ထိုဂူပေါက်ဝရှေ့တွင် “ချွေ့ဖိန်ဂူ” ဟု ရေးထိုး ထားလေသည်။ ဂူပေါက်ဝ ပတ်ဝန်းကျင်မှာ သန့်ရှင်းနေပြီး အနံ့အသက်ဆိုး များလည်း မရှိပေ။ ရေသမင်မိစ္ဆာ ကဲ့သို့သော မိစ္ဆာငယ်လေးပင်လျှင် သန့်သန့်ပြန့်ပြန့် ရှိသည်ကို ဆန်းလျန်က သတိထားမိပြီးသား ဖြစ်လေသည်။
နတ်မိစ္ဆာဆိုသည်က သန့်ရှင်း သပ်ရပ်သည့် နတ်မိစ္ဆာ ခပ်ရှားရှားပင် ဖြစ်လေသည်။ လူအသွင် ပြောင်းထားသည့်တိုင် တိရစ္ဆာန် အငွေ့အသက်များဖြင့် ညစ်ပတ်နေမြဲပင်။
သို့သော် ဆန်းလျန် ရောက်ရှိနေသည့် ဂူမှာ ယခင်က ချွေ့ဖိန်တောင်စောင့်နတ် နေထိုင်သည့်ဂူ ဖြစ်နိုင်လေသည်။ နတ်မိစ္ဆာဘုရင်က တောင်စောင့်နတ်ကို မောင်းထုတ်ပြီး နေရာကို အပိုင်သိမ်းထားခြင်းပင်။
ဤသည်မှာ ထူးဆန်းသည့် ကိစ္စတော့ မဟုတ်ပါ။ အားကြီးသူက အားနည်းသူကို အနိုင်ကျင့်ကြ စမြဲပင် ဖြစ်လေသည်။ နတ်ဘုရား များမှာလည်း ထိုအချက်နှင့် ကင်းလွတ်နိုင်ခြင်း မရှိပါ။
သိမ်းငှက်မိစ္ဆာနှင့် ရေသမင်မိစ္ဆာတို့မှာ ဂူတွင်းသို့ ဝင်သွားကြလေသည်။
ဂူမှာ ကြီးမား ကျယ်ဝန်းသော ဂူကြီးတစ်ခု ဖြစ်လေသည်။ လေထုမှာလည်း သန့်ရှင်း နေလေသည်။
ဂူထဲတွင် မီးတုတ်များ ထွန်းထားပြီး ဘေးတစ်ဖက် တစ်ချက်တွင် အဆင့်နိမ့် နတ်မိစ္ဆာငယ်များ တန်းစီပြီး ရပ်နေ ကြလေသည်။ သူတို့မှာ ဆင်တူဝတ်ရုံများ ဝတ်ဆင်ထားပြီး စည်းကမ်း သေဝပ်စွာဖြင့် ငြိမ်သက် နေကြလေသည်။ သူတို့ကို ကြည့်ရသည်မှာ ဘုရင့်တပ်မတော်မှ စစ်တပ်ဖြင့်ပင် တူနေသေးသည်။
နတ်မိစ္ဆာများမှာ များသောအားဖြင့် စည်းကမ်းရှိသူများ မဟုတ်ကြပေ။ ထို့ကြောင့် ယခုကဲ့သို့ တန်းစီပြီး ငြိမ်ငြိမ်သက်သက် ရပ်နေကြသည်မှာ ထူးခြားမှု တစ်ခုပင်။
အစိမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် ချောမောလှပသည့် မိန်းကလေး တစ်ယောက်က ဂူအတွင်းရှိ ကျောက်ပလ္လင်ထက်တွင် ထိုင်နေလေသည်။ သူမ၏ လူများက ဆန်းလျန်အကြောင်း ပြောပြနေသည်ကို သူမက စိတ်မရှည်သည့် ပုံစံဖြင့် နားထောင် နေလေသည်။
သူမက ရုတ်တရက်လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် သိမ်းငှက်မိစ္ဆာမှာ ပါးစပ်ပိတ်ပြီးသား ဖြစ်သွားပြီး စကားဆက်ပြော၍ မရတော့ပေ။ သူမက ရေသမင်မိစ္ဆာကို စကားအရင် ပြောခိုင်းလိုက်လေသည်။
ရေသမင်မိစ္ဆာက ဖြစ်ကြောင်းကုန်စင်ကို အကျဉ်းချုပ်ပြီး ပြောပြလိုက်သည်။ ရေသမင်မိစ္ဆာ၏ စကားဆုံးမှ အစိမ်းရောင်ဝတ် မိန်းကလေးက သိမ်းငှက်မိစ္ဆာကို ဆက်ပြောခွင့် ပြုလိုက်သည်။ သူမက တပည့်နှစ်ယောက်လုံး၏ စကားကို သေချာစွာ နားထောင်နေသည်။
ထိုအစိမ်းရောင် မိန်းကလေးမှာ ချွေ့ဖိန်တောင်ကို အပိုင်သိမ်းထားသည့် နတ်မိစ္ဆာဘုရင်ပင် ဖြစ်လေသည်။ အစိမ်းရောင်မျက်နှာကို ပိုင်ဆိုင်သည့် လူတစ်ယောက်က သူမအောက်ဘက် ထိုင်ခုံတစ်ခုတွင် ထိုင်နေလေသည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့် ထိုသူ၏ မျက်နှာမှာ ကြောက်စရာကောင်းကြောင်း သိနိုင်လေသည်။ ထိုသူက ရုပ်ဆိုးသည် မဟုတ်သော်လည်း သူ၏ အစိမ်းရောင် မျက်ဝန်းများက ကြောက်မက်ဖွယ် ကောင်းနေခြင်းပင် ဖြစ်သည်။
ထိုသူမှာ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူလား နတ်မိစ္ဆာလား ဆိုသည်ကိုတော့ မပြောနိုင်ပါ။
“ဒီတောင်နဲ့ မိုင်တစ်ထောင် ပတ်လည်မှာ နတ်ဘုရား ကျောင်းတော်ဆိုလို့ တစ်ခုမှမရှိဘူး၊ ဘယ် မျိုးမစစ်ကောင်က ကျုပ်တို့ မင်းကြီးကို လာပြီး နှောင့်ယှက်ရဲတာလဲ”
ထိုသူက ပြောလိုက်လေသည်။
“တချို့လူတွေက အစွမ်းလေး နည်းနည်းရှိတာနဲ့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီး နေကြတဲ့ သူတွေပါကွာ”
အစိမ်းရောင် မိန်းကလေးက ပြောလိုက်သည်။
ထို့နောက်သူမက ကျောက်ပလ္လင်ကို တစ်ချက်ခေါက်လိုက်ပြီး လက်ဖျောက် တစ်ချက်တီးလိုက်သည်။ ထိုအခါ လေထဲတွင် ကျောက်တုံးလေး တစ်တုံးပေါ်လာပြီး အခန်းတစ်ခုလုံး မီးထွန်းထားသကဲ့သို့ လင်းထိန်သွားလေသည်။
ထိုကျောက်တုံးလေးက ကျောက်နံရံ အတွင်းသို့ နစ်မြုပ် ဝင်ရောက်သွားပြီး ထိုကျောက်နံရံဘေးတွင် ဆန်းလျန် ပေါ်လာလေသည်။
မိန်းကလေး တစ်ယောက်က နတ်မိစ္ဆာဘုရင် ဖြစ်နေသည်ဟု ဆန်းလျန် ထင်မှတ် ထားခဲ့မိခြင်း မရှိပါ။ သို့သော် သူမဆီမှ စိတ်ဖြင့် ဆက်သွယ်သည့် သတင်းစကားရပြီး ကတည်းက မိန်းကလေးတစ်ယောက် ဖြစ်နိုင်သည်ဟု ခန့်မှန်း ထားမိလေသည်။
စိတ်ချင်း ဆက်သွယ်စဉ်က သူမ၏အသံမှာ အေးစက်ပြီး ခံစားချက် ကင်းမဲ့သည့် အသံဖြစ်လေသည်။
ယခု ဆုံတွေ့ရသည့် အခါတွင်တော့ သူမ၏အသံက အေးစက်ပြီး ခံစားချက် ကင်းမဲ့ခြင်းမျိုး မရှိတော့ပေ။ ထိုအသံတွင် စွဲဆောင်မှုတစ်ခု ရှိနေလေသည်။ ထို့ပြင် သူမ၏အသံမှာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေဟန် ရှိသည့်တိုင် ချစ်ခင် နှစ်သက်ဖွယ်ရာ ဖြစ်လေသည်။
ချစ်ခင် နှစ်သက်ဖွယ်ရာ ဆိုသည်မှာ စိတ်ဝိညာဉ်ဆီမှ လာခြင်းဖြစ်ပြီး အမှတ်ရစရာ တစ်ခုပင်။
“ကျုပ်က မင်းရဲ့လူတွေကို အရင်ရန်စတာ မဟုတ်ဘူးနော်၊ သူတို့က အရင်တိုက်ခိုက်လို့ ကျုပ်က နည်းနည်းပါးပါး ပညာပေးလိုက်တာ၊ ကျုပ်တို့ လျှောက်တဲ့လမ်းက တခြားစီပဲ မဟုတ်လား၊ ပြီးတော့ မင်းသူတို့ကို စည်းကမ်း တင်းကြပ်ဖို့ လိုလိမ့်မယ်၊ မဟုတ်ရင်တော့ သူတို့ သေရင်တောင် သေမှန်း သိမှာမဟုတ်ဘူး”
ဆန်းလျန်က ပြောလိုက်လေသည်။
သူ့ပုံစံက ဝင့်ဝင့်ကြွားကြွားနှင့်ပင်။ သူက ကျောက်ပလ္လင်ထက်မှ အစိမ်းရောင် မိန်းကလေးကို မော့ကြည့်နေရခြင်း ဖြစ်သည့်တိုင် သူ့အကြည့်များက တည့်မတ်တည်ကြည် နေလေသည်။
“ဒီတောင်ပေါ်မှာ ဝိညာဉ်အလင်းရနေတဲ့ သတ္တဝါတွေမှ တစ်ပုံကြီး၊ ကျုပ်လိုသလောက် ရှာလို့ရတယ်၊ သူတို့ သေသွားတော့ရော ဘာအရေးလဲ၊ ထားလိုက်ပါလေ၊ မင်းက ကျုပ်ကို မေးစရာရှိတယ်လို့ သတင်းရတယ်၊ ဘာများ မေးစရာရှိလို့လဲ”
အစိမ်းရောင် မိန်းကလေးက ပြုံးပြီး ပြောလိုက်လေသည်။
သူမ ဝတ်ဆင်ထားသည့် အစိမ်းရောင် ဝတ်ရုံပေါ်တွင် ရုပ်ပုံများ ရှိနေလေသည်။ အနီးကပ် ကြည့်ရှုမည် ဆိုပါက ထောင်နှင့်ချီနေသည့် မျက်လုံးပုံများ ဖြစ်ကြောင်း သိနိုင်လေသည်။
ဆန်းလျန်မှာ “ထင်ကျန်းဝမ့်ချီ” ပညာကို မလေ့ကျင့်ရသေးသဖြင့် နတ်မိစ္ဆာ၏ ပုံသဏ္ဌာန်အမှန်ကို ကြည့်နိုင်စွမ်း မရှိပေ။ “ထင်ကျန်းဝမ့်ချီ” ပညာကို လေ့ကျင့် အောင်မြင်ထားသည့် တာအိုဆရာ ဆိုလျှင်တော့ နတ်မိစ္ဆာ၏ ပုံသဏ္ဌာန်အမှန်ကို မြင်နိုင်မည် ဖြစ်လေသည်။ ထို့ပြင် ထိပ်တန်းအဆင့် နတ်မိစ္ဆာများမှာ သူတို့၏ မူလပုံသဏ္ဌာန်ကို ဖုံးကွယ် ထားတတ်လေသည်။ အဘယ်ကြောင့်ဆိုသော် အခြားသူများက မိမိ၏ ပုံသဏ္ဌာန်ကို သိရှိပါက အားနည်းချက်ကိုပါ သိရှိသွားပြီး အလွယ်တကူ တိုက်ခိုက်နိုင်မည်ကို စိုးရိမ်သောကြောင့် ဖြစ်လေသည်။
လောကတွင် အရှိန်အဝါ ကြီးမားစွာ ရပ်တည် နေကြသည့် နတ်ဘုရား ကျောင်းတော်ကြီး လေးခုရှိပြီး ထိုကျောင်းတော်ကြီးများတွင် အရည်အချင်း ပြည့်ဝသည့် တပည့်များစွာ ရှိလေသည်။ ထိုတပည့်များမှာ အရည်အချင်း ပြည့်ဝရုံသာမက ထူးခြားသည့် အစွမ်းများလည်း ကိုယ်စီ ပိုင်ဆိုင်ထားကြ လေသည်။ မျိုးဆက် တစ်ခုချင်းစီတိုင်းတွင် ဖော့ဝမ့်အဆင့်ထိ တက်ရောက်နိုင်သည့် ကျင့်ကြံသူများ ရှိကြပြီး နတ်ဘုရား ကျောင်းတော်များ၏ ကျင့်စဉ်လမ်းများ၏ အားနည်းချက်များကို ပြုပြင်ပေးနိုင် ကြလေသည်။ သို့သော် ဟိုင်သန်းအဆင့်နှင့် ဖော့ဝမ့်အဆင့်များ အောင်မြင် ပြီးသွားသည့်တိုင် တာအိုကျင့်စဉ်လမ်းက ပြီးဆုံးသွားခြင်း မရှိပါ။ မဆုံးနိုင်သော ကျင့်စဉ်လမ်းသည် ရှည်လျားပြီး ခက်ခဲဆဲဖြစ်လေသည်။ စိတ်ကိုလေ့ကျင့်ရသည့် အလွန်အမင်း ခက်ခဲနက်နဲသည့် ခရီးရှည်ကြီး ဖြစ်သောကြောင့် ရှင်းမပြနိုင် လောက်အောင် နက်နဲ လှလေသည်။
ထို့ကြောင့် ဆန်းလျန်၏ အဆင့်မျှဖြင့် နတ်မိစ္ဆာ၏ ပုံသဏ္ဌာန်အစစ်အမှန်ကို မကြည့်နိုင်ခြင်းမှာ အားနည်းချက်ဟု ပြော၍မရပါ။
အစိမ်းရောင် မိန်းကလေးမှာလည်း ဆန်းလျန်ကို ခန့်မှန်း၍မရ ဖြစ်နေရလေသည်။ ဆန်းလျန်ထံမှ ထွက်ပေါ်နေသည့် တန်ခိုးစွမ်းအားများမှာ ရောနှောနေပြီး အချိန်နှင့်အမျှ ပြောင်းလဲ နေလေသည်။ ထို့ကြောင့် ဆန်းလျန်၏ တန်ခိုးကို ခန့်မှန်းရန်အတွက် အစိမ်းရောင် မိန်းကလေးမှာလည်း ခက်ခဲနေ ရလေသည်။
လူသားနှင့် နတ်မိစ္ဆာများအတူ ယှဉ်တွဲနေထိုင်ရန် မဖြစ်နိုင်ဟု လူအများက ပြောလေ့ရှိကြသည်။ သို့သော် နတ်မိစ္ဆာတစ်ပါးသည် နတ်မိစ္ဆာဘုရင်အဆင့်ထိ ရောက်လာပြီး လူသားတစ်ယောက် မှာလည်း တာအိုကျင့်စဉ်လမ်း အဆင့်တစ်ခုသို့ တက်လှမ်းနိုင်ကြပြီ ဆိုလျှင် သူတို့နှစ်ဦးမှာ အပြန်အလှန် နားလည်မှု ရှိကြလေသည်။ ထိုအခါမျိုးတွင် တစ်ယောက်နှင့် တစ်ယောက် မလိုအပ်ဘဲ သွားရောက်ရန်စသည့် အလုပ်မျိုးကို မည်သူမျှ မလုပ်ကြပါ။
အစိမ်းရောင် မိန်းကလေးမှာ လူအသွင်ပြောင်းသည့် ပညာကို တစ်ဖက်ကမ်းခတ် တတ်မြောက်သူ ဖြစ်လေသည်။ သူမက ခပ်တုံးတုံး နတ်မိစ္ဆာတစ်ပါး မဟုတ်ပါ။ ဆန်းလျန်တောင်းသည့် အကူအညီ အနည်းအပါးကို သူမက ပေးလိုက်နိုင်လေသည်။
သို့သော် ဆန်းလျန်က သူမကို အန္တရာယ်ပြုမည် ဆိုလျှင်တော့ သူမကလည်း သက်ညှာနေမည် မဟုတ်ပေ။
ဆန်းလျန်က အေးချမ်းစွာ တစ်ချက်ပြုံးလိုက်ရင်း …
“ကျုပ်က လမ်းမေးချင်လို့ပါ၊ သေစေခြင်း ကျောင်းတော်ဆိုတာ ဘယ်နားမှာများရှိလဲ သိနိုင်မလား”
ဆန်းလျန်၏ အမေးကြောင့် မိန်းကလေး၏ မျက်လုံးများ ပြူးကျယ်သွားပြီး အေးစက်စက် လေသံ ထွက်လာလေသည်။
“ဘာလို့ မေးရတာလဲ”
“သေစေခြင်း ကျောင်းတော်က ဆရာသခင် ချန်ကျန့်မေက ကျုပ်ရဲ့ ဂိုဏ်းတူ အစ်ကိုပါ”
ဆန်းလျန် စကားဆုံးသည်နှင့် ခန်းမတစ်ခုလုံး အေးစိမ့်လာသလို ခံစားလိုက်ရလေသည်။ ခန်းမထဲမှ မျက်လုံးပေါင်း များစွာက သူ့ကို ဝိုင်းကြည့် နေကြလေသည်။ အချို့မှာ အလွန်မှ ကြောက်လန့်သည့် ပုံပေါက်နေပြီး အချို့မှာ ဒေါသထွက်သည့် ပုံပေါက်နေလေသည်။
“ကြည့်ရတာ သူတို့က ဂိုဏ်းတူအစ်ကို ချန်ကျန့်မေကို သဘောမကျကြဘူးနဲ့ တူတယ်”
ဆန်းလျန် တွေးလိုက်မိလေသည်။
ဆန်းလျန် အနေဖြင့် သေစေခြင်း ကျောင်းတော်၏ အမည်ကိုသာ ကြားဖူးပြီး မည်သည့်နေရာတွင် တည်ရှိသည်ကို မသိသည့်အတွက် လမ်းမေးရန် အတွက်သာ ရည်ရွယ် ထားလေသည်။ သာမန်လူထက် ဆာလျှင် နတ်မိစ္ဆာတစ်ပါးကတော့ ကောင်းကောင်း သိနိုင်လေသည်။
ချန်ကျန့်မေ ချင်းရွှမ်နတ်တံခါးမှ ထွက်ခွာသွားသည်မှာ ဆယ့်ခြောက်နှင့် ရှိပြီ ဖြစ်လေသည်။ ဆယ့်ခြောက်နှစ် အတွင်းတွင် ချန်ကျန့်မေ၏ အဆင့်မှာ ဟိုင်သန်းအဆင့်ထက်လည်း ကျော်လွန်သွားနိုင်ပြီ ဖြစ်သည်။ ဆယ့်ခြောက်နှစ် ဆိုသည်က အလွန်ရှည်ကြာသည့် အချိန်မဟုတ်သည့်တိုင် တိုလွန်းသော အချိန်လည်း မဟုတ်ပေ။
သို့သော် ထိုအချိန်ကာလအတွင်း ရှီးဟွမ်ရှိ ကျင့်ကြံသူ လောကနှင့် နတ်မိစ္ဆာများ အကြားတွင် သေစေခြင်း ကျောင်းတော် တည်နေရာကို ကောင်းကောင်း သိရှိရန်အတွက် အချိန်လုံလောက်လေသည်။
“မင်းက တကယ်ပဲ အဲဒီနေရာသွားဖို့ လမ်းမေးချင်တဲ့ ကိစ္စတစ်ခုပဲရှိတာလား”
မိန်းကလေးက မေးလိုက်လေသည်။
“အမှန်ပါပဲ”
ဆန်းလျန်က ပြုံး၍ ပြန်ဖြေလိုက်သည်။
အစိမ်းရောင်ဝတ် မိန်းကလေးက သူမ၏ လက်ချောင်းလေးများကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ သူမဝတ်ဆင်ထားသည့် အစိမ်းရောင်ဝတ်ရုံမှ မျက်လုံး ပုံသဏ္ဌာန်များမှာ စတင် တောက်ပလာလေသည်။
တစ်ချိန်တည်းမှာပင် သူမ လက်ချောင်းများဆီမှ အနက်ရောင် အငွေ့များနှင့် အဖြူရောင် အငွေ့များ ထွက်ပေါ်လာလေသည်။ ဆန်းလျန်ကတော့ အံ့သြထိတ်လန့်သွားခြင်း တစ်ချက်ပင် မရှိဘဲ စူးစိုက် ကြည့်နေလေသည်။
အဖြူရောင် အငွေ့များနှင့် အနက်ရောင် အငွေ့များမှာ မိန်းကလေး၏ရှေ့ သုံးပေအကွာတွင် ရပ်တန့် သွားလေသည်။ ထို့နောက် တောင်များနှင့် မြစ်ချောင်း အင်းအိုင်များ၏ ပုံများပေါ်လာပြီး တကယ့်အစစ်အမှန် ပုံသဏ္ဌာန်များနှင့် ဆင်တူလေသည်။ ထိုပုံသဏ္ဌာန်များထဲတွင် အစက်နှစ်စက် ရှိနေလေသည်။ အစက်တစ်ခုမှာ အနက်ရောင်ဖြစ်ပြီး နောက်အစက်တစ်ခုမှာ အဖြူရောင် ဖြစ်လေသည်။
“အဖြူရောင် အစက်လေးက ချွေ့ဖိန်တောင်ပဲ၊ အနက်ရောင် အစက်ကတော့ သေစေခြင်း ကျောင်းတော်ပဲ”
အစိမ်းရောင်ဝတ် မိန်းကလေးက ပြောလိုက်လေသည်။
ဆန်းလျန်မှာ အစိမ်းရောင်ဝတ် မိန်းကလေး၏ ပညာကို မလေးစားပဲ မနေနိုင် ဖြစ်ရလေသည်။ မိန်းကလေး၏ လက်ချောင်းများမှ ထုတ်လွှတ်လိုက်သည့် အနက်ရောင်နှင့် အဖြူရောင် အငွေ့များမှာ “ယင်” နှင့် “ယန်” စွမ်းအားများပင် ဖြစ်လေသည်။ “ယင်” နှင့် “ယန်” စွမ်းအားကို ယခုကဲ့သို့ အဆင့်မြင့်စွာ ထိန်းချုပ်နိုင်ပြီး တောတောင် ရေမြေများ၏ ပုံသဏ္ဍန်တူကို ဖန်ဆင်း နိုင်ရလောက်အောင် အဆင့်မြင့်မားသော နတ်မိစ္ဆာ၏ ဇာစ်မြစ်ကို ဆန်းလျန် သိချင်နေမိသည်။
သို့သော် ဆန်းလျန်က စိတ်ထဲကသာ အံ့သြနေခြင်းဖြစ်ပြီး မျက်နှာကတော့ မအံ့သြသည့် သဘောဖြင့် ပြုံးထားဆဲပင်။ သူက သေစေခြင်း ကျောင်းတော် တည်ရှိရာ နေရာကို သေသေချာချာ မှတ်သား ထားလိုက်လေသည်။ ကြည့်ရသည်မှာ သူ့အတွက် ခရီးရှည်ဦးမည် ဖြစ်လေသည်။
***