တာအိုဆရာ စန်းကွမ်းမှာ ငယ်ရွယ်စဉ်က သိုင်းပညာ သင်ယူဖူးသူ ဖြစ်ပြီး ကျင့်စဉ် အနည်းငယ်လည်း လေ့ကျင့်ခဲ့ဖူးသူ ဖြစ်လေသည်။ သို့သော် ယခု အချိန်တွင်တော့ သူ့ကိုယ်သူပင် မကာကွယ်နိုင်တော့ပေ။ အစာမစားရသည်မှာ ကြာပြီ ဖြစ်သည့်အတွက် ငတ်ပြတ်ကာ အားမရှိတော့သောကြောင့် ဖြစ်လေသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ကိုက်ခဲနေပြီး ရာသီဥတု အအေးဒဏ်နှင့် ဆာလောင်သည့် ဒဏ်များကို ခံစားနေရလေသည်။ ကျယ်ပြောလှသော လောကကြီးတွင် သူ့အတွက် သွားစရာနေရာ တစ်နေရာလေးတောင် မရှိတော့ပေ။
လထွက်လာပြီ ဖြစ်လေသည် …
မြောက်လေအေးက တိုက်ခတ် လာသောကြောင့် မြေပြင်မျာ အေးစက် နေလေသည်။ တာအိုဆရာ စန်းကွမ်းမှာ သတိမရတစ်ချက် ရတစ်ချက်ဖြင့် လဲကျ နေလေသည်။ လမ်းပေါ်တွင်လည်း လူသူတစ်ယောက်မှ မရှိတော့ပေ။ ညဉ့်နက်ပြီ ဖြစ်သည့် အတွက်ကြောင့် အားလုံး အိမ်ပြန်ကုန်ကြပြီ ဖြစ်လေသည်။
တာအိုဆရာ စန်းကွမ်းမှာ သူ၏ တာအိုကျေင်းတော်ကို သတိရ လာမိလေသည်။ ထိုနေရာက သူ၏အိမ် ဖြစ်လေသည်။ ထို့ကြောင့်သူက တာအိုကျောင်းတော်သို့ ယိုင်တိယိုင်တိုင် ခြေလှမ်းများဖြင့် ပြန်လာခဲ့လေသည်။
ယွီကွမ်းမြို့လေးမှာ တောင်သုံးလုံး ပတ်လည် ဝိုင်းထားသည့် အလယ်တွင် တည်ရှိသည့် မြို့လေးဖြစ်ပြီး ထိုမြို့လေးကို မြစ်တစ်စင်းက လှည့်ပတ် စီးဆင်း နေလေသည်။ တာအို ကျောင်းတော်မှာ ထိုမြစ်ကမ်း နံဘေးတွင် တည်ရှိလေသည်။ ထိုမြစ်၏ အမည်မှာ ယွီစွေမြစ်ဟူ၍ ဖြစ်လေသည်။
ယွီစွေမြစ် စီးဆင်း နေသည်မှာ ရှေးယခင် နှစ်ပေါင်းများစွာ ကတည်းက ဖြစ်လေသည်။ တာအိုကျောင်းတော်မှာ ယွီစွေမြစ်ကမ်းတွင် တင့်တယ်စွာ တည်ရှိလေသည်။ လူသူများနှင့်လည်း အလှမ်းဝေးလေသည်။ တာအိုကျောင်းတော် ပတ်ဝန်းကျင်တွင် မစိုက်မပျိုးဘဲ ထားသည့် မြေလွတ် မြေရိုင်းဧကပေါင်းရာနှင့် ချီပြီး ရှိလေသည်။ ထိုနေရာ တစ်ခုလုံးမှာ ချီးစန်းကွမ်း၏ ဘိုးဘွားပိုင်မြေ နေရာများ ဖြစ်လေသည်။
ကောