Switch Mode

အခန်း (၁၃၄)

ချွေ့ဖိန်တောင်

အမှန်တော့ ရေသမင်မိစ္ဆာမှာ တုံးရုံတင်မက ယုံမှား သံသယကလည်း များလွန်းသေးသည်။

ဆန်းလျန်က ခေါင်းကို ခါယမ်းရင်း ပြုံးလိုက်လေသည်။ ထိုမိစ္ဆာ သတ္တဝါအား သနားသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ အဘယ်ကြောင့် ဆိုသော် ထိုမိစ္ဆာလေးမှာ အရည်အချင်းလည်း တစ်စက်မှမရှိ၊ သို့သော် အရည်အချင်း ရှိဟန်လည်း ဟိတ်ဟန် ထုတ်နေသောကြောင့် ဖြစ်လေသည်။

လူသားများထဲ တွင်လည်း ထိုကဲ့သို့သော လူမျိုး များစွာ ရှိလေသည်။ ထိုသို့သော လူမျိုးများမှာ စိတ်ပျက်စရာ ကောင်းပြီး အသက် ရှင်နေသည်မှာပင် ကံကောင်းသောကြောင့် ဖြစ်လေသည်။

သို့သော် ရေသမင် မိစ္ဆာမှာတော့ ဆန်းလျန်နှင့် တွေ့သည့် အတွက် ကံမကောင်း နိုင်တော့ပေ။ မိစ္ဆာလေးမှာ ဆန်းလျန် မျက်ဝန်းထဲမှ အကြည့်ကို နားမလည်နိုင်သည့်တိုင် ထိုအကြည့်ကို မုန်းတီး နေမိလေသည်။

ထို့ကြောင့်ပင် သူက လက်ထဲမှ သံမဏိ ခက်ရင်းခွဖြင့် ဆန်းလျန်ကို လှမ်းထိုး လိုက်လေသည်။ ထိုရေသမင် မိစ္ဆာကဲ့သို့သော မိစ္ဆာမျိုးမှာ တိရိစ္ဆာန်အသွင်မှ လူအသွင် ဖန်ဆင်းထားခြင်းကြောင့် အလွန် အားကြီးလေသည်။ သံမဏိ ခက်ရင်းခွ မှာလည်း အစွမ်းထက်သည့် လက်နက်တစ်ခု မဟုတ်သည့်တိုင် သံမဏိအစစ်ဖြင့် သွန်းလုပ်ထားခြင်း ဖြစ်လေသည်။ သို့သော် လက်ရာကတော့ အနည်းငယ် ကြမ်းသည်။ ခက်ရင်းခွ ထိပ်ဖျားမှာ သိပ်ပြီး ချွန်ထက်လွန်းခြင်း မရှိဘဲ ခပ်တုံးတုံး ဖြစ်ကြောင်း ဆန်းလျန် သတိပြုမိ လိုက်သည်။

ဆန်းလျန်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခြင်း မရှိပါ။ ဆန်းလျန်က သူ့လက်ကို အသာပင် ဆန့်ထုတ်လိုက်ပြီး သံမဏိ ခက်ရင်းခွကို လက်ချောင်းလေးဖြင့် ထောက်ထား လိုက်လေသည်။ သူ၏ လက်ချောင်း ထိပ်ဖျားမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး ခက်ရင်းခွ အချွန်များ ဆန်းလျန်၏ လက်ကို စူးဝင်သွားခြင်း လုံးဝမရှိပေ။

