အံ့အားသင့်လျက် ပိုင်ရှောင်ချန်းသည်လူရွယ်ကိုလှည့်ကြည့်လိုက်သည်။
“ကျွန်တော်က အစ်ကို သဘောကျလိုက်လံပြသပေးမယ့် လူ ဟိုယွင်ချင်ပါ..” လူရွယ်က နှစ်လိုဖွယ်ကောင်းစွာပြုံး၍ ယဥ်ကျေးစွာ စကားဆိုလိုက်သည်။
“ကျွန်တော်က ဒီဆိုင်ငယ်လေးရဲ့ပိုင်ရှင်ပါ။ အစ်ကိုကြီး… အစ်ကိုကြီးက လူသာမန်တွေကြားထဲကနဂါးတစ်ကောင်လို သာမန်ထက်ထူးခြားတဲ့လူတစ်ယောက်ဖြစ်မှန်း ကျွန်တော်သတိထားမိပါတယ်… အစ်ကိုကြီးကြိုက်နှစ်သက်တဲ့အဝတ်အစားတစ်ခုခုများရှိရင် ယူသွားပါ… မိတ်ဆွေအချင်းချင်း လက်ဆောင်တစ်ခုအဖြစ် ပေးတယ်လို့ သဘောထားပေးပါ အစ်ကိုကြီး။”
“တကယ်ကြီးပြောနေတာလား…” ပိုင်ရှောင်ချန်းသည် ဟိုယွင်ချင်ကိုမျက်တောင်လေးပေကလပ် ပေကလပ်လုပ်လျက်ကြည့်နေသည်။
“ဒါပေါ့… ကျွန်တော်တစ်ကယ်ပြောတာပါ… ဟိုယွင်ချင်ကဘယ်တော့မှလိမ်မပြောတတ်ပါဘူး…”
ပိုင်ရှောင်ချန်းက တဟီးဟီးရယ်မောလိုက်ရင်း တုံ့ပြန်လိုက်သည်။ အလကားပေးသောလက်ဆောင်ကိုငြင်းပယ်နေစရာအကြောင်းမရှိသည့်အတွက် သူသည်ကောင်းကင်နဂါးဝတ်ရုံကိုပေါ့ပေါ့ပါးပါးပင်လက်ညှိုးထိုးပြလိုက်လေ၏။
အရောင်းစာရေးကဟိုယွင်ချင်ကိုလှမ်းကြည့်လိုက်ရာ ဟိုယွင်ချင်ကပြုံးလျက်ခေါင်းညိတ်ပြလိုက်လေသည်။ အရောင်းစာရေးကမယုံကြည်နိုင်ဟန်ဖြင့်ပခုံးတွန့်သွားကာ ကောင်းကင်နဂါးဝတ်ရုံကိုပိုင်ရှောင်ချန်းထံပေးလိုက်လေသည်။ ပိုင်ရှောင်ချန်းသည်ဝတ်ရုံကိုချက်ချင်းပင်ကောက်ဝတ်လိုက်ရာ ယခင်ကနှင့်အကွာကြီးကွာသွားလေတော့သည်။
ဟိုယွင်ချင်ကလှိုက်လှိုက်လှဲလှဲရယ်မောလိုက်ကာ “အစ်ကိုကြီး… ကောင်းကင်နဂါးဝတ်ရုံက အစ်ကိုကြီးနဲ့လုံးဝကိုလိုက်ဖက်ပါပေတယ်။ မသိရင် အစ်ကိုကြီးအတွက် သီးသန့်ချုပ်ပေးထားသလိုပါပဲ…။ အစ်ကိုကြီးက ကိုယ့်အတွက်ဘယ်လိုအဝတ်အစားတွေရွေးရမယ်ဆိုတာကို လုံးဝအမြင်ရှိပါပေတယ်။”
“ညီလေးလည်းအဲ့လိုပဲထင်မိသလား…” နူးညံ့သောဝတ်ရုံကိုပွတ်သပ်နေလျက်က ပိုင်ရှောင်ချန်းကဆိုသည်။ သူသည်အလွန်အမင်းကျေနပ်နှစ်သက်နေပြီး ဂိုဏ်းမှာတုန်းကဝတ်ခဲ့ရသောအဝတ်အစားများသည် လွန်စွာမှဟောင်းနွမ်းစုတ်ပြတ်လှသည်ဟုတွေးနေမိသည်။ သူသည် အဖိုးတန်ပစ္စည်းများနှင့် သာယာသောအာရုံခံစားမှုများပြည့်နေသောကမ္ဘာသစ်ကို နှစ်သက်သဘောကျနေမိလေသည်။
ဟိုယွင်ချင်သည် ပိုင်ရှောင်ချန်းပြန်ပြောလိုက်သောစကားကြောင့် ဘာဆက်ပြောရမှန်းမသိဖြစ်သွားလေ၏။ နောက်ဆုံးတွင် လည်ချောင်းကိုရှင်းလိုက်ကာ စကားလမ်းကြောင်းပြောင်းလိုက်လေသည်။
“အစ်ကိုကြီး… ဒီနေ့ည အရှေ့ဘက်သစ်တောမြို့မှာ ဂုဏ်ပြုပွဲတစ်ခုရှိတယ်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကကိုယ်စားလှယ်တုလင်ဖေးဟာ သူ့တာဝန်တွေပြီးဆုံးပြီဖြစ်လို့ ဂိုဏ်းကိုပြန်တော့မှာဖြစ်တဲ့အတွက် သူမကိုဂုဏ်ပြုတဲ့အနေနဲ့ စားပွဲသောက်ပွဲကြီးကျင်းပမှာဖြစ်ပါတယ်…။ အစ်ကိုကြီးမှာ ဆောင်ရွက်စရာကိစ္စအထွေအထူးမရှိဘူးဆိုရင် ပွဲကိုလာခဲ့ပါလားဗျ… အများကြီးပျော်ဖို့ကောင်းမှာပါ…”
ပိုင်ရှောင်ချန်းသည် ဟိုယွင်ချင်ကိုနားလည်ရခက်သောအပြုံးဖြင့်ကြည့်နေပြီး ပွဲကိုလာရန်သဘောတူပါကြောင်းပြောလိုက်သည်။
ဟိုယွင်ချင်သည်အနည်းငယ်အရဲစွန့်ရာကျနေမှန်းသိသော်လည်း အလိုအလျောက်ရောက်လာသောရွှေအခွင့်အရေးကြီးကိုလည်းလက်လွှတ်မခံချင်ကာ ယခုထက်ကောင်းသောနည်းလမ်းကိုပြင်ဆင်ရန်အချိန်လည်းမရှိတော့ပေ။ ပြုံးလျက် ပိုင်ရှောင်ချန်းကိုဆိုင်ပြင်သို့လိုက်ပို့ပေးလိုက်လေသည်။
ဆိုင်အပြင်သို့ခြေချလိုက်မိသည်နှင့် သူတို့၏နောက်သို့ ချီစုစည်းမှုအဆင့်ငါးရှိသောကိုယ်ရံတော်ရှစ်ယောက် တောက်လျှောက်ပါလာသည်ကိုသတိပြုလိုက်မိလေသည်။ သူတို့သည်ဆိုးသွမ်းသောကျင့်ကြံသူများဖြစ်ပြီး အတွေ့အကြုံရင့်ကျက်နေသော လူသတ်သမားများဖြစ်ကြောင်းသိသာနေကာ သူတို့ထံမှအားကောင်းသောသတ်ဖြတ်လိုသည့်အငွေ့အသက်များပေါ်ထွက်နေလေသည်။
ဟိုယွင်ချင်သည် ပိုင်ရှောင်ချန်းကိုမျက်လုံးထောင့်မှနေ၍ကြည့်လိုက်ပြီး “အစ်ကိုကြီးသိလား…စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကကိုယ်စားလှယ်တုလင်ဖေးက အင်မော်တယ်တစ်ယောက်လို အင်မတန် ချောမောတယ်။ သူမရဲ့ကျင့်ကြံခြင်းအခြေခံက အလွန်မြင့်မားပြီး လက်ဖျားခါလောက်အောင်လဲလှပတယ်။ သူမက အရှေ့ဘက်သစ်တောဒေသမှာရှိတဲ့ ထိပ်တန်းအလှနတ်ဘုရားမဆယ်ယောက်ထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တယ်။ သူမက ကိုယ်စားလှယ်အဖြစ်တာဝန်ယူထားလေတော့ မျိုးနွယ်စုဆယ်စုဟာလည်း လုံးဝချစ်ခင်သင့်မြတ်နေကြတယ်။ ပြဿနာသေးသေးလေးတွေတောင် မပေါ်ပေါက်လာခဲ့ဘူး။ သူမက တာဝန်တွေကို ကျွမ်းကျင်လိမ်မာစွာထမ်းဆောင်နိုင်ခဲ့ပါတယ်။”
