အခန်း (၁၃၉)

ကျမ်းစာတွေဆိုတာ ရှင်းလင်း ပြောပြချက်တွေမျှသာ

“အဲဒီလောက်လည်း မဟုတ်ပါဘူး။ ဒါနဲ့ မိတ်ဆွေလေးက ဘယ်လိုလုပ် ဒီနေရာကို ရောက်လာ တာလဲ”

စုန့်ချင်းယီက မေးလိုက်လေသည်။

“ကျုပ်က သေစေခြင်း ကျောင်းတော်ကို သွားမလို့ပါ။ ဒီနေရာကို ဖြတ်သွားရမယ်လို့ မထင်မိ ဘူးလေ”

ဆန်းလျန်အနေဖြင့် စုန့်ချင်းယီကို ဖုံးကွယ်ထားစရာ မလိုပါ။ ထို့ကြောင့် အမှန်အတိုင်းပင် ပြောပြ လိုက်လေသည်။

စုန့်ချင်းယီ၏ မျက်နှာက သိသားပဲ ဆိုသည့် ပုံမျိုး ဖြစ်သွားလေသည်။

“ထင်တော့ထင်သားပဲ။ သေစေခြင်း ကျောင်းတော်က ချင်းရွှမ် နတ်တံခါးရဲ့ အနွယ်တော် ဂိုဏ်းခွဲပဲ။ မင်းက နောင်တော် ချန်ကျန့်မေဆီက တာအိုကျင့်စဉ် ပညာတွေ သင်ယူချင်လို့ ထင်တယ်။ တကယ်တော့ ချန်ကျန့်မေက ဟန့်ဟိုင်တိုင်းပြည်ရဲ့ မင်းဆရာ တစ်ပါးပဲ။ အဲဒီတိုင်းပြည်က ဒီကန္တာရ အပြင်ဘက်မှာ ရှိတယ်။ သူက ဟန့်ဟိုင်တိုင်းပြည်ကို ကူညီပြီး တံလျှပ် မှော်မိစ္ဆာကို နှိမ်နင်း ပေးခဲ့တဲ့အတွက် ဟန့်ဟိုင်တိုင်းပြည်ရဲ့ လေးစားမှုကို အပြည့်အဝ ရထားတာလေ။ သူက တာအိုဝါဒနဲ့ ပတ်သက်တဲ့ တရားတွေလည်း ဟောတယ်။ အလားအလာရှိတဲ့ သူကိုတွေ့ရင် တပည့်အဖြစ် ရွေးချယ် တတ်တယ်။ ဒါပေမယ့် ကံဆိုးတာက မင်းရောက်လာတာ အချိန်ကောင်း မဟုတ်ဘူး ဖြစ်နေတယ်”

စုန့်ချင်းယီ စကားများကြောင့် ဆန်းလျန်က မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး …

“ကျုပ်ကို ဆန်းလျန်လို့ ခေါ်နိုင်ပါတယ်။ ပြီးတော့ အချိန်ကောင်း မဟုတ်ဘူးဆိုတာ ဘာကို ပြောချင်တာလဲ မသိဘူး”

စုန့်ချင်းယီမှာ ဆန်းလျန်ကို ချန်ကျန့်မေထံတွင် ပညာသင်ယူချင်သူ တစ်ဦးဟု ထင်မှတ်ပြီး နားလည်မှု လွဲနေခြင်း ဖြစ်သည်။ သို့သော် ဆန်းလျန်မှာ ရှင်းပြလျှင် ပို၍ ရှုပ်ကုန်မည် ဖြစ်သောကြောင့် ရှင်းမပြ ချင်တော့ပေ။

“ဟား ဟား ဒါဖြင့် မင်းလည်း ကျုပ်ကို ချင်းယီလို့ ခေါ်လို့ရပါတယ်။ အချိန်ကောင်း မဟုတ်ဘူး ဆိုတာက ဒီလိုကွ။ ကျင့်ကြံသူ ကျောင်းတော်တွေ အချင်းချင်း နည်းနည်းပါးပါး ပြဿနာ ဖြစ်နေကြတာပါ။ ချန်ကျန့်မေက ချင်းရွှမ်က တရားဝင် တပည့်လေ …”

“ပြီးတော့ သူက ဟန့်ဟိုင်တိုင်းပြည်မှာ တာအိုဝါဒ တရားတွေ ဟောပြောတယ်။ အယုတ် အလတ် အမြတ်မရွေး အတွင်းအား ကျင့်စဉ်ပညာတွေ သင်ကြားပေးတယ်။ သူ တရားဟောတာကို ဟန့်ဟိုင်က လူတွေသာ မကဘဲ အိမ်နီးချင်း တိုင်းပြည်ဖြစ်တဲ့ ယွဲ့ထော် တိုင်းပြည်က လူတွေပါ လာပြီး နားထောင်ကြတယ်”

“ယွဲ့ထော်တိုင်းပြည်ရဲ့ မင်းဆရာက ပေါင်ကွမ်း ဆရာတော်ပဲ။ ပေါင်ကွမ်း ဆရာတော်က ကျင်းကွမ်း ဝတ်ကျောင်းတော်က ပေါင်ယွဲ့ ဆရာတော်ရဲ့ တပည့်ပဲ။ သူက ရွှေခန္ဓာ ရတဲ့အထိ တရားအလင်း ရနေပြီလို့ ကြားတယ်။ ချန်ကျန့်မေက အတွင်းအား ကျင့်စဉ်တွေ ဟောပြော ပို့ချပေးတော့ ယွဲ့ထော်က ဘုန်းတော်ကြီးတွေပါ လာနားထောင် ကြတယ်လေ”

“ကျင့်စဉ်လမ်းဆိုတာက ကန့်သတ်ချက် မရှိပါဘူး။ ဒါပေမယ့် တာအိုကျင့်စဉ် လမ်းကတော့ ထင်သာမြင်သာ ရှိတယ်လေ။ ပြီးတော့ ဟိုင်သန်းအဆင့်၊ ဖော့ဝမ့်အဆင့် ဆိုပြီးတော့လည်း ကျင့်စဉ် လမ်းကို အဆုံးထိ သိမြင်နိုင်တယ်”

“ချန်ကျန့်မေရဲ့ တရားတွေနာပြီး ယွဲ့ထော်မှာ လူတွေက တာအိုကျောင်းတော်တွေ ဆောက်လုပ်ပြီး တာအို ကိုးကွယ်သူတွေ ဖြစ်လာ ကြတော့တာပဲ။ ကျင်းကွမ်း ဝတ်ကျောင်းတော်က ဓာတ်တော် မွေတော်တွေကို စောင့်ရှောက်ပေးနေတဲ့ ဝတ်ကျောင်းတော်ပဲ။ ပြီးတော့ လူတွေက ရိုသေ လေးစားပြီး အရမ်း လှူဒါန်းကြတယ်။ ဒါပေမယ့် ချန်ကျန့်မေရဲ့ တရားတွေ နားထောင်ပြီး လူတွေက တာအိုဝါဒဘက်ကို ပြောင်းသွားကြတော့ ကျင်းကွမ်း ဝတ်ကျောင်းတော်ကို လှူမယ့် အလှူရှင်တွေ လျော့နည်း ကုန်တာပေါ့။ ဒီတော့ ကျင်းကွမ်း ဝတ်ကျောင်းတော်က ဆရာတော်တွေ ဒုက္ခ ရောက်ကြရတယ်။ ဒီကိစ္စကို မင်းဆရာတစ်ပါး ဖြစ်တဲ့ ပေါင်ကွမ်း ဆရာတော်က စုံစမ်းကြည့်တော့ ချန်ကျန့်မေကြောင့် ဆိုတာ သိသွားတဲ့အတွက် ချန်ကျန့်မေနဲ့ “နတ်ဘုရား နှိမ်နင်းခြင်း” တရားဆွေးနွေးပွဲ လုပ်မယ်ဆိုပြီး စိန်ခေါ်လိုက်တယ်။ အဲဒီ ဆွေးနွေးပွဲကို ဆယ်လပိုင်း ဆယ့်ငါးရက်နေ့မှာ လုပ်မှာ။ အဲဒီ တရားဆွေးနွေးပွဲမှာ ရှုံးနိမ့်သွားတဲ့ သူက ယွဲ့ထော်တိုင်းပြည်နဲ့ မိုင်ငါးထောင် ပတ်လည်အတွင်း ခြေချခွင့် မရှိတော့ဘူးလို့ စည်းကမ်း သတ်မှတ်ထားတယ်”

“နောင်တော် ချန်ကျန့်မေက တကယ်တော်တဲ့ သူပါ။ သူက မရေမတွက်နိုင်တဲ့ နတ်မိစ္ဆာတွေကို နှိမ်နင်းခဲ့တဲ့ သူပဲ။ ဒီစိန်ခေါ်မှုကို သူလက်ခံခဲ့တယ်။ ဒီပတ်ဝန်းကျင်က မိုင်တစ်ထောင် ပတ်လည်အတွင်းက နတ်မိစ္ဆာတွေ။ ကျင့်ကြံသူတွေကတော့ ရာစုနှစ် တစ်ခုမှာ တစ်ခါ ကြုံရခဲတဲ့ ကျင့်ကြံသူ နှစ်ယောက်ရဲ့ စိန်ခေါ်ပွဲကို ကြည့်ချင်လွန်းလို့ စောင့်မျှော် နေကြပြီ”

“လူတွေ ပြောနေကြတာတော့ နောင်တော် ချန်ကျန့်မေက ဒီ “တရားဆွေးနွေးပွဲ” အတွက် သူ့ရဲ့ ဝတ်ကျောင်းတော်ထဲမှာ တစ်လတိတိ အပြင်မထွက်ဘဲ တံခါးပိတ် ကျင့်ကြံနေတယ်တဲ့။ အဆင့်မြင့် ကျင့်ကြံသူ ပေါင်ကွမ်း ဆရာတော်ကြီးနဲ့ ရင်ဆိုင်ဖို့အတွက် သူ့ရဲ့ သဏ္ဌာန်မဲ့ ဓားကို ထုတ်သုံးတော့မယ် ထင်တယ်”

စုန့်ချင်းယီမှာ ဇာတ်လမ်း အရှည်ကြီးကို အသက်မရှူဘဲ ပြောလိုက်ခြင်း ဖြစ်လေသည်။ သူ့ကို ကြည့်ရသည်မှာ ချန်ကျန့်မေအကြောင်း ပြောလိုက်တိုင်း စိတ်လှုပ်ရှား နေသည့်ပုံ ပေါက်နေ လေသည်။ သူ့ကို ကြည့်ရသည်မှာ ချန်ကျန့်မေ၏ နေရာမျိုးကို လိုချင်နေပုံ ရလေသည်။

ချန်ကျန့်မေမှာ သဏ္ဌာန်မဲ့ ဓားသိုင်းပညာဖြင့် ဟိုင်သန်းအဆင့်ကို တက်ရောက်ခဲ့သူ ဖြစ်လေသည်။ သို့သော် ဟိုင်သန်းအဆင့် အောင်မြင်ပြီးသူ တစ်ယောက်သည် မည်သည့်အခါမှ အဆင့် ကျသွားနိုင်ခြင်း မရှိပါ။ ဖော့ဝမ့်အဆင့်တွင်တော့ ဟိုင်သန်းအဆင့်တွင် ကျင့်ကြံခဲ့သည့် ပညာမှာ ပိုပြီး တိကျကာ အသေးစိတ်လာမည် ဖြစ်လေသည်။ ပေါင်ကွမ်း ဆရာတော်မှာ အတွေ့အကြုံ ရင့်ကျက်သည့် ဆရာတော်ကြီးတစ်ပါး ဖြစ်လေသည်။ ထို့ကြောင့် ချန်ကျန့်မေမှာ ဆရာတော်နှင့် ရင်ဆိုင်ရန်အတွက် အပြင်းအထန် ကျင့်ကြံနေခြင်း ဖြစ်ဟန် တူလေသည်။

ထို့ကြောင့် ဆန်းလျန်က သူ့အနေဖြင့် ချန်ကျန့်မေကို မနှောင့်ယှက် သင့်သေးကြောင်း တွေးလိုက် မိလေသည်။

ဆန်းလျန်က သူသိချင်သည့် ကိစ္စတစ်ခုကို စုန့်ချင်းယီကို မေးလိုက်သည်။

“ချင်းယီ … မင်းကိုကြည့်ရတာ ကျုပ်နဲ့ ရွယ်တူလောက်ပဲ ရှိဦးမယ်။ ဟိုင်သန်းအဆင့် ဆရာသခင် တစ်ပါးလည်း မဟုတ်သေးဘူးမလား။ မင်းကဘာလို့ သေစေခြင်း ကျောင်းတော်က ဆရာသခင် ချန်ကျန့်မေကို ဆရာသခင်လို့ မခေါ်ဘဲ နောင်တော်လို့ ခေါ်ရတာလဲ။ မင်းတို့ နှစ်ယောက်က မျိုးဆက် တူနေလို့ အဲဒီလို ခေါ်တာလား”

ဟု မေးလိုက်လေသည်။

ကျင့်ကြံသူ လောကမှာ ဝါစဉ် အကြီးအငယ်အလိုက် သွားခြင်း ဖြစ်လေသည်။ စုန့်ချင်းယီမှာ ရွှမ်ထျန်းဂိုဏ်းမှ တပည့်တစ်ဦး ဖြစ်သည့်တိုင် ချန်ကျန့်မေကိုတော့ နောင်တော်ဟု မခေါ်သင့်ပေ။ ဟိုင်သန်းအဆင့် ဆရာသခင် တစ်ပါးကို တန်းတူ သဘောထားသည့် အခေါ်အဝေါ်မျိုး ခေါ်ဆိုသည်မှာ ရိုင်းစိုင်းသည့် သဘောပင် ဖြစ်လေသည်။

စုန့်ချင်းယီက ပြုံးလိုက်ရင်း ….

“ကျုပ်အသက်က ဒီနှစ် ဆယ့်ကိုးနှစ် ပြည့်ပြီ။ ကျုပ်သာ ဟိုင်သန်းအဆင့် တက်ရောက်နိုင်ရင် အငယ်ဆုံးနဲ့ အမြန်ဆုံး ကျင့်ကြံသူတစ်ယောက် ဖြစ်မှာပဲ။ ဒါပေမယ့် အတိတ်ဘဝက နတ်ဘုရားတစ်ပါး ပြန်ဝင်စားတယ် ဆိုရင်တောင်မှ ဒီလောက်မြန်မြန်နဲ့ ဟိုင်သန်းအဆင့်ကို မရောက်နိုင်ပါဘူးဗျာ။ ဒါပေမယ့် ကျုပ်က နောင်တော် ချန်ကျန့်မေကို ဘာလို့နောင်တော်လို့ ခေါ်ရတာလဲ ဆိုတော့ ကျုပ်ရဲ့ ဆရာက လောကနတ်ဘုရား ရှန်ဆန်းကျန်းရန် ဖြစ်နေလို့ပါပဲ။ မင်းသာ ကျင့်ကြံသူ လောကအကြောင်း ကောင်းကောင်းသိမယ်ဆိုရင် မင်းနားလည်မှာပါ”

ဟု ပြောလိုက်လေသည်။

ဆန်းလျန်မှာ အံ့သြ သွားရလေသည်။ စုန့်ချင်းယီမှာ ရှန်ဆန်းကျန်းရန်၏ တပည့် ဖြစ်နေသည် မဟုတ်လား။ ရှန်ဆန်းကျန်းရန်၏ တပည့်ရင်းတစ်ယောက် ဖြစ်နေသည် ဆိုလျှင်တော့ ချန်ကျန့်မေကို အဆင့်တူ သဘောထားကာ ပြောဆို ဆက်ဆံနေခြင်းမှာ အံ့သြစရာ မရှိပါ။

လောက နတ်ဘုရားများမှာ များသောအားဖြင့် နေရာအတည်တကျ နေထိုင်ခြင်း မရှိဘဲ လောကတစ်ခွင် လှည့်လည် သွားလာနေတတ် ကြလေသည်။ သို့သော် ရှန်ဆန်းကျန်းရန်ကတော့ ထိုသို့ မဟုတ်ပေ။ သူ၏ အမည်ရင်းမှာ လုကျိုးယွမ်ဖြစ်ပြီး သူ၏ အသက်မှာ နှစ်ပေါင်းထောင်ချီ ရှိပြီ ဖြစ်လေသည်။ သူက ရှန်ထျန်းဂိုဏ်းတွင် “တရားအလင်း သိမြင်ခြင်းကျမ်း” ဖြင့် အောင်မြင်ခဲ့သူ ဖြစ်ပြီး ရွှမ်ထျန်းဂိုဏ်းတွင် ယခုအချိန်ထိ ထိုကျမ်းကို အောင်မြင်အောင် ကျင့်ကြံနိုင်သူ တစ်ယောက်မှ မရှိသေးပေ။ လောကနတ်ဘုရား တစ်ပါးအဖြစ် အောင်ပွဲခံ အခမ်းအနား ကျင်းပသည့် နေ့တွင် သူပြောသည့် စကားတစ်ခွန်းမှာ …

“နှလုံးသားမှ နားလည်အောင် သင်ယူပါ။ ကျမ်းစာတွေဆိုတာက ရှင်းလင်း ပြောပြချက်တွေ မျှသာပါပဲ”

ဟူ၍ ဖြစ်လေသည်။

ထိုစကား၏ အဓိပ္ပာယ်မှာ လူတစ်ယောက်သည် ပညာရပ်တစ်ခု သင်ယူလျှင် စာဖတ်နေရုံနှင့် မပြီးဘဲ ရှုထောင့် အသီးသီးမှ ဖြစ်နိုင်ချေများကိုပါ ထည့်သွင်း လေ့လာရန် ဆိုလိုသည့် သဘောပင်။ ထို့ကြောင့် သူက “ကျမ်းစာတွေဆိုတာ ရှင်းလင်း ပြောပြချက်တွေ မျှသာပါပဲ” ဟု ပြောခဲ့ခြင်း ဖြစ်လေသည်။

ရှန်ဆန်းကျန်းရန်မှာ တန်ခိုးစွမ်းအား အလွန်ကြီးမားပြီး ရွှမ်ထျန်းဂိုဏ်း စတင် တည်ထောင်စဉ် ကတည်းက သူ့ထက် စွမ်းအားမြင့်မားသူ မရှိသေးပေ။

ထို့ပြင် ရှန်ဆန်းကျန်းရန် ကျင့်စဉ်လမ်းသို့ စတင် ဝင်ရောက်သည့် အချိန်ကတည်းက အရှုံးမရှိ အောင်ပွဲသာ ဆက်ခဲ့သူ ဖြစ်လေသည်။ သူ့ကို ရွှမ်ထျန်းဂိုဏ်း၏ ပထမအဆင့်ဟု သတ်မှတ် ခံထားရပြီး မည်သူမျှ သူ့ကို မထိရဲကြပေ။ လုကျိုးယွမ်မှာ တာအိုကျင့်စဉ် လမ်းကို စတင်လျှောက်လှမ်းသည့် အချိန်မှစပြီး ရွှမ်ထျန်းဂိုဏ်းမှ တစ်ဖဝါးမှ မခွာခဲ့ပေ။ စာပေရေးသားခြင်း အလုပ်ကိုသာ စွဲစွဲမြဲမြဲ လုပ်နေလေသည်။ ထို့ပြင် သူ့တွင် ရန်သူဟူ၍လည်း မရှိပေ။ သူ့ကို ရန်မူချင်သူ များမှာလည်း သေလျှင်သေ၊ မသေလျှင် ဒဏ်ရာ အပြင်းအထန် ရကုန်သည် ချည်းပင် ဖြစ်လေသည်။

သူ၏ အယူအဆ တစ်ခုမှာ …

“ထောင်နှင့်ချီသည့် ကျမ်းစာများက ကျွန်ုပ်ကို ရေးသားသလို ကျွန်ုပ်ကလည်း ထောင်နှင့်ချီသည့် ကျမ်းစာများကို ရေးသားမည်”

ဟူ၍ ဖြစ်လေသည်။

သူ၏ သတိတရားဖြင့် လုပ်ကိုင်သည့် သေးငယ်သည့် အလုပ်လေး တစ်ခုမှာပင်လျှင် အကြောင်းနှင့်အကျိုး ရှိလေသည်။ သူက အကြောင်းမရှိဘဲ မည်သည့် အလုပ်ကိုမှ လုပ်တတ်သူ မဟုတ်ပေ။ ထို့ကြောင့် သူ့ကို အကြောင်းမဲ့သက်သက် ရန်လာစသူများ အတွက်တော့ လွတ်လမ်း ရှိလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့်ပင် စုန့်ချင်းယီမှာ ဟိုင်သန်းအဆင့် မရောက်မီမှာပင် မည်သည့် အင်းပညာ အရံအတား အကာအကွယ် တစ်ခုမှ မရှိဘဲ လောကတစ်ခွင် အေးအေးဆေးဆေး လှည့်လည် သွားနေခြင်း ဖြစ်လေသည်။ ရှန်ဆန်းကျန်းရန် “လုကျိုးယွမ်” ၏တပည့် ဆိုသည့်အချက် တစ်ခုတည်းကပင် သူ့ကို ကာကွယ်ပေးရန် လုံလောက်နေလေသည်။ မည်သည့် ကျင့်ကြံသူမှ သူ့ကို ထိရဲလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့်ပင် စုန့်ချင်းယီက ဆရာ၏ အရှိန်ဖြင့် ဝင့်ကြွားတတ်သည့်ဟန် ရှိလေသည်။ ထို့ကြောင့် ကျင့်ကြံသူ အချို့က သူ့ကို နှစ်သက်ကြခြင်း မရှိပေ။ ဟိုင်သန်းအဆင့် အောင်မြင်ပြီး ပိုမိုဝင့်ကြွား လာမည်ကို မနှစ်သက်နိုင် ဖြစ်နေကြလေသည်။

ရှန်ဆန်းကျန်းရန်၏ “တရားအလင်း သိမြင်ခြင်းကျမ်း” မှာ ထိပ်တန်းကျင့်စဉ် ပညာတစ်ခု ဖြစ်ပြီး “ထိုက်ရွှီး နည်းဗျူဟာကျင့်စဉ်” ဖြင့် အဆင့်အတန်း တူညီလေသည်။ သို့သော် ဆရာဘွားဘွား လီချင်းဆွေနှင့် ရှန်ဆန်းကျန်းရန်လုကျိုးယွမ်တို့မှာ တူညီသည့် မျိုးဆက်မှ ဆင်းသက်လာသူများ မဟုတ်ကြပေ။ ထို့ကြောင့် သူတို့နှစ်ယောက် ပညာဖလှယ်ခြင်း မပြုလုပ် ခဲ့ရသဖြင့် မည်သည့် ကျင့်စဉ်က ပိုပြီး သာလွန်သည်ကိုတော့ ပြောရန် ခက်ခဲလေသည်။

ကျိလင်နတ်သမီးမှာ ကျင့်စဉ်လမ်းသို့ ပြန်လည်ဝင်ရောက်လာပြီး ထိုင်ရွှီး ကျင့်စဉ်လမ်းကို အတိတ်ဘဝနှင့် ပစ္စပ္ပန်ဘဝ နှစ်ခုပေါင်းကာ ကျင့်ကြံ အောင်မြင်ခဲ့လျှင်တော့ သူမက လုကျိုးယွမ်ကို စိန်ခေါ်နိုင်မည် ဖြစ်လေသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset