နတ်မိမယ်ကို ပူဇော်ပသခြင်း ပြီးဆုံးသွားသည့် အချိန်တွင်ပင် တိုက်တိုက်ဆိုင်ဆိုင် နတ်မိမယ် ရုပ်တုမှ အလင်းရောင်များ ထွက်ပေါ်လာပြီး နတ်မိမယ် ရုပ်တုနှင့် ဆင်တူသည့် နတ်မိမယ်တစ်ပါး လေထဲတွင် ထွက်ပေါ်လာလေသည်။ သူမမျက်နှာက တည်ငြိမ်စွာ ပြုံးနေလေသည်။
“လောကနတ်ဘုရား … ချင်းရှ” ရဲ့ဆင့်ခေါ်မှုနဲ့ ဒီမြို့ကလူတွေရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ပေးဖို့ ရောက်လာတဲ့ ကူရှန်နတ်မိမယ်ပါ၊ ဒီမြေနဲ့ တောင်တန်းတွေရဲ့ စွမ်းအားတွေကို ထိန်းညှိပေးပြီး ရာသီဥတု ကောင်းမွန်ဖို့နဲ့ ၊ သီးနှံတွေ ဖြစ်ထွန်းအောင်မြင်ဖို့ စောင့်ရှောက်ပေးပါ့မယ်”
လူအုပ်ကြီးမှာ အံ့သြ ဝမ်းသာစွာဖြင့် အော်ဟစ် ကြလေသည်။ နောက်ဆုံးတော့ ယွီကွမ်းမြို့လေးတွင် မိုးကောင်းကင်၏ မျက်နှာသာပေးမှုကို ခံရပြီ ဖြစ်လေသည်။
“ကူရှန် နတ်မိမယ်ကို ရှိခိုးပါတယ် …”
လူအုပ်ကြီးမှ အော်ဟစ်ကြပြီး ကိုယ်ထင်ပြသော နတ်မိမယ်ကို ယုံကြည်စိတ်များ ပြင်းထန် လာကြလေတော့သည်။
ထိုသို့ လူအုပ်ကြီးမှ ကိုးကွယ် ဆည်းကပ်မှုကို ခံရသည့်အတွက် သူမ၏ ဝိညာဉ် ခန္ဓာကိုယ်တွင်းသို့ ရေပူစမ်းလေး တစ်စင်း စီးဆင်းသွားသလို ခံစားလိုက်ရလေသည်။ နတ်မိမယ်မှာ ရေငန်းသီးပင်၏ ယင်စွမ်းအားဝိညာဉ် ဖြစ်လေသည်။ ထိုခဏလေး အတွင်းမှာပင် သူမ၏ ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် ဝိညာဉ်မှာ တဖြည်းဖြည်း ပြန်လည် သိပ်သည်းလာကာ အားပြည့် လာရလေသည်။
ထို့ပြင် သူမသည် ယခုတော့ နတ်ဘုရားမိုးကြိုး၏ ကျန်ရှိနေသေးသည့် စွမ်းအားဖြင့် အသွင်လည်း ပြောင်းသွားခဲ့ပြီ ဖြစ်လေသည်။ ရေငန်းသီးပင်၏ ဝိညာဉ်မှာ “ယင်” ဝိညာဉ်စွမ်းအား ဖြစ်သည့်အတွက် “ယင်” စွမ်းအား၏ သဘောသဘာဝများ ရှိလေသည်။ သို့သော် ယခု နတ်ဘုရား မိုးကြိုး စွမ်းအားကြောင့် “ယင်” စွမ်းအားသာမက “ယန်” စွမ်းအားကိုပါ ထုတ်လွှတ်ပေးနိုင်မည် ဖြစ်လေသည်။ ကိုးကွယ်ဆည်းကပ် သူများ၏ ဝိညာဉ် စွမ်းအားများနှင့် ရေငန်းသီးပင်၏ ဝိညာဉ်စွမ်းအား ပေါင်းစည်းမိပြီး နတ်ဘုရား ဝိညာဉ်စွမ်းအား များလည်း သူမ၏ ဝိညာဉ်တွင် ဖြစ်ပေါ်လာလေသည်။
