တကယ်တော့ ဆန်းလျန်မှာ “စိတ်ဝိညာဉ်ငြိမ်းအေးခြင်း” အဆင့်သို့ ရောက်ရှိ နေသည်ကို သတိမထားမိစဉ်မှာပင် အချိန်များက ကုန်ဆုံးသွားရခြင်း ဖြစ်လေသည်။
စိတ်ဝိညာဉ် ငြိမ်းအေးနေသည့် အခါတွင် နှစ်ပေါင်းတစ်ရာနှင့် အချိန်တစ်စက္ကန့်မှာလည်း ခြားနားမှုရှိမည် မဟုတ်ပေ။
ထိုသို့ စိတ်ဝိညာဉ် ငြိမ်းအေးနေသည့် အတွက် သူက အန္တရာယ် ကင်းကင်းဖြင့် ရှီးဟွမ်နယ်ဆိုး အတွင်းသို့ တိုးဝင်မိခြင်း ဖြစ်လေသည်။
ထို့နောက် ရေသမင်မိစ္ဆာ၏ သီချင်းသံကြောင့် သတိပြန်ဝင်လာခြင်း ဖြစ်လေသည်။ ရေသမင်မိစ္ဆာနှင့် တွေ့သည့် အချိန်တွင် သူက စိတ်ဝိညာဉ် ငြိမ်းအေးခြင်း အဆင့် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေခြင်း ဖြစ်ပြီး ရေသမင်မိစ္ဆာက သူ့ကို ပြဿနာရှာခြင်း ဖြစ်လေသည်။
ချွေ့ဖိန်တောင်မှာ ထူးခြားသည့် တောင်တစ်လုံး မဟုတ်သလို အလွန် နက်ရှိုင်းခြင်းလည်း မရှိပါ။ သို့သော် သာယာသည့် နေရာဖြစ်သည့်အတွက် ဆန်းလျန်လည်း နယ်ကျွံခဲ့ရခြင်း ဖြစ်လေသည်။
ဘဝတွင် မရနိုင်သည့် အရာကိုမှ လိုချင်သည့် အခိုက်အတန့်များစွာ ရှိခဲ့ဖူးမည် ဖြစ်လေသည်။ ထို့အတူ မလိုချင်သည်များကို ရလာသည့် အခိုက်အတန့် များစွာလည်း ရှိပေလိမ့်မည်။ ဆန်းလျန်အနေဖြင့် ဟိုင်သန်းအဆင့်ကို တက်ရောက်ချင် နေမိပြီ။ သို့သော် သူ၏ စိတ်ဝိညာဉ် ငြိမ်းအေးခြင်း အဆင့်က ဟိုင်သန်းအဆင့် တက်ရောက် နိုင်ရန်အတွက် မည်သို့မျှ အထောက်အကူ မပြုနိုင်ခဲ့ပေ။
ဆန်းလျန်၏ ခေါင်းထဲတွင် အတွေးတို့ ဖုံးလွှမ်းရင်းဖြင့်ပင် သူက အစိမ်းရောင် မိန်းကလေးကို ကျေးဇူးတင် စကားပြောလိုက်သည်။
“ကျေးဇူးပါပဲ”
“မင်းလိုချင်တဲ့ အဖြေသိရပြီပဲ၊ သွားပါတော့”
အစိမ်းရောင် မိန်းကလေးက အေးစက်စွာဖြင့် ပြောလိုက်လေသည်။
ထိုစဉ် အစိမ်းရောင် မိန်းကလေး၏ အောက်ဘက် ထိုင်ခုံတစ်ခုတွင် ထိုင်နေသည့် မျက်နှာအစိမ်းရောင်နှင့် လူက ဝင်ပြောလိုက်သည်။
“တာအိုကျင့်ကြံသူ မိတ်ဆွေလေး၊ ကျုပ်တို့နဲ့ ခဏတစ်ဖြုတ်နေပြီး တာအိုကျင့်စဉ်လမ်း အကြောင်း ဆွေးနွေးလို့တော့ ရတယ်မလား”
အစိမ်းရောင် မျက်နှာနှင့်လူက ဆန်းလျန်ကို ထိုသို့ ပြောပြီးသည်နှင့် အစိမ်းရောင်ဝတ် မိန်းကလေးဘက်သို့ တစ်ချက်လှည့်လိုက်ပြီး …
“မင်းကြီး၊ ကျုပ်က လူသားလည်းစားလေ့ မရှိပါဘူး၊ ဒီတော့ ဒီနေ့အဖို့ သက်သတ်လွတ်ပဲ စားလိုက် ကြရအောင်လေ”
