အခန်း (၃၂) : နတ်မိမယ်လေးရဲ့ ကံအပြောင်းအလဲအခွင့်အရေး
ကွေ့ကုန်းကုန်းက စကြဝဠာလက်စွပ်ထဲမှ ဝိညာဉ်ကျောက်တုံး အပုံလိုက်ကြီးကို အလျင်အမြန် ထုတ်ယူကာ ရှန်ထျန်းအား ပေးလိုက်သည်။
ရှန်ထျန်းက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးမှ မီးစာကျမ်း၏ အတွင်းအား ဖော်ထုတ်နည်းကို နောက်တစ်ခေါက် ထပ်မံ စတင်လှည့်ပတ်စေလိုက်ကာ ဝိညာဉ်ချီများကို တိုးပြီးစုပ်ယူလိုက်သည်။
သူကျင့်ကြံသည်က ရွှေအမြုတေ ချီသန့်စင်ခြင်း ကျင့်ကြံနည်းသာ ဖြစ်နေပါက ရှန်ထျန်းတစ်ယောက် သည်လိုမျိုးအရူးအမူး ပြင်းပြင်းထန်ထန် ကျင့်ကြံလိမ့်မည် မဟုတ်ချေ။ အချိန်တိုလေးအတွင်း မသန့်စင်ရသေးသည့် ဝိညာဉ်ချီများကို အသည်းအသန်စုပ်ယူခြင်းက ကိုယ့်ကိုယ်ကို သတ်သေခြင်းနှင့် ဘာမှမခြားပေ။
သို့ပေသည့် နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံနည်းက လုံးဝကွဲပြားသည်။ ဒီကျင့်စဉ်တွင် ဝိညာဉ်ချီတို့က ကျင့်ကြံသူ၏ စွမ်းအင်ဗဟိုချက်ထဲသို့ မရောက်ရှိသောကြောင့် ဖြစ်သည်။
ရှန်ထျန်းက ဝိညာဉ်ချီတို့ကို သူ့ခန္ဓာကိုယ် တစ်လျှောက်လုံးအနှံ့ ဆက်လက် လှည့်ပတ်လိုက်သည်နှင့်တစ်ပြိုင်နက် အလွန်အမင်း ပြင်းထန်သည့် နာကျင်မှုကို ထပ်ခံစားလိုက်ရပြန်သည်။ ဝိညာဉ်ချီတို့က ရှန်ထျန်း၏ ခန္ဓာကိုယ်ကို ဆေးကြောတိုက်ချွတ်နေရင်း သူ့ကြွက်သားများကို ပိုပြီးမာကြောလာအောင်နှင့် ပိုပြီးသန်စွမ်းလာအောင် လုပ်ပေးနေသည်။
ဝိညာဉ်ချီတို့၏ တစ်စိတ်တစ်ပိုင်းကလည်း စည်ပိုင်းထဲရှိ ဆေးပေါင်းစုံအရည်ထဲသို့ ပျော်ဝင်သွားကာ ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲသို့ ဆေးတွေနှင့်အတူ ဝင်ရောက်သွားပြန်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး အင်မတန် အားအင်ပြည့်ဖြိုးကာ သန်စွမ်းလာသည်ကို ရှန်ထျန်းက ခံစားလို့ ရသည်။ သူ့ကိုယ်ထဲရှိသမျှ ဆဲလ်တိုင်းက နာကျင်မှုနှင့် ပျော်ရွှင်မှုတို့ကို တစ်ပြိုင်နက်တည်း ခံစားနေကြရသည်။
ရှန်ထျန်းက သူ့အား ချုပ်နှောင်ထားသည့် အကာအရံကြီးကို ဖြိုချလို့ ရခါနီးနေပြီမှန်း သဘောပေါက်လိုက်သည်။ ထို့ကြောင့် အခုမူ သူက ဒီနာကျင်မှုကြောင့် စိတ်လှုပ်ရှားသွားသည်။
ဝိုး… ချွေးတွေထွက်လာတာက ငါ့ကိုယ်ထဲမှာရှိတဲ့ အနှစ်နှစ်အလလ စုပုံနေတဲ့ အညစ်အကြေးတွေကို ဖြည်းဖြည်းချင်း ထွက်လာအောင် ညှစ်ထုတ်ပေးနေတာပဲကိုး…
ငါ့ခန္ဓာကိုယ်ကြီး ပိုပိုပြီး သန်မာအားကောင်းလာတဲ့ ဒီလိုခံစားချက်က တကယ့်ကို အံ့သြကျေနပ်ဖို့ကောင်းတာပဲ… ဒါကြောင့်လည်း လူတွေအများကြီးက ကျင့်ကြံခြင်းကို အရူးအမူး စွဲလန်းနေကြတာကိုး…
…………………
ဝိညာဉ်ကျောက်တုံး အတုံးတစ်ရာ…
အတုံးနှစ်ရာ…
သုံးရာ…
လေးရာ…
ငါးရာ…
ကိုယ်ထည်မာပထမအဆင့်သို့ ရောက်ရန် ရှန်ထျန်းက တစ်ညတာလုံးနှင့် ဝိညာဉ်ကျောက်တုံး စုစုပေါင်း အတုံးငါးရာကို ကုန်ဆုံးစေခဲ့သည်။
ရှန်ထျန်းတစ်ယောက် အလွန်ပင် စိတ်အေးသက်သာသွားကာ သူ့ခန္ဓာကိုယ်မှာလည်း ပေါ့ပါးလန်းဆန်းသွားသည်ဟု ခံစားလိုက်ရသည်။
သူက သူ့လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသည့် စွမ်းအားကို အာရုံခံကြည့်လိုက်သည်။
ဗွမ်း…
ရှန်ထျန်းက သစ်သားစည်ပိုင်းထဲတွင် ထိုင်နေရာမှ မတ်တပ်ထရပ်လိုက်သည်။ ဆေးအာနိသင် တော်တော်များများကို စုပ်ယူပြီးသွားပြီ ဖြစ်လေရာ ဆေးရည်အရောင်က စိမ်းဖျော့ဖျော့လေးသာ ကျန်တော့သည်။
…………………
“ဦးလေးကွေ့… ဟောဒီမှာ ရော့”
ရှန်ထျန်းက ရယ်ရင်း ကွေ့ကုန်းကုန်းအား အားကောင်းသည့် လက်သီးတစ်ချက် ထိုးကျွေးလိုက်သည်။ လက်သီးချက်မှာ အားကောင်းလွန်းသဖြင့် ပတ်ဝန်းကျင်ထဲတွင် လေလှိုင်းများကို ဖြစ်ပေါ်သွားစေသည်။
ဘုန်း…
ကွေ့ကုန်းကုန်းက လက်သီးချက်ကို သူ့ညာဘက်လက်ဖဝါးဖြင့် အသာလေး ရပ်တန့်လိုက်သည်။ သို့သော် လက်သီးချက်၏ အင်အားက သူ့အား အံ့သြသွားစေ၏။
“အားကောင်းလိုက်တဲ့ လက်သီးချက်ပဲ… တကယ့်ကို နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံနည်း ပီသပါပေတယ်။ ဒါက အနီးကပ် တိုက်ခိုက်တဲ့အခါမှာ ထုတ်သုံးဖို့ အရမ်းသင့်တော်တယ်”
ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည် “အခြေအနေ ဘယ်လိုရှိလဲ… ဦးလေးကွေ့”
ကွေ့ကုန်းကုန်းက ခေါင်းငြိမ့်ကာ ပြောလိုက်သည်
“လက်သီးချက်က ငါးရာကီလိုဂရမ်လောက် လေးတဲ့ ခွန်အားရှိတယ်။ (၄)ဆင့်မြောက် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ လက်သီးနဲ့ အားတူတူလောက်ပဲ။ သာမန် (၁)ဆင့်မြောက် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူက အရှင့်သားရဲ့ ပြိုင်ဖက် မဖြစ်နိုင်တော့ပါဘူး”
ချီသန့်စင်ခြင်း ကျင့်ကြံသူများဆီတွင် ပိုဝေးသော စွမ်းအားပစ်ကွင်း ရှိသော်လည်း ကိုယ်ထည်မာ ကျင့်ကြံသူများက အဆင့်တူချင်းတွင် ပို၍ အားကောင်းကြလေသည်။ ထိပ်တန်းပါရမီရှင် ရွှေအမြုတေအဆင့် ကျင့်ကြံသူများကသာ သူတို့နှင့် လက်ရည်တူ တိုက်ခိုက်နိုင်လေသည်။
ရှန်ထျန်းဆီတွင် (၁)ဆင့်မြောက် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို အသာလေး အနိုင်တိုက်နိုင်ရန်အတွက် လုံလောက်သည့်အင်အား ရှိနေလေပြီ။
ရှန်ထျန်းက ပြုံးကာ
“ကြည့်ရတာ မီးစာကိုယ်ထည်မာကျင့်စဉ်က ကျွန်တော်တွေးထားသလို အသုံးမကျတာတော့ မဟုတ်ဘူးပဲ။ ဒီအပေါစား စာအုပ်က အသုံးတော့ကျသားရယ်”
တစ်ခုတည်းသောဆိုးကျိုးမှာ ဒီကျင့်စဉ်ကို ကျင့်ကြံပါက ငွေကြေးအကုန်အကျ တော်တော်များမည့် အချက်သာ ဖြစ်သည်။ ပထမအဆင့်လေး ရောက်နိုင်ဖို့အတွက်ကို ဝိညာဉ်ကျောက်တုံး အတုံးငါးရာတောင် သုံးလိုက်ရသည်။ ထို့အပြင် ဆေးရည်စိမ်ရန်အတွက် ဝိညာဉ်ကျောက်တုံး အတုံးသုံးရာကိုလည်း သုံးထားရသေးသည်။
ဝိညာဉ်ကျောက်တုံး အတုံးရှစ်ရာ သုံးပြီးမှ ကိုယ်ထည်မာ ပထမအဆင့်ကို သူ ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
သူကျင့်ကြံနေသည်က ရွှေအမြုတေ ချီသန့်စင်ခြင်း ကျင့်ကြံနည်းသာ ဖြစ်နေပါက ဒီငွေပမာဏနှင့်ဆို (၉)ဆင့်မြောက် ချီသန့်စင်ခြင်းအဆင့်သို့ပင် ရောက်နေလောက်လေပြီ။
သို့သော်… ဆယ်ဆကျော်မက အကုန်အကျ ပိုခံလိုက်ခြင်းဖြင့် အဆင့်တူချင်းကို အလွယ်တကူလေး အနိုင်တိုက်နိုင်ခြင်းကတော့… မဆိုးဘူးဟု ပြောရမည်။
တခြား နတ်ဘုရားကိုယ်ထည်မာ ကျင့်စဉ်တွေကော ဒီလိုပဲ အကုန်အကျများသလား သိချင်လိုက်တာ… နန်းတွင်းထဲမှာ တခြားနတ်ဘုရားကိုယ်ထည်မာ ကျင့်စဉ် ထပ်ရှာလို့ မတွေ့နိုင်တာက တော်တော်ဆိုးတာပဲ…
ရှန်ထျန်းက ခေါင်းကိုယမ်းရင်း သက်ပြင်းချလိုက်သည်။
သူ့ဆီမှာ တခြားသူတွေ၏ ရောင်ဝါစက်ဝန်းတွေကို မြင်နိုင်သည့် ထူးခြားသောအစွမ်း ရှိနေသောကြောင့် သူကံကောင်းသွားသည်။ ထို့ကြောင့်သာ သူက သတ္တုရိုင်းတုံးတွေကို အကဲဖြတ်ပေးနိုင်ပြီး ပိုက်ဆံရှာနိုင်ခြင်း ဖြစ်သည်။ ထိုသို့သာမဟုတ်ပါက မီးစာကျမ်းကို ကျင့်ကြံရန် သူတတ်နိုင်လိမ့်မည် မဟုတ်ပေ။ ဒီမီးစာကျမ်းကို ကျင့်ကြံဖို့ ပါရမီဘယ်လောက်ကောင်းသလဲက အရေးမပါပေ။ အရေးပါသည်က ဘယ်လောက်ချမ်းသာသလဲဆိုတာသာ ဖြစ်သည်။
…………………
ကြည့်ရတာ နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံနည်းက ငါလေးနဲ့ သင့်တော်တယ် ထင်တယ်… အခုလောလောဆယ်တော့ ဒီမီးစာကျမ်းကိုပဲ ဆက်ကျင့်ကြံထားလိုက်ဦးမယ်…
ရှန်ထျန်းက သူ့ကိုယ်သူ ရေပြောင်အောင် သုတ်လိုက်ပြီး အဝတ်အစားအသစ် လဲဝတ်လိုက်သည်။
အစောပိုင်းတွင် ပိန်ပိန်လေးဟု ထင်ရသည့် သူ့ခန္ဓာကိုယ်ပင် အခုအချိန်၌ နည်းနည်းလေး ပြည့်လာလေပြီ။ ကြွက်သားမြောင်းများက ပိုပြီး သိသာလာသည်။ သည်လိုပုံစံနှင့် သူက ပိုတောင် ကြည့်ကောင်းသွားလေ၏။
တစ်ညလုံး မအိပ်ရသေးသော်လည်း ရှန်ထျန်းက ပင်ပန်းသည်ဟု လုံးဝမခံစားရပေ။ သူက သူ့တစ်ကိုယ်လုံး စွမ်းအားတွေ၊ ခွန်အားတွေနှင့် အပြည့်ဖြစ်နေသည်ဟု ခံစားနေရသည်။
နေတောင်ထွက်တော့မယ်… ငါလေးလည်း တစ်ခုခု စားပြီး ကံအပြောင်းအလဲအခွင့်အရေးတွေ များများ ထပ်ရှာဖို့ အချိန်ကျပြီ…
ရှန်ထျန်းက သူ့စာတန်းတိုင်များကို ကောက်ယူကာ အပြင်ထွက်ဖို့ လုပ်လိုက်သည်။
ရုတ်တရက်ကြီး ဘေးဘက်က အခန်းမှ စူးရှသည့် အော်သံတစ်ခု ထွက်ပေါ်လာသည်။
“ကယ်ကြပါဦးရှင်”
ထို့နောက် ပြတင်းပေါက်ကနေ လူတစ်ယောက် ပြေးထွက်သွားသည်။
လူရိပ်က အမှောင်ထုထဲတွင် လျင်မြန်စွာ ထွက်ပြေးသွားသည်။ သူ့ပခုံးပေါ်တွင် မိန်းမတစ်ယောက်ကို ထမ်းထားလေသည်။
…………………
“အဲ့ဒါ မိန်းကလေး လင်းအာပဲ” ကွေ့ကုန်းကုန်း၏ မျက်နှာက တည်ကြည်လေးနက်သွားကာ “ကျွန်တော်မျိုးတို့ လိုက်ကြမှာလား”
ရှန်ထျန်းက ဖြေလိုက်သည် “ဒါပေါ့… မိန်းကလေးလင်းအာကို ဘာမှအဖြစ်မခံနိုင်ဘူး”
ထိုစကားကို ကြားသောအခါ ကွေ့ကုန်းကုန်းက ပြုံးလိုက်၏။
ကြည့်ရတာ တကယ်တမ်းတော့ မင်းသားလေးက ဝိညာဉ်နတ်မိမယ်လေးကို သဘောကျတယ်နဲ့ တူတယ်… အခု ကောင်မလေးမှာ အန္တရာယ်လည်း ရှိရော် မင်းသားလေး ဆက်မဖုံးကွယ်ထားနိုင်တော့ဘူး…
ကွေ့ကုန်းကုန်းက ဝိညာဉ်နတ်မိမယ်လေးအား ဖမ်းသွားသည့်လူကို မစိုးရိမ်မိပေ။ သူ့လေ့လာသုံးသပ်ချက်အရ ထိုလူက အလွန်ဆုံးရှိမှ (၈)ဆင့်မြောက် ချီသန့်စင်ခြင်းအဆင့်တွင်သာ ရှိလောက်သည်။ ကွေ့ကုန်းကုန်းက ထိုလူ့အား အနိုင်တိုက်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။
ပြောရမည်ဆို သူ့ဟရူးဂါနတ်ဆိုးကျမ်းက ပြိုင်ဖက်ကင်းပဲလေ…
ကောင်မလေး အန္တရာယ်နှင့် ကြုံရခြင်းမှာ ကောင်းသည့်ကိစ္စတစ်ရပ်ပဲဟု ကွေ့ကုန်းကုန်းက တွေးနေသည်။ အခုဆို မင်းသားလေးက သူမ၏ ဘေးကင်းလုံခြုံမှုအတွက် စိတ်ပူနေရပြီလေ။ အနည်းဆုံးတော့ မင်းသားလေး စိတ်ထဲ ဘာရှိနေသလဲဆိုတာကို သူ သိလိုက်ရလေပြီ။ သည်လိုနှင့် သူက ပြန်ပေးဆွဲသူနောက်ကို အမြန် လိုက်သွားလိုက်၏။
…………………
ကွေ့ကုန်းကုန်းတစ်ယောက် ဘာတွေတွေးနေမှန်း ရှန်ထျန်းက မသိပေ။ သူက နတ်မိမယ်လေးကို သဘောကျ၍ စိတ်ပူနေခြင်း မဟုတ်ပေ။
မိတ်ဆွေအပေါင်းအသင်း ဆက်ဆံရေးကို တန်ဖိုးထားသော (၂၁)ရာစုမှ လာခဲ့သည့် လူကောင်းလေး တစ်ယောက်အနေနှင့် ရှန်ထျန်းက သူမအား ကယ်တင်ရမည့်တာဝန် သူ့မှာရှိသည်ဟု ခံစားရသောကြောင့် ဖြစ်သည်။
အဲ… ဒါကလည်း အလကား လျှောက်ပြောနေခြင်းသာ…
ရှန်ထျန်း သူမကို ကယ်တင်ချင်သည့် တကယ့်အကြောင်းရင်းမှန်ကတော့ ဝိညာဉ်နတ်မိမယ်လေး၏ ရောင်ဝါစက်ဝန်းပေါ်တွင် ရုပ်ပုံတစ်ခုကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
သူမအား ပြန်ပေးဆွဲသွားသူ ထွက်မပြေးခင်လေးတင် မြင်လိုက်ရခြင်း ဖြစ်သည်။
ဒါက ဘာကို ဆိုလိုနေသလဲ…
ဒါက ဝိညာဉ်နတ်မိမယ်လေးက ဒီတစ်ခေါက်မှာ ဘာအန္တရာယ်မှ ကျရောက်မှာ မဟုတ်ဘူးဟု ဆိုလိုနေသည်။ တကယ့်တကယ်တမ်းတွင် သူမက ကံအပြောင်းအလဲ အခွင့်အရေး အကြီးကြီးနှင့် တွေ့ကြုံရလိမ့်မည်သာ ဖြစ်၏။
…………………
အခုအချိန်အထိ အနီရောင် ရောင်ဝါစက်ဝန်း ရှိသည့်သူ ဟူ၍ လူနှစ်ယောက်ကိုသာ ရှန်ထျန်း တွေ့ဖူးသေးသည်။ ပထမတစ်ယောက်က ဟရူးဂါနတ်ဆိုးကျမ်းကို ရရှိမည့် ချင်ကောင်း ဖြစ်သည်။ ထိုကျမ်းက ကုန်းကုန်းများကြားတွင် ဂုဏ်သတင်းအကြီးဆုံး ပညာရပ် ဖြစ်ကာ ထိုကျမ်းကို တော်ဝင်ကျမ်းနှင့်ပင် လဲကြလိမ့်မည် မဟုတ်ပေ။
ဒုတိယတစ်ယောက်ကတော့ ရတနာခုနှစ်သွယ် နတ်ဘူးသီးအစေ့ကို ရရှိမည့် လီလျန်အာ ဖြစ်သည်။ ထိုဘူးပင်က ဂိုဏ်းခွဲကို မျိုးဆက်များစွာအထိ ကာကွယ်ပေးနိုင်သည်ဟု ပြောကြလေသည်။
အရေးအကြီးဆုံးက နှစ်ကြိမ်စလုံးတွင် သူက သူတို့၏ အခွင့်အရေးများကို အလကား မျှဝေယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့မျှဝေယူနိုင်ခဲ့သည့်အတွက်ကြောင့် ရှန်ထျန်း၏ ရောင်ဝါစက်ဝန်းကို ဝန်းရံထားသည့် အနက်ရောင်မြူခိုးများ သိသိသာသာ လျော့ပါးသွားခဲ့သည်။
နောက်ထပ် နှစ်ကြိမ်စာလောက် အနီရောင် ရောင်ဝါစက်ဝန်းရှိသူ၏ ကံအပြောင်းအလဲ အခွင့်အရေးများနှင့်သာ ကြုံတွေ့နိုင်လိုက်ပါက သူ့ရောင်ဝါစက်ဝန်းမှာ လုံးဝ ဖြူသွားလောက်မည်ဟု ရှန်ထျန်းတစ်ယောက် ခံစားမိသည်။
ထိုအချိန်ရောက်လျှင် သူ့ကံဆိုးမှုများ ပပျောက်သွားပြီး ကံပိုကောင်းလာလိမ့်မည်။ နောက်ဆုံးတွင်တော့ သူလည်းပဲ သာမန်ဘဝလေးကို ခံစားပျော်ရွှင်နိုင်တော့မည်လေ…
မထင်ထားသော ကံဆိုးပြီးဖြစ်သည့် ကြုံရာကျပန်း ပြဿနာများကြောင့် သူ့အသက် ဆုံးရှုံးတော့မှာ မဟုတ်ဘူးဟု တွေးလိုက်မိတိုင်း ရှန်ထျန်းတစ်ယောက် အင်မတန် စိတ်လှုပ်ရှားမိသည်။ ထို့ကြောင့်… ဝိညာဉ်နတ်မိမယ်လေး၏ ကံအပြောင်းအလဲ အခွင့်အရေးတွင် သူကိုယ်တိုင် ပါဝင်နိုင်မှ ဖြစ်မည်။
…………………
အရှိန်ကို ပိုမြှင့်တင်လိုက်သောအခါ ရှန်ထျန်းက သူ့နားရွက်ဘေးနားတွင် လေတိုးသံများ တဝှီးဝှီး မြည်နေသည်ဟု ခံစားမိသည်။
သူတို့တွေ ဝိညာဉ်နတ်မိမယ်လေးအား ပြန်ပေးဆွဲသွားသူနှင့် နီးကပ်လာလေပြီ။
နောက်ဆုံးမှာတော့ အဆုံးမဲ့ဝိညာဉ်ဥယျာဉ်၏ အရှေ့ဘက်ရှိ ချောက်ကမ်းပါး၏ အဖျားနားပေါ်တွင် ကွေ့ကုန်းကုန်းက သူတို့ကို မီသွားသည်။
ထိုလူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူ့မျက်လုံးများမှာ အေးစက်နေသည်။
“ကောင်မလေးကို အခုချက်ချင်း လွှတ်လိုက်စမ်း”
ကွေ့ကုန်းကုန်းက နှာခေါင်းမှုတ်ကာ ထိုလူ့ရှေ့တည့်တည့်တွင် ပိတ်ရပ်လိုက်ပြီး သူ့ခရမ်းဓားကို ချက်ချင်း ဆွဲထုတ်လိုက်သည်။
ခရမ်းရောင်ငှက်မွေးဓားပျော့မှာ ရှန်ထျန်းဆီမှ ရသည့် လက်ဆောင်ဖြစ်ကာ ဝိညာဉ်ကျောက်တုံး အတုံးတစ်ရာ တန်သည်။ ဓားသုံးသူက သူတို့၏ ဝိညာဉ်ချီကို သုံး၍ ဓားပုံသဏ္ဍာန်ကို ပြောင်းလဲနိုင်သည်။ ထိုအချက်ကြောင့် တစ်ဖက်လူအနေနှင့် တိုက်ကွက်များကို ရှောင်ရာတွင် အခက်တွေ့ကာ တိုက်ခိုက်မှု၌ တစ်ပန်းရှုံးသွားရသည်။
ကွေ့ကုန်းကုန်း အခြေတည်အဆင့်ကို မရောက်ခင်အထိ ဒီဓားမှာ ကွေ့ကုန်းကုန်းအတွက် အကောင်းဆုံးဓား ဖြစ်၏။ ထိုအဆင့်ရောက်လျှင် ကွေ့ကုန်းကုန်းက ဓားကို စိတ်နှင့် ထိန်းချုပ်နိုင်သွားပြီ ဖြစ်သည်။
တစ်နည်းအားဖြင့်ပြောရလျှင် ဒီဓားနှင့်သာဆိုလျှင် ကွေ့ကုန်းကုန်းက ချီသန့်စင်ခြင်းအဆင့်တွင် ပြိုင်ဖက်ကင်းပေလိမ့်မည်။
ထင်ထားသည်နှင့်တလွဲ ဖြစ်ကာ အနက်ရောင်ဝတ်လူသားကို ကြည့်ရသည်မှာ အင်မတန်ကို စိတ်အေးလက်အေး ဖြစ်နေကာ သူတို့ကိုလည်း တော်တော်လေး အထင်သေးနေပုံရသည်။
သူက ဝိညာဉ်နတ်မိမယ်လေးအား ဘေးဘက်နားသို့ ပစ်ချလိုက်ပြီး ရှန်ထျန်းကို ကြည့်ကာ ဟားတိုက်ရယ်မောလိုက်သည်။
“ဟားဟားဟား… ဘယ်ယောကျ်ားမှ မိန်းမလှလေးရဲ့ ဆွဲဆောင်မှုတွေကို မတွန်းလှန်နိုင်ဘူးကိုး… ငါထင်ထားတဲ့အတိုင်းပဲ… ရှန်အောင်းထျန်း… နောက်ဆုံးတော့ မင်းရောက်လာရပြီပေါ့”