ရေသမင်မိစ္ဆာ အမှုထမ်းနေသည့် နတ်မိစ္ဆာဘုရင်မှာ လူသားများကို အတုခိုးကာ နန်းတော်ကြီးတစ်ခု တည်ဆောက် နေလေသည်။ သူနတ်မိစ္ဆာဘုရင်က ရေသမင်မိစ္ဆာ ကဲ့သို့သော အဆင့်နိမ့် မိစ္ဆာလေးများကို အလုပ်သမားအဖြစ် ခိုင်းထားလေသည်။ ထိုအလုပ်သမား နတ်မိစ္ဆာလေးများမှာ တောင်ပေါ်မှ ကျောက်တုံးကြီးများကို နန်းတော် ဆောက်လုပ်ရန်အတွက် သယ်ယူ ပေးရလေသည်။ ထိုကျောက်တုံးကြီး တစ်တုံးလျှင် လူတစ်ကိုယ်စာခန့် ရှိလေသည်။ ထိုကျောက်တုံးများမှာ ဆန်းလျန်ထက် လေးလံသည့် ကျောက်တုံးများ ဖြစ်လေသည်။ ရေသမင်မိစ္ဆာမှာ အလွန်တုံးသည့်တိုင် သူသယ်သည့် ကျောက်တုံးများမှာ ဆန်းလျန်နှင့် အရွယ်အစား တူသည့်တိုင် ဆန်လျန်ထက် လေးလံကြောင်းကိုတော့ သိလေသည်။

သို့သော် သူ၏ သံမဏိခက်ရင်းခွမှာ ဆန်းလျန်၏ လက်ချောင်းများကိုပင် မတွန်းလှန်နိုင်ခဲ့ပေ။ သူက အားကုန်သုံးသည့်တိုင် ဆန်းလျန်၏ ခန္ဓာကိုယ်မှာ တစ်ချက်ပင် မရွေ့ပေ။ ခက်ရင်းခွ ထိပ်ချွန်များမှာ ရွှေရောင် အလင်းတန်းများ ကြားထဲတွင် ရပ်တန့်နေလေသည်။ ထိုအလင်းတန်းများမှာ စီးဆင်းနေသည့် ရေများနှင့် သဏ္ဌာန်တူပြီး ရေသမင်မိစ္ဆာမှာ မည်သို့ပင် ကြိုးစားကြိုးစား အရာမထင် ဖြစ်နေရလေသည်။

ငတုံးရေ သမင်မိစ္ဆာမှာ အသိဉာဏ် မရှိသည့်တိုင် အခြေအနေ မဟန်ကြောင်း ရိပ်မိလိုက်လေသည်။ မပတ်သက် သင့်သည့် လူတစ်ယောက်ကို သွားရောက် ပတ်သက်မိပြီ ဖြစ်ကြောင်း သဘောပေါက် သွားရပြီ။ အဆင့်နိမ့် နတ်မိစ္ဆာလေးများမှာ များသောအားဖြင့် အသိဉာဏ် မရှိကြပေ။ သို့သော် လောကတစ်ခွင်တွင် သူတို့၏ နတ်မိစ္ဆာ ဘုရင်ကဲ့သို့ ကြောက်စရာ ကောင်းသည့် လူသားများလည်း ရှိသေးသည်ဆိုသည့် အကြောင်းကိုတော့ သိရှိထားလေသည်။ သူတို့၏ နတ်မိစ္ဆာဘုရင်က ထိုလူသားများကို “ကျင့်ကြံသူများ” ဟု ခေါ်လေသည်။

ကျင့်ကြံသူများ၏ အသားမှာ သာမန်လူသားများနှင့် မတူဘဲ ထူးခြားသည်ဟု နတ်မိစ္ဆာဘုရင်က ပြောဖူးလေသည်။ နတ်မိစ္ဆာဘုရင်အား “ကျင့်ကြံသူများ၏ အသားကို စားဖူးပါသလား” ဟု ရေသမင်မိစ္ဆာက မေးတော့ နတ်မိစ္ဆာဘုရင်က ဖြေကြားခြင်း မရှိပေ။ ထိုနေ့မှစပြီး ရေသမင်မိစ္ဆာမှာ အလုပ်များကို ပိုပြီး ကြိုးစားလေသည်။ အဘယ်ကြောင့်ဆိုသော် နတ်ဆိုးဘုရင်က သူ့ကို အခြားသူများထက် မျက်နှာသာပေး၍သာ ကျင့်ကြံသူများ အကြောင်း ပြောပြသည်ဟု အထင်ရောက်မိသောကြောင့် ဖြစ်လေသည်။

သို့သော် အခြားသော နတ်မိစ္ဆာလေးများ ကတော့ ထိုသို့မထင်ပေ။ သူတို့က ရေသမင်မိစ္ဆာကို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသည့် နတ်မိစ္ဆာ တစ်ကောင်အလား အထင်သေးအမြင် သေးစွာဖြင့်သာ ကြည့်ကြလေသည်။

ဆန်းလျန်ဆီမှ အစိမ်းရောင် အလင်းတန်းတစ်ခု ထပ်မံ ထွက်ပေါ်လာပြီး ထိုအလင်းတန်းက ရေသမင်မိစ္ဆာ၏ ခက်ရင်းခွကို ကွေးညွှတ် သွားစေလေသည်။ ထို့နောက် ခက်ရင်းခွမှာ ရေသမင်မိစ္ဆာ၏ လက်မှ လွင့်ထွက်သွားပြီး လျင်မြန်စွာ လည်ပတ်ကာ အဝေးတစ်နေရာရှိ ကျောက်ဆောင် တစ်ခုထက်သို့ နက်ရှိုင်းစွာ စိုက်ဝင် သွားလေသည်။ ထိုကျောက်ဆောင်မှာ မိုးဒဏ်လေဒဏ် များကြောင့် ရေညှိများ တက်ကာ ချောမွတ်နေသည့် ကျောက်ဆောင်ကြီး ဖြစ်ပြီး ခက်ရင်းခွ ခပ်တုံးတုံးတစ်ခု စိုက်ဝင် သွားရန်မှာ လွယ်ကူသည့် ကိစ္စမဟုတ်ပေ။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဆန်းလျန်၏ အစိမ်းရောင် အလင်းတန်းမှာ မည်မျှ ကြောက်စရာ ကောင်းသည်ကို ဖော်ပြ နေလေတော့သည်။

ဆန်းလျန် ကျင့်ကြံသူ လောကသို့ စတင်ခဲ့သည့် အချိန်မှစပြီး တိုက်ခိုက်သည့် အခါတိုင်း မည်သည့် ဥပဒေကိုမှ လိုက်နာခဲ့ခြင်း မရှိပေ။ သူက ရှေ့တွင်မည်သို့ ဖြစ်လာမည်ကို ကြိုတင် ခန့်မှန်းချက်များဖြင့် တိုက်ခိုက်လေ့ ရှိလေသည်။

ဆန်းလျန်က ရေသမင်မိစ္ဆာကို စိုက်ကြည့် နေလိုက်သည်။ ဆန်းလျန်၏ ပုံစံမှာ နတ်မိစ္ဆာပုံ မပေါက်ပါ။ သို့တိုင်အောင် ရေသမင်မိစ္ဆာမှ ဆန်းလျန်ကို ကြည့်ရင်း သူ့ဘဝတွင် တစ်ခါမှ မကြောက်ဖူးသည့် ကြောက်ခြင်းမျိုးဖြင့် ကြောက်လာခဲ့ ရလေသည်။

လူသားပင်ဖြစ်စေ၊ သတ္တဝါပင်ဖြစ်စေ သက်ရှိ အားလုံးတွင် အန္တရယ် အငွေ့အသက်ကို အာရုံခံနိုင်သည့် သဘာဝစွမ်းအား ရှိကြလေသည်။ ဆန်းလျန်က သူ့ရှေ့တွင် မလှုပ်မယှက် ရပ်နေသည့်တိုင် ကြောက်စရာ ကောင်းနေလေသည်။ ရေသမင်မိစ္ဆာမှာ တောင်ပေါ်တွင် ကျားတစ်ကောင်နှင့် တွေ့စဉ်က ခံစားရသည့် ခံစားချက်မျိုးကို ယခုခံစား နေရလေသည်။ သူကျားနှင့် တွေ့စဉ်တုန်းက နတ်မိစ္ဆာဘုရင်က သူ့ကို ကယ်တင်ပေးခဲ့ပြီး လူသားအသွင် ပြောင်းလဲ ပေးခဲ့လေသည်။ ယခု သူ့ရှေ့မှ ဆန်းလျန်မှာ ထိုအချိန်က သူကြုံတွေ့ခဲ့ရသည့် ကျားထက်ပင် ကြောက်စရာ ကောင်းနေသေးသည်။

အပြာရောင် ကောင်းကင်ထက်တွင် တိမ်များ ဖြတ်သန်း သွားလာနေပြီး တောင်ပေါ် လေအေးလေးက သစ်ပင်များကို ဖြတ်သန်း တိုက်ခတ် လာလေသည်။ လေတိုက်ခတ်သံနှင့် အတူ ဆန်းလျန်ထံမှာ စကားသံကို ကြားလိုက်ရလေသည်။

“မင်းတို့ ဘုရင်က ဘယ်သူလဲ”

သူ၏ လေသံက သာမန်ပင် ဖြစ်သည့်တိုင် နတ်မိစ္ဆာလေးမှာ အလိုလို အဖြေပေးမိလျက်သား ဖြစ်သွားရလေသည်။

“ကျုပ်တို့ ဘုရင်က ကျုပ်တို့ရဲ့ မင်းကြီးပဲပေါ့၊ ဒီချွေ့ဖိန်တောင် တစ်ခုလုံး သူ့ရဲ့ အုပ်ချုပ်မှု အောက်မှာရှိတယ်”

“ကြားရတာ ကြောက်စရာပဲ၊ ဘယ်လိုလဲ၊ မင်းတို့ဘုရင်နဲ့ တွေ့ဖို့ ကျုပ်ကို ခေါ်သွားပေးနိုင်မလား၊ ကျုပ်သူ့ကို မေးစရာရှိလို့”

ဆန်းလျန်က တစ်ချက်ပြုံးရင်း ပြောလိုက်သည်။ ထိုအပြုံး နောက်ကွယ်တွင် ကောင်းသည့်အရာ ဖြစ်လာနိုင်စရာ မရှိကြောင်း ရေသမင်မိစ္ဆာ ရိပ်မိလိုက်လေသည်။

“မင်းက ကျုပ်တို့ မင်းကြီးကို ဘာမေးစရာရှိလို့လဲ”

ရေသမင်မိစ္ဆာက ချီတုံချတုံဖြင့် ပြန်မေးလိုက်လေသည်။

“ကျုပ်က သူနဲ့တွေ့မှ မေးမှာ”

ဆန်းလျန်က ခေါင်းကို ခါယမ်းရင်း ပြောလိုက်လေသည်။

“မင်းကို ပြောပြမယ်၊ ကျုပ်တို့ မင်းကြီးက သိပ်တန်ခိုးကြီးတာ၊ မင်းသာသူနဲ့ တွေ့ရင် သေရမှာပဲ”

ရေသမင်မိစ္ဆာက ပြောလိုက်လေသည်။

ဆန်းလျန်က ပျင်းရိပျင်းတွဲ ပုံစံဖြင့် …

“မင်းက တော်တော် သစ္စာရှိတာပဲ၊ ဒါပေမဲ့ မင်းစဉ်းစားကြည့်လေ မင်းအခု သေသွားရင် မင်းရဲ့ သစ္စာရှိမှုက ဘာအသုံးဝင်မှာလဲ၊ မင်းရဲ့ မင်းကြီးက မင်းအတွက် မျက်ရည်တစ်စက် ကျမယ်တောင် ထင်လား”

ဟု ပြောလိုက်လေသည်။

နတ်ဆိုးများမှာ ခံစားချက် ရှိသူများ မဟုတ်ကြပါ။ အထူးသဖြင့် နတ်မိစ္ဆာ ဘုရင်များက ပို၍ ဆိုးလေသည်။ သူတို့က သွေးထွက်သံယို သတ်ဖြတ်ပွဲများ လုပ်လေ့ရှိကြပြီး သူတို့ နှလုံးသားက ကျောက်သား ကဲ့သို့ပင် ဖြစ်လေသည်။ အပြင်ပန်းတွင် ကြင်နာချင်ယောင် ဆောင်တတ် ကြသည့်တိုင် တကယ်တမ်းတွင်တော့ မည်သူ့အပေါ်မှ သံယောဇဉ်ထားကြ သူများ မဟုတ်ပေ။

ချင်းရွှမ်နတ်တံခါးမှ မြွေမိစ္ဆာကြီး ကျင်းချင်းသည် ပင်လျှင် ထိုအတိုင်းပင် ဖြစ်လေသည်။ သူက ကျင့်ကြံသူ လူသားများနှင့် အနေနီးစပ်သည့် အတွက် လူသားသဘာဝကို အတုခိုးထားသည့်တိုင် သူ့တွင် မည်သည့် ခံစားချက်မျှ မရှိပေ။ မြွေများ၏ သွေးအေးတတ်သည့် သဘော သဘာဝကြောင့် ဖြစ်သည့်တိုင် နတ်မိစ္ဆာ အားလုံးလိုလိုမှာ ထိုကဲ့သို့ပင် ဖြစ်လေသည်။

ရေသမင်မိစ္ဆာက သူ၏ဘုရင်မှာ တန်ခိုးစွမ်းအား ကြီးမားကြောင်း သိသော်လည်း ဆန်းလျန်ကြောင့် သူ၏ဘုရင် စိတ်အနှောင့်အယှက် ဖြစ်ရမည်ကို စိတ်ပူနေလေသည်။ ဆန်းလျန်မှာ ပြဿနာရှာမည့်သူ တစ်ယောက်ဖြစ်ကြောင်း သူသိနေလေသည်။ ထို့ကြောင့် သူက ဆန်းလျန်နှင့် စကားစမြည် ပြောရင်း အချိန်ဆွဲထားရန် ဆုံးဖြတ်လိုက်သည်။

“ကျုပ်က ကျုပ်တို့ ဘုရင်အတွက် အရေးပါတဲ့ လူတစ်ယောက်ပဲ၊ မင်းနားလည်နိုင်မှာ မဟုတ်ပါဘူး”

ရေသမင်မိစ္ဆာက ပြောလိုက်လေသည်။

သူ၏ မျက်ဝန်းများတွင် ဂုဏ်ယူမှုများဖြင့် ပြည့်နေလေသည်။

“မင်းတို့ ဘုရင်ဆီ ကျုပ်ကို ခေါ်မသွားဘူး ဆိုရင် ဟိုကျောက်ဆောင်ကြီးလိုပဲ မင်းလည်း ဖြစ်သွားလိမ့်မည်နော်”

ဆန်းလျန်က ခြိမ်းခြောက် စကားဆို လိုက်သည်။

ဆန်းလျန်က မျက်စိတစ်မှိတ် အတွင်းမှာပင် ကျောက်ဆောင်ကြီး အနားသို့ ရောက်သွားလေသည်။ သူက သံမဏိ ခက်ရင်းခွကို ဆွဲနုတ်ခြင်း မပြုပါ။ သူ၏ လက်ကို တစ်ချက် ဝှေ့ယမ်း လိုက်လေသည်။ ခရမ်းရောင် အလင်းတန်းများ ဖြာထွက်လာပြီး ကျောက်ဆောင်ကြီးမှာ တစ်စစီ ပေါက်ကွဲ ထွက်သွားလေသည်။

ရေသမင်မိစ္ဆာမှာ ကြောက်လန့်လွန်းသဖြင့် အသက်ပင် မရှူရဲတော့ပေ။ သူ့ခန္ဓာကိုယ် တစ်ခုလုံး ထိုကျောက်ဆောင်ကဲ့သို့ ပေါက်ကွဲသွားမည့် အကြောင်းကို စဉ်းစားနေမိသည်။

“ကျုပ်တို့ သွားကြမလား”

ဆန်းလျန်က ခပ်တည်တည်ဖြင့် မေးလိုက်လေသည်။

ရေသမင်မိစ္ဆာမှာ သူ၏ ဘုရင်ကို သစ္စာဖောက်လိုစိတ် မရှိကြောင်း ဆန်းလျန် သိထားလေသည်။ ထိုနတ်မိစ္ဆာမှာ ထုံထုံထိုင်းထိုင်းနှင့် ငတုံးတစ်ကောင် ဖြစ်သည့်တိုင် ရိုးသားသူ တစ်ယောက်တော့ ဖြစ်လေသည်။ သူက ထိုနတ်မိစ္ဆာ၏ စိတ်ထားကို သိချင်သောကြောင့်သာ အဖက်လုပ်ပြီး စကားပြောနေခြင်း ဖြစ်လေသည်။

နတ်ဘုရား လမ်းစဉ် လိုက်သူများမှာ အရာအားလုံးကို စွန့်လွှတ်ပြီး တာအိုကျင့်စဉ် လမ်းကိုသာ တစ်စိုက်မတ်မတ် လျှောက်လှမ်း ကြသည့်တိုင် အကြင်နာတရား ကင်းမဲ့သူများ မဟုတ်ကြပါ။ လူဆိုသည်က လောကတွင် မျှော်လင့်ချက်ဖြင့် အသက်ရှင်သန်ကြသည့် သဘော ရှိလေသည်။ ထို့ကြောင့်ပင် လူသားများသည် သေခဲကြခြင်း ဖြစ်လေသည်။

ရေသမင်မိစ္ဆာမှာ ကြောက်လန့် နေသည့်တိုင် အလျှော့မပေးသေးပေ။ ခေါင်းမာစွာဖြင့် ပေကပ်ကပ် လုပ်နေလေသည်။ ထိုအချိန်မှာပင် ဆိုးဝါးသည့် အသံတစ်သံ ထွက်ပေါ် လာလေသည်။

“မင်းကို လူတစ်ယောက် ဖမ်းခဲ့ဖို့ အမိန့် ပေးလိုက်တာလေ၊ မင်းက လူတစ်ယောက်နဲ့ တွေ့နေတာတောင် ခုချိန်ထိ မဖမ်းသေးဘူးလား၊ သူ့ကို အခုချက်ချင်း ကြိုးနဲ့ချည်ပြီး ဖမ်းလိုက်စမ်း”

ထိုအသံမှာ ကောင်းကင်ထက်မှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။ ကောင်းကင်ထက်တွင် သိမ်းငှက်တစ်ကောင် ပျံဝဲနေသည်ကို တွေ့ရလေသည်။ ထိုသိမ်းငှက်မှာ အလွန်တရာ ကြီးမားလှသည့် သိမ်းငှက်ကြီး ဖြစ်ပြီး ဆန်းလျန်နှင့် ရေသမင်မိစ္ဆာ၏ ဦးခေါင်းထက်တွက် လှည့်ပတ် ပျံသန်းနေသည်။ ထိုသိမ်းငှက်၏ အတောင်ပံ အရိပ်က ဆန်းလျန်နှင့် ရေသမင်မိစ္ဆာ၏ ဦးခေါင်းထက်တွင် ကျရောက်နေပြီး ပတ်ဝန်းကျင် တစ်ခုလုံး အမှောင်ရိပ် ဖုံးသကဲ့သို့ ဖြစ်နေလေသည်။

ထိုသိမ်းငှက်မှာ နတ်မိစ္ဆာတစ်ကောင် ဖြစ်ပြီး တန်ခိုးလည်း အတော်အတန် ရှိပုံရလေသည်။

ထိုသိမ်းငှက်က မြေပြင်ထက်သို့ ဆင်းသက်လိုက်ပြီး သိမ်းငှက်ဦးခေါင်းနှင့် လူခန္ဓာကိုယ် ရှိသည့် နတ်မိစ္ဆာတစ်ကောင်အဖြစ် အသွင်ပြောင်း သွားလေသည်။ သူက ဆန်းလျန်ကို တစ်ချက် ကြည့်လိုက်ပြီး ကျေနပ်သွားသည့် ပုံစံဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်သည်။

“ဒီကောင့်ကြည့်ရတာ မဆိုးဘူးပဲ၊ သူ့အသားက နူးညံ့ပြီး ချိုမယ့်ပုံပဲ”

ဟု ပြောလိုက် လေတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset