အခန်း (၁၄၀)

ရွှမ်ထျန်းလမ်းစဉ်

ဆန်းလျန်က သူ့အတွေးများကို သေသေချာချာ ပြင်ဆင်ပြီးမှ ပြောလိုက်သည်။

“ချင်းယီ ရှန်ဆန်းကျန်းရန်ရဲ့ တပည့်ဖြစ်ခွင့်ရတာ မင်းတကယ် ကံကောင်းတာပဲ”

စုန့်ချင်းယီက ဆန်းလျန်မှာ ဆရာဖြစ်သူ၏ အမည်ကို ကြားသည်နှင့် အချိုး ပြောင်းသွားမည်ဟု ထင်ခဲ့မိလေသည်။ ဆန်းလျန်မှာ သူ့ကို ချက်ချင်း မြှောက်ပင့်ပြီး ဖားချင်ဖားမည် သို့မဟုတ် သူ့ကို ကြောက်ရွံ့ လေးစားကာ စကားမပြောနိုင် ရှိမည်ဟု တွေးထားမိလေသည်။ သို့သော် တကယ်တမ်းတွင် ဆန်းလျန်ဆီမှ သူရလိုက်သည်က သာမန်စကားလေး တစ်ခွန်းမျှသာ ဖြစ်နေလေသည်။

သူကဲ့သို့ ရှန်ဆန်းကျန်းရန်၏ တပည့်တစ်ယောက်နှင့် တွေ့နေသည့်တိုင် ယခုကဲ့သို့ တည်ငြိမ်နေသည့် သူမျိုးကို စုန့်ချင်းယီ ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်လေသည်။ ထို့ကြောင့် … သူ ဆန်းလျန်ကို စိတ်ဝင်စား သွားမိသည်။

“ဟား ဟား ကျုပ်ရဲ့ ဆရာကတော့ ကျုပ်ကို ဘယ်လိုမြင်လဲ မသိပါဘူး။ ဒီတစ်ခေါက် ကျုပ်တောင်ပေါ်ပြန်ရင် မင်းလိုက်ချင် လိုက်ခဲ့လေ။ ဆရာက မင်းကိုလည်း ပညာသင်ပေးချင်ရင် သင်ပေးမှာပေါ့”

စုန့်ချင်းယီက ပြောလိုက်လေသည်။

ဆန်းလျန် သူနှင့်လိုက်ခဲ့သည် ဖြစ်စေ၊ မလိုက်ခဲ့သည် ဖြစ်စေ၊ စုန့်ချင်းယီမှ ဆရာဖြစ်သူ ရှန်ဆန်းကျန်းရန်လုကျိုးယွမ်က ဆန်းလျန်ကို တပည့်အဖြစ် လက်ခံမည်၊ လက်မခံမည် ဆိုသည့်ကိစ္စမှာ သူ ဝင်ဆုံးဖြတ်၍ ရသည့် ကိစ္စမဟုတ်ပေ။

စုန့်ချင်းယီက စကားကို လက်လွတ်စပယ် ပြောလိုက်ခြင်း ဖြစ်လေသည်။ သူ၏ အပြုအမူမှာ သူကျင့်နေသည့် ကျင့်စဉ်နှင့်တော့ ဆန့်ကျင်ဘက် ဖြစ်လေသည်။ သူလက်ရှိ ကျင့်နေသည့် “ဆန်းကျန်းကျင်း” ကျင့်စဉ်မှာ လောကတွင် ဖြစ်ပျက်နေသည့် အရာအားလုံးကို နားလည် လက်ခံပြီး စွန့်လွှတ်နိုင်ရန် ကျင့်ကြံရသည့် ကျင့်စဉ်မျိုး ဖြစ်သည်။ ထိုကျင့်စဉ်မှာ စိတ်အာရုံကို စူးစိုက်ပြီး ထိန်းချုပ် ကျင့်ကြံရသည့် ကျင့်စဉ် ဖြစ်လေသည်။ စိတ်ကို လေ့ကျင့်ခြင်း ဆိုသည်မှာ တရားအလင်း ရရှိနိုင်မည့် အခြေခံ အဆင့်ပင် ဖြစ်လေသည်။