ထိုခဏလေး အတွင်းမှာပင် သူမသည် ဆန်းလျန် ခေါ်လာသည့် သာမန်အစောင့်ဝိညာဉ်လေး တစ်ခုမျှသာ မဟုတ်တော့ဘဲ သူမကို ကိုးကွယ်သူများနှင့် တစ်သားတည်း ပေါင်းစည်းသွားသည့် စွမ်းအားကြီးသည့် နတ်မိမယ် တစ်ပါးကဲ့သို့ ဖြစ်လာလေသည်။ သူမနှင့် သူမကို ကိုးကွယ်ဆည်းကပ် သူများသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အတူတကွ ယှဉ်တွဲ နေထိုင်သွားမည့် သူများပမာ တစ်သားတည်း ကျသွား လေတော့သည်။
ကူရှန်နတ်မိမယ်၏ ဝိညာဉ်သည် လေထဲမှ ဆင်းသက်လိုက်ပြီး နတ်မိမယ် ရုပ်တုအတွင်းသို့ ဝင်ရောက် သွားလေသည်။ စွမ်းအားကြီးသည့် လူသားများ၏ ကိုးကွယ် ဆည်းကပ်မှုကြောင့် ဖြစ်တည်လာသည့် မိုးမြေ စွမ်းအားများမှာ နတ်မိမယ် ရုပ်တုဆီသို့ သက်ရောက်သွားပြီး “ထာဝရ အသက်ရှင်သည့် ကူရှန်နတ်မိမယ်” ဟူသော စကားသည် သူမ၏ နှလုံးသားထဲတွင် အမြစ်တွယ် ကပ်ငြိ သွားခဲ့လေပြီ။
ထိုမိုးမြေ စွမ်းအားများမှာ နတ်မိမယ်ရုပ်တု အပေါ်သို့ သာမက ချီးစန်းကွမ်း၏ ခန္ဓာကိုယ်ပေါ်သို့လည်း သက်ရောက် သွားလေသည်။ ချီးစန်းကွမ်းမှာ ထူးဆန်းသလို ခံစားလိုက်ရပြီး အနည်းငယ်ပင် စိတ်ရှုပ်သွားမိသည်။
ထို့ပြင် လူသားများ၏ ကိုးကွယ် ဆည်းကပ်မှုကြောင့် ဖြစ်လာသည့် မိုးမြေစွမ်းအား အချို့မှာ ဆန်းလျန်ဆီသို့လည်း ရောက်ရှိ လာလေသည်။ ဆန်းလျန်က တစ်ချက် ပြုံးလိုက်ပြီး ထိုစွမ်းအားများကို မခံယူဘဲ သူ၏ အင်္ကျီလက်ဖြင့် ခါထုတ် လိုက်လေသည်။
***
ဆောင်းတွင်း လေကြမ်းများက တိုက်ခတ်နေပြီး ရာသီဥတုမှာလည်း ညို့မှိုင်း နေလေသည်။ ဆန်းလျန်မှာ ယွီစွေမြစ် အထက်ပိုင်းသို့ ရောက်ရှိ နေလေသည်။ ဒီရေက မြင့်တက်နေပြီး အနီရောင် သစ်ရွက်ကြွေများကို မြစ်ကမ်းနံဘေးတွင် လေဖြင့် လွင့်နေသည်ကို မြင်တွေ့နိုင်လေသည်။ ရှုမျှော်ခင်းမှာ လွမ်းဆွေးဖွယ်ရာပင် ဖြစ်လေသည်။
သူ့လက်ထဲတွင် စန္ဒကူးဓားကို ကိုင်ထားလေသည်။ ထိုဓားပေါ်တွင် မိုးမြေစွမ်းအားများ ပြင်းထန်စွာ စီးဆင်းနေပြီး ဓားသွားမှာ ပူနွေးထက်ရှ နေလေသည်။
မိုးမြေ စွမ်းအားများမှာ သန့်စင်သည့် စွမ်းအားများ ဖြစ်သည့်အတွက် ကောင်းမှုကုသိုလ် ပြုလုပ်သည့် အခါများတွင် ထိုစွမ်းအားများက ပေါ်ပေါက် လာတတ်လေသည်။
မိုးကောင်းကင်က တရားမျှတမှုရှိပြီး ဆုလည်းပေးသလို ဒဏ်လည်း ပေးတတ်လေသည်။ ယွီကွမ်းမြို့ကို စောင့်ရှောက်ရန် နတ်မိမယ်တစ်ပါးကို ဆန်းလျန် ထားရှိ ပေးခဲ့လေသည်။ ထိုကောင်းမှုကုသိုလ် ကြောင့်ပင် ထိုနတ်မိမယ် ပေါ်ပေါက်လာသည့် အချိန်မှစပြီး ဆန်းလျန်ဆီသို့ မိုးမြေစွမ်းအားများ စီးဆင်း ဝင်ရောက်လာသည်ကို ခံစားရလေသည်။
ကောင်းမှုလုပ်သည်ဖြစ်စေ၊ မကောင်းမှုလုပ်သည်ဖြစ်စေ ကံတရား ဆိုသည်မှ အကျိုးပေးမြဲ ဖြစ်လေသည်။ ကိုယ်လုပ်ခဲ့သည့် ကံအတိုင်း အကျိုးပေးမည်ဖြစ်ပြီး ရှောင်လွှဲ၍ မရနိုင်ပေ။
ဆန်းလျန်က ကူရှန်နတ်မိမယ်ကို နေရာ ချထားပေးခဲ့ပြီး ထိုကောင်းမှု၏ အရှိန်ကို ခံစားရလေသည်။
နတ်မိမယ်၏ “ယင်” နှင့် “ယန်” စွမ်းအားများမှာ သူမကို ကိုးကွယ် ဆည်းကပ်သည့် သူများနှင့် ပေါင်းစည်းသွားပြီး နတ်ဘုရားဝိညာဉ် ဖြစ်တည် လာလေသည်။
ဆန်းလျန်အသုံးပြုခဲ့သည့် နတ်ဘုရားဝိညာဉ် ဆင့်ခေါ်သည့် အင်းသင်္ကေမှာ ရေငန်းသီးပင်၏ ဝိညာဉ်ကို ယွီစွေမြစ်မှ မိုးမြေစွမ်းအားဖြင့် ချိတ်ဆက် ပေးလိုက်သည့် ကြားခံတစ်ခုသာ ဖြစ်လေသည်။ ထိုသို့ ချိတ်ဆက် ပေးလိုက်ခြင်းအားဖြင့် ဖြစ်တည်လာမည့် နတ်ဘုရားဝိညာဉ်နှင့် သန့်စင်သည့် ယင်စွမ်းအားတို့ ပေါင်းစပ်သွားပြီး တောတောင်ရေမြေများဖြင့် ချိတ်ဆက်သွားကာ မိုးမြေ အသိအမှတ်ပြုသည့် နတ်မိမယ်တစ်ပါး ဖြစ်သွားပေလိမ့်မည်။
ကိုးကွယ်သူများကြောင့် ဖြစ်တည်လာသည့် မိုးမြေစွမ်းအားများမှာ ချီးစန်းကွမ်းပေါ်သို့ သက်ရောက် သွားသလို ဆန်းလျန်ဆီသို့လည်း လာရောက် ရိုက်ခတ်လေသည်။ သို့သော် ဆန်းလျန်က ထိုမိုးမြေ စွမ်းအားများကို မခံယူသည့်အတွက် နတ်မိမယ်၏ ကံကြမ္မာနှင့် သူ၏ ကံကြမ္မာမှာ မသက်ဆိုင်တော့ပေ။ အနာဂတ်တွင် နတ်မိမယ် အမှားပြုလုပ်မိသည့် တိုင်အောင် ထိုအမှားက ဆန်းလျန်နှင့် ပတ်သက်ခြင်းရှိမည် မဟုတ်ပေ။ သို့သော် ချီးစန်းကွမ်း အနေဖြင့် ထိုမိုးမြေ စွမ်းအားများကို လက်ခံ ရယူလိုက်သည့် အတွက် ကူရှန်နတ်မိမယ်၏ ဝတ်ကျောင်းတော်ကို စောင့်ရှောက်ရန် တရားဝင် အသိအမှတ်ပြု ခံလိုက်ရသူ ဖြစ်သွားလေသည်။ သူက လူသားများနှင့် နတ်မိမယ်ကြား ဆက်သွယ်ပေးမည့် နတ်ဆရာတစ်ယောက် ဖြစ်လာပေလိမ့်မည်။
တာအိုဆရာစန်းဝမ့်၏ တပည့်ကို စောင့်ရှောက် ပေးနိုင်ခဲ့သလို သူ့ကို ပညာသင်ကြား ပေးခဲ့သည့် ဆရာစူး၏ စူးကျားပေါင်အိမ်မှ ရေငန်းသီးပင် ကိုလည်း ကယ်တင်နိုင်ခဲ့သည့် အတွက် ဆန်းလျန်မှာတော့ ကြည်နူးခြင်း ပီတိကို ခံစား နေရလေသည်။
ထိုကဲ့သို့ ကောင်းမှုကုသိုလ်များ ပြုလုပ် ပေးခဲ့သည့်အတွက် ရရှိလာသည့် စွမ်းအားများကို ဟိုင်သန်းအဆင့် တက်ရောက် အောင်မြင်နိုင်ရန် အသုံးပြုကြည့်လိုက်သည်။ သို့သော် သူ့စိတ်ထဲတွင် တစ်ခုခု လိုအပ်နေသလို ခံစားနေရလေသည်။ သူက ကျင့်စဉ် အောင်မြင်ရန် ထိုစွမ်းအားများကို အားစိုက် အသုံးပြုလိုက်တိုင်း မပြည့်စုံမှုတစ်ခု ဖြစ်ပေါ်လာသလို ခံစားလိုက်ရသည်။
ထို့ကြောင့်ပင် ဆန်းလျန်က ကျင့်စဉ် အောင်မြင်ချင်သည့် ပြင်းပြသည့် စိတ်ကို ချိုးနှိမ်လိုက်ပြီး ထိုစွမ်းအားများကို စန္ဒကူးဓား ဆီသို့သာ စီးဝင်စေလိုက်သည်။
ထို့ကြောင့် စန္ဒကူးဓားမှာ ပူနွေးထက်ရှ နေရခြင်း ဖြစ်လေသည်။
“ဒီလောက်နှစ်တွေ ကြာနေပြီ၊ မင်းကို နာမည်လေးတောင် မပေးရသေးဘူး၊ မင်းကို “ရွှမ်တယ်” ဓားလို့ အမည်ပေးလိုက်မယ်”
ဆန်းလျန်က တစ်ကိုယ်တည်း ရေရွတ်သလို ပြောလိုက်လေသည်။
“ရွှမ်တယ်” ၏ အဓိပ္ပာယ်မှာ“ မြင့်မြတ်မှုတွေ ကိန်းအောင်း နေသော်လည်း ထုတ်ဖော် ပြသခြင်းမရှိ” ဆိုသည့် အဓိပ္ပာယ် ဖြစ်လေသည်။ ထို့ပြင် ချင်းရွှမ်၏ “ရွှမ်” ဆိုသည့် စကားလုံးနှင့် “ကောင်းမြတ်မှု” ဟု အဓိပ္ပာယ်ရသည့် “တယ်” ဆိုသည့် စကားလုံးနှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်လေသည်။
ရွှမ်တယ်ဓားက သူ့နာမည်ကို ကြားသည်နှင့် ရှေးကျပြီး တိုးလျသည့် အသံတစ်သံဖြင့် တုံ့ပြန်လိုက်သည်။
“မင်းက ဒီနာမည်ကို သဘောမကျဘူး ဆိုလဲ မတတ်နိုင်ဘူး၊ ငါကတော့ ဒီနာမည်ပဲ ခေါ်မှာပဲ၊ ငါက မင်းရဲ့ သခင်ပဲလေ”
ဟု ဆန်းလျန်က ထပ်ပြောလိုက်လေသည်။
ဆောင်းလေအေးက ဆန်းလျန်၏ မျက်နှာထက်သို့ ဖြတ်သန်း တိုက်ခတ် သွားလေသည်။ ဆန်းလျန်၏ ပုံစံမှာ လွတ်လပ်ပေါ့ပါး နေလေသည်။ လွမ်းမောဖွယ် ဆောင်းရာသီ ရှုခင်းကို ငေးမောနေသည့်တိုင် သူ့ကို ကြည့်ရသည်မှာ ဝမ်းနည်း ဆွေးမြေ့နေသည့် ပုံမပေါ်ပေ။
ဆန်းလျန်က မည်သည့် နေရာတွင်မဆို အံဝင်ခွင်ကျ ဖြစ်အောင် နေထိုင်တတ်သည့်သူ ဖြစ်လေသည်။ သို့သော် သူက တစ်ယောက်တည်း နေရသည်ကို ပိုပြီး သဘောကျ လေသည်။ အဘယ်ကြောင့်ဆိုသော် သူက ဤလောကမှ လူသားတစ်ယောက် မဟုတ်သောကြောင့် ဖြစ်လေသည်။ သူက ဆန်းလျန်အစစ်၏ ခန္ဓာကိုယ်ထဲတွင် နှစ်ပေါင်းများစွာ ဆန်းလျန်အဖြစ်နှင့် နေထိုင်ခဲ့ပြီး နတ်ဘုရား ကျင့်စဉ်များနှင့် တာအိုကျင့်စဉ်များကို သင်ယူ ကျင့်ကြံခဲ့သည့်တိုင် ယခု သူရောက်ရှိနေသည့် လောကမှ သူနှင့် အသားမကျသေးဘဲ စိမ်းနေသေးသလို ခံစားနေရဆဲဖြစ်လေသည်။
ထိုခံစားချက်က အချိန်ကြာလာသည်နှင့် အမျှ ပျောက်ကွယ် မသွားသည့်အပြင် မကြာခဏပင် ပြန်ပြန်ပေါ်လာ တတ်လေသည်။
အထီးကျန်ခြင်းနှင့် တစ်ကိုယ်တည်း ဖြစ်ခြင်းက လူတစ်ယောက်ကို ဝမ်းနည်းအားငယ် စေနိုင်လေသည်။ သို့သော် ထိုစိတ် ခံစားချက်များက ဆန်းလျန်ကိုတော့ စိတ်ပျက် အားငယ်အောင် မလုပ်နိုင်ပါ။
တစ်ကိုယ်တည်း နေရခြင်းမှာ တရားထိုင်ခြင်း သို့မဟုတ် သေခြင်းတရားကို ပွားများခြင်း အလုပ်များ လုပ်ရသည်နှင့်လည်း မတူညီပေ။ ထိုသို့ တစ်ကိုယ်တည်း နေရခြင်းမှာ “ကမ္ဘာဦး ကာလတွင် ဘာမှမရှိ၊ နတ္ထိ” ဆိုသည့် ခံစားချက်မျိုး ဖြစ်သေလည်။
ဆန်းလျန်က ဖြည်းဖြည်းချင်း စီးဆင်းနေသည့် ယွီစွေမြစ်ကြောင်း အတိုင်း ဆက်သွားနေလေသည်။ ဒီရေအတက်အကျက ဆန်းလျန်ကို မည်သို့မျှ ဒုက္ခမပေးနိုင်ပါ။ သူက မြစ်ကမ်းနံဘေးတွင် လမ်းလျှောက်နေပြီး မည်မျှကြာသည်အထိ လမ်းလျှောက်နေမိလဲ ဆိုသည်ကို သူကိုယ်တိုင်ပင် မသိပေ။ ဂိုဏ်းတူအစ်ကို ချန်ကျန့်မေ၏ “သေစေခြင်းကျောင်းတော်” မှာ မည်သည့်နေရာတွင် ရှိသည်လဲ ဆိုသည်ကို ဆန်းလျန် ယခုအချိန်ထိ မသိရသေးပေ။
မသိဘဲနှင့် တာ့ကျိုးတိုင်းပြည်မှ ထွက်လာပြီး ရှီးဟွမ် အနောက်ဘက် နယ်ခြားသို့ပင် ရောက်လာခဲ့ပြီ ဖြစ်လေသည်။
အနောက်ဘက် ဆိုသော်လည်း ထိုနေရာက ခြောက်ကပ်ပြီး သီးခြား တည်ရှိသည့် နေရာဖြစ်လေသည်။
ထိုအချိန်တွင် “မင်းကြီးက တောင်တွေဆီ ကင်းလှည့်ဖို့ပြောတယ်” ဆိုသည့် သီချင်းဆိုသံကို ကြားလိုက်ရလေသည်။ ဆန်းလျန်မှာ အသံသေး အသံကြောင်ဖြင့် သီချင်း ဆိုလိုက်သံကြောင့် ရုတ်တရက် လန့်ပင်သွားရသည်။
ဆန်းလျန်က လန့်တတ်သူ တစ်ယောက် မဟုတ်ပါ။ သို့သော် ယခုကဲ့သို့ နှလုံးသားရော စိတ်ဝိညာဉ်ပါ ငြိမ်သက် အေးချမ်းနေသည့် အချိန်တွင် အသံသေး အသံကြောင်ကို အမှတ်မထင် ကြားလိုက်ရသည့်အခါ မည်သူမျှ မလန့်ဘဲနေမည် မဟုတ်ပေ။
သီချင်းဆိုသည့်လူက ဆန်းလျန်ကို လှမ်းပြောလိုက်သည်။
“ဟေး … ရှေ့ကကောင်လေး ၊ ရပ်လိုက်စမ်း”
သီချင်း ဆိုနေသည့် သူမှာ လူသားတစ်ယောက် မဟုတ်ပေ။ တိရစ္ဆာန် ဦးခေါင်းနှင့် လူကိုယ်ခန္ဓာ ရှိသည့်သူ တစ်ယောက် ဖြစ်လေသည်။
ထိုသူမှာ ရေသမင် နတ်မိစ္ဆာပင် ဖြစ်လေသည်။ သူ၏တန်ခိုးက သိပ်ပြီး နက်နဲမှုမရှိပေ။ သူက လူသားအသွင်ကို အခြားစွမ်းအား ထက်မြက်သော နတ်မိစ္ဆာ၏ ပြင်ပ အကူအညီဖြင့် ရယူထားခြင်းဖြစ်လေသည်။
ရေသမင် နတ်မိစ္ဆာမှာ နှာခေါင်းတရှုံ့ရှုံ့ လုပ်လိုက်ပြီး သံမဏိ ခက်ရင်းခွကြီးကို ကိုင်ကာ ဆန်းလျန်အနားသို့ ရောက်လာလေသည်။
“မင်းက ဘာကောင်လဲ၊ မင်းဆီက လူသားအနံ့လည်း မရပါလား၊ ဒါပေမဲ့ မင်းက လူသားရုပ် ပေါက်နေတယ်”
ဟု ပြောလိုက်လေသည်။
ရှီးဟွမ်မှ နတ်မိစ္ဆာများမှာ လူသားစားရခြင်းကို နှစ်သက်ကြလေသည်။ လူသားကို စားပါက သူတို့၏ စွမ်းအားများ တိုးတက် လာစေလေသည်။ ထို့ပြင် ထိုနတ်မိစ္ဆာများ၏ ထူးခြားသော အစွမ်းတစ်ခုမှာ တောင်ထိပ်တစ်ခုပေါ်သို့ တက်ပြီး အနံ့ခံလိုက်သည်နှင့် ဆယ်မိုင်ပတ်လည်တွင် ရှိသည့် လူသားအနံ့ကို ရနိုင်စွမ်း ရှိလေသည်။
သို့သော် ဆန်းလျန်ထံမှ လူသားရနံ့ ရရှိခြင်း မရှိပေ။
ဆန်းလျန်ထံမှ မိုးရွာပြီးကာစတွင် သစ်ပင်များနှင့် မြက်ပင်လေးများမှာ ရှိသည့် သန့်စင်သည့် ရနံ့မျိုးကိုသာ ရရှိလေသည်။ နတ်မိစ္ဆာများမှာ အသားနှင့် ငါးများ၏ သွေးရနံ့များကိုသာ ရှူရှိုက်နေရသူများ ဖြစ်လေသည်။
သက်သတ်လွတ် စားသည့် နတ်မိစ္ဆာ အချို့လည်း ရှိပါသည်။ သို့သော် ယခုဆန်းလျန်ရှေ့သို့ ရောက်နေသည့် ရေသမင်မိစ္ဆာကတော့ သက်သတ်လွတ် စားသည့် နတ်မိစ္ဆာ မဟုတ်ပေ။
ဆန်းလျန်က ပြုံးလိုက်ရင်း …
“ကျုပ်က လူသား တစ်ယောက်ပါဗျာ”
ဟု ပြောလိုက်လေသည်။
ရေသမင်မိစ္ဆာက ခေါင်းကို တွင်တွင်ခါယမ်းလိုက်ပြီး …
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မင်းဆီက လူနံ့လုံးဝမရဘူး၊ မင်းက ဘယ်လိုလုပ် လူဖြစ်နိုင်မှာလဲ၊ ကျုပ်ကို လိမ်လို့ရမယ် မထင်နဲ့”
ဟု ပြောလိုက်လေသည်။
သူက စိတ်ဆိုးမာန်ဆိုးဖြင့် ခေါင်းကို အပေါ်သို့ မော့လိုက်လေသည်။
“မင်းကျုပ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ လိမ်ပြောနေတာ ဖြစ်ရမယ်၊ ဒါ ကျုပ်ကို မင်းကြီးရှေ့မှာ အရှက်ကွဲအောင် လုပ်နေတာ မဟုတ်လား၊ ဘာလို့လဲဆိုတော့ မင်းကြီးက ကျုပ်ကို တောင်ကြော တစ်လျှောက် ကင်းလှည့် ခိုင်းထားတာ၊ အခု လာလည်မဲ့ ဧည့်သည် အသစ်အတွက် ဟင်းကောင်းကောင်း ချက်ကျွေးဖို့ လူသားတစ်ယောက် ရှာခိုင်းထားတာ”
ရေသမင်မိစ္ဆာက ဆက်ပြောလိုက်လေသည်။
“ဪ … ဒီမိစ္ဆာကတော့ တကယ် တုံးတာပဲ ၊ သူ့စကား မဆင်ခြင်ပုံနဲ့ ဆိုရင် သေတော့မှာပဲ”
ဟု ဆန်းလျန်က တွေးလိုက် မိလေတော့သည်။
***