ဟု ပြောလိုက်လေသည်။
သူက ဆန်းလျန်အတွက် စဉ်းစားပေးသည့် သဘောဖြင့် ထိုသို့ ပြောလိုက်ခြင်း ဖြစ်လေသည်။
နတ်မိစ္ဆာများက လူများ၏ အသားကို စားကြပြီး လူသားများကလည်း နတ်မိစ္ဆာများ (တိရိစ္ဆာသတ္တဝါများ)၏ အသားကို စားကြလေသည်။ သို့သော် လူသားများကတော့ နတ်မိစ္ဆာများ လူသားစားသည့် ဓလေ့မှာ ရွံရှာဖွယ်ဖြစ်သည့် အရာဟု ရှုမြင်လေသည်။
“မလိုပါဘူး၊ ကျုပ်တို့တွေရဲ့ ကျင့်စဉ်လမ်းတွေက တူမှမတူကြတာ၊ ဆွေးနွေးကြမယ် ဆိုရင်လည်း အငြင်းပွားကြရုံပဲ ရှိမှာပေါ့ဗျာ”
ဆန်းလျန်က ပြန်ပြောလိုက်သည်။
အစိမ်းရောင်မျက်နှာနှင့် လူ၏မျက်နှာတွင် အစိမ်းရောင်တစ်ချက် လင်းလက် သွားလေသည်။ သူက စူးရှသော အကြည့်ဖြင့် ဆန်းလျန်ကို စိုက်ကြည့်လိုက်ပြီး …
“မင်းက ဆန္ဒမရှိဘူး ဆိုရင်လည်း ထားလိုက်ပါတော့”
ဟု ပြောလိုက်လေသည်။
ထို့နောက် ဆန်းလျန်က ခေါင်းတစ်ချက် ညိတ်လိုက်ပြီး ဂူထဲမှ ထွက်လာခဲ့လေသည်။
ဆန်းလျန် ထွက်သွားသည်နှင့် အစိမ်းရောင် မျက်နှာနှင့် လူ၏ရှေ့တွင် ရှည်လျားသည့် အရိပ်ကြီးတစ်ခု ပေါ်လာပြီး ဆန်းလျန် ရပ်သွားခဲ့သည့် ဂူထဲမှ နေရာသို့ အစိမ်းရောင် မှော်မီးတောက်များဖြင့် ရစ်ပတ်လိုက်လေသည်။
သို့သော် ထိုမီးတောက်များက မည်သည့် တုံ့ပြန်မှုမှ မရှိဘဲ အစိမ်းရောင်မျက်နှာနှင့် လူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်တိုးဝင်ကာ ပျောက်ကွယ် သွားကြလေသည်။
ထိုဖြစ်ရပ်ကြောင့် အစိမ်းရောင် မိန်းကလေးပင် အံ့အားသင့် သွားရပြီး ဘေးတစ်ဖက် တစ်ချက်တွင် ရပ်တန့်နေကြသည့် အဆင့်နိမ့် နတ်မိစ္ဆာလေး များမှာတော့ ထိတ်လန့် တုန်လှုပ်ကာ ကြက်သေသေ သွားကြလေသည်။
“ဒီလူက ကျုပ်ရဲ့ ဂူဗိမာန်ထဲ ဝင်လာရဲတဲ့အထိ သတ္တိရှိတယ်၊ သတ္တိရှိရုံသာမကဘူး တန်ခိုးစွမ်းအားလည်း ကြီးတယ်၊ ဒါပေမဲ့ သူကကျုပ်ရဲ့ ကိုယ်ရေးကိုယ်တာတွေ ဘာတစ်ခုမှ စွက်ဖက်မသွားဘူး၊ ဒါပေမဲ့ ကျုပ်သိချင်တာက မင်းရဲ့ မှော်မီးတောက်က သူ့အပေါ်မှာ ဘာလို့ မသက်ရောက်ရတာလဲ”
အစိမ်းရောင်ဝတ် မိန်းကလေးက သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်လေသည်။
အစိမ်းရောင်မျက်နှာနှင့် လူက လေးလေးနက်နက် စဉ်းစားပြီးမှ အဖြေပေးလိုက်သည်။
“ကျုပ်လည်း နားမလည်နိုင်ဘူး၊ ဒီမှော်မီးတောက်က အသူရာချောက်ကိုးဆင့်က ငရဲမီးမျိုးစေ့ကနေ ကျင့်ကြံထားတာ၊ အသူရာချောက်ကိုးဆင့်က ငရဲမီးအစစ် မဟုတ်ပေမဲ့ လူတစ်ယောက်ရဲ့ ဝိညာဉ်ကိုတော့ လောင်ကျွမ်းသွားစေနိုင်တဲ့ အစွမ်းရှိတယ်၊ ဒါပေမဲ့ ဒီလူရဲ့ဝိညာဉ်မှာ လောင်ကျွမ်းစေနိုင်တဲ့ အရာမရှိဘူး”
“မင်းရဲ့ဆရာကို မေးကြည့်ပါလား၊ သူသိချင်သိမှာပေါ့”
အစိမ်းရောင်ဝတ် မိန်းကလေးက ပြောလိုက်သည်။
အစိမ်းရောင် မျက်နှာနှင့်လူ၏ မျက်နှာတစ်ချက် ပျက်သွားလေသည်။ ထိုအချက်ကို အစိမ်းရောင်ဝတ် မိန်းကလေးက သတိပြုလိုက်မိသည်။
“မင်းကြီး၊ မနောက်ပါနဲ့၊ ဆရာက ကျုပ်ကို လာမရှာရင် ဆရာဘယ်မှာလဲ ဆိုတာ ကျုပ်သိရတာမှ မဟုတ်တာ”
ဟု ပြန်ပြောလိုက်သည်။
အစိမ်းရောင်ဝတ် မိန်းကလေးက ပြုံးလိုက်ရင်း …
“မင်းရဲ့ဆရာကို သွားရှာဖို့ ပြောနေတာ မဟုတ်ပါဘူး၊ မင်းရဲ့ဆရာနဲ့ နောက်တစ်ခါတွေ့ရင် မေးကြည့်ဖို့ ပြောတာပါ၊ သူက ချင်းရွှမ်နတ်တံခါးအကြောင်း တော်တော်သိတယ် မဟုတ်လား”
ဟု ပြောလိုက်လေသည်။
အစိမ်းရောင် မျက်နှာနှင့်လူမှာ အစိမ်းရောင်ဝတ် မိန်းကလေးက သူ့ကို စမ်းသပ်နေသည်လားဟု မသေမချာ ဖြစ်နေရလေသည်။ ဤနတ်မိစ္ဆာဘုရင်မှာ လွန်ခဲ့သည့် နှစ်ပေါင်း တစ်ထောင်အတွင်း တာ့မင်ဝမ်ကျောင်းတော်မှ လွတ်မြောက်အောင် ရှောင်တိမ်းနိုင်သည့် တစ်ပါးတည်းသော နတ်မိစ္ဆာဘုရင် ဖြစ်လေသည်။ သူမ၏အဆင့်မှာ ကျင့်ကြံသူ တစ်ယောက်၏ ဟိုင်သန်းအဆင့်နှင့် တူညီနေပြီ ဖြစ်သည့်အပြင် မမှန်းဆနိုင်သည့် အခြားသော တန်ခိုးစွမ်းအားများကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်လေသည်။
အချို့နတ်မိစ္ဆာများမှာ မွေးရာပါ တန်ခိုးစွမ်းအားများ ပိုင်ဆိုင် ထားကြလေသည်။ ထိုတန်ခိုး စွမ်းအားများမှာ မည်သို့မျှ ဖျက်ဆီး၍ မရနိုင်ပေ။ အချို့သော စွမ်းအားများ ဆိုလျှင် နတ်ဘုရားများနှင့် တာအိုဆရာများထက်ပင် အဆင့်မြင့် ကြသေးသည်။
အစိမ်းရောင်ဝတ် မိန်းကလေးမှာတော့ မွေးရာပါ တန်ခိုးစွမ်းအားများ သာမက ကျင့်ကြံခြင်းမှ ရရှိသည့် တန်ခိုးစွမ်းအား များမှာလည်း ကြီးမားလေသည်။ ထို့ပြင် သူမက လွန်စွာမှ ဗဟုသုတလည်း ကြွယ်ဝသူ ဖြစ်လေသည်။
အစိမ်းရောင်မျက်နှာနှင့် လူ၏ ဆရာမှာ လက်ရှိခေတ်တွင် အလွန် ရက်စက်ကြမ်းတမ်း သူတစ်ယောက်အဖြစ် ကျော်ကြားလေသည်။ သူ့အကြောင်းကို အမြဲတမ်း လျှို့ဝှက် ထားတတ်ပြီး မည်သည့်နေရာတွင် ရှိနေသည်လဲ ဆိုသည်ကို မည်သူမျှ မသိနိုင်ကြပေ။
အစိမ်းရောင်မျက်နှာနှင့် လူက ထိုအကြောင်းကို ဆက်မပြောချင်တော့သဖြင့် စကားလမ်းကြောင်း လွှဲလိုက်သည်။
“မင်းကြီး နန်းတော်တစ်ခု ဆောက်ချင်နေတာ ကျုပ်ဆရာက သိပါတယ်၊ သာမန်ကျောက်တုံးတွေက မိုးဒဏ် လေဒဏ်ကို ခံနိုင်မှာ မဟုတ်ဘူး၊ ပြိုကျကုန်ရင် မင်းကြီး စိတ်အနှောင့်အယှက် ဖြစ်ရလိမ့်မယ်၊ ဒါကြောင့် ဝိညာဉ်ကျောက်တုံးတွေကို သန့်စင်ပြီး နန်းတော် တည်ဆောက်သင့်တယ်၊ ဒါကြောင့် မင်းကြီးအတွက် အသုံးဝင်မဲ့ ပစ္စည်းလေးတစ်ခု ကျုပ်ယူလာခဲ့တယ်”
အစိမ်းရောင်မျက်နှာနှင့် လူက ပြောလိုက်လေသည်။
ထို့နောက် သူက အိမ်ပုံစံ ပစ္စည်းလေး တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုပစ္စည်းလေးမှာ ဝိညာဉ်စွမ်းအားများ ပြည့်ဝနေလေသည်။ ဆန်းလျန်သာ ထိုပစ္စည်းလေးကို တွေ့မည် ဆိုပါက ဆရာစူး၏ စူးကျားပေါင် အိမ်ပုံစံ အသေးစားလေး ဖြစ်သည်ကို ချက်ချင်းပင် မှတ်မိမည် ဖြစ်လေသည်။
စကြဝဠာကြီးက လွန်စွာမှ ကျယ်ပြန့်လွန်းပြီး ဆန်းလျန်မှာ လွန်စွာမှ အတွေ့အကြုံ နည်းသေးသည်။
ဆန်းလျန်မှာ ချွေ့ဖိန်တောင် ပိုင်နက်ထဲမှ ချက်ချင်းပင် ထွက်သွားခဲ့လေသည်။ ချွေ့ဖိန်တောင်မှ နတ်မိစ္ဆာဘုရင်မှာ ရိုင်းစိုင်း ရက်စက်ရုံမျှမက အစိမ်းရောင်မျက်နှာနှင့် လူ၏ တန်ခိုးစွမ်းအားမှာလည်း မှန်းဆ၍ မရနိုင်ပေ။
အစိမ်းရောင်မျက်နှာနှင့် လူကို နိုင်အောင် တိုက်ခိုက်နိုင်ပါမည်လား ဆိုသည်ကို ဆန်းလျန် မသေချာပေ။ ထိုလူ၏ မှော်မီးတောက်ကို သူ၏ဝိညာဉ်ကို လာရောက် ထိခိုက်သည်ကို သူခံစားမိလေသည်။ ထိုမှော်မီးတောက်မှာ “ယင်” စွမ်းအား မီးတောက်တစ်ခု ဖြစ်သည်။
သို့သော် ထိုမီးတောက်က သူ့ကိုလာရောက် ရိုက်ခတ်သည့်အခါ ဆန်းလျန်၏ ခန္ဓာကိုယ်က အလိုလို ခုခံပြီးသား ဖြစ်နေလေသည်။ ထိုမီးတောက်မှာ မီးတောက် အလုံးကြီးကဲ့သို့ ဖြစ်ပြီး လူသားဝိညာဉ်မှာ ဆီအိုးတစ်ခုကဲ့သို့ ဖြစ်လေသည်။ ထိုမီးတောက်သာ ဝိညာဉ်နှင့် ထိမိပါက ဆီအိုးတစ်ခုအတွင်းသို့ မီးတောက်ကြီးတစ်ခု ကျလာသည့်ပမာ ဝိညာဉ်တစ်ခုလုံး လောင်ကျွမ်းသွားမည် ဖြစ်လေသည်။ သို့သော် ဆန်းလျန်၏ ဝိညာဉ်ကတော့ ဆီအိုးကဲ့သို့ မဟုတ်ဘဲ ရေများဖြင့် ပြည့်နေသည့် ရေအိုးကဲ့သို့ ဖြစ်နေလေသည်။ ထို့ကြောင့် မီးတောက်မှာ အလိုလို ငြိမ်းသွားရလေသည်။
ထိုမီးတောက်မှာ ရှေးကျသည့် ပညာရပ်တစ်ခုလည်း ဖြစ်ဟန် တူလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုမီးတောက်ကို ကာကွယ်ရန် ထိုက်ရွှီးစွမ်းအားများ၏ အကာအကွယ် မယူနိုင်ခင်မှာပင် ထိုမီးတောက်က သူ့ဝိညာဉ်ကို လာရောက် ထိမှန်ခြင်း ဖြစ်လေသည်။
တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်ထဲမှ အေးစိမ့်သည့် စွမ်းအားတစ်ခု ထွက်လာပြီး ထိုမီးတောက်၏ တိုက်ခိုက်မှုကို အလိုလိုခုခံပြီးသား ဖြစ်နေလေသည်။
ထိုအေးစိမ့်သည့် စွမ်းအားမှာ ဆန်းလျန် အတွက်တော့ အဆန်းမဟုတ်ပါ။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက ဆန်းလျန်မှာ ဝိညာဉ်မြစ်ရေထဲတွင် ရေစိမ်နေတတ်သူ ဖြစ်လေသည်။ ထိုစွမ်းအားမှာ ဝိညာဉ်မြစ်ရေမှ ရသည့် အေးစိမ့်သည့် စွမ်းအား ဖြစ်လေသည်။
အစိမ်းရောင်မျက်နှာနှင့် လူ၏ မှော်မီးတောက်ကို ထိန်းချုပ်နိုင်သည်မှာ ဝိညာဉ်မြစ်ရေမှ ရရှိသည့် စွမ်းအားများကြောင့်လားဟု ဆန်းလျန် တွေးနေမိသည်။
အမှန်တော့ ဆန်းလျန်က နတ်မိစ္ဆာဘုရင်နှင့် တွေ့လျှင် သေစေခြင်း ကျောင်းတော်သို့ လမ်းမေးခြင်းအပြင် နတ်မိစ္ဆာကို ယဉ်ပါးအောင် နှိမ်နင်းပြီး လူသားမစားရန် စည်းရုံးချင်မိ လေသည်။ သို့သော် အစိမ်းရောင်ဝတ် မိန်းကလေးထံမှ ရန်လိုသည့် အငွေ့အသက်များနှင့် အစိမ်းရောင်မျက်နှာနှင့် လူထံမှ စိမ့်ထွက်နေသည့် ကြီးမားသည့် စွမ်းအားများကြောင့် ဆန်းလျန် ပြောင်းလိုက်ရခြင်း ဖြစ်လေသည်။ ထိုနှစ်ယောက်နှင့်သာ တိုက်ခိုက်မည် ဆိုလျှင် ဆန်းလျန်အတွက် နိုင်ချေလုံး၀ (လုံးဝ) မရှိနိုင်ပေ။ ကျိန်းသေ ရှုံးနိမ့်ရမည် ဖြစ်လေသည်။
ချွေ့ဖိန်တောင် နတ်မိစ္ဆာဘုရင်၏ တန်ခိုးစွမ်းအားမှာ လောက နတ်ဘုရားတစ်ပါး အဆင့်မျှ ရှိနေပြီ ဖြစ်ကြောင်း ဆန်းလျန် ခန့်မှန်းမိသည်။ အဘယ်ကြောင့်ဆိုသော် ဆန်းလျန် ဂူအပြင်တွင် ရပ်နေသည့် အချိန်မှာပင် ထိုနတ်မိစ္ဆာဘုရင်က သူ၏တည်ရှိမှုကို အာရုံခံကာ သိရှိနေသောကြောင့် ဖြစ်သည်။
သို့သော် အစိမ်းရောင်ဝတ် မိန်းကလေးမှာ သေစေခြင်း ကျောင်းတော် တည်နေရာကို တုံ့ဆိုင်းခြင်းပင် မရှိဘဲ လွယ်လွယ်နှင့် ပြောပြလိမ့်မည်ဟု သူမထင်မိခဲ့ပေ။
အစိမ်းရောင်ဝတ် မိန်းကလေးက အိမ်ပုံသဏ္ဌာန် ပစ္စည်းလေးအား ယူလိုက်ပြီး ဆော့ကစားသလို လှည့်ပတ် နေလိုက်သည်။ ထို့နောက်မှ ပျင်းရိသော လေသံဖြင့် ….
“ဒီအသွင်ပြောင်း ပစ္စည်းလေးက ကောင်းတော့ ကောင်းပါတယ်၊ ဒါပေမဲ့ အရင်ပိုင်ရှင်ဆီက သဲလွန်စတွေကိုရော ဖျောက်ဖျက်ခဲ့ရဲ့လား၊ ဒါနဲ့ မင်းက ဒီပစ္စည်း ကျုပ်ကိုပေးတာ ဘာများ တောင်းဆိုချင်တာ ရှိသေးလဲ”
ဟု မေးလိုက်လေသည်။
“ကျုပ်ဆရာ ပြောတာကတော့ သူက မိတ်ဆွေဖွဲ့ချင်တာပါတဲ့၊ တခြားဖုံးကွယ်ထားတဲ့ ကိစ္စမရှိပါဘူး”
အစိမ်းရောင်မျက်နှာနှင့် လူက ပြုံးပြီး ပြောလိုက်လေသည်။
သူ၏ အရုပ်ဆိုးဆိုး မျက်နှာကြီးမှာ ပြုံးလိုက်သည့်အခါ ပိုပြီး ကြည့်ရဆိုးလေသည်။
“ကောင်းပြီလေ၊ ဒါဖြင့်လည်း မင်းရဲ့စေတနာကို လက်ခံလိုက်မယ်”
အစိမ်းရောင် မိန်းကလေးက ပြန်ပြောလိုက်သည်။
“ဒါနဲ့ ကျုပ်မေးစရာ တစ်ခုရှိတယ်၊ မင်းကြီးက သူ့ကို သေစေခြင်း ကျောင်းတော် တည်နေရာကို ဘာလို့ ပြောပြလိုက်ရတာလဲ၊ ကျုပ်သိသလောက် ဓားတန်ခိုးရှင်က နတ်မိစ္ဆာတွေကို ဆိုရင် မသက်ညှာတတ်ဘူးနော်”
အစိမ်းရောင်မျက်နှာနှင့် လူက ပြောလိုက်လေသည်။
အိမ်ပုံစံပစ္စည်းလေး လက်ဆောင် ရရှိသည့်အတွက် အစိမ်းရောင် မိန်းကလေးမှာ စိတ်ပျော်ရွှင် နေလေသည်။
“ကျုပ်က နတ်ဆိုးတွေကို ဂရုမစိုက်ပါဘူး၊ သူတို့သေလည်း သေကြပေါ့၊ ဒါပေမဲ့ ကျုပ်က ဘုန်းတော်ကြီး တွေကိုတော့ မုန်းတယ်၊ ပြီးတော့ ချန်ကျန့်မေက အခု ပေါင်ကွမ်းဆရာတော်နဲ့ ဆွေးနွေးစရာ ကိစ္စတစ်ခု ပေါ်နေတယ်တဲ့၊ ဒီကောင်လေးက ချန်ကျန့်မေရဲ့ ဂိုဏ်းတူညီလေး မဟုတ်လား၊ ပြီးတော့ စိတ်ထားလည်း ကောင်းပုံရတယ်၊ ကျုပ်အထင် ဒီကောင်လေးက ပေါင်ကွမ်း ဆရာတော်ကို ကောင်းကောင်း ဒုက္ခပေးနိုင်မယ်”
ဟု ပြောလိုက်လေသည်။
***