သိမ်းငှက်နတ်မိစ္ဆာက ရေသမင်နတ်မိစ္ဆာကို မျက်နှာထား တင်းတင်းဖြင့် ကြည့်လိုက်သည်။
“ငါတို့ ပြန်ရောက်ရင် ဒီလူကို ငါဖမ်းလာတာလို့ မင်းကြီးကို ပြောရမယ် ကြားလား”
ဟု ပြောလိုက်လေသည်။
သိမ်းငှက်နတ်မိစ္ဆာတွင် အစကတည်းက အကြံအစည် ရှိပြီးသား ဖြစ်လေသည်။ အကယ်၍ ရေသမင်နတ်မိစ္ဆာ ဖမ်းလာသောသူမှာ အသားမရှိ၊ အရိုးသာရှိသည့် ပိန်ညောင်ညောင် အသက်ကြီးကြီး လူသားဖြစ်ပါက ရေသမင်မိစ္ဆာ ဖမ်းလာသည်ဟုသာ သူက မင်းကြီးရှေ့တွင် ပြောမည် ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့ ပိန်ကပ်ပြီး အရသာမရှိသည့် လူကို ဖမ်းမိပါက မင်းကြီးမှာ များစွာ ဒေါသထွက်မည် ဖြစ်လေသည်။ သို့သော် ဆန်းလျန်မှာ သန့်ရှင်းသည့်အပြင် နူးညံ့ချိုမြိန်မည့် ပုံလည်း ပေါက်နေရကား နတ်မိစ္ဆာဘုရင် သဘောကျနိုင်သည့် လူသားမျိုး ဖြစ်လေသည်။ ထို့ကြောင့် သူက ရေသမင် မိစ္ဆာကိုယ်စား မျက်နှာကောင်း ဝင်ယူခြင်း ဖြစ်လေသည်။
ထိုသိမ်းငှက် နတ်မိစ္ဆာမှာ ရေသမင်နတ်မိစ္ဆာထက် အဆင့်မြင့်ပုံရပြီး နတ်မိစ္ဆာ ခေါင်းဆောင်တစ်ယောက် ဖြစ်ဟန် တူလေသည်။ သူ၏တန်ခိုးမှာ ရေသမင်နတ်မိစ္ဆာထက် အနည်းငယ်ပိုပြီး နက်ရှိုင်းလေသည်။ သို့သော် နတ်ဆိုး ဘုရင်လောက်တော့ စွမ်းအား မကြီးနိုင်ပေ။ သိမ်းငှက် နတ်မိစ္ဆာမှာလည်း အခြားသူ၏ တန်ခိုးစွမ်းအား အကူအညီဖြင့်ပင် လူသား အသွင် ပြောင်းလဲထားခြင်း ဖြစ်လေသည်။ နတ်မိစ္ဆာများ အသွင်ပြောင်းသည့် အခါတွင် အသွင်ပြောင်းပေးသူ၏ မိုးကြိုးဖြင့် ပစ်ခတ်ခြင်း ဒဏ်ကို ခံရသည့်အတွက် လူသဏ္ဌာန် အသွင် ပြောင်းနိုင်သည့်တိုင် တန်ခိုးစွမ်းအားက အားနည်းတတ်လေသည်။ ထိုသို့သော နတ်မိစ္ဆာများမှာ ကျင့်ကြံသူများနှင့် တွေ့လျှင် အသက်မရှင်နိုင်ဘဲ အနှိမ်နင်းခံရသည် ချည်းပင် ဖြစ်လေသည်။
အချို့ဟိုင်သန်း အဆင့်ကျင့်ကြံ သူများကလည်း နတ်မိစ္ဆာလေးများကို ထိုကဲ့သို့ အသွင် ပြောင်းပေးထားခြင်းမျိုး ရှိလေသည်။ သူတို့ကို နတ်ဘုရင်ကျင့်စဉ် ကျောင်းတော်များ၊ နတ်ဘုရား ဂိုဏ်းများကို စောင့်ရှောက်ရန်အတွက် ထားရှိလေသည်။
ရေသမင် နတ်မိစ္ဆာ၏ မျက်နှာမှာ နီရဲသွားလေသည်။ သူက ထိုသိမ်းငှက် နတ်မိစ္ဆာနှင့် ဆုံတိုင်း ယခုကဲ့သို့ အရှက်ကွဲရသည် ချည်းပင် ဖြစ်သည်။ ထိုခဏ အတွင်းမှာပင် သူက ဆန်းလျန်မှာ ကြောက်စရာကောင်းသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်ကြောင်းကို မေ့လျော့ သွားလေသည်။ သူက ဆန်းလျန်နှင့် ပြိုင်ဘက် မဟုတ်သည့်အတွက် ဆန်းလျန်ကို ဖမ်းယူနိုင်ခြင်း မရှိပေ။ ယခုတော့ လူသား တစ်ယောက်ကိုပင် ဖမ်းယူနိုင်ခြင်း မရှိဟု သိမ်းငှက်နတ်မိစ္ဆာမှ အပြစ်တင်ခြင်းကို ခံရလေပြီ။ မည်မျှ ရှက်စရာ ကောင်းပါသနည်း။
“ကျုပ်က ဘာလို့ပြောရမှာလဲ”
ရေသမင်မိစ္ဆာက သိမ်းငှက်မိစ္ဆာကို အော်ပြောလိုက် လေသည်။
သိမ်းငှက်နတ်မိစ္ဆာက အော်ဟစ် ရယ်မောလိုက်ရင်း …
“မင်းလုပ်ရဲရင် လုပ်ကြည့်လေ”
ဟု ပြန်ပြောလိုက်သည်။
သူက ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ပြီး အရပ်ဆယ်ပေ အမြင့်ရှိသည့် သိမ်းငှက်ကြီး တစ်ကောင်အဖြစ် ပြောင်းလဲလိုက် လေသည်။ သူ၏ အသွင်ပြောင်းခြင်းမှာ လေးစားလောက်စရာပင်။
သိမ်းငှက် နတ်မိစ္ဆာက အတောင်ပံများကို တဖျတ်ဖျတ် ခတ်လိုက်သောကြောင့် လေများ ပြင်းထန်စွာ တိုက်ခတ် လာလေသည်။ ထိုလေအရှိန်ကြောင့် ရေသမင်မိစ္ဆာမှာ သစ်ရွက်လေး တစ်ရွက်လို လွင့်ထွက်သွားရ လေသည်။ အတော်ဝေးဝေးသို့ လွင့်ထွက်သွားပြီးမှ မြေပြင်ပေါ်သို့ အရှိန်ဖြင့် ပြုတ်ကျသွားပြီး သူ၏ မူလပုံသဏ္ဌာန် ပေါ်လာလေသည်။ မျက်လုံး သေးသေးလေးများဖြင့် ရေသမင်လေး တစ်ကောင် ဖြစ်နေလေသည်။
သိမ်းငှက်မိစ္ဆာ၏ ပြင်းထန်သော လေများမှာ ဆန်းလျန်ရှေ့တွင် ပျောက်ကွယ်သွားပြီး ဆန်းလျန် အပေါ်တွင် သက်ရောက်မှု မရှိပေ။
သိမ်းငှက်နတ်မိစ္ဆာက သူ၏ စူးရှသည့် သိမ်းငှက် မျက်လုံးများဖြင့် ဆန်းလျန်ကို စူးစိုက် ကြည့်လိုက်သည်။ ဆန်းလျန်မှာ သာမန်လူတစ်ယောက် မဟုတ်သည်မှာ ထင်ရှား နေလေသည်။ သို့သော် သိမ်းငှက် နတ်မိစ္ဆာက ကြောက်လန့်ခြင်း အလျှင်းမရှိပါ။ သူ၏ ခန္ဓာကိုယ်က လေထဲတွင် ရပ်တန့်သွားပြီး ဆန်းလျန်ကို လက်သည်းဖြင့် လှမ်းကုတ်ကာ ဖမ်းလိုက်လေသည်။
လေထဲတွင် ရပ်တန့်လိုက်ပြီးမှ လက်သည်းဖြင့် ထိုးသုတ်သည်မှာ အကြောင်း ရှိလေသည်။ လေထဲတွင် ရပ်တန့် လိုက်သည်နှင့် အသက်ဓာတ် စွမ်းအားများမှာ သိမ်းငှက်မိစ္ဆာ၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း စီးဝင်လာသောကြောင့် ဖြစ်လေသည်။ ထိုအသက်ဓာတ် စွမ်းအားများက စီးဆင်းနေပြီး သူ၏ ခန္ဓာကိုယ်ကြီးကို ဒိုင်းတစ်ခုအလား ကာကွယ် ပေးထားလေသည်။ လမ်းကြောင်းမှာ ရှင်းနေသည့် အတွက် သူက ဆန်းလျန်ကို သံမဏိကဲ့သို့ အေးစက် မာကျောသည့် လက်သည်းရှည်ကြီး များဖြင့် ကုတ်ယူ ထိုးသုတ်လိုက်သည်။ ထိုလက်သည်း ရှည်ကြီးများမှာ လေထဲတွင် တောက်ပ နေလေသည်။
အချို့သော နတ်မိစ္ဆာများမှာ စကြဝဠာ၏ အနှစ်သာရ ဖြစ်သော အသက်ဓာတ် စွမ်းအားများကို စုပ်ယူကာ ချက်ချင်းပင် ပြန်လည် အသုံးပြုနိုင်သည့် စွမ်းအား ရှိကြလေသည်။ များသောအားဖြင့် နတ်မိစ္ဆာများမှာ ဂါထာမန္တန်များကို သုံးလေ့ မရှိကြသော်လည်း အသက်ဓာတ် စွမ်းအားများကိုတော့ ကောင်းစွာ ထိန်းချုပ်နိုင် ကြလေသည်။
သံမဏိကဲ့သို့ အေးစက်မာကျောသည့် လက်သည်းရှည်ကြီးများ ဆန်းလျန်ဆီသို့ ဝင်ရောက်မလာခင် ကြီးမားသည့် စွမ်းအားလှိုင်းကြီး တစ်ခုက အရင်ဝင်ရောက် လာလေသည်။ ဆန်းလျန်က သိမ်းငှက်နတ်မိစ္ဆာကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။ သို့သော် သူ၏ အကြည့်များက တည်ငြိမ်ပြီး ကြောက်ရွံ့သည့် ပုံသဏ္ဌာန် လုံးဝမရှိပေ။
ဝင်ရောက်လာသည့် စွမ်းအားလှိုင်းကြီးမှာ ဆန်းလျန်ကို မည်သို့မျှ ထိခိုက်ခြင်း မရှိပါ။ ထိုစွမ်းအားလှိုင်းကြီးမှာ ပုံသဏ္ဌာန်မရှိသည့် တွင်းနက်ထဲသို့ ဝင်ရောက် ပျောက်ကွယ် သွားသကဲ့သို့ ပျောက်ကွယ် သွားလေသည်။ ထိုက်ရွှီး စွမ်းအားများတွင် စွမ်းအား အသုံးပြုပုံ လေးမျိုး ရှိလေသည်။ “ဆန်း” ၊ “ခဲ့” ၊ “ကျိ” ၊ “ဟွ” ဟူ၍ ဖြစ်သည်။
ဆန်းလျန်မှာ ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ် ပထမအဆင့် အောင်မြင်သွားပြီ ဖြစ်သည့်အတွက် “ဟွ” ပုံသဏ္ဍန် စွမ်းအား အသုံးပြုပုံကို အသုံးပြုနိုင်လေသည်။ ထိုစွမ်းအား အသုံးပြုပုံမှာ ရှုပ်ထွေးခြင်းလည်း မရှိသလို ဂါထာမန္တန်များလည်း အသုံးပြုစရာ မလိုပေ။ သာမန် တိုက်ခိုက်မှုမျိုး ဆိုလျှင် တောင်ပေါ်တွင် လေပြည်လေး တိုက်ခတ်သလို အသာလေး တိုက်ခိုက်၍ ရလေသည်။ ထို့ပြင် ရေပြင်တွင် ထင်ကျန်ရစ်သည့် လရိပ်ပမာ တိုက်ခိုက်မှု၏ သဏ္ဌာန်မှာလည်း ထင်ကျန်ရစ်ခြင်း မရှိပေ။
ဤသည်မှာ ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်၏ ထူးခြားချက်ပင် ဖြစ်သလို ဆန်းလျန်မှာ ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်၏ တန်ခိုးစွမ်းအားကို တစ်ဆယ် ရာခိုင်နှုန်းသာ အသုံးပြုနိုင်သေးသူ တစ်ယောက် ဖြစ်လေသည်။ သို့တိုင်အောင် “စွမ်းအားများ မထိခိုက်နိုင်သည့်” အဆင့်ကို စတင် အသုံးပြုနိုင်နေပြီ ဖြစ်လေသည်။
“ဟွ” ပုံသဏ္ဌာန်စွမ်းအား အသုံးပြုခြင်းတွင်ပင် အဆင့်ပေါင်းများစွာ ရှိသေးသည်။ အမြင့်ဆုံးအဆင့် ရောက်အောင် ကျင့်ကြံနိုင်ပါက မည်သည့် တန်ခိုးစွမ်းအား၊ မည်သည့် ဂါထာမန္တန်များမှ ထိခိုက်နိုင်မည် မဟုတ်တော့ပေ။
ဆန်းလျန်က သိမ်းငှက် နတ်မိစ္ဆာ၏ တိုက်ခိုက်မှုကို ဣန္ဒြေမပျက်ပင် ခုခံလိုက်လေသည်။ သိမ်းငှက်မိစ္ဆာ၏ လက်သည်းဖြင့် ကုတ်သည့် တိုက်ခိုက်မှုမှာ ကြမ်းတမ်းပြီး လျင်မြန်လွန်းသည့် အပြင် မမြင်ရသည့် စွမ်းအား အချို့လည်း ပါဝင်လေသည်။ သိုင်းပညာ တတ်မြောက်သည့် လူသားတစ်ဦး အနေဖြင့် ထိုမမြင်ရသည့် စွမ်းအားမှာ မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို မှန်းဆပြီး တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။ သို့သော် သိမ်းငှက် နတ်မိစ္ဆာမှာလည်း ယခု အသုံးပြုနေသည့် တိုက်ခိုက်မှု နည်းလမ်းဖြင့် လူပေါင်းများစွာကို အနိုင်ယူ တိုက်ခိုက်ခဲ့သူ ဖြစ်လေသည်။
ဆန်းလျန်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ သူ၏လက်ကို အရိုးမရှိ သကဲ့သို့ ပျော့ပျောင်းစွာ ဝှေ့ယမ်းလိုက်ခြင်း ဖြစ်ပြီး ထိုလက်မှတစ်ဆင့် တောက်ပသည့် အနက်ရောင် အလင်းတန်း တစ်ခုက ဖြာထွက်လာလေသည်။ ပုန်းအောင်းနေသည့် နဂါးတစ်ကောင် ထွက်ပေါ်လာသည့် အလားပင်။ ထိုတန်ခိုးစွမ်းအား၏ နက်နဲမှုကို အဖြေရှာရန်မှာ ခက်ခဲလှလေသည်။ ဆန်းလျန်၏ လက်မှာ မှော်နဂါးတစ်ကောင်နှင့် သဏ္ဌာန်တူ နေလေသည်။ ထိုမှော်နဂါး ကဲ့သို့သော အနက်ရောင် အလင်းတန်းက သိမ်းငှက်မိစ္ဆာ၏ သံမဏိလက်သည်းများကို ဖြတ်သန်းသွားပြီး သိမ်းငှက်မိစ္ဆာ၏ ခြေထောက်ကို ဖမ်းဆုပ်လိုက်လေသည်။
ဆန်းလျန်က သူ၏လက်ကို ထိခိုက်မှု မရှိစေရန် ထိုက်ရွှီးကန်းချိ စွမ်းအားဖြင့် ကာကွယ်ထားလိုက်သည်။ သိမ်းငှက်၏ ခြေထောက်ကို ဆုပ်ကိုင်ထားသည့် သူ၏လက်ချောင်း များမှာ ပျော့ပျောင်းသည့်တိုင် ခိုင်မာမြဲမြံ နေလေသည်။ သိမ်းငှက်နတ်မိစ္ဆာ၏ သံမဏိ လက်သည်းများမှာ ဆန်းလျန်ကို ထိခိုက်နိုင်စွမ်း မရှိတော့ပေ။
သိမ်းငှက်မိစ္ဆာမှာ မိမိဖမ်းချုပ် ခံလိုက်ရပြီ ဆိုသည်ကို သိသည်နှင့် သူ၏ စွမ်းအားများကို ဆန်းလျန်ဆီသို့ ပိုလွှတ်ကာ တိုက်ခိုက်လိုက်ပြန်သည်။ ထိုစွမ်းအားများမှာ လှိုင်းလုံးကြီးများ လိမ့်လာသကဲ့သို့ ပြင်းထန်လွန်းသည်။
ဆန်းလျန်က သူ၏ အခြားလက်တစ်ဖက်ဖြင့် အင်းသင်္ကေတ တစ်ခုကို ရေးလိုက်ပြီး ထိုအင်းသင်္ကေတကို သိမ်းငှက်နတ်မိစ္ဆာ၏ ဦးခေါင်းထက် ဆီသို့ ပို့လွှတ် လိုက်လေသည်။ သိမ်းငှက်ကြီးမှာ မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီး လှုပ်ရှားနိုင်စွမ်း မရှိတော့ပေ။
အင်းသင်္ကေတမှာ တောင်တစ်လုံး ကဲ့သို့သော အစွမ်းပါရှိသည့်အတွက် ထိုအင်းသင်္ကေတဖြင့် ထိခိုက်ခံလိုက်ရသည့် သိမ်းငှက်မိစ္ဆာမှာ အလွန်ကြီးမားသည့် တောင်ကြီး တစ်လုံးဖြင့် ထိခိုက်ခံလိုက်ရသလို ဖြစ်ပြီး မလှုပ်နိုင်တော့ခြင်း ဖြစ်လေသည်။
ဆန်းလျန် အသုံးပြုလိုက်သည့် သိုင်းကွက်မှာ “နဂါးပတ်လမ်း” သိုင်းကွက် ဖြစ်လေသည်။ ချင်းရွှမ်နတ်တံခါးမှ ဆရာသခင်တစ်ပါး တီထွင်ထားသည့် သိုင်းကွက်တစ်ခု ဖြစ်လေသည်။ ထိုဆရာသခင်က ခရီးတစ်ခုသွားစဉ် ရေထဲမှ ကောင်းကင်ထက်သို့ ပျံတက်သွားသည့် နဂါးတစ်ကောင်ကို အမှတ်မထင် တွေ့ခဲ့ရပြီး ထိုသိုင်းပညာကို တီထွင်ခဲ့ခြင်း ဖြစ်သည်။ သိမ်းငှက်နတ်မိစ္ဆာ၏ အစွမ်းမှာ အံ့သြစရာ ကောင်းလှပါသော်လည်း နဂါးတစ်ကောင်ကိုတော့ မည်သည့်အခါမျှ ယှဉ်နိုင်မည် မဟုတ်ပေ။
သိမ်းငှက် လက်သည်းများက မည်မျှ ရက်စက်ပါစေ ဆန်းလျန်ကတော့ အသာလေး ဖြေရှင်း ပေးလိုက်လေပြီ။
ဆန်းလျန်က “နဂါးပတ်လမ်း” သိုင်းကွက်ကို ထိုက်ရွှီးစွမ်းအားဖြင့် ပေါင်းစပ် အသုံးပြုလိုက်ခြင်း ဖြစ်လေသည်။ ချင်းရွှမ်နတ်တံခါးမှ “နဂါးပတ်လမ်း” သိုင်းကွက်ကို တီထွင်ခဲ့သူ ဆရာသခင်သည် အလွန်မှ ထူးချွန်သည့် ဆရာသခင် တစ်ပါးဖြစ်ပြီး “လင်ပေါင်နဂါးသိုင်းကျမ်း” ကို ရေးသားခဲ့သူ ဖြစ်လေသည်။ ထို “လင်ပေါင်နဂါးသိုင်းကျမ်း” မှာ ချင်းရွှမ်နတ်တံခါးတွင် ထိုဆရာသခင်၏ မူပိုင်ပညာရပ် တစ်ခုဖြစ်သည်။ ဟိုင်သန်းအဆင့် အောင်မြင်ပြီးသည့် ကျင့်ကြံသူ တစ်ယောက်သာ ထိုသိုင်းကျမ်းကို လေ့ကျင့်ပါက ပြဒါးပညာ၊ သိုင်းပညာနှင့် အင်းပညာများတွင် ပိုပြီး တိုးတက်လာမည် ဖြစ်လေသည်။ ချင်းရွှမ်နတ်တံခါး၏ ကျင့်စဉ် တစ်ရာ့ရှစ်မျိုးတွင် ထိပ်တန်းကျင့်စဉ် သုံးဆယ့်ခြောက်ခုအပြင် ကြောက်မက်ဖွယ်ရာ ကောင်းသည့် ပညာရပ် ခုနစ်ဆယ့်နှစ်ခုလည်း ရှိသေးသည်။ ထိုခုနစ်ဆယ့်နှစ်ခုတွင် ကြောက်စရာ အကောင်းဆုံးပညာမှာ “လင်ပေါင်နဂါးသိုင်းကျမ်း” ပင်ဖြစ်လေသည်။ ထို “လင်ပေါင်နဂါးသိုင်းကျမ်း” ကို ထိုက်ရွှီးစွမ်းအားဖြင့် ပေါင်းစပ် အသုံးပြုနိုင်မည် ဆိုပါက မည်သည့် ပညာကမှ ယှဉ်နိုင်မည် မဟုတ်တော့ပေ။
“နဂါးပတ်လမ်း” သိုင်းကွက်မှာ “လင်ပေါင်နဂါးသိုင်းကျမ်း” ထဲမှ သိုင်းကွက်တစ်ခု ဖြစ်လေသည်။ အမှန်ဆိုလျှင် ထိုသိုင်းကျမ်းကို ထိုက်ဝေ့ထိုင်ခန်းမဆောင်၊ ဒုတိယထပ်တွင် သိုင်းကျမ်းကို တီထွင်ခဲ့သူ ဆရာသခင်၏ ပုံတူ ပန်းချီကားချပ်နှင့် အတူ ထားရှိရမည် ဖြစ်လေသည်။ သို့သော် ဘာကြောင့်မှန်းမသိ ထိုသိုင်းကျမ်းက ထိုက်ဝေ့ထိုင် ခန်းမဆောင် ပထမထပ်သို့ ရောက်ရှိ နေသောကြောင့် ဆန်းလျန်က ထိုသိုင်းကျမ်းကို အလွယ်တကူပင် ရှာဖွေတွေ့ရှိကာ လေ့ကျင့်ခဲ့ခြင်း ဖြစ်လေသည်။
တာအိုကျင့်စဉ်များ၏ ထူးခြားချက်မှာ ပုံသေ သတ်မှတ်ချက်မျိုး မဟုတ်ပဲ တရားအလင်းဖြင့် ထိုးဖောက် သိမြင်ရခြင်းများသာ ဖြစ်လေသည်။ သိမ်းငှက်မိစ္ဆာမှာ သူကဲ့သို့ လက်ထောက် နတ်မိစ္ဆာ ဘုရင်တစ်ပါးမှာ ဆန်းလျန်လက်ထဲတွင် မရှုမလှ ရှုံးနိမ့်လိမ့်မည်ဟု လုံးဝ ထင်မထားခဲ့မိပေ။ ယခုတော့ ဆန်းလျန်က သူ့ကို ခပ်လွယ်လွယ်ဖြင့်ပင် နှိမ်နင်းလိုက်ပြီ ဖြစ်လေသည်။
ဆန်းလျန် အသုံးပြုလိုက်သည့် ပညာများကို ကြည့်ခြင်းအားဖြင့် ဆန်းလျန်၏ တန်ခိုးစွမ်းအားမှာ အလွန် အဆင့်မြင့်ကြောင်း သိရှိသွားရပြီး သိမ်းငှက်မိစ္ဆာမှာ အလွန်အမင်း ကြောက်လန့်နေလေတော့သည်။ နဂါးဆိုသည်က သတ္တဝါများ၏ခေါင်းဆောင်ဖြစ်ပြီး မွေးရာပါ တာအိုကျင့်စဉ်အခြေခံပါသည့် သတ္တဝါဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်က နဂါးပတ် လမ်းသိုင်းကွက် အသုံးပြုလိုက်ခြင်းက သိမ်းငှက်မိစ္ဆာ၏ စိတ်ဝိညာဉ်ရော ရုပ်ခန္ဓာကိုပါ များစွာ ထိခိုက် သွားစေလေသည်။
ချွေ့ဖိန်တောင်ကို ချွေ့ဖိန်တောင်ဟု ခေါ်ရသည်မှာ အကြောင်းရှိလေသည်။ တောင်မှာသိပ်ပြီး မြင့်မားလှခြင်း မရှိသည့်တိုင် အစိမ်းရောင် သစ်ပင်များဖြင့် ပြည့်နက်နေပြီး ကြည့်လေရာရာတွင် အစိမ်းရောင် များကိုသာ မြင်နိုင်လေသည်။ ထို့ကြောင့် “ချွေ့ဖိန်” တောင်ဟု ခေါ်ခြင်း ဖြစ်လေသည်။
(ချွေ့ဖိန် = မြစိမ်းရောင်မြင်ကွင်း ဟု အဓိပ္ပာယ်ရ – ဘာသာပြန်သူ)
စိမ်းလန်းလွန်းသော ချွေ့ဖိန်တောင်၏ အရှေ့တစ်နေရာတွင် ဂူပေါက်တစ်ခုကို တွေ့ရလေသည်။ ထိုဂူပေါက်မှာ တောင်၏ ချောက်ကမ်းပါးနှင့် မနီးမဝေးတွင် တည်ရှိလေသည်။ တောင်ထိပ်တွင်တော့ ဆောက်လုပ်ဆဲ နန်းတော်ကြီး တစ်ခုကို တွေ့ရလေသည်။ နန်းတော် အဆောက်အဦကြီးမှာ တစ်ဝက်တစ်ပျက်နှင့် ရပ်တန့် နေလေသည်။ ထို နန်းတော်ကြီးအနားတွင် ရေတံခွန်ကြီး တစ်ခုရှိပြီး ထိုရေတံခွန်ကြီးက ဂူပေါက်နှင့် ဆောက်လုပ်ဆဲ နန်းတော်ကြီးကို ပိုင်းခြား ထားလေသည်။
***