စုန့်ချင်းယီမှာ သူ၏ ဆရာအကြောင်းကို သိပြီးသည့်တိုင် သူ့ကို တည်တည်ငြိမ်ငြိမ်ပင် ပုံမှန်အတိုင်း ဆက်ဆံနေသည့် ဆန်းလျန်ကို စိတ်ဝင်စား နေမိလေသည်။ ထို့ကြောင့် ဆန်းလျန် အပေါ်တွင် အမြင် ပြောင်းသွားပြီး ခင်မင်သလို ဖြစ်လာခဲ့သည်။

“ဆံပင်တွေ ဖြူသည်အထိ ပေါင်းသင်းလာသည့်တိုင် သူစိမ်းတစ်ယောက်လို နားလည်ရ ခက်နေဆဲ”

ဆိုသည့် ရှေးဟောင်းစကားပုံ တစ်ခုကို စုန့်ချင်းယီ သတိ ရလိုက်မိသည်။

ရုတ်တရက်ပင် စုန့်ချင်းယီမှာ ဆန်းလျန်အပေါ်တွင် ထိုစကားပုံကဲ့သို့ ထပ်တူခံစား လိုက်ရလေသည်။

“ချင်းယီ မနောက်ပါနဲ့ဗျာ။ တကယ်တော့ ကျုပ်မှာ ဆရာ ရှိပြီးသားပါ”

ဟု ဆန်းလျန်က ပြောလိုက်လေသည်။

“အိုး … သေစေခြင်း ကျောင်းတော်ကို သွားတာ တပည့်ခံမလို့ မဟုတ်ဘူးပေါ့။ ဒါဖြင့် ဘယ်နတ်ဘုရား ကျောင်းတော်ကများလည်း သိပါရစေ။ ကျုပ်တို့ ရွှမ်ထျန်းဂိုဏ်းကလည်း အနွယ်တော် ဂိုဏ်းခွဲတွေ အများကြီး ရှိတယ်ဆိုတော့ ကျုပ်တို့နှစ်ယောက် ဂိုဏ်းတူဆွေမျိုးတွေ ဖြစ်ချင် ဖြစ်နေမှာပေါ့”

စုန့်ချင်းယီက အံ့သြစွာဖြင့် ပြောလိုက်လေသည်။

အမှန်တော့ ထိုသို့ မေးမြန်းလိုက်ရသည်မှာ အကြောင်း ရှိလေသည်။ စုန့်ချင်းယီမှာ “ဆန်းကျန်းကျင်း” ကျင့်စဉ် အခြေခံကို ကျင့်ကြံနေသူ ဖြစ်သည့်အတွက် လူတစ်ယောက်၏ အသက်ရှူသံကို နားထောင်ရုံဖြင့် ထိုသူ၏ တန်ခိုးစွမ်းအားကို ခန့်မှန်းနိုင်သည့် အစွမ်းရှိလေသည်။ သို့သော် ဆန်းလျန်၏ တန်ခိုးစွမ်းအားကို ခန့်မှန်း၍မရ ဖြစ်နေရလေသည်။ သူက ခန့်မှန်းရန် ကြိုးစားလိုက်တိုင်း “သန့်စင်မှု” တစ်ခုကိုသာ တွေ့ရပြီး ဆန်းလျန်ထံမှ မည်သည့် တန်ခိုးစွမ်းအားကိုမှ ခံစားရခြင်း မရှိပေ။ ထို့ကြောင့်သူက ဆန်းလျန်ကို အဆင့် သိပ်မရှိသည့် သာမန် ကျင့်ကြံသူ တစ်ယောက်ဟု အထင် ရောက်ခဲ့ရခြင်း ဖြစ်လေသည်။

အမှန်တော့ “ထိုက်ရွှီး နည်းဗျူဟာကျင့်စဉ်” ၏ ထူးခြားချက်မှာ ထိုက်ရွှီး တန်ခိုးစွမ်းအားများကို ပြင်ပမှ သိမြင်ခန့်မှန်းနိုင်ခြင်း မရှိအောင် အလိုလို ဖုံးကွယ် ထားတတ်လေသည်။ ထို့ကြောင့် ထိုက်ရွှီး တန်ခိုးစွမ်းအားများကို မည်သူမျှ ခန့်မှန်းကြည့်၍ မရပေ။ အလွန် အဆင့်မြင့်သည့် ကျင့်ကြံသူပင်လျှင် ထိုက်ရွှီး စွမ်းအားများကို အပြည့်အဝ ခန့်မှန်းနိုင်မည် မဟုတ်ဘဲ တန်ခိုး အနည်းငယ်မျှကိုသာ ခန့်မှန်းမိမည် ဖြစ်လေသည်။

“ကျုပ်ရဲ့ ဆရာက နတ်ဘုရားတစ်ပါး ဖြစ်သွားခဲ့ပါပြီ။ ပြောပြခွင့် မရှိတော့ပါဘူး။ ဒါနဲ့ ခင်ဗျားကရော ဘာလို့ ဒီသဲကန္တာရထဲ ရောက်နေရတာလဲ”

အမှန်တော့ ဆန်းလျန်က သူ့အကြောင်းကို ဖုံးကွယ် ထားလိုစိတ် မရှိပါ။

သို့သော် … ချန်ကျန့်မေနှင့် ပေါင်ကွမ်းဆရာတော် ပြဿနာဖြစ်သည့် အကြောင်း ကြားပြီးသည့် နောက်ပိုင်း သူက ချန်ကျန့်မေကို ကူညီချင်သည့်အတွက် လောလောဆယ်တွင် သူ့အကြောင်းကို ဖုံးကွယ် လိုက်ရခြင်း ဖြစ်လေသည်။

ဆန်းလျန်က အလိုက်မသိသည့် လူတစ်ယောက် မဟုတ်ပါ။ ချန်ကျန့်မေက ရှေ့တန်းသို့ ထွက်ပြီး ရင်ဆိုင်လျှင် သူက နောက်ကွယ်မှ နေပြီး ကူညီပေးရန် စဉ်းစားထားလေသည်။ “နတ်ဘုရားနှိမ်နင်းခြင်း” တရား ဆွေးနွေးပွဲတွင် မခန့်မှန်းနိုင်သည့် ကိစ္စရပ်ပေါင်းများစွာ ဖြစ်လာနိုင်လေသည်။ ထို အခြေအနေ မျိုးတွင် သူက ချန်ကျန့်မေအတွက် ရှိနေ ပေးရမည်ဟု ဆန်းလျန် တွေးထားမိလေသည်။

ချန်ကျန့်မေမှာ မာနကြီးသူတစ်ယောက် ဖြစ်လေသည်။ သို့သော် ဆန်းလျန်အတွက် ဆိုလျှင်လည်း ချန်ကျန့်မေမှာလည်း ထပ်တူပင် ကူညီမည်ဖြစ်ကြောင်း ဆန်းလျန် ယုံကြည်လေသည်။ ချင်းရွှမ် နတ်တံခါးမှ တပည့်များမှာ အခြားသော တပည့်များနှင့် မတူပေ။ တစ်ယောက်နှင့် တစ်ယောက် ခပ်တန်းတန်းပင် ရှိကြသည့်တိုင် အရေး ကြုံပါက တစ်ယောက်ကိုတစ်ယောက် ကူညီတတ်ကြ လေသည်။ ဤသည်မှာ ချင်းရွှမ်၏ အနှစ်သာရ စည်းကမ်းပင် ဖြစ်ပြီး သူတို့၏ မူလအရင်းခံ တူညီသည့် ခံယူချက်လည်း ဖြစ်လေသည်။

တာအို ကျင့်ကြံသူများ ဆိုသည်က ကောင်းကင်မြေကြီး တစ်ခုလုံး ဗြောင်းဆန်သွားအောင် တိုက်ခိုက်ချင် တိုက်ခိုက်မည်။ လူသားတွေကိုလည်း တိုက်ခိုက်ချင် တိုက်ခိုက်မည်။ သို့သော် တစ်ခရီးတည်း အတူတူ လျှောက်လှမ်းသူများကိုတော့ မည်သည့်အခါမှ ထိခိုက်အောင် လုပ်လေ့မရှိပေ။ ချင်းရွှမ်နတ်တံခါး တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း တစ်သန်းကျော်ပြီ ဖြစ်ပြီး ယခုအချိန်ထိ ရေရှည်တည်တံ့ နေသည်မှာ ထိုအနှစ်သာရ စည်းကမ်းကြောင့်ပင် ဖြစ်လေသည်။ သို့သော် တစ်ကြိမ်တစ်ခါတော့လည်း စုန်းပြူးများပါမည် ဖြစ်လေသည်။ လောကဆိုသည်က မဖြစ်နိုင်ဟု မျှော်လင့်ထားသည့် အရာများလည်း ဖြစ်ပျက် လာတတ်သည့်သဘော ရှိသည် မဟုတ်လား။

“မေးမိတာ တောင်းပန်ပါတယ်”

စုန့်ချင်းယီက အားနာနာဖြင့် တောင်းပန် လိုက်ရသည်။

“ရပါတယ်ဗျ။ ချင်းယီ ဒါနဲ့ ဒီကန္တာရထဲကို မင်းဘာလာ လုပ်တာလဲဆိုတာ မပြောရ သေးဘူးနော်။ ဪ … အဆင်မပြေရင်လည်း မပြောနဲ့နော်။ ကျုပ် မမေးဘူးလို့ သဘောထားလိုက်ပါ”

ဆန်းလျန်က ပြောလိုက်သည်။

ကောင်းကင်တွင် ကြယ်စင်များ လင်းလက်နေလေသည်။ နဂါးငွေ့တန်းကို ကောင်းကင်ထက်တွင် ရှင်းလင်းစွာ မြင်နိုင်လေသည်။ အလွန်မှ ငေးမော ကြည့်ချင်စရာ လှပသည့် မြင်ကွင်းပင်။

စုန့်ချင်းယီ၏ မျက်ဝန်းများက နဂါးငွေ့တန်းကို ငေးမော ကြည့်ရှုနေလေသည်။

ပတ်ဝန်းကျင် လေထုအပူချိန်က တဖြည်းဖြည်း ပြောင်းလဲလာလေသည်။ သဲကန္တာရထဲတွင် ညအချိန်သည် ရေခဲတမျှ အေးစက်နေလေသည်။

“ဆရာကပြောတယ်။ ဒီသဲကန္တာရထဲမှာ ဝိညာဉ်ဖြစ်တည်မှု ပစ္စည်းတွေ ရှိတယ်တဲ့။ အဲဒီ ဝိညာဉ်ဖြစ်တည်မှု ပစ္စည်းတွေကို ရှာလို့တွေ့ရင် အဲဒါကို အသုံးပြုပြီး နတ်ဘုရားလက်နက် ဖြစ်လာအောင် လေ့ကျင့်ပေးလို့ ရတယ်တဲ့။ အဲဒါဆိုရင် ကျုပ် နတ်ဘုရား ဖြစ်သွားတဲ့ တစ်နေ့ကျရင် အဲဒီ လက်နက်ကလည်း ကျုပ်နဲ့အတူ နတ်လက်နက်တစ်ခု ဖြစ်သွားလိမ့်မယ်တဲ့”

စုန့်ချင်းယီက ပြောပြလိုက်သည်။

ချင်းရွှမ်နတ်တံခါးမှာလည်း နတ်ဘုရား ကျောင်းတော်တစ်ခု ဖြစ်ပါသည်။ သို့သော် မည်သည့် တပည့်ကမှ ယခု စုန့်ချင်းယီ လုပ်နေသည့် အလုပ်မျိုးကို လုပ်လေ့ မရှိကြပေ။ ဆန်းလျန်မှာ စုန့်ချင်းယီကို စနောက်ချင်သည့် စိတ်များပင် ဖြစ်သွားမိသော်လည်း သူ့စိတ်ကိုသူ ပြန်ထိန်းလိုက်လေသည်။

“ရှန်ဆန်းကျန်းရန်က မင်းကို အရမ်း ဂရုစိုက်တာပဲနော်”

ဟုသာ ပြောလိုက်လေသည်။ စုန့်ချင်းယီက ပြုံးလိုက်ရင်း …

“အားလျန် မင်းကတော့ ဆရာက ကျုပ်ကို ဂရုစိုက်တယ်လို့ ထင်မှာပေါ့။ အင်း … ဆရာ ကျုပ်ကို ဂရုစိုက်တယ် ဆိုတာလည်း မှန်ပါတယ်။ တကယ်တော့ ကျုပ်တို့ ရွှမ်ထျန်းဂိုဏ်းမှာ ကျင့်ကြံသူတွေက ကိုယ်သုံးမယ့် ဓား ဒါမှမဟုတ် လက်နက်ကို ကိုယ်တိုင် ပြုလုပ်ကြတာ။ မဟုတ်ရင်လည်း ဆရာ ဖြစ်တဲ့သူက အဲဒီလက်နက်ကို ဘယ်နေရာမှာ ရှာရမလဲဆိုတာ ပြောပြလေ့ ရှိကြတယ်”

“သူများတွေ ယူသွားကြတဲ့ နတ်ဘုရားဓားတွေ၊ လက်နက်တွေလည်း ရှိတယ်။ ဒါပေမယ့် ယူသွားလည်း ပြန်အစားထိုးလို့ ရတာပဲလေ။ တကယ် အစွမ်းထက်တဲ့ နတ်ဘုရား လက်နက်တွေ ကျတော့ လုပ်ယူလို့ မရဘူး။ ဒါကြောင့် ဆရာက အဲဒီ လက်နက်တွေ အပေါ်မှာ တာအိုအမှတ်အသား ထွင်းထားတယ်။ ယူသွားတဲ့ လူရှိရင်လည်း ကျုပ်တို့ ကျောင်းတော်က ပစ္စည်းမှန်းသိတော့ ပြန်လာ ပေးရတာပေါ့”

စုန့်ချင်းယီက ရှင်းပြလိုက်လေသည်။

သူက ဆန်းလျန်ကို ခင်မင်ရင်းနှီးသည့် သဘောဖြင့် ဆန်းလျန်၏ မျိုးရိုးနာမည် “ဆန်း” ကို ဖြုတ်ကာ အားလျန်ဟု ခေါ်လိုက်ခြင်း ဖြစ်လေသည်။

ရွှမ်ထျန်းဂိုဏ်း၏ လမ်းစဉ်မှာ ချင်းရွှမ်နတ်တံခါးနှင့် ကွာခြားလိမ့်မည်ဟု ဆန်းလျန် ထင်မထား မိပေ။ ချင်းရွှမ် နတ်တံခါးကတော့ လွတ်လပ်မှုကို တန်ဖိုးထားလေသည်။ သူ့ကိုဖြစ်စေ၊ ဂိုဏ်းတူအစ်ကို ချန်ကျန့်မေကို ဖြစ်စေ ဆရာသခင်က ပေးသင့်သည့် အကြံဉာဏ်များ ပေးပြီးသည်နှင့် ကျန်သည့် ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။ ကိုယ်ကြိုးစား နိုင်သလောက်နှင့် ကံကောင်းသလောက် ကျင့်စဉ်လမ်းတွင် အောင်မြင်ကြမည် ဖြစ်လေသည်။ ထို့ကြောင့်ပင် မျိုးဆက် တစ်ခုတိုင်းတွင် ကိုယ်ပိုင် စွမ်းအားရှိသည့် နတ်ဘုရားများ ပေါ်ထွက်လာခြင်း ဖြစ်လေသည်။ အရင်မျိုးဆက် ဆရာသခင် လက်ထက် ဆရာသခင် ကျန်းရော့ရွှီး ချင်းရွှမ်နတ်တံခါးတွင် တပည့်တစ်ယောက် ဖြစ်စဉ်တုန်းက “အဆင့် အနိမ့်အမြင့်ခွဲသည့်” ကိစ္စနှင့် ပတ်သက်ပြီး မကျေမနပ် တိုင်ကြားခဲ့သည့် အတွက် ဝါးရုံတောထဲတွင် လေ့ကျင့်ရန် ခုနစ်နှစ် အပို့ ခံခဲ့ရဖူးလေသည်။ ထိုသို့ ပို့လိုက်ခြင်းမှာ အရေး မကြီးလှသည့် “အဆင့် အနိမ့်အမြင့်ပေါ်တွင်” အာရုံထားနေသည့် အစွဲကို ဖြတ်တောက်ကာ စိတ်စွမ်းအား ကောင်းမွန်လာရန် ကျင့်ကြံစေခြင်း ဖြစ်လေသည်။

သို့သော် ရွှမ်ထျန်းဂိုဏ်းကတော့ သင်ပြပုံ သင်ပြနည်း ကွာခြားလေသည်။ အဘယ်ကြောင့် ဆိုသော် ရှန်ဆန်းကျန်းရန်လုကျိုးယွမ် ကဲ့သို့သော ပုဂ္ဂိုလ်မျိုးအတွက် မိုးနှင့်မြေမှ ဝိညာဉ်ဖြစ်တည်မှု ပစ္စည်းများကို ကျင့်စဉ်လမ်းတွင် လေ့ကျင့်ရန်အတွက် လွယ်လွယ်ပင် ရယူနိုင်လေသည်။ သို့သော် သူက တပည့်များကို လွယ်လွယ်နှင့် မပေးဘဲ ကိုယ်တိုင် ရှာဖွေခိုင်းလေသည်။ အဘယ်ကြောင့် ဆိုသော် ဝိညာဉ်ဖြစ်တည်မှု ပစ္စည်းတစ်ခုခု၏ အစွမ်းကို တပည့်များက အားကိုး လွန်းသွားလျှင်သာ ပြဿနာ ရှိနိုင်လေသည်။

ရွှမ်ထျန်းလမ်းစဉ်ကို ကြည့်ရသည်မှာ မြစ်တစ်ဖက်သို့ ဖြတ်ကူးရန်အတွက် လှေထိုးသမားက လူအနည်းငယ်ကိုသာ ခေါ်ဆောင်သွားသည့် လမ်းစဉ်မျိုး ဖြစ်လေသည်။ ကျင့်စဉ်လမ်းတွင် မြစ်ကမ်းတစ်ဖက် ရောက်ရန်အတွက် ရေကူးသွားသည့်သူများ ရှိသလို တံတားဆောက်နေသည့် သူများလည်း ရှိမည်ဖြစ်လေသည်။ တံတား ဆောက်ပေးလိုက်ခြင်းဖြင့် အခြား ကျင့်ကြံသူများလည်း ထိုတံတားပေါ်မှ ဖြတ်သန်း သွားနိုင်လိမ့်မည် ဖြစ်လေသည်။

မည်သည့် နည်းလမ်းပင် သုံးပါစေ အဆုံးသတ်တွင် ကျင့်ကြံသူ အားလုံး၏ မူလ ရည်ရွယ်ချက်မှာ မြစ်ကမ်းတစ်ဖက်သို့ ရောက်ရှိသွားရန်သာ ဖြစ်လေသည်။