အရှေ့ဘက်သစ်တောမြို့ရှိတုလင်ဖေး၏အကြောင်းများကို ပိုင်ရှောင်ချန်းယခုမှသာကြားဖူးခြင်းဖြစ်ရာ ချက်ချင်းပင်စိတ်ဝင်စားသွားပြီး “သူမက တော်တော်ထူးခြားတဲ့ပုံပဲ…”
“အို… သိပ်ကိုထူးခြားတာပေါ့။ တော်တော်လေးကိုထူးခြားတဲ့မိန်းကလေးပဲ…။ အရှေ့ဘက်သစ်တောဒေသတစ်လွှားမှာရှိတဲ့ ကျင့်ကြံသူမျိုးနွယ်စုတွေကနာမည်ကြီးလူရွယ်တွေဟာ သူမရဲ့မျက်နှာသာပေးမှုကိုရဖို့ ကြိုးစားနေကြတာပဲ…။ ကျေနာ့်အမြင်ကတော့ သူမက ဘယ်မျိုးနွယ်စုနဲ့မှ မထိုက်တန်ဘူးထင်တာပဲ…။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကလူအနည်းငယ်လောက်ကပဲ သူမနဲ့ထိုက်တန်မယ်ထင်တယ်။ အမှန်အတိုင်းပြောရရင် သူမနဲ့အသင့်တော်ဆုံးလူက တစ်ယောက်ပဲရှိတယ်…” ဟိုယွင်ချင်က သက်ပြင်းချလိုက်သည်။
“ဘယ်သူများလဲ…” ပိုင်ရှောင်ချန်းက စိတ်ဝင်တစားမေးမြန်းလိုက်သည်။
“အို… သူက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ နှစ်ပေါင်းတစ်သောင်းလောက်နေမှတစ်ယောက်လောက်တွေ့ရတဲ့ ရှားပါးလက်ရွေးစင်ဂိုဏ်းသားတစ်ယောက်ပါ။ သူကဂုဏ်ထူးဆောင်ဂိုဏ်းသားတစ်ယောက်ဖြစ်ပြီး ဂိုဏ်းခေါင်းဆောင်ရဲ့ဂိုဏ်းတူညီလေးလည်းဖြစ်တယ်။ သူ့နာမည်က စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့တောင်ပိုင်းရောမြောက်ပိုင်းမှာပါ ဟိုးလေးတစ်ကျော်ကျော်ဖြစ်နေပြီး မရေမတွက်နိုင်တဲ့ဂိုဏ်းသားတွေကြားထဲမှာ သူ့ကိုမသိတဲ့လူမရှိသလောက်ပါပဲ။ သူ့နာမည်က… ပိုင်ရှောင်ချန်းတဲ့…” ဟိုယွင်ချင်၏မျက်နှာအမူအရာသည် ရိုသေကျိုးနွံနေသည့်ပုံပေါ်နေကာ သူ၏စိတ်အားထက်သန်မှုများကိုမနည်းဖုံးကွယ်ထားရပုံပေါ်လေသည်။ ကိုယ်ရံတော်များ၏မျက်နှာများတွင်လည်း ထူးဆန်းသောအမူအရာများဖြစ်နေလေသည်။ သူတို့သည် ဟိုယွင်ချင်ထံတွင်အလုပ်လုပ်လာခဲ့သည်မှာနှစ်ပေါင်းမနည်းတော့ပြီဖြစ်သော်လည်း သူယခုလိုပြောနေသည်ကို ပထမဆံုးမြင်ဖူးခြင်းဖြစ်လေသည်။ သူတို့သည်ပိုင်ရှောင်ချန်းကိုစိုက်ကြည့်နေမိကြပြီး သူတို့၏ရင်ထဲတွင်သိချင်စိတ်များ တဖွားဖွားဖြစ်နေလေတော့သည်။
ပိုင်ရှောင်ချန်းက ခြောက်ကပ်ကပ်ချောင်းဆိုးလိုက်ကာ ခက်ခဲနက်နဲစွာစဥ်းစားနေဟန်ဖြင့်သူက ” မင်းပြောတာမှန်တယ်ကွ… ပိုင်ရှောင်ချန်းက တကယ့်ကိုတမူထူးခြားတဲ့ပုဂ္ဂိုလ်ပဲ။” ဟုပြောလိုက်သည်။
ထို့နောက် ဟိုယွင်ချင်ကိုနောက်ထပ်နားလည်ရခက်သောအပြုံးမျိုးပြုံးပြလိုက်လေသည်။
ဟိုယွင်ချင်သည် ပိုင်ရှောင်ချန်းနက်နက်နဲနဲစဥ်းစားနေဟန်ကိုမတွေ့လိုက်သည်လား မတွေ့ချင်ယောင်ဆောင်နေလိုက်သည်လား တစ်ခုခုပင်။
“တမူထူးခြားတယ်လား…” သူကစိတ်လှုပ်ရှားစွာဖြင့်ဆက်ပြောလိုက်သည်။ “အဲ့ထက်ပိုတာပေါ့ဗျာ… သူဟာစစ်မှန်တဲ့လက်ရွေးစင်တစ်ယောက်၊ ထင်ပေါ်ကျော်ကြားတဲ့လူတစ်ယောက်၊ ပြီးတော့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကအမျိုးသမီးဂိုဏ်းဝင်တွေအားလုံး သူတို့ရဲ့တာအိုလက်တွဲဖော်အဖြစ်လိုချင်တဲ့လူတစ်ယောက်ပဲ။ ဂိုဏ်းသားတွေအားလုံးကလည်း သူနဲ့မိတ်ဆွေဖြစ်ချင်ကြတယ်။ သူက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့အဖိုးတန်ရတနာတစ်ပါးပဲ…။ ကျနော်ကြားလိုက်ရတာတော့ သူကအခြေခိုင်မာခြင်းအဆင့် မြင့်မြတ်သောနယ်မြေကနေပြန်ရောက်လာပြီးနောက်ပိုင်း မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်ကိုရောက်သွားပြီဆိုပဲဗျ…”
“ဒီလိုလူမျိုးက လမိုက်ညမှာထွက်ပေါ်လာတဲ့ လပြည့်ဝန်းကြီးလိုပဲ။ လူတွေလုပ်နိုင်တာက သူ့ကိုအံ့သြတကြီးငေးကြည့်နေရုံပဲ။ ကျေနာ့်ပင်ကိုယ်စွမ်းရည်ဟာ သာမန်ပဲဖြစ်နေတာတော်တော်စိတ်ပျက်စရာကောင်းတာပဲ။ မဟုတ်ရင် ကျနော်သူ့ကို ကိုသွားရှာပြီး သူ့ရဲ့နောက်လိုက်အဖြစ် သူအလိုရှိတိုင်းခိုင်းသမျှကိုဆောင်ရွက်ပေးနိုင်ဖို့ တစ်သက်လုံးတပည့်ခံလိုက်မယ်။”
ပိုင်ရှောင်ချန်းသည် ထိုသို့ကြားလိုက်ရသောအခါရှက်လွန်းသဖြင့်မျက်နှာပူလာလေသည်။ သို့သော်လည်း ဟိုယွင်ချင်သည်စိတ်ပါဝင်စားစွာပြောနေလေရာ ပိုင်ရှောင်ချန်းသည်သူ့ကိုမနှောက်ယှက်ချင်ပေ။ ထို့ကြောင့် သူ့ကိုဆက်လက်ပြောစေလိုက်ပြီး အားပေးအားမြှောက်ပြုသည့်အကြည့်မျိုးနှင့်ပါကြည့်နေလေသည်။
ဟိုယွင်ချင်သည် ပွဲတော်သို့လာရာလမ်းတစ်လျှောက်လုံး ပိုင်ရှောင်ချန်းကိုတစ်မျိုးပြီးတစ်မျိုးချီးမွမ်းပြောဆိုလာခဲ့သည်။ တစ်ချိန်တွင် ပြောစရာကုန်သွားလေရာ ပိုင်ရှောင်ချန်းကအားပေးအားမြှောက်ပြုသောအကြည့်ဖြင့်တစ်ချက်ကြည့်လိုက်ရာ သူသည်အံကိုကြိတ်လျက်ဦးနှောက်ကိုဖျစ်ညှစ်စဥ်းစားလိုက်ရလေသည်။ အဆက်မပြတ်စကားပြောနေရသည်မှာ မောပန်း၍ပင်လာလေပြီ။
ပိုင်ရှောင်ချန်းနှင့်ဟိုယွင်ချင်တို့ ပွဲတော်ဆီသို့ဦးတည်လမ်းလျှောက်လာနေကြစဥ် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှဂိုဏ်းသားများနှင့်အကြီးအကဲများသည် အရှေ့ဘက်သစ်တောဒေသတစ်ခွင်ကိုလိုက်လံစစ်ဆေးနေကြသည်။ သူတို့၏အဓိကရည်ရွယ်ချက်မှာ မြေခဓားချောက်မှတည်နေရာပြောင်းရွှေ့ခြင်းခံလိုက်ရသောဂိုဏ်းသားများကိုလိုက်လံရှာဖွေပြီး ဘာတွေဖြစ်ပျက်ခဲ့သလဲ့စုံစမ်းမေးမြန်းရန်ဖြစ်သည်။
အတွင်းစည်းဂိုဏ်းသားတစ်စုသည် တောအုပ်အစပ်နားတွင်လိုက်လံရှာဖွေနေကြစဥ် တည်နေရာပြောင်းရွှေ့ခြင်းဖြစ်စဥ်တွင်သတိလစ်မေ့မြောနေသောဂိုဏ်းသားတစ်ယောက်ကိုတွေ့လိုက်ရလေသည်။ သူတို့သည် ထိုဂိုဏ်းသားကိုသတိပြန်လည်လာအောင်အလျင်အမြန်ပြုလုပ်ပေးလိုက်ကြသည်။
ဂိုဏ်းသား၏နှုတ်မှထွက်လာသောစကားလုံးများကြောင့် ကယ်ဆယ်သူများအားလုံးထိတ်လန့်တုန်လှုပ်သွားကြလေ၏။
“ဂိုဏ်းတူဦးလေးပိုင်ရှောင်ချန်းက ကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့်ကိုရောက်သွားပြီ…”
စကားလုံးများသည် နားထောင်နေကြသူများ၏ရင်ကို လျှပ်စီးမိုးကြိုးပစ်သကဲ့သို့ရိုက်ခတ်သွားလေ၏။ သူတို့အားလုံးမှင်တက်မိနေကြသည်။ ထိုသတင်းသည် မိုးမီးလောင်နိုင်သောသတင်းဖြစ်ရာ မဆိုင်းမတွပင်ဂိုဏ်းဆီသို့အကြောင်းကြားလိုက်လေ၏။
မကြာမီပင် မြေခဓားချောက်မှတည်နေရာပြောင်းရွှေ့ခံလိုက်ရသော ဂိုဏ်းသားအများအပြားထပ်မံပေါ်ထွက်လာလေသည်။ ထို့အပြင် ဂိုဏ်းဆီသို့ပြန်လည်ပေးပို့ကြသောသတင်းစကားအားလုံးသည်အတူတူပင်ဖြစ်သည်။
ပိုင်ရှောင်ချန်းဟာ ကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့်ကိုရောက်သွားပြီ။
သူသည် အခြားဂိုဏ်းသုံးဂိုဏ်းမှ ဂိုဏ်းသားများကိုစိတ်ပျက်အားငယ်သွားစေသည်။ သူသည်ကျောက်ရုန်နှင့်ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှဖန်လင်းတို့ကိုသတ်ဖြတ်ခဲ့ပြီး ကျံုးတာအိုကိုလည်းအပြင်းအထန်ဒဏ်ရာရအောင်လုပ်ခဲ့သလို စုန့်ချွဲထံမှကောင်းကင်စီးကြောင်းစွမ်းအင်အားလုံးကိုနှုတ်ယူခဲ့ကာ ကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့်ကိုရောက်ရှိသွားပြီဖြစ်သည်။
ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှလေ့ရှန်းကိုပင်သတ်ပစ်ခဲ့သည်ဟု လူအများကပြောဆိုနေကြသည်။
ထိုသတင်းများ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသို့တစတစပြန်ရောက်လာသည်နှင့် ဂိုဏ်းတစ်ခုလုံးအုတ်အော်သောင်းတင်းဖြစ်ကုန်ကြလေ၏။ အကြီးအကဲများ၊ တောင်ထိပ်သခင်ခုနှစ်ဦးနှင့် ဂိုဏ်းခေါင်းဆောင်တို့အားလုံးအံ့သြမှင်တက်မိနေကြပြီး အလွန်အမင်းဝမ်းသာပီတိဖြစ်နေကြလေသည်။ အစောပိုင်းက သူတို့သည် ကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့်သို့ရောက်ရှိသွားသောဂိုဏ်းသားမှာ ဘယ်ဂိုဏ်းကမှန်းမသိသောကြောင့် စိုးရိမ်ထိတ်လန့်နေကြသည်။ အများစုကယုံကြည်နေကြသည်မှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားတစ်ယောက်ယောက်ဖြစ်မည်ဟုထင်နေကြသည်။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအတွင်းမှသူလျှိုများထံသို့ပင် တချို့သောဂိုဏ်းသားများကိုသတ်ပစ်ရန်ညွှန်ကြားထားပြီးဖြစ်သည်။
ယခုအခါ ကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့်သို့ရောက်ရှိသွားသူမှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှဖြစ်ပြီး ပိုင်ရှောင်ချန်းဖြစ်သည်ဆိုသောအခါ အားလုံးအံ့သြတုန်လှုပ်နေကြလေ၏။
လီချင်းဟောက်နှင့် အခြားဂိုဏ်းခေါင်းဆောင်များသည် အပျော်ကြီးပျော်နေကြလေသည်။ ဂိုဏ်းစောင့်အကြီးအကဲများသည် တုန်လှုပ်နေကြသည်။ ထို့နောက် ဂိုဏ်းတစ်ခုလုံးမှလူများသည် တာဝန်တစ်ခုကိုဆောင်ရွက်ရန် လှုပ်လှုပ်ရွရွဖြစ်ကုန်ကြသည်။
“ပိုင်ရှောင်ချန်းကိုလိုက်ရှာကြ။ သူ့ကိုတွေ့တာနဲ့ ဂိုဏ်းကိုချက်ချင်းလှမ်းအကြောင်းကြား။ သူ့ကိုကာကွယ်စောင့်ရှောက်ပြီးဂိုဏ်းကိုပြန်ခေါ်လာခဲ့ကြ။”
တချိန်တည်းမှာပင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသည် သူလျှိုဟုယူဆရသောလူများအားလုံးကို ဖမ်းဆီးအကျဥ်းချထားလိုက်လေတော့သည်။ အခြားဂိုဏ်းသုံးဂိုဏ်းမှလူများ ထိုအဖြစ်အပျက်များကိုကြားသိသွားပါက ပိုင်ရှောင်ချန်းကိုမဖြစ်ဖြစ်သည့်နည်းဖြင့်သတ်တော့မည်ဖြစ်ကြောင်း သူတို့သတိပြုမိကြလေသည်။
ထိုနေရာရှိကျင့်ကြံသူမျိုးနွယ်စုများသည် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့်နီးကပ်စွာရှိနေကြလေရာ ထိုစကားများကိုပျံ့နှံ့မသွားအောင်တားဆီးရန်မှာမတတ်နိုင်ပေ။ မကြာမီပင် လူအားလုံးနီးပါးသည် ဘာတွေဖြစ်ပျက်နေသည်ကိုရိပ်မိသွားကြလေသည်။ မတူညီသောမျိုးနွယ်စုများမှခေါင်းဆောင်များသည် လုံးဝတုန်လှုပ်သွားကြလေသည်။ အားလုံးသွေးပျက်နေကြပြီး သူတို့သည် ပိုင်ရှောင်ချန်းကိုရှာရန်မျိုးနွယ်စုမှလူများကို အရပ်မျက်နှာအနှံ့သို့စေလွှတ်လိုက်လေသည်။
ပိုင်ရှောင်ချန်းသည် အရှေ့ဘက်သစ်တောဒေသ၏မည်သည့်နေရာတွင်မဆိုရှိနေနိုင်သည်ကို သူတို့သိထားပြီးဖြစ်သည်။
အကယ်၍ ပိုင်ရှောင်ချန်းသည် သူတို့၏နယ်မြေထဲသို့တည်နေရာရွှေ့ပြောင်းခံရကာ သူ့ကိုရှာတွေ့ခဲ့ပါလျှင် မျိုးနွယ်စုဆီသို့လာရောက်လည်ပတ်ရန်ကိုယ်တိုင်ကိုယ်ကျဖိတ်ခေါ်နိုင်မည်ဖြစ်သည်။ ပိုင်ရှောင်ချန်းသည် ယခုအခါကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်နေပြီဖြစ်ရာ မျိုးနွယ်စုအတွက်ဂုဏ်ယူစရာပင်ဖြစ်ပေမည်။
အကယ်၍ သူတို့မျိုးနွယ်စုဝင်တစ်ယောက်ယောက်ကသာ ပိုင်ရှောင်ချန်းနှင့်မိတ်ဆွေဖြစ်သွားပါက မျိုးနွယ်စုအတွက်ကောင်းကျိုးများစွာရရှိနိုင်မည်ဖြစ်သည်။
အကယ်၍သာ ပိုင်ရှောင်ချန်းတစ်ယောက် မျိုးနွယ်စုဝင်မိန်းမပျိုတစ်ယောက်ယောက်ကိုချစ်ခင်နှစ်သက်ပြီး တာအိုလက်တွဲဖော်အဖြစ်ခေါ်ဆောင်သွားပါက ထိုထက်ပို၍အကျိုးထူးမည်ဖြစ်သည်။ ထိုသို့ဖြစ်လာပါက ဂိုဏ်းခေါင်းဆောင်ပင်ဘာမှတတ်နိုင်မည်မဟုတ်ပေ။
“လူအားလုံးလွှတ်ပြီး ပိုင်ရှောင်ချန်းကိုလိုက်ရှာကြစမ်း…။ ငါတို့နယ်မြေထဲ တည်နေရာပြောင်းရွှေ့ခံထားရလောက်တယ်။”
ကျင့်ကြံသူမျိုးနွယ်စုများသည် လူလွှတ်ပြီးရှာဖွေနေကြစဥ်တွင် ပိုင်ရှောင်ချန်းနှင့် ဟိုယွင်ချင်တို့သည် ပွဲတော်ဆီသို့ရောက်ရှိလာကြလေပြီ။
ပွဲတော်ကို ဆယ်ဧကခန့်ကျယ်ဝန်းသောခြံဝင်းတစ်ခုထဲတွင်ပြုလုပ်ထားလေသည်။ ခြံတံတိုင်းများကိုကြီးကျယ်ခမ်းနားစွာအလှဆင်ထားပြီး ကွင်းပြင်ထဲတွင်ထင်းရှူးပင်များနှင့် အလှဆင်ကျောက်တုံးများဖြင့်စီခြယ်ထားသည်။ ခြံဝန်း၏အလယ်တစ်နေရာတွင် အဆောင်များဆောက်လုပ်ထားပြီး သုံးထပ်ခန့်မြင့်သောနန်းတော်တမျှကြီးကျယ်ခန်းနားလှသည့် ပြသာဒ်တစ်ခုကိုလဲတည်ဆောက်ထားလေသည်။ နဂါးများ၊ ဖီးနစ်ငှက်များဖြင့်တန်ဆာဆင်ထားရာ ကျက်သရေရှိလှပြီး အတော်လည်းအကုန်အကျခံတည်ဆောက်ထားပုံပေါ်လေသည်။
စီစီညံညံအသံများကိုလည်းကြားနေရပြီး အစေခံများသည် အကောင်းစားသေရည်များနှင့်လတ်ဆတ်သောသစ်သီးများကို ဂုဏ်သရေရှိစွာဝတ်ဆင်ထားသောဧည့်သည်များထံပို့ဆောင်ပေးရင်း အလုပ်ရှုပ်နေကြသည်။
ကြွရောက်လာကြသောဧည့်ပရိသတ်မှာရာနှင့်ချီပြီး ယောက်ျား၊ မိန်းမ၊ ကလေး၊ လူကြီးပါမကျန် တက်ရောက်လာကြသည်။ အချို့မှာတသီးတသန့်ထိုင်နေကြပြီး အချို့သည်သုံးယောက်မှငါးယောက်အထိအုပ်စုဖွဲ့ထိုင်နေကြသည်။
ပင်မဝင်ပေါက်တွင်အစောင့်အကြပ်များချထားပြီး အစေခံတစ်ယောက်က ရောက်ရှိလာသောဧည့်သည်များကိုကြိုဆိုဧည့်ခံနေလေသည်။ အစေခံသည် မျက်မှန်းမတန်းမိသောသူများထံမှ ဖိတ်စာများကိုလက်ခံယူပြီး သူတို့ရောက်ရှိကြောင်းမှတ်တမ်းတင်ကာ အတွင်းသို့လမ်းပြပေးလျက်ရှိသည်။
ဟိုယွင်ချင်ရောက်လာသောအခါ အစေခံသည်ရိုသေလေးစားစွာခရီးဦးကြိုပြုလိုက်ပြီး အတွင်းသို့လမ်းပြခေါ်ဆောင်သွားလေ၏။ ပိုင်ရှောင်ချန်းသည် ဟိုယွင်ချင်ဘေးမှလိုက်ပါလာကာ ပွဲတော်ကိုစိတ်ဝင်တစား လှည့်ပတ်ကြည့်ရှုနေသည်။ ဤကဲ့သို့သောပွဲမျိုးကို ပိုင်ရှောင်ချန်းပထမဆုံးတက်ဖူးခြင်းဖြစ်သည်။
အဝေးရှိသန်မာထွားကျိုင်းလှသောလူတစ်ယောက်ကို ပထမဆုံးမြင်တွေ့လိုက်ရသည်။ ထိုလူသည် ချောမောလှပသောမိန်းမပျိုလေးတစ်ယောက်နှင့်စကားပြောနေရင်းက ဟိုယွင်ချင်ဘက်သို့ဦးတည်လမ်းလျှောက်လာလေ၏။ ထိုလူသည် ရှည်လျားသောခရမ်းရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး ထိုဝတ်ရုံ အလွန်တရာ အဖိုးတန်မည့်ပုံလည်းပေါ်သည်။ သူ့မျက်နှာသည်ကျန်းမာဖျတ်လတ်နေပုံပေါ်ကာ သူ၏လက်ချောင်းများအပြည့်လက်စွပ်များဝတ်ဆင်ထားသည်။ ကျောက်စိမ်းဆွဲပြားခုနှစ်ခုရှစ်ခုလောက်ကိုလည်းသူ့ကိုယ်ပေါ်တွင်တွေ့နေရပြီး ထိုလူသည်အတော်လေးချမ်းသာကြွယ်ဝပုံပေါ်လေသည်။