အခန်း (၁၃၈)

သဲကန္တာရ

အစိမ်းရောင်မျက်နှာနှင့် လူမှာ ပေါင်ကွမ်း ဆရာတော်အကြောင်း ကောင်းကောင်းသိပါသည်။ ထိုဆရာတော်မှာ ယွဲ့ထော်တိုင်းပြည်၏ မင်းဆရာတစ်ပါး ဖြစ်ပြီး ပေါင်ယွဲ့ဆရာတော်၏ တပည့်ဖြစ်လေသည်။ ပေါင်ကွမ်းဆရာတော်မှာ နှစ်ပေါင်း တစ်ရာအတွင်း တရားအလင်း ရရှိပြီး သေခြင်းတရားကို အောင်နိုင်သူတစ်ယောက် ဖြစ်လာနိုင်သည်ဟု ပြောစမှတ်များ ရှိကြသည်။

တရားအလင်းရရှိပြီး သေခြင်းတရားကို အောင်မြင်ခြင်း အဆင့်မှာ တာအိုကျင့်စဉ်တွင် နတ်ဘုရားဖြစ်ခြင်းအဆင့်နှင့် ဆင်တူလေသည်။

ထိုကဲ့သို့သော အဆင့်ရောက်ရှိပါက မိုးမြေတစ်ခွင် အတားအဆီးမရှိ သွားလာနိုင်မည် ဖြစ်သည်။

သို့သော် ထိုအဆင့်ထိ ကျင့်ကြံ အောင်မြင် သွားသည့်အတွက် မည်သည့်အခါမှ သေဆုံးခြင်း မရှိတော့ဘဲ ထာဝရ အသက်ရှင်သန်နိုင်မည် ဟူ၍တော့ ပြောလို့မရနိုင်ပါ။ လောကတွင် မသိနိုင်၊ မမြင်နိုင်သည့် အန္တရာယ် များစွာရှိသည် မဟုတ်ပါလား။

ကျင့်ကြံသူများအတွက် “လောကနတ်ဘုရား” တစ်ပါး ဖြစ်လာရန်ပင် ဒဏ္ဍာရီသဖွယ် ခက်ခဲရလေသည်။ ထို့အတူ ပေါင်ကွမ်း ဆရာတော်၏ ဆရာဖြစ်သူ ပေါင်ယွဲ့ ဆရာတော်၏ လက်ရှိကျင့်ကြံ အောင်မြင်ထားသည့် အဆင့်သို့ ရောက်ရှိနိုင်ရန်မှာလည်း လွန်စွာမှ ရှားပါးလေသည်။ ပေါင်ယွဲ့ဆရာတော်မှာ ကျင့်ကြံသူများ အားလုံး၏ ရှေ့ဆောင်လမ်းပြ ဆရာတော် တစ်ပါးပင် ဖြစ်လေသည်။

ရှီးဟွမ်မှာ နယ်ဆိုးတစ်ခု ဖြစ်ပြီး နတ်မိစ္ဆာများ ခိုလှုံရာ နေရာဖြစ်သလို နတ်မိစ္ဆာဘုရင် များစွာလည်း နေထိုင်ကြလေသည်။ သို့သော် ထိုနတ်မိစ္ဆာများထဲတွင် ပေါင်ယွဲ့ဆရာတော်ကို ယှဉ်နိုင်သည့် နတ်မိစ္ဆာ တစ်ယောက်မှ မရှိပေ။

အစိမ်းရောင်မိန်းကလေး မကျေမနပ် ဖြစ်နေသည့် အချက်ကို သိလိုက်ရသည့်အတွက် အစိမ်းရောင်မျက်နှာနှင့် လူက တစ်ချက် ပြုံးလိုက်မိသည်။ နတ်မိစ္ဆာဘုရင် တစ်ပါးအနေဖြင့် ဗုဒ္ဓဘာသာ ဂိုဏ်းများကို မကျေနပ်သည်မှာ ရှင်းပြစရာပင် မလိုပေ။ သူမ ဘုန်းတော်ကြီးများကို မုန်းနေသည်မှာ သဘာဝကျပါလေသည်။

***

ဆည်းဆာရောင်ခြည်က စမ်းရေပြင်ကို ပုဇွန်ဆီရောင် ခြယ်မှုန်း ပေးထားလေသည်။ စမ်းချောင်းလေး အဆုံးသတ်သည်နှင့် သဲကန္တာရကြီး တစ်ခုကို တွေ့နိုင်သည်။

ရှီးဟွမ်နယ်ဆိုး အတွင်းသို့ စတင် ဝင်ရောက်သည့် အချိန်ကစပြီး ဆန်းလျန်က တိမ်စီးပြီး ပျံသန်းခြင်း မလုပ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ရှီးဟွမ်မှာ နတ်မိစ္ဆာများ၏ နယ်မြေဖြစ်သည့် အတွက် ပျံသန်းသွားမည် ဆိုလျှင် နတ်မိစ္ဆာများက သူ့ကို ကျိန်းသေ အာရုံစိုက်မိကြမည် ဖြစ်လေသည်။

နတ်မိစ္ဆာများမှာ လူသားစားရသည်ကို လွန်စွာမှ နှစ်သက်လေသည်။ သို့သော် ထောင်ပေါင်း များစွာသော သာမန်လူတို့ကို စားသောက်ခြင်းက ကျင့်ကြံသူ တစ်ယောက်၏ အသားကို စားခြင်းလောက် အကျိုးမဖြစ်ထွန်းပေ။

စမ်းချောင်းလေးသည် မည်သည့်နေရာမှ စတင်စီးဆင်းလာသည် မသိပါ။ သို့သော် … သဲကန္တာရသို့ ရောက်သည်နှင့် စမ်းချောင်းလေးမှာ ခန်းခြောက်ပြီး အဆုံးသတ် သွားလေသည်။

စမ်းချောင်းလေး အသက်ပြန်လည် ရှင်သန်ရန်အတွက် သဲကန္တာရကြီးမှာ သမုဒ္ဒရာကြီး ဖြစ်သွားမှသာ ဖြစ်နိုင်ပေလိမ့်မည်။

ဆန်းလျန်က သဲကန္တာရထဲသို့ စတင် ခြေလှမ်းလိုက်သည်။ ရေများ ခန်းခြောက်သွားသည့် စမ်းချောင်းလေးကဲ့သို့ သူ့ဘဝသည်လည်း ကန္တာရထဲတွင် အဆုံးသတ်ချင် သတ်သွားနိုင်လေသည်။

နေက လောင်ကျွမ်းသွားလု မတတ်ပင် ပူပြင်းလွန်းလေသည်။ သဲကန္တာရ တစ်ခုလုံးကို မီးမြှိုက် ထားသကဲ့သို့ပင်။ ဆောင်းဝင်စပြုပြီ ဖြစ်သည့်တိုင် သဲကန္တာရကြီးကိုတော့ ဆေင်းရာသီကို အန်တုကာ ပူပြင်းဆဲပင်။

ဆန်းလျန် ခြေဖဝါးအောက်မှ သဲများမှာ ဆူပွက်နေသည့် ရေပြင်အလား ပူပြင်း လွန်းလေသည်။ သဲပူလက်ဝါးသိုင်းကို ဤသဲကန္တာရထဲတွင် လာရောက် လေ့ကျင့်သင့်သည်ဟု ဆန်းလျန် တွေးနေမိလေသည်။

ဆန်းလျန်က အေးအေးဆေးဆေးပင် အနောက်ဘက်သို့ ဦးတည်ကာ လမ်းလျှောက် နေလေသည်။ နေက တဖြည်းဖြည်း ဝင်တော့မည် ဖြစ်သည်။ ဒဏ္ဍာရီထဲတွင်တော့ ဘီလူးများက နေမင်းကြီးကို မနားမနေ လိုက်လံ ဖမ်းဆီးကြရင်း သဲကန္တာရထဲတွင် အမောစို့ကာ သေဆုံးခဲ့ရသည်ဟု ပြောကြလေသည်။

ဘီလူးများအမောစို့ကာ သေဆုံးပြီးသည့်နောက် မက်မွန်ပင်များအဖြစ် ပြောင်းလဲ သွားကြသည်ဟု အဆိုရှိလေသည်။

ဆန်းလျန်သည် မက်မွန်ပင် တောအုပ်လေးထဲမှ ဖြတ်သန်း လမ်းလျှောက်လာခဲ့သည်။ မက်မွန်ပင်များမှာ အရွက်များက ကျိုးတိုးကျဲတဲနှင့် အသီးများမှာလည်း လှပမှုမရှိပေ။ ရေသာရမည် ဆိုလျှင်တော့ အသီးများမှာ အရည်ရွှမ်းကြမည် ဖြစ်လေသည်။ သို့သော် ခြောက်သွေ့သည့် သဲကန္တာရထဲတွင်တော့ မက်မွန်ပင်လေးများက တန်ဖိုးရှိလေသည်။

သဲကန္တာရတွင် ရေသာ မရှိသည်မဟုတ် အသက်ဓာတ် စွမ်းအားများလည်း နည်းပါးလွန်းလေသည်။

ဝင်လုဆဲဆဲနေမှာ တော်တော်နှင့် မဝင်နိုင်သေးပေ။ နေရောင် ပျောက်ကွယ်သွားပြီး အပူရှိန်ပျောက်ကွယ် သွားမည်ကို မဖြစ်စေချင်၍ နေမဝင်သေးဘဲ ပေကပ်ကပ် လုပ်နေသလား မသိနိုင်ပေ။

ရုတ်တရက် ကလေးငယ်တစ်ယောက် အော်ငိုသံကို ကြားလိုက်ရလေသည်။ ဆန်းလျန်က ရှေ့သို့ အနည်းငယ် ဆက်သွားလိုက်သည့် အခါတွင်တော့ မက်မွန်သီးလေး တစ်လုံးကဲ့သို့ ချစ်စရာကောင်းသည့် ကလေးမလေး တစ်ယောက်ကို တွေ့လိုက်ရလေသည်။

ကလေးမလေးက ဆန်းလျန်ကို တွေ့သည့်အခါ အငိုတိတ် သွားလေသည်။

“ကိုကို၊ သမီးကို မက်မွန်သီးတွေ ခူးပေးပါလားဟင်”

သူမ၏ အသံလေးမှာ ရော့ရှီလေးနှင့် ဆင်တူပြီး သူမ၏ ပုံစံလေးမှာလည်း ရော့ရှီလေးနှင့် ဆင်တူလေသည်။ သို့သော် ထူးဆန်းသည့် အချက်မှာ ဤနေရာသည် ကလေးငယ်တစ်ယောက် ရှိနေသင့်သည့် နေရာတစ်ခု မဟုတ်ပေ။

ဆန်းလျန်ကတော့ အံ့သြသွားသည့်ပုံ မပေါ်ပါ။ သူက ခါးကိုကိုင်းကာ ကလေးမလေး၏ မျက်ရည်များကိုပင် သုတ်ပေး လိုက်သေးသည်။

“ခူးပေးရမှာ ပေါ့ကွယ်”

သူက နူးညံ့သိမ်မွေ့သည့် အသံဖြင့် ပြောလိုက်လေသည်။

ထို့နောက်သူက မက်မွန်သီးတစ်လုံးကို လှမ်းခူး လိုက်လေသည်။ ဆန်းလျန် မက်မွန်သီးကို ထိလိုက်သည်နှင့် မက်မွန်သီးက ပေါက်ကွဲသွားကာ အနက်ရောင် အရည်များ ပန်းထွက် လာလေသည်။ လွန်စွာမှ ကြောက်မက်ဖွယ်ရာပင်။

အနက်ရောင်အရည်များ ထိမှန်ခြင်း ခံရလျှင် လူတိုင်းက မသတီ ရွံရှာကြမည်သာ ဖြစ်လေသည်။

ရုတ်တရက်ပင် မိန်းကလေးငယ်လေးသည် ဆန်းလျန်၏ ခြေသလုံးကို ဖက်လိုက်ကာ သွားထက်ထက်လေးများဖြင့် ကိုက်ဖြတ်လိုက် လေတော့သည်။ မက်မွန်ပင်များမှာလည်း ရှုံ့မဲ့နေကြသည့် အရုပ်ဆိုးဆိုး မျက်နှာများအဖြစ် ပြောင်းလဲ သွားကြလေသည်။

နေဝင်သွားပြီ ဖြစ်ပြီး မှောင်မိုက်သည့် ညသည် အေးစက်နေလေပြီ။

နေ့ဘက်အချိန်တုန်းက လောင်ကျွမ်းနေသည့် အပူရှိန်မှာ ယခုတော့ ဆောင်းည တစ်ညကဲ့သို့ အေးစက်လွန်း နေလေသည်။

မက်မွန်ပင် တစ်တောလုံးမှာ ရှုံ့မဲ့နေသည့် ကြောက်မက်ဖွယ်ရာ တစ္ဆေဆန်ဆန် မျက်နှာများအဖြစ် ပြောင်းလဲသွားကြပြီး ကြောက်စရာ ညည်းညူသံများ ပြုနေကြလေသည်။ မက်မွန်ပင်များ၏ ပင်စည်များက မြွေများအလား ဆန်းလျန်၏ ခါးနှင့်လက်တို့ကို လာရောက် ရစ်ပတ်ကာ ချုပ်နှောင်ထားကြသည်။

မက်မွန်သီးထဲမှ ထွက်လာသည့် အနက်ရောင် အရည်များမှာလည်း ဆန်းလျန် တစ်ကိုယ်လုံးတွင် ပေကျံနေလေပြီ။

မိန်းကလေးငယ်လေးမှာ ပါးစပ်ကိုဖြဲကာ ဆန်းလျန်၏ ခြေသလုံး တစ်ခုလုံးကို တစ်ကိုက်ပြီးတစ်ကိုက် ဝါးမျိုစားသောက် နေလေသည်။ သူမ၏ပါးစပ် တစ်ခုလုံးတွင် သွေးများဖြင့် ပေကျံလျက် ရှိလေသည်။

ဆန်းလျန်မှာ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်မရသည့်တိုင် ကြောက်လန့်သွားခြင်း မရှိပါ။ ရုတ်တရက် ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာပြီး ဆန်းလျန်ကိုယ်တွင် ရစ်ပတ်နေသည့် သစ်ပင်များကို ဖြတ်တောက် ပစ်လိုက်လေသည်။ ဓားဝိညာဉ်မှာ လွန်စွာမှ တည်ငြိမ်ပြီး စူးရှသည့်အသံများ ထွက်ပေါ်နေလေသည်။

နေပြန်ထွက်လာသကဲ့သို့ ကောင်းကင်တစ်ခုလုံး လင်းထိန်သွားပြီး ဆန်းလျန်ကို ကိုက်ဖြတ် စားသောက်နေသည့် မိန်းကလေးငယ်လေးမှာ အရိုးစုတစ်ခုအဖြစ် ပြောင်းလဲသွားသလို မက်မွန်ပင် တောအုပ်လေးမှာလည်း ခြောက်ကပ် သေဆုံးနေသည့် သစ်ရိုင်းပင်များအဖြစ် ပြောင်းလဲသွားလေသည်။

ဓားဝိညာဉ်မှာ ဆန်းလျန်၏လက်ကို ဖြတ်သန်း ထိခတ်သွားလေသည်။

ဓားဝိညာဉ်ပိုင်ရှင်မှာ အစိမ်းနုရောင် ဝတ်ဆင်ထားသည့် ဓားသမားတစ်ယောက် ဖြစ်လေသည်။ ထိုဓားသမားက သူ၏ဓားကို ဓားအိမ်အတွင်းသို့ ပြန်ထည့်လိုက်သည်။ ဓားသမားလူငယ်မှာ ညီညာသော မျက်ခုံးမျက်လုံးများကို ပိုင်ဆိုင်ထားသည့် အသက်ဆယ့်ရှစ်နှစ်အရွယ် လူငယ်တစ်ယောက် ဖြစ်လေသည်။

သူက ဆန်းလျန်ကို တစ်ချက် ကြည့်လိုက်ပြီး …

“ကျုပ်က ရွှမ်ထျန်းဂိုဏ်းက စုန့်ချင်းယီပါ၊ ဒီကမိတ်ဆွေက တံလျှပ်မှော်မိစ္ဆာရဲ့ ထောင်ချောက်ထဲကို ကျတော့မလို့ပဲ၊ တံလျှပ်မှော်မိစ္တာဘုရင်ကိုတော့ ချင်းရွှမ်နတ်တံခါးက နောင်တော်ချန်ကျန့်မေက နှိမ်နင်းလိုက်ပါပြီ၊ ဒါပေမဲ့ မိတ်ဆွေက ဒီကန္တာရထဲကို မျက်စိလည်ပြီး ရောက်လာတာ ဆိုရင်တော့ အသက်အန္တရာယ် စိုးရိမ်ရတယ်နော်”

ဟုပြောလိုက်လေသည်။

ဆန်းလျန်က စုန့်ချင်းယီ၏ ဓားဝိညာဉ် ထိခတ်သွားသည့် သူ၏လက်ကို ပြန်လည် ရုပ်သိမ်း လိုက်လေသည်။ ဓားဝိညာဉ်က တပ်လျှပ်မှော်မိစ္ဆာကို ဖျက်ဆီးခဲ့သည့် နေရာကို ဆန်းလျန်က လက်ညှိုးလက်ခလယ် အသုံးပြုကာ တစ်ချက်ညွှန်လိုက်လေသည်။

“ကျေးဇူးတင်ပါတယ် စုန့်သခင်လေး”

ဆန်းလျန်က စုန့်ချင်းယီကို ကျေးဇူးတင် စကားပြော လိုက်လေသည်။

ဆန်းလျန်၏ လက်ချောင်းများဖြင့် ညွှန်ပြထားသည့်နေရာ ကန္တာရမြေပြင်တွင် အပေါက်တစ်ပေါက် ဖြစ်ပေါ်သွားပြီး တပ်လျှင်မှော်မိစ္ဆာ၏ အရိုးစုကို မြေမြှုပ်သင်္ဂြိုဟ် လိုက်လေသည်။

စုန့်ချင်းယီက သက်ပြင်း တစ်ချက်ချလိုက်ရင်း ….

“အမှန်တော့ အရင်တုန်းက ဒီနေရာမှာ မျိုးနွယ်စုလေးတစ်ခု နေထိုင်တာပါ၊ တံလျှပ်မှော်မိစ္ဆာက ဒီနေရာက ဝိညာဉ်စမ်းရေကို ဖြတ်တောက်ပစ်လိုက်ပြီး မိုင်တစ်ရာ ပတ်လည်ရှိတဲ့ ကန္တာရကြီး တစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်တယ်၊ ခင်ဗျား ဒီနေရာကိုလာတော့ စမ်းချောင်းလေး တစ်ခုကို တွေ့တယ်မဟုတ်လား၊ အဲဒီစမ်းချောင်းလေးက ဝိညာဉ်စမ်းရေ ဖျက်ဆီးခံရပြီးတော့ ကျန်ရစ်ခဲ့တဲ့ စမ်းချောင်းလေးပဲ၊ အဲဒီစမ်းချောင်းလေးလည်း မကြာခင် ခန်းခြောက် သွားရတော့မှာ”

စုန့်ချင်းယီမှာ စိတ်မကောင်း ဖြစ်နေပုံ ရလေသည်။

ကျင့်ကြံသူ ဂိုဏ်းလေးများမှ တပည့်များမှာ ဝိညာဉ်သန့်စင်ရန်အတွက် ဝိညာဉ်စမ်းရေကို အသုံးပြုကြလေသည်။

စုန့်ချင်းယီမှာ ယခင်က ကျင့်ကြံသူ ဂိုဏ်းလေး တစ်ခုမှဖြစ်ပြီး နောက်ပိုင်းတွင်တော့ နတ်ဘုရား ကျင့်စဉ်များကို သင်ကြားပေးသည့် တာအိုကျောင်းတော်ကြီးလေးခုမှ တစ်ခုဖြစ်သည့် ရွှမ်ထျန်းဂိုဏ်းသို့ ဝင်ရောက်ခဲ့သူ ဖြစ်လေသည်။

ဆန်းလျန် မြေမြှုပ်သင်္ဂြိုဟ် ပေးလိုက်သည့် အရိုးစုမှာ ထိုမျိုးနွယ်စုမှ ကလေးမလေး တစ်ယောက်၏ အရိုးစုများ ဖြစ်လေသည်။ တံလျှပ်မှော်မိစ္ဆာ၏ တန်ခိုးစွမ်းအားမှာ အရိုးစုကို တွယ်ကပ်နေခြင်း ဖြစ်ပြီး ထင်ယောင်ထင်မှား တံလျှပ်ပုံရိပ်ယောင်များကို ဖန်ဆင်းလိုက်ခြင်း ဖြစ်လေသည်။ ထိုကလေးမလေးကို တမင်သက်သက် ရော့ရှီလေးနှင့် တူအောင် ဖန်ဆင်းထားပြီး ဆန်းလျန်၏ စိတ်များ ရှုတ်ထွေးသွားအောင် လုပ်လိုက်ခြင်းဖြစ်လေသည်။

ယခုတော့ တံလျှပ်မှော်မိစ္ဆာ၏ ဝိညာဉ်မှာ စုန့်ချင်းယီ၏ ဓားဖြင့် အမြစ်ပြတ် ချေမှုန်းခံလိုက်ရပြီ ဖြစ်လေသည်။ ဆန်းလျန်ကတော့ မိန်းကလေးငယ်လေး အေးချမ်းစွာ အနားယူစေရန် အတွက် မြေမြှုပ်သင်္ဂြိုဟ် ပေးခဲ့လေသည်။

မိန်းကလေးငယ်လေး၏ မူလပုံသဏ္ဌာန်မှာ ရော့ရှီလေးနှင့် တူချင်မှ တူပေလိမ့်မည်။ သို့သော် ဆန်းလျန်ကတော့ မည်သူပင်ဖြစ်ပါစေ လူသားချင်းစာနာစွာဖြင့် ထိုသို့ ပြုလုပ်ပေးမည်ပင် ဖြစ်လေသည်။

စုန့်ချင်းယီက သက်ပြင်း ချလိုက်ပြန်သည်။

“ဒီကမိတ်ဆွေက တကယ်စိတ်ထား ကောင်းတာပဲကိုး၊ ခင်ဗျားကို ကြည့်ရတာ ကျင့်ကြံသူ တစ်ယောက်ပဲ ဖြစ်မယ်ထင်တယ်၊ ဒါပေမဲ့ စိတ်ဓာတ်ခိုင်မာ ပြတ်သားမှု မရှိရင်တော့ ကျင့်စဉ်လမ်းက အောင်မြင်နိုင်မှာ မဟုတ်ဘူးနော်”

သူက ဆန်းလျန်ကို အလေးအနက် သတိပေးလိုက်လေသည်။

သူ၏ဂိုဏ်းတူအစ်ကို ချန်ကျန့်မေကဲ့သို့ တန်ခိုးစွမ်းအား ကြီးမားသူမှသာ ဓားချက်တစ်ချက်တည်းဖြင့် တံလျှပ်မိစ္ဆာ၏ ဝိညာဉ်ကို တိုက်ခိုက်နိုင်မည် ဖြစ်လေသည်။ ဆန်းလျန်ပင်လျှင် ထိုသို့ တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ဆန်းလျန်က စုန့်ချင်းယီ၏ ဓားသိုင်းစွမ်းအားကို ကြိတ်ပြီး အားကျလိုက်မိလေသည်။

ဆန်းလျန်က တစ်ချက်ပြုံးလိုက်ပြီး …

“ရွှမ်ထျန်ဂိုဏ်းက အကောင်းဆုံး နတ်ဘုရား ကျောင်းတော်တွေထဲက တစ်ခုဆိုတာ ကျုပ်ကြားဖူးပါတယ်၊ ဒါပေမဲ့ စုန့်သခင်လေးက ကိုယ့်ကိုယ်ကိုယ် အရမ်း နှိမ့်ချလွန်းတာပဲ”

ဟု ပြောလိုက်လေသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset