Switch Mode

အခန်း (၁၆၈)

ရုပ်ဖျက်သွားရမယ်

ဆေးစွမ်းအင်နတ်စေင်ဂိုဏ်းမှသူလျှိုများအားလုံးကိုတပ်လှန့်ထားလိုက်ပြီး ပိုင်ရှောင်ချန်းကိုပထမဦးဆုံးရှာတွေ့ရန်မျှော်လင့်နေကြသည်။ အကယ်၍သာ ပိုင်ရှောင်ချန်းကိုရှာတွေ့ခဲ့ပါလျှင် လုံးဝညှာတာမှုမရှိသတ်ပစ်ကြလိမ့်မည်ဖြစ်သည်။ အခြားဂိုဏ်းကြီးသုံးဂိုဏ်းကမူ ပျောက်ဆုံးလျက်ရှိနေသောဂိုဏ်းသားများကိုရှာဖွေရန် လူအင်အားစုဆောင်းနေကြလေ၏။

ထိုကဲ့သို့ဖြစ်ပျက်နေကြစဥ်တွင် အရှေ့ဘက်သစ်တောဒေသတွင်ရှိသော အရှေ့ဘက်သစ်တောမြို့အနီးတွင်ရှိသည့် သစ်တောများဖုံးအုပ်နေသော တောင်တန်းတစ်ခုပေါ်တွင်လည်း တစ်စုံတစ်ခုဖြစ်ပွားလျက်ရှိသည်။ ထူးထူးခြားခြားကြီးမားသောသစ်ပင်ကြီးတစ်ပင်၏ဘေးတွင် တည်နေရာရွေ့ပြောင်းခြင်းစွမ်းအားများလွင့်မျောနေလေသည်။ ထို့နောက် ပိုင်ရှောင်ချန်းသည် ထိုစွမ်းအားများအတွင်းမှယိမ်းထိုးလျက်ထွက်ပေါ်လာလေ၏။

သူသည် ကွင်းပြင်ထဲသို့ရောက်သည်နှင့်တပြိုင်နက် ခါးကိုညွှတ်လျက်ဆူညံစွာအော့အန်လိုက်လေသည်။

“တည်နေရာရွှေ့ပြောင်းခြင်းကလဲ ဘယ်လိုများပါလိမ့်။ တည်နေရာရွှေ့ပြောင်းနေရင်း ငါ့ရဲ့သနားစရာေကာင်းတဲ့ အသက်ကလေး ဆုံးရှုံးလိုက်ရတော့မလို့..ဟူး…” ပိုင်ရှောင်ချန်း၏မျက်နှာမှာဖြူဖပ်ဖြူရော်ဖြစ်နေကာ အမောဖောက်နေလေ၏။ သူမသိလိုက်သည်မှာ သူတွေ့ကြုံခဲ့ရသောတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များသည် တတ်နိုင်သမျှသက်သောင့်သက်သာဖြစ်စေရန်ရည်ရွယ်၍ တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအားကို အပျော့ဆုံးထားထားခြင်းဖြစ်ပေသည်။ သူ့အား မြေခဓားကမ္ဘာမှဆွဲထုတ်ပေးလိုက်သော တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအားကတော့ အပြည့်ဖြစ်လေသည်။ ဂိုဏ်းလေးဂိုဏ်းလုံးမှစီရင်ထားသောဝင်ပေါက်အားလုံး ထိုနည်းအတိုင်းပင်ဖြစ်သည်။ သေရေးရှင်ရေးနှင့်ကြုံတွေ့လာရလျှင် ဂိုဏ်းသားများကိုအလျင်အမြန်တည်နေရာရွှေ့ပြောင်းပေးနိုင်ရန်မှာ အလွန်အရေးကြီးလှပေသည်။

ထိုကဲ့သို့ ပြင်းပြင်းထန်ထန်တည်နေရာရွှေ့ပြောင်းခြင်းခံလိုက်ရသူအဖို့ သတိလစ်မေ့မြောသွားနိုင်လေသည်။

သူ၏အစာအိမ်တစ်ခုလုံးကိုရှင်းထုတ်ပစ်ပြီးနောက် ပိုင်ရှောင်ချန်းသည်အနည်းငယ်နေလို့ကောင်းသွားသော်လည်း ခေါင်းမှာအနည်းငယ်မူးနောက်နေသေးရာ ကြယ်များကိုပင်မြင်နေရလေသည်။ သစ်ပင်ကိုမှီပြီးရပ်လျက် ဘေးဘီဝဲယာသို့လှည့်လည်ကြည့်ရှုလိုက်ရာ သူဘယ်နေရာသို့ရောက်နေမှန်း မသိတော့ပေ။ အကြီးအကဲအူယန်ကျဲရှင်းပြထားသည့်အတိုင်းသာဆိုလျှင် သူသည်မည်သည့်နေရာကိုမဆိုရောက်နေနိုင်ပေသည်။

” ငါ အရှေ့ဘက်သစ်တောဒေသကိုတော့ ပြန်ရောက်နေသင့်တာ။” သူ၏နားထင်များကိုနှိပ်နယ်လျက်တွေးနေမိသည်။ ထို့နောက် တည်နေရာရွှေ့ပြောင်းခြင်းမခံရမီလှမ်းဆွဲလိုက်သောလက်သေးသေးလေးနှင့် ထူးဆန်းသောအသံပိုင်ရှင်ကို တွေးမိသွားကာကြောက်ရွံ့စိတ်များဖြစ်ပေါ်လာလေ၏။ ထိတ်လန့်တုန်လှုပ်လျက် မြေခဓားချောက်သို့ဘယ်တော့မှပြန်မသွားတော့ရန် ဆုံးဖြတ်လိုက်လေ၏။

အသက်ကိုမှန်မှန်ကြိုးစားရှူလျက် အနီးအနားရှိသစ်လုံးပေါ်တွင်ထိုင်ချလိုက်ပြီး သူ၏စုတ်ပြဲနေသောအဝတ်အစားများကိုငုံ့ကြည့်လိုက်လေ၏။ အဝတ်အစားများမှာအတော်လေးစုတ်ပြတ်သတ်နေကာ သွေးများလည်းစွန်းပေနေသောကြောင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ဝတ်ရုံဟူ၍ပင်ခွဲခြား၍မသိနိုင်တော့ပေ။ သူသည်အဝတ်အစားများကိုလဲလှယ်ချင်သော်လည်း သူ၏ထည့်စရာအိတ်ထဲတွင် အဝတ်အစားအပိုပါမလာတော့ပေ။

“မြေခဓားချောက်က အတော်လေးကြမ်းတမ်းရက်စက်တာပဲ…” ဖြစ်ပျက်ခဲ့သောအကြောင်းအရာများကိုပြန်လည်စဥ်းစားမိတိုင်း သူ၏ဦးခေါင်းမှာထုံကျဥ်လာလေတော့သည်။ လူအားလုံးတညီတညွတ်တည်းသူ့ကိုသတ်ဖြတ်လိုစိတ်ပေါက်လာသည်မှာ အတော်ပင်ကြောက်စရာကောင်းလှပေ၏။ ထို့အပြင် စုန့်ချွဲနှင့်တိုက်ခိုက်ခဲ့ရသော ရက်စက်ကြမ်းကြုတ်သောတိုက်ပွဲအကြောင်း။ ထိုအကြောင်းအရာများကိုပြန်လည်တွေးတောမိပြီးနောက် သူသည်သက်ပြင်းရှည်ကြီးကိုချလိုက်မိလေ၏။

“ကျင့်ကြံသူတွေက ဘာဖြစ်လို့များ တိုက်ခိုက်သတ်ဖြတ်နေကြပါလိမ့်…” သက်ပြင်းတစ်ချက်ချလျက် သူ၏ကျင့်ကြံခြင်းအခြေခံကိုပြန်လည်ဆန်းစစ်ကြည့်ရာ သူ၏စိတ်စွမ်းအင်ပင်လယ်ပြင်များအားလုံး တဖြည်းဖြည်းနှင့်ရွှေရောင်ပြောင်းနေသည်ကို သိလိုက်ရလေသည်။ ထိုအချိန်တွင် စိတ်စွမ်းအင်ပင်လယ်ပြင်သုံးဆယ်ရာခိုင်နှုန်းခန့် ရွှေရောင်ဖြစ်နေလေပြီ။

“ဟားဟားဟား… ကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့်ကွ။” သူသည်အလွန်ပင်အံ့သြစိတ်လှုပ်ရှားနေလေရာ မြေခဓားကမ္ဘာ၏ရက်စက်ကြမ်းတမ်းမှုများကိုပင်မေ့လျော့သွားလေ၏။ နှစ်ပေါင်းငါးရာအသက်ပိုရှည်ရမည်ဆိုသောစိတ်က သူ့မျက်နှာကိုဝင်းလက်သွားစေ၏။ ဝတ်ရုံလက်ကိုအသာအယာပင့်တင်လိုက်ပြီး မေးကိုမော့လျက်ဂုဏ်ယူဝင့်ကြွားသောလေသံဖြင့် ” ငါ ပိုင်ရှောင်ချန်းက တကယ့်ကိုထူးချွန်ပြောင်မြောက်တဲ့လက်ရွေးစင်တစ်ယောက်ပဲ။ ဟားဟားဟား… ဟားဟားဟားဟားဟား။” အချိန်အကြာကြီး ဟက်ဟက်ပက်ပက်ရယ်လိုက်ပြီးနောက် သူသည်လည်ချောင်းရှင်းလိုက်ကာ
“ ငါ ဘယ်ကိုရောက်နေလဲ သွားစုံစမ်းရင်ကောင်းမယ်ထင်တယ်…” ဟုပြောလိုက်သည်။

စိတ်ဝင်စားစရာကောင်းသည်မှာ သူ၏ကျင့်ကြံခြင်းအခြေခံသည် ပို၍သန်မာလာသော်လည်း ကျင့်ကြံခြင်းအခြေခံမှထုတ်လွှတ်သောအငွေ့အသက်ကတော့ ပို၍ပင်အားနည်းလာလေသည်။ သူ၏စိတ်စွမ်းအင်ပင်လယ်ပြင်များသည် ကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့်သို့တက်လှမ်းနေကြလေရာ သူတို့ပုံမှန်ထုတ်လွှတ်နေကျဖိအားနှင့်စွမ်းအင်များသည် ထိုနေရာသို့ပို၍အားစိုက်နေကြခြင်းပင်ဖြစ်မည်။

ထိုအချိန်၌ သူ၏အငွေ့အသက်ကိုခံစားမိသောသူသည် ချီစွမ်းအင်စုစည်းမှုအဆင့်ကိုးသို့ရောက်ရှိသွားမည်ဖြစ်သည်။ ထိုဖြစ်စဥ်ဆက်လက်ဖြစ်ပေါ်နေစဥ်အတွင်း သူ၏ကျင့်ကြံခြင်းအခြေခံအငွေ့အသက်သည် တဖြည်းဖြည်းပျောက်ကွယ်သွားလိမ့်မည်ဟုခံစားနေရပြီး သူသည် သာမန်လူသားတစ်ယောက်နှင့်ပင်တူနေလေသည်။ ဖြစ်စဥ်ပြီးဆုံးသွားသည့်အခါမှပင် သူသည် ကောင်းကင်ကိုပြိုကွဲစေနိုင်ပြီး မြေကြီးကိုအမှုန့်ဖြစ်စေနိုင်သော ပေါက်ကွဲမှုစွမ်းအားကိုခံစားသိရမည်ဖြစ်သည်။

“ဖြစ်စဥ်က နှစ်ရက်သုံးရက်အတွင်းမှာပဲပြီးဆုံးသွားလိမ့်မယ်…” သူသည်တွေးရင်းစိတ်လှုပ်ရှားနေသည်။ ထို့နောက် သူသည်ကျင့်ကြံခြင်းအခြေနှင့်ဆိုင်သောကိစ္စရပ်များကို ခဏဘေးဖယ်ထားလိုက်လေသည်။ ထို့နောက် ကျောက်စိမ်းပေလွှာတစ်ခုကိုထုတ်ကာ ဂိုဏ်းသို့သတင်းစကားတစ်ခုပို့ရန်ပြင်လိုက်လေသည်။ ကံမကောင်းစွာပင် ကျောက်စိမ်းပေလွှာသည် တည်နေရာရွှေ့ေပြာင်းခြင်းဖြစ်စဥ်အတွင်း ပျက်စီးသွားခဲ့လေပြီ။ တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအင်သည် မှေးမှိန်ပျောက်ကွယ်သွားပြီဖြစ်သော်လည်း သူသည်ခေတ္တခဏတော့ ဂိုဏ်းနှင့်အဆက်အသွယ်လုပ်၍ရမည်မဟုတ်ပေ။

သူသည် အနည်းငယ်စိတ်ပျက်သွားကာ ကျောက်စိမ်းပေလွှာကိုပြန်သိမ်းထားလိုက်ပြီး အလင်းတန်းတစ်ခုအဖြစ်သို့ပြောင်းလဲသွားကာ ပျံသန်းထွက်ခွာသွားလေတော့၏။

သူ၏လက်ရှိကျင့်ကြံခြင်းအခြေခံစွမ်းအားနှင့်ဆိုပါက သူသည်ယခင်ကထက်ပို၍မြန်မြန်ပျံနိုင်ကြောင်း မကြာခင်မှာပင်သိရှိလိုက်ရလေသည်။ မကြာမီ သူသည် တောင်တန်းများဆီမှဝေးကွာလာခဲ့ပြီး ကြီးကျယ်ခမ်းနားသောမြို့ကြီးတစ်မျို့ကို လှမ်းမြင်တွေ့လိုက်ရလေသည်။

မြို့တံတိုင်းကို အစိမ်းရောင်အုတ်ခဲများဖြင့် ကျကျနနတည်ဆောက်ထားကာ ခံ့ညားထယ်ဝါလှလေသည်။ ထို့အပြင် အုတ်ခဲတစ်လုံးချင်းစီတိုင်းကို မှော်သင်္ကေတများဖြင့်ထွင်းထုထားလေရာ မန္တန်အစီအရင်တစ်ခုကဲ့သို့ဖြစ်နေလေတော့သည်။

မန္တန်အစီအရင်မှ အလင်းတန်းတစ်ခုသည်ကောင်းကင်ယံသို့ထိုးတက်နေလေရာ မြို့တော်နှင့်ကောင်းကင်တို့ကိုဆက်သွယ်ထားသကဲ့သို့ပင်ဖြစ်နေသည်။ မြို့၏ကောင်းကင်ပေါ်တွင် အစိမ်းရောင်ရေဝဲကြီးတစ်ခုကိုတွေ့မြင်နေရပြီး ရေဝဲထဲတွင်လျှပ်စီးများ တဖျပ်ဖျပ်လက်နေသည်။

ကျင့်ကြံသူများ၏ကျင့်ကြံခြင်းအခြေခံကိုလည်း ဖိအားတစ်ခုဖြင့်တားမြစ်ထားလေရာ မြို့ထဲသို့ဝင်လာသောကျင့်ကြံသူများအနေဖြင့် ပျံသန်း၍မရတော့ပေ။

မြို့သည်အလွန်ကြီးမားလှကာ မြို့၏လူဦးရေမှာဆယ်သန်းခန့်ရှိလေသည်။ မြို့တွင်ပင်မတံခါးကြီးလေးခုရှိပြီး ထိုတံခါးကြီးများမှဝင်ထွက်သွားလာနေသောလူများ ပျားပန်းခတ်မျှစည်ကားလှသည်။

မြို့တံခါးကြီးများအရှေ့တွင် ကြီးမားသောကျောက်တိုင်ကြီးများရှိလေသည်။ ကျောက်တိုင်ကြီးများတွင် ကခုန်နေသောနဂါးများနှင့် လှည့်ပတ်နေသောဖီးနစ်ငှက်များကဲ့သို့ ထည်ဝါသောလက်ရေးလှများရေးထွင်းထားသည်။

“အရှေ့ဘက်သစ်တောမြို့ပါလား…” ပိုင်ရှောင်ချန်းသည်ရင်သပ်ရှုမောလျက်မိနစ်ပိုင်းမျှငေးကြည့်နေကာ သူ၏မျက်လုံးများအရောင်တောက်လာလေတော့၏။

ထိုမြို့သည် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကထိန်းချုပ်ထားသောနယ်မြေထဲတွင် အကြီးဆုံးမြို့ဖြစ်သည်။

ထိုမြို့သည် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တစ်စိတ်တစ်ပိုင်းဟုပင်ဆိုနိုင်ပြီး အရှေ့ဘက်သစ်တောဒေသရှိ စွမ်းအားအကြီးဆုံးကျင့်ကြံသူမျိုးနွယ်စုဆယ်စုက စီမံအုပ်ချုပ်သည်။ လွန်ခဲ့သောနှစ်တစ်သောင်းခန့်ကစတင်တည်ထောင်ခဲ့သည့်သမိုင်းရှိပြီး ကျင့်ကြံသူများရော သာမန်လူများပါ အခြေချနေထိုင်နေကြသည်။

ကျင့်ကြံသူမျိုးနွယ်စုဆယ်စုအပြင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားတစ်ယောက်ကိုလည်း မျိုးနွယ်စုများအကြားငြိမ်းချမ်းရေးထိန်းသိမ်းရန် တရားဝင်ကိုယ်စားလှယ်အဖြစ် ထိုမြို့တွင်တာဝန်ချထားသည်။

ထိုနေရာသည် လွန်ခဲ့သောနှစ်များစွာက တုလင်ဖေး တာဝန်ယူခဲ့ရသောနေရာဖြစ်သည်။ သူမသည်ထိုစဥ်က ချီစုစည်းမှုကျင့်ကြံခြင်းအဆင့်သာရှိသေးသော်လည်း သူမသည်ထိုနေရာ၌တာဝန်ကျခဲ့သော အခြေခိုင်မာခြင်းအဆင့်အကြီးအကဲတစ်ယောက်ကို ကိုယ်စားပြုရလေသည်။ အကြီးအကဲသည် လူမြင်ကွင်းသို့ထွက်လေ့မရှိသောကြောင့် တာဝန်အများစုကိုတုလင်ဖေးကသာ လုပ်ဆောင်ပေးရလေသည်။

သူမ၏အဓိကတာဝန်မှာ မျိုးနွယ်စုဆယ်စုကို မျက်ခြေမပြတ်စောင့်ကြည့်ပေးရခြင်းပင်ဖြစ်သည်။

“ဂိုဏ်းတူအစ်မတော်တုက လွန်ခဲ့တဲ့နှစ်တွေတုန်းက ဒီနေရာကိုကိုယ်စားလှယ်အဖြစ်စေလွှတ်ခြင်းခံခဲ့ရတယ်။ သူမကို အာ့အချိန်ကတည်းကမတွေ့ဖြစ်တော့တာပဲ…” တုလင်ဖေးအကြောင်းတွေးလိုက်မိသည်နှင့် ပိုင်ရှောင်ချန်း၏ရင်ဘတ်တစ်ခုလုံးနွေးထွေးသွားသလိုခံစားလိုက်ရပြီး တုလင်ဖေး၏ ရှက်ပြီးဒေါသထွက်နေသောပုံရိပ်ကလေးကိုမြင်ယောင်မိနေသည်။
” အင်း… ငါ ဒီအတိုင်းဗြုန်းစားကြီးသွားတွေ့လို့မဖြစ်ပေဘူး။ အရင်ဆုံးရုပ်ဖျက်ပြီး အခြေအနေတွေကိုလေ့လာအကဲခတ်ရမယ်။ ဒီနှစ်တွေအတွင်းမှာ ငါ့တုတုလေးက ငါ့ကိုမေ့ပြီး တစ်ခြားတစ်ယောက်နဲ့များတွေ့နေလားမသိဘူး။” စဥ်းစားနေလျက်က အရှေ့ဘက်သစ်တောမြို့ဆီသို့ ဦးတည်ပျံသန်းလာခဲ့လေ၏။

မြို့နှင့်နီးကပ်လာသောအခါ ပျံသန်းခြင်းကိုတားမြစ်ထားကြောင်းခံစားမိလာလေသည်။

“ဘယ်လိုစိတ်ပျက်စရာအဖြစ်လဲကွ… ဟေ။ ငါက ဂုဏ်ထူးဆောင်ဂိုဏ်းသားတစ်ယောက်ပဲ။ ဂိုဏ်းခေါင်းဆောင်ရဲ့ဂိုဏ်းတူညီလေးဆိုလည်း ဟုတ်တယ်။ အရှေ့ဘက်သစ်တောမြို့ကို စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကအုပ်ချုပ်နေတာပဲ… ဒီတော့ ဒီမြို့က ငါ့မြို့ပဲလေ။ ငါ့ကိုပျံသန်းခွင့်မပြုဘူးဆိုတာ ယုံတောင်မယုံနိုင်ဘူး။” သူသည်ငြီးတွားလျက် မြေပြင်ပေါ်သို့ဆင်းသက်ကာ မြို့တံခါးဆီသို့လမ်းလျှောက်လာခဲ့လေသည်။ မြို့တံခါးတွင် လူအများတန်းစီနေကြလေရာ သူသည်အရှေ့ဘက်ကြားဖြတ်မဝင်ချင်သောကြောင့် လူတန်း၏နောက်ဘက်သို့ပြန်လျှောက်လာခဲ့လေ၏။ မကြာမီပင် မြို့တံခါးပေါက်သို့ရောက်ရှိလာခဲ့လေရာ ဝိညာဥ်ကျောက်တုံးအသေးလေးတစ်လုံးကို မြို့ထဲသို့ဝင်ရန်အခွန်အခအဖြစ်ပေးဆောင်လိုက်လေ၏။

တံခါးစောင့်များတစ်ယောက်မှ သူ့ကိုသတိမထားမိကြ။ ဝိညာဥ်ကျောက်တုံးများအပေါ်သာအာရုံရောက်နေကြသည်။ အစောင့်များသည် ပြဿနာတစ်စုံတစ်ခုပေးနိုင်သောသူတစ်ယောက်မှမရှိဟုထင်နေကြပုံရသည်။

“အရှေ့ဘက်သစ်တော့မြို့က တော်တော်လေးကြီးကျယ်ခမ်းနားလာတာပဲ။ မြို့ဝင်ကြေးအဖြစ် ဝိညာဥ်ကျောက်တုံးတစ်တုံးပဲသူတို့ကောက်နေသေးတာမယုံနိုင်စရာပဲ။” ပိုင်ရှောင်ချန်းသည် ဖြစ်ပျက်နေသည်များကို စိတ်ထဲသိပ်ဘဝင်ကျပုံမရပေ။ သူ၏အဆင့်အတန်းအရဆိုပါမူ ထိုကိစ္စသည်သေချာပေါက်မျက်နှာပျက်စရာပင်ဖြစ်သည်။ ခြောက်ကပ်ကပ်ချောင်းဟန့်လိုက်လျက် လက်နှစ်ဖက်ကိုနောက်ပစ်ကာ မြို့တွင်းသို့ခပ်သုက်သုက်ဝင်ရောက်လိုက်လေသည်။

မြို့ထဲသို့ရောက်သောအခါ မရေမတွက်နိုင်သောမိုးထိအောင်မြင့်မားသည့်အဆောက်အဦကြီးများကြောင့် မှင်သက်မိသွားလေ၏။

မြင်မြင်သမျှအရာတိုင်းသည် ကြီးကျယ်ခမ်းနားလွန်းနေသည်။ ထုံးကျောက်ပြားများအသုံးပြုကာလမ်းခင်းထားပြီး ကျောက်ပြားများမှစိတ်စွမ်းအင်များထွက်လာနေသည်။ အဆောက်အဦးများကို ရွှေနှင့်ကျောက်စိမ်းတို့အသုံးပြုကာတန်ဆာဆင်ထားပြီး နဂါးရုပ်များ၊ ဖီးနစ်ရုပ်များထွင်းထုထားရာ ကြည့်ရှုရသည်မှာအထူးတဆန်းဖြစ်နေတော့သည်။

အရာအားလုံးကိုလှပသောပုလဲလုံးများ၊ ဝိညာဥ်ကျောက်တုံးများဖြင့်သီကုံးထားသည်။ ထူးဆန်းသော အလင်းရောင်များတလက်လက်တောက်ပနေရာ ပိုင်ရှောင်ချန်းမျက်နှာကို လာရိုက်နေတော့သည်။

“ဒီ… ဒီနေရာက…”သူသည် လှပခြင်း၊ ကြီးကျယ်ခမ်းနားခြင်းများကို တစ်ဝကြီးကြည့်ရှုခံစားနေလေတော့သည်။ လမ်းပေါ်တွင် လှည်းယာဥ်များ ဥဒဟိုသွားလာနေကြပြီး လူများလည်းပျားပန်းခတ်သွားလာနေကြသည်။ သူသည် အခြားကမ္ဘာတစ်ခုသို့ ရောက်နေသည်ဟုပင်ခံစားလာမိသည်။

မြို့တွင်နေထိုင်သူများသည် ပိုးထည်ဖဲထည်များဝတ်ဆင်ကြကာ သူတို့ကိုမြင်နေရသည်မှာအထင်ကြီးလေးစားဖွယ်ကောင်းလှပေသည်။ သူတို့၏ကျင့်ကြံခြင်းအခြေခံကို ဂရုမစိုက်ဘဲ သူတို့ကိုယ်သူတို့ လွန်စွာ ဂုဏ်ယူပြီးမြင့်မြတ်နေဟန် ရှိလေသည်။ မြို့ငယ်ရွာငယ်လေးများရှိသာမန်လူများနှင့်မတူသည်မှာ ဤမြို့ရှိသာမန်လူများသည် ကျင့်ကြံသူများကို ကြောက်ရွံ့ခြင်းလည်းမရှိ၊ အထင်ကြီးခြင်းလည်းမဖြစ်ကြပေ။

ပိုင်ရှောင်ချန်းသည် လမ်းတစ်လျှောက်မြင်မြင်သမျှအရာတိုင်းကို ရင်သပ်ကြည့်ရှုနေမိလေသည်။ သူသည် တစ်ကယ်တော့ တောရွာလေးတစ်ခုတွင်မွေးဖွားကြီးပြင်းလာခဲ့ပြီး နောက်မှသာ ဂိုဏ်းထဲတွင်အချိန်ကုန်ဆုံးခဲ့ခြင်းဖြစ်သည်။ သူသည် ယခုကဲ့သို့ မြို့ကြီးတစ်မြို့ဆီသို့ တစ်ခါမှမရောက်ဖူးပေ။

သူသည် လမ်းလျှောက်ရင်းလှည့်ပတ်ကြည့်ရှုနေရာ လူအုပ်ထဲမှဘေးသို့ရောက်သွားလေတော့၏။ သူ့ဘေးမှဖြတ်သွားသောကျင့်ကြံသူများသည် သူ့ကိုတောသားငတုံးတစ်ယောက်ဟုယူဆကာ အထင်အမြင်သေးသည့်အကြည့်ဖြင့်ကြည့်သွားကြလေသည်။ တစ်ချို့လူများသည် သူ၏စုတ်ပြဲနေသောအဝတ်အစားများနှင့် စွန်းပေနေသောသွေးများကို သတိထားမိကြလေသည်။ သူသည် ရန်စသင့်သောလူတစ်ယောက်မဟုတ်မှန်းသိသွားကြကာ ဝေးဝေးသို့ထွက်သွားကြလေ၏။

“ဒီနေရာက ဘယ်လိုမယုံကြည်နိုင်စရာထူးခြားတဲ့နေရာမျိုးပါလိမ့်…” ပို၍မြင်တွေ့ရလေလေ၊ ပို၍စိတ်လှုပ်ရှားလာလေလေဖြစ်သည်။ ထိုနေရာ၏ဇိမ်ကျကျနေနိုင်မှုသက်သက်ကပင် သူ့ကိုသက်ပြင်းအကြိမ်ကြိမ်ချစေပြီး သူ၏ဂိုဏ်းကိုဤနေရာသို့ရွေ့ပြောင်းလာရန်ပင် စိတ်ကူးနေပြီဖြစ်သည်။

သက်ပြင်းများဆက်တိုက်ချလျက် သူသည်ဆိုင်တစ်ဆိုင်ကိုဖြတ်လျှောက်လာမိကာ ထိုနေရာ၌ရပ်တန့်သွားလေ၏။ ထိုဆိုင်သည် အဝတ်အထည်များရောင်းသောဆိုင်ဖြစ်ကာ အရောင်အသွေးနှင့်ပုံစံများအစုံအလင်ရှိသောအဝတ်အထည်များဖြင့်ပြည့်နှက်နေလေ၏။ အဝတ်အထည်များကိုလှပသေသပ်စွာချုပ်လုပ်ထားပြီး ပန်းများပင်ထိုးထားလေသည်။ အရည်အသွေးနိမ့်အဝတ်အထည်များသည်ပင်လျှင် အံ့သြဖွယ်ရာချုပ်လုပ်ထားသည်ကိုတွေ့ရသည်။

ပိုင်ရှောင်ချန်းသည် ဂိုဏ်းတွင်ဝတ်ဆင်ခဲ့ရသောအဝတ်အစားများနှင့် အကွာကြီးကွာခြားနေသောအဝတ်အစားများကို မမှိတ်မသုန်ရပ်ကြည့်နေမိလေသည်။ မျက်လုံးများအရောင်လက်သွားလျက် ဆိုင်ထဲသို့ဝင်လိုက်သည်။

ဆိုင်ထဲတွင်လူအနည်းငယ်သည် အဝတ်အစားများကိုရွေးချယ်ကြည့်ရှုနေကြသည်။ ပိုင်ရှောင်ချန်းဆိုင်ထဲသို့ဝင်ရောက်လာသည်နှင့် လူတချို့က သူ့ဘက်သို့လှည့်ကြည့်လိုက်ကြပြီး သူ၏စုတ်ပြတ်သတ်နေသောအဝတ်အစားများကိုတွေ့လိုက်ရသောအခါ သူတို့မျက်နှာများတွင်လှောင်ပြောင်ရယ်မောသည့်မျက်နှာပေးများပေါ်ထွက်လာလေ၏။ သို့ရာတွင် သူတို့သည် ပိုင်ရှောင်ချန်းဆီမှ ချီစုစည်းမှုအဆင့်ခုနှစ်၏အငွေ့အသက်များရနေလေရာ လျင်မြန်စွာမျက်နှာလှည့်သွားကြလေ၏။

အဖိုးတန်အဝတ်အစားများဝတ်ဆင်ထားသောလူရွယ်တစ်ယောက်သည် ပိုင်ရှောင်ချန်းကိုတွေ့လိုက်ရသည်နှင့် မျက်လုံးပြူးသွားလေ၏။ စက္ကန့်ပိုင်းမျှထူးဆန်းသောမျက်လုံးများဖြင့်ကြည့်ရှုနေပြီးနောက် လူရွယ်သည်မျက်နှာလွှဲသွားလေသည်။

ခဏအကြာတွင် ပြုံးနေသောအရောင်းသမားတစ်ဦးသည် ပိုင်ရှောင်ချန်းဆီသို့ရောက်လာကာ ဆိုင်အတွင်းသို့လှည့်လည်ပြသလေသည်။

“ဒီ ကောင်းကင်နဂါးဝတ်ရုံက ကောင်းကင်ရေစပါးကြီးမြွေအရေပြားနဲ့ချုပ်ထားတာပါ… ဆေးဝါးအပင်ပေါင်းရှစ်ဆယ့်တစ်မျိုးနဲ့ ဆေးစီရင်ထားပြီး ပညာရှင်တစ်ယောက်ကိုယ်တိုင်ပန်းထိုးချုပ်လုပ်ထားတာပါ… ရေအမျိုးအစားမှော်ပညာရပ်တွေအားလုံးကိုခုခံကာကွယ်နိုင်မယ့် မန္တန်အစီအရင်တစ်ခုကိုလည်းဝတ်ရုံထဲမှာထည့်သွင်းထားပါသေးတယ်…”

“အို… အဲဒီသစ်ရွက်တစ်ထောင်ဝတ်ရုံက စိတ်စွမ်းအင်သစ်ရွက်အမျိုးပေါင်းတစ်ထောင်ကိုအသုံးပြုပြီးချုပ်လုပ်ထားတာပါ… လျှို့ဝှက်မှော်ပညာရပ်တစ်ခုကိုအသုံးပြုချုပ်လုပ်ထားပြီး ဒီအင်္ကျီကိုဝတ်ဆင်လိုက်တဲ့အခါမှာ အပင်နဲ့အသီးအရွက်တွေရဲ့မွှေးရနံ့တွေ အစ်ကို့ရဲ့ဘေးနားမှာပျံ့လွင့်နေမှာပါ။ ဒီအင်္ကျီကိုအချိန်တော်တော်ကြာဝတ်ဆင်ပြီးသွားလို့ရှိရင် အစ်ကို့ခန္ဓာကိုယ်ကနေ စိတ်စွမ်းအင်ဆေးဝါးအနံ့တွေ သဘာဝအလျောက်ထွက်ပေါ်လာမှာပါ…”

“အို… ဒီအင်္ကျီကတော့…”

ပိုင်ရှောင်ချန်းသည် ဟိုအင်္ကျီရော သည်အင်္ကျီရောအကုန်ကြိုက်နှစ်သက်နေသည်ဖြစ်ရာ အရောင်းစာရေးလေးကိုခေါင်းချည်းငြိမ့်ပြနေလေ၏။ တချိန်ထဲမှာပင် အဖိုးတန်အင်္ကျီကိုဝတ်ဆင်ထားသောလူရွယ်လေးသည် မော့ကြည့်လိုက်လေ၏။ လူရွယ်သည် ပြုံးလျက် ပိုင်ရှောင်ချန်းဆီသို့လမ်းလျှောက်လာကာ လက်နှစ်ဘက်ကိုယှက်ပြီးဦးညွှတ်ဂါရဝပြုလိုက်လေသည်။

“ဂါရဝပြုပါတယ် အစ်ကိုတော်…”


Comment

Leave a Reply

Options

not work with dark mode
Reset