက်ပွဲအခြေအနေက တစ်မျိုးပြောင်းသွား၏။
“တကယ့်ကို အားကောင်းလွန်းပါပေ့… အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်ရဲ့ စည်းကမ်းကိုင်တွေ ပီသပါပေတယ်”
သွေးနက်က မတ်တပ်ရပ်လိုက်သည်။ သူ့အဝတ်များမှာ စုတ်ပြဲဖွာလန်နေကာ သူ့ဒဏ်ရာများဆီမှ သွေးများ စီးကျနေသည်။
ခေါင်းဆောင်က နှာခေါင်းမှုတ်ကာ ပြောလိုက်သည် “သွေးနက်… အရှုံးသာ ပေးလိုက်စမ်းပါ”
“အရှုံးပေးရမယ် ဟုတ်လား” ဒီတစ်ခေါက်တော့ သွေးနက် နှာခေါင်းမှုတ်ရမည့်အချိန် ရောက်သွားသည် “ကျုပ်က မီးတိုင်းပြည်ထဲမှာ တာဝန်ကျနေတဲ့ အစောင့်အရှောက်တော်များရဲ့ အကြီးအကဲ တစ်ယောက်လေ… ကျုပ်ဆီမှာ ရှိတာ ဒါအကုန်ပဲလို့ မင်းတို့တွေ ထင်နေတာလား”
သူက အော်ရယ်လိုက်ရင်း ဘယ်ဘက် လက်ကောက်ဝတ်ကို ဓားနှင့်လှီးဖြတ်လိုက်သည်။
သွေးများ ပန်းထွက်လာကာ ကောင်းကင်ထက်တွင်လည်း ထူးဆန်းသည့် ပုံသဏ္ဍာန်တစ်ခု ဖြစ်ပေါ်လာသည်။ သွေးတွေ အဆက်မပြတ် ပန်းထွက်နေသည်နှင့်အမျှ ပုံသဏ္ဍာန်အရေးအကြောင်းများက ပိုပိုပြီး ထင်ရှားလာကာ ပိုပိုပြီးလည်း ရှုပ်ထွေးလာလေသည်။
သွေးနက်က ဟစ်ကြွေးလိုက်သည် “သရဲအမေ… ထွက်လာခဲ့”
…………………
ရုတ်ချည်းဆိုသလို ထိုအရေးအကြောင်းပုံသဏ္ဍာန်ထဲမှ သွယ်လျသည့် လက်ဖဝါးလေးတစ်ဖက် ဆန့်ထွက်လာသည်။ ထို့နောက် ဦးခေါင်း၊ လည်ပင်းနှင့် ခန္ဓာကိုယ်တို့ ထွက်လာသည်။
ထွက်လာသည့်သူမှာ အသားအရေက စက္ကူတစ်ရွက်လို ဖြူဖျော့နေပြီး မျက်နှာတစ်ခုလုံးပေါ်တွင် ဆံပင်များ ဖြာကျဖုံးအုပ်နေသည့် အနီရောင်သတို့သမီးဝတ်စုံကို ဝတ်ဆင်ထားသော မိန်းမတစ်ယောက် ဖြစ်နေသည်။
သူမက ကျောချမ်းစရာကောင်းသော ကြောက်မက်ဖွယ်ပုံစံကြီးနှင့် လေဟာနယ်ထဲတွင် မျောလွင့်နေသည်။
သူမ၏ ပတ်ပတ်လည်တွင် ကလေးသရဲများ အစုလိုက် အပြုံလိုက် ဝန်းရံနေကြသည်။ ကလေးသရဲ တစ်ကောင်စီတိုင်းမှာ သွေးများနှင့်ဖုံးလွှမ်းနေကာ ကြည့်ရသည်မှာ အင်မတန်ကို ကြောက်စရာကောင်းနေ၏။
“ဒါ… ဒါက တစ်ဝက်တစ်ပျက်အဆင့် မွေးကင်းစ ကလေးကိုးလောင်း မိစ္ဆာဝိညာဉ်၊ ကျိုးအာပဲ” ခေါင်းဆောင်က သွေးပျက်ချောက်ချားသွားသည့်အသံဖြင့် ပြောလိုက်သည်။
ကျိုးအာ ဟုတ်လား…
ရှန်ထျန်းက အနည်းငယ် ကြောင်အသွားကာ ကျိုးအာဆီသို့ ငေးကြည့်နေမိသည်။
သရဲမကလည်း သူ့အား စိုက်ကြည့်နေလေသည်။
လေဟာနယ်ထဲမှ မိန်းမတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။
“ဟီး…ဟီး… ချောလိုက်တဲ့ကောင်လေး… ကလေးတို့ရေ… နောက်ဆုံးတော့ မင်းတို့တွေ အဖေတစ်ယောက် ရတော့မယ်”
good
good