ကျင့်စဉ်လမ်း ဒဿနမှာ နက်ရှိုင်း လွန်းလေသည်။ ဆန်းလျန်ကတော့ ရှန်ဆန်းကျန်းရန် လုကျိုးယွမ်၏ ထူးခြားမှုကို နားလည် ခံစားမိလေသည်။ ထို့ကြောင့်ပင် ရှန်ဆန်းကျန်းရန်မှာ ရွှမ်ထျန်းဂိုဏ်း၏ ပထမအဆင့် နေရာတွင် ရပ်တည်နေခြင်း ဖြစ်လေသည်။

စုန့်ချင်းယီမှာ လေးလေးနက်နက် တွေးနေပုံရသည့် ဆန်းလျန်ကို တစ်ချက် ကြည့်လိုက်သည်။ သူက ရွှမ်ထျန်းဂိုဏ်း၏ လမ်းစဉ်ကို ဆန်းလျန် လက်မခံနိုင် ဖြစ်နေမှန်း ရိပ်မိလိုက်လသည်။

“ကျုပ်ရဲ့ဆရာ ပြောတာကတော့ သူ့ရဲ့ တပည့်တွေဟာ မိုးမြေစွမ်းအား အနှစ်သာရတွေကို ရယူ အသုံးပြုနိုင်တဲ့ အတော်ဆုံး တပည့်တွေ ဖြစ်ရမယ်တဲ့။ ဝိညာဉ်ဖြစ်တည်မှု ပစ္စည်းတွေဟာ ကျင့်စဉ်လမ်းအတွက် အသုံးဝင်ပေမဲ့ သက်သက် ကြွားလုံးထုတ်တဲ့ ပစ္စည်းတွေပဲ ဖြစ်တယ်တဲ့။ ဒါကြောင့် ကျင့်စဉ်လမ်းကို လျှောက်လှမ်းမယ်ဆိုရင် ဘယ်နတ်ဘုရား လက်နက်ကိုမှ ကြောက်စရာ မလိုဘူးတဲ့”

စုန့်ချင်းယီက ဆရာသခင် လုကျိုးယွမ်၏ စကားများကို လုံးစေ့ပတ်စေ့ တစ်ခုမကျန်ပင် ပြန်ပြောပြ နေလေတော့သည်။

ဆန်းလျန်က စုန့်ချင်းယီမှာ အတော် ကြောင်တောင်တောင် နိုင်သည်ဟု တွေးလိုက်မိလေသည်။ မိမိ၏ နတ်ဘုရားကျောင်းတော်တွင် သင်ပြပြောဆိုသည့် စကားများကို ဂုဏ်ယူစွာ ပြောပြနေပြီး ထိုစကားများ၏ အနှစ်သာရကို နားမလည်ဘဲ အပေါ်ယံများကိုသာ အဟုတ်ထင်ကာ မှတ်သားနေပုံ ရလေသည်။

ဆန်းလျန်က ပြုံးလိုက်ရင်း …

“ရှန်ဆန်းကျန်းရန်ရဲ့ စကားတွေက အဓိပ္ပာယ် ပြည့်ဝပါတယ်။ ကျင့်စဉ်လမ်းကို လျှောက်တဲ့ အခါမှာ စွမ်းအားကြီးတဲ့ နတ်ဘုရားလက်နက် ပစ္စည်းတွေက ကျင့်ကြံသူ တစ်ယောက်ကို ထိန်းချုပ်သွားပြီး ကိုယ်လျှောက်နေတဲ့ ကျင့်စဉ်လမ်းအပေါ် ယုံကြည်မှု ပျက်ပြားတာမျိုး မဖြစ်စေချင်လို့ သူက ဒီလိုစကားတွေ ပြောတာပါ။ တာအိုကျင့်စဉ်လမ်းကို လျှောက်လှမ်းကြတဲ့အခါ မှန်တယ်မှားတယ် ဆိုတာထက် ယုံကြည်မှုနဲ့ ကြိုးစားဖို့ပဲ လိုတာပါ”

ဟု ပြောလိုက်လေသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset