အခန်း (၃၃) : မိစ္ဆာဝိညာဉ်မှ အားကောင်းသည့်ပြိုင်ဖက်
အနက်ရောင်ဝတ်စုံနှင့်လူက သူတို့တွေ သူ့ကို ရှာတွေ့သွားသည်ကို ဂရုမစိုက်ချေ။
တကယ့်ပစ်မှတ် အစစ်အမှန်က သူကိုယ်တိုင် ဖြစ်နေလောက်သည်ဟု ရှန်ထျန်းက တွေးလိုက်မိသည်။
ကွေ့ကုန်းကုန်းက နှာခေါင်းရှုံ့ကာ ပြောလိုက်သည် “မင်းကများ မင်းသားလေးကို အန္တရာယ်ပြုဖို့ ကြိုးစားရဲတယ်လား”
ထို့နောက် သူက မျက်စိတစ်မှိတ်အတွင်း တစ်ဖက်လူဆီသို့ အရှိန်ဖြင့် ခုန်အုပ်လိုက်သည်။
“သွားသေလိုက်စမ်း”
ချွင်… ချွင်… ချွင်…
ခရမ်းရောင် ငှက်မွေးဓားပျော့က လျင်မြန်စွာ ရွေ့လျားနေသည်။ မြန်လွန်းသဖြင့် ခရမ်းရောင် အလင်းတန်း၏ ရောင်ပြန်ကိုသာ မြင်နိုင်လေသည်။
သိပ်မကြာခင်မှာပဲ ထိုလူ့ကို ဓားအငွေ့အသက်များက ဝန်းရံထားလိုက်ကာ ထွက်ပြေးနိုင်မည့် လမ်းကြောင်းမှန်သမျှကို ပိတ်ဆို့ထားလိုက်သည်။
မထင်မှတ်ထားသည်မှာ ကွေ့ကုန်းကုန်း၏ ပြိုင်ဖက်ကင်း တိုက်ခိုက်နှုန်းနှင့်ပင် ထိုလူ့ကို ဒဏ်ရာရအောင် မလုပ်နိုင်ချေ။
ထိုအနက်ရောင်ဝတ်စုံနှင့်လူအား ဒဏ်ရာမရဘဲ ဆက်လက် ရပ်တည်နေနိုင်အောင် မမြင်နိုင်သည့် အတွင်းအားစက်ကွင်းတစ်ခုက ဓားအလင်းတန်းများကို တွန်းကန်ပေးနေသယောင် ရှိသည်။ ဘယ်တိုက်ကွက်ကမှ သူ့အပေါ် မကျရောက်ချေ။
…………………
“(၇)ဆင့်မြောက် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်အနေနဲ့တော့ မဆိုးဘူးလို့ ပြောရမယ်” ထိုလူက ကွေ့ကုန်းကုန်းအား ပြုံးပြလိုက်ကာ “ခင်ဗျားရဲ့ ကျင့်စဉ်က တော်တော့်ကို ထူးခြားမယ့်ပုံပဲ။ ကျုပ်ကို အဲ့ဒါ ထုတ်ပေး… ဒါဆို ခင်ဗျားကို မြန်မြန် သေခွင့်ပေးမယ်”
စကားဆုံးသည်နှင့် သူ့စွမ်းအင်ဗဟိုချက်မှ ရွှေရောင် အလင်းတန်းတစ်ခု ထွက်လာကာ ရွှေအမြုတေတစ်ခု ထွက်ပေါ်လာသည်။
အလင်းတန်းမှာ အားကောင်းလွန်းသဖြင့် ဘေးနားရှိ အရာအားလုံးကို လေမုန်တိုင်းသဖွယ် တိုက်ခတ်ပစ်လေသည်။ လှိုင်းအားက ကွေ့ကုန်းကုန်းကို သွားရိုက်ကာ အဝေးသို့ လွင့်ထွက်သွားစေလိုက်၏။
ကွေ့ကုန်းကုန်းက ဒဏ်ရာအပြင်းအထန် ရရှိသွားပြီး သွေးတွေ အန်ထွက်လာကာ မျက်နှာမှာလည်း ဖြူဖျော့သွားသည်။
“ရွှေအမြုတေအဆင့်… မင်းက ရွှေအမြုတေအဆင့်မှာ ရှိနေတာပဲ”
ကွေ့ကုန်းကုန်းက စိတ်ခြောက်ခြားသွားသည်။ သူက အတင်းကုန်းထကာ “အရှင့်သား… မြန်မြန်ပြေးပါတော့… ကျွန်တော်မျိုး သူ့ကို တားထားလိုက်မယ်”
ရှန်ထျန်းက ခေါင်းခါပြလိုက်သည်။
ရွှေရောင်အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်က သူ့အစွမ်းဖြင့် စည်းမျဉ်းသဏ္ဍာန်အလွှာတစ်ခုကို ဖန်တီးနိုင်သည်။ ထို့ကြောင့် အခုအချိန်တွင် ထွက်ပြေးဖို့ရာမှာ ဖြစ်နိုင်တော့မည် မဟုတ်ပေ။
ဒီလူက တကယ့်ကျင့်ကြံဆင့်ကို ဖုံးထားကာ အရာအားလုံးကို စီစဉ်ထားပြီးသားဖြစ်နေသည်။
အနက်ရောင်ဝတ်စုံနှင့်လူက ပြောလိုက်သည် “ခုခံနေတာတွေ ရပ်လိုက်တော့… မင်းတို့ အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ကနေ ထွက်လာတဲ့အချိန်ကစပြီး မင်းတို့ရဲ့ကံကြမ္မာက သတ်မှတ်ပြီးသားဖြစ်သွားပြီ။ ဒီနေရာမှာ လှည့်စားနယ်မြေတစ်ခုကို ခင်းကျင်းထားနှင့်ပြီးသား… မင်းတို့ကို ဘယ်သူမှ ရှာနိုင်မှာ မဟုတ်ဘူး”
ထိုလူက ကျောက်စိမ်းသေတ္တာတစ်ဘူးကို ထုတ်ယူလိုက်ပြီး ဘူးထဲမှ ဆေးလုံးတစ်လုံးကို ယူလိုက်၏။ သူက ရယ်မောလိုက်သည်။
“ဟီးဟီး… ရှန်အောင်းထျန်းရေ ရှန်အောင်းထျန်း… မင်းက သတ္တုရိုင်းတွေကို အကဲဖြတ်တဲ့နေရာမှာတော့ တော်ပါရဲ့… ဒါပေမဲ့ မင်းက အရမ်းကို အားနည်းလွန်းတယ်…
အစကတော့ မင်းရဲ့တကယ့်အင်အားကို ဖုံးကွယ်ထားတယ်လို့ပဲ ထင်နေတာ… ဘယ်သူသိမှာလဲ မင်းက ဒီလောက်အားနည်းနေလိမ့်မယ်ဆိုတာကို… ကျုပ်တို့တွေကြား ကံမပါဘူးလို့ မင်းက ပြောမှတော့ ကျုပ်အနေနဲ့ အတင်းလုပ်ယူရုံပဲ ရှိတယ်…
မင်း ဒီညှို့ယူဆေးလုံးကို စားလိုက်ရင် “အစောင့်အရှောက်တော်များ” အပေါ် သစ္စာရှိသွားပြီး ကျုပ်ကိုလည်း ခြွင်းချက်မရှိ ကူညီရလိမ့်မယ်… ဒါဆိုရင် ကျုပ်ရဲ့အင်အားက မီးတိုင်းပြည်ထဲမှာ ကြီးထွားလာမှာပဲ… ဟား ဟား ဟား”
ရှန်ထျန်းကတော့ အတွေးနက်နေ၏။
ဟိုတစ်နေ့က သတ္တုရိုင်းတုံးကောင်းတစ်တုံး ရှာပေးဖို့ တောင်းဆိုခဲ့သော သွေးနက်ဟုခေါ်သည့် ရွှေအမြုတေအဆင့်ရှိ ကျင့်ကြံသူတစ်ယောက်ကို ရှန်ထျန်း ပြန်သတိရသွားသည်။ ကံမကောင်းစွာပင် ထိုလူ့ရောင်ဝါစက်ဝန်းထဲတွင် ကံအပြောင်းအလဲ အခွင့်အရေးပြရုပ်ပုံ တစ်ခုတစ်လေမှ ရှိမနေသောကြောင့် ရှန်ထျန်းက သူ့အား ငြင်းခဲ့သည်။
အခုတော့ ထိုသူက ရှိသမျှအကုန်ကို ပုံအောစွန့်စားပြီး ရှန်ထျန်းအား သူ့ရုပ်သေးရုပ်အဖြစ် ပြောင်းလဲပစ်ရန် ကြိုးစားနေလေပြီ။
……………………..
“အစောင့်အရှောက်တော်များ ဟုတ်လား” ရှန်ထျန်းက စိတ်ဝင်စားသွားကာ မေးလိုက်သည် “မီးတိုင်းပြည်ထဲက နယ်မြေဒေသတွေအားလုံးက ထိုက်ပိုင်ချိုင့်ဝှမ်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်။ ပြီးတော့ အဲ့ဒီထိုက်ပိုင်ချိုင့်ဝှမ်းကို အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက အုပ်ချုပ်ရတယ်… ဆိုတော့ ဒီတိုင်းပြည်မှာ ဘာအစောင့်အရှောက်တော်များမှ မရှိဘူးလေ”
ရှန်ထျန်းက အစောင့်အရှောက်တော်များ၏ တည်ရှိမှုကို မေးခွန်းထုတ်နေသည့်အတွက်ကြောင့် သွေးနက်က စိတ်ဆိုးသွားသည်။ သူက အထင်သေးဟန်ဖြင့် နှာခေါင်းမှုတ်လိုက်ပြီး
“ထိုက်ပိုင်ချိုင့်ဝှမ်းဆိုတာ အစောင့်အရှောက်တော်များနဲ့ ယှဉ်ရင် ဘာမှမဟုတ်ဘူးကွ… အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆိုတာလည်း အစောင့်အရှောက်တော်များရဲ့ တည်ထောင်သူတွေ ရှေ့ရောက်ရင် ဖုန်တစ်စက်တောင် မဟုတ်တော့ဘူး”
သွေးနက်၏ စကားများကြောင့် ကွေ့ကုန်းကုန်းက အံ့သြသွား၏။
“အစောင့်အရှောက်တော်များ… မင်းက မိစ္ဆာဝိညာဉ်ရဲ့ နောက်လိုက်တစ်ယောက်ပဲ”
ကျင့်ကြံရေးလောကထဲတွင် ကျင့်ကြံရေးဂိုဏ်းခွဲများ မရေမတွက်နိုင်အောင် ရှိသည်။ အရှေ့ပိုင်းလွင်ပြင်တွင် အထွတ်အမြတ်မြေ (၁၂)ခု၊ ချိုင့်ဝှမ်း (၃၆)ခု နှင့် ကောင်းချီးနယ်မြေ (၇၂)ခု ရှိသည်။
သူတော်ကောင်းလမ်းစဉ်ကို လိုက်ကာ သူတို့အားလုံးက တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း ကူညီရိုင်းပင်းကြသည်။ ထို့အပြင် သူတို့၏ ပတ်သက်မှုများမှာလည်း အင်မတန် ရှုပ်ထွေးသည်။
အထွတ်အမြတ်မြေ တစ်ခု၏ အကြီးအကဲတစ်ယောက်က ချိုင့်ဝှမ်းတစ်ခုမှ တခြားအကြီးအကဲတစ်ယောက်၏ ကျင့်ကြံရေး လက်တွဲဖော်လည်း ဖြစ်နေနိုင်ပြန်သည်။
အပေါ်ယံတွင်တော့ အခြေအနေတွေက ငြိမ်းချမ်းသာယာနေသည်ဟု ထင်ရသော်လည်း မိစ္ဆာအင်အားစုများက အမှောင်ထဲတွင် ပုန်းလျိုးကွယ်လျိုး စောင့်ဆိုင်းနေကြသည်။ မိစ္ဆာဝိညာဉ်ဆိုသည်မှာ တစ်ခါတုန်းက အထွတ်အမြတ်မြေ တစ်ခုကိုပင် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်သုတ်သင်ခဲ့ဖူးသည့် အဆိုးသွမ်းဆုံး အမှောင်အင်အားစု တစ်ခု ဖြစ်သည်။
မိစ္ဆာဝိညာဉ်၏ နောက်လိုက်များက ကျင့်ကြံဖို့အတွက် ဝိညာဉ်ကျောက်တုံး အသုံးပြုခဲသည်။ သူတို့က များသောအားဖြင့် သွေးစတေးခြင်း ကျင့်ကြံနည်းကိုသာ အသုံးပြုလေ့ရှိသည်။
သူတို့က လူတို့၏ သွေးနှင့်ဝိညာဉ်တို့ကို စားသုံးကာ သူတို့၏ အင်အား ပိုကောင်းလာအောင် လုပ်လေ့ ရှိကြသည်။ သို့သော် ထိုကျင့်ကြံနည်းတွင် သူတို့၏ အခြေခံအုတ်မြစ်များကို မတည်မြဲစေသည့် ဘေးထွက်ဆိုးကျိုး ရှိသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့၏ အစောပိုင်းကျင့်ကြံနှုန်းမှာ အလွန်မြန်ကာ ဝိညာဉ်ကျောက်တုံးများလည်း အများကြီး မလိုအပ်ပေ။ အကယ်၍ သူတို့က “မိစ္ဆာထီး”လိုမျိုး ရက်စက်ဆိုးသွမ်းလွန်းသော လူမဆန်သည့် လက်နက်တချို့ကိုသာ လုပ်ယူနိုင်ခဲ့ပါက သူတို့က အဆင့်တူကျင့်ကြံသူများကို အလွယ်လေး အနိုင်တိုက်နိုင်သွားလိမ့်မည်။
အားလုံးသိကြသည့်အတိုင်း ကျင့်ကြံရေးလောကက မိစ္ဆာဝိညာဉ်၏ ကျင့်ကြံနည်းကို လက်မခံကြပေ။ ထို့ကြောင့် အားလုံးက သူတို့ကို အလွန်အမင်း မုန်းတီးရွံရှာကြသည်။ သူတို့ပေါ်လာသည်နှင့် လူတိုင်းက လိုက်လံဖမ်းဆီး သတ်ဖြတ်ကြမည် ဖြစ်သည်။
ထိုသို့ဆိုလျှင်တောင်မှ များစွာသောလူတို့… အထူးသဖြင့် သွေးပူတတ်သော၊ ယုံလွယ်တတ်သော၊ အလွယ်လမ်းကြိုက်သော လူငယ်များက မိစ္ဆာဝိညာဉ်သို့ ဝင်ရောက်ချင်ကြသေးသည်။ ထို့ကြောင့် မိစ္ဆာအင်အားစုမှာ နှစ်ပေါင်းများစွာတိုင်အောင် ဖြေရှင်းမရသည့် ပြဿနာကြီးတစ်ခု ဖြစ်နေခဲ့ရသည်။
“ဒီတော့ ခင်ဗျားက မိစ္ဆာဝိညာဉ်ကပေါ့” ရှန်ထျန်းက မျက်မှောင်ကျုံ့ကာ ပြောလိုက်သည် “ခင်ဗျားရဲ့ပစ်မှတ်က ကျွန်တော်ပဲဟာ… ဦးလေးကွေ့နဲ့ ဝိညာဉ်နတ်မိမယ်လေးတို့ကို လွှတ်ပေးလိုက်ပါ”
သွေးနက်စံပြပုဂ္ဂိုလ်က ရယ်မောလိုက်သည်
“လုံးဝပဲ… သူတို့က ကျုပ်မျက်နှာကို မြင်သွားပြီလေ… ဒီထဲမှာ ညှို့ယူဆေးလုံးတစ်လုံးတည်း ပါလာတာ။ မင်းကလွဲပြီး ဒီက တခြားလူတွေအကုန်လုံး သေကို သေမှရမယ်”
သူက ဝိညာဉ်နတ်မိမယ်လေးကို ကြည့်ကာ ပြောလိုက်ပြန်သည်
“ကောင်မလေးက တကယ့်ကို လှတာပဲ… နှမြောစရာလေး… မသတ်ခင် တစ်ခုခုတော့ လုပ်ဦးမှပါ… မင်းကော ဘယ်လိုထင်လဲ… အဲ့လိုလုပ်တာ ကောင်းမယ်ထင်လား”
သွေးနက်က ရှန်ထျန်း၏ ဒေါသထွက်သည့် မျက်နှာကိုများ မြင်ရလေမလားဟု သေချာစိုက်ကြည့်လိုက်သည်။
ကံမကောင်းစွာပင်… သူတော့ စိတ်ပျက်ရတော့မည်။
“ခင်ဗျား ကျွန်တော့်ရဲ့ တောင်းဆိုချက်ကို နားမထောင်ချင်တာ သေချာပြီလား” ရှန်ထျန်းက မေးလိုက်သည်။
“မင်းကိုယ်မင်း ဘာထင်နေလို့ ငါ့ကိုလာပြီး တောင်းဆိုညှိနှိုင်းလို့ ရလိမ့်မယ်လို့ ယုံကြည်နေရတာလဲ… သူတို့အကုန်လုံး သေရမှာပဲ” သွေးနက်က ပြောလိုက်သည်။
ရှန်ထျန်းက သက်ပြင်းချကာ
“ကောင်းတယ်… ဒီလိုမှပေါ့… ဒါကမှ ကျင့်ကြံရေးလောကရဲ့ တကယ့်သရုပ်မှန်အစစ်ဗျ… မောင်နက်ရာ ခင်ဗျားကြောင့် ကျွန်တော် ဂုဏ်ယူရတယ်ဗျာ”
သွေးနက်က အူကြောင်ကြောင် ဖြစ်သွားကာ တစ်ခုခု မူမမှန်ဘူးဟု ခံစားမိလိုက်သည်။
“လျှောက်ပြောမနေနဲ့… အခုထိ မင်းက ငါ့ကို အနိုင်တိုက်နိုင်မယ်လို့ ထင်နေသေးတာလား”
ရှန်ထျန်းက ကွေ့ကုန်းကုန်းဆီသို့ သွားလိုက်ပြီး တွဲထူပေးလိုက်သည်။ သူက ပြုံးကာ ပြောလိုက်သည် “ကျွန်တော့်ရဲ့ တခြားသူငယ်ချင်းတစ်ယောက် ဘယ်ရောက်နေလဲဆိုတာ ခင်ဗျားမသိချင်ဘူးလား”
သွေးနက်က ချက်ချင်းနားလည်သွားကာ အံ့သြမှင်သက်သွားသည်။
ဟုတ်သား… သူ့မှာ နောက်လိုက်နှစ်ယောက် ရှိတာပဲ…
တစ်ယောက်က ဒီမှာဆို နောက်တစ်ယောက်က ဘယ်မှာလဲ…
ထိုသို့တွေးနေတုန်း နားကွဲလုမတတ် အသံကြီးက ကောင်းကင်ထက်မှ ထွက်ပေါ်လာသည်။
ရွှစ်…
ရွှစ်… ရွှစ်…
ရွှစ်… ရွှစ်… ရွှစ်…
သိပ်မကြာခင်မှာပဲ အဖြူဝတ်ရုံ ဝတ်ထားသော စည်းကမ်းကိုင်များက သူတို့၏ ဓားပျံများပေါ်တွင် စီးနင်းပျံသန်းရင်း ရှန်ထျန်းတို့ ရှိနေသည့်နေရာဆီသို့ လျင်မြန်စွာ နီးကပ်လာတာကို မြင်လိုက်ရလေသည်။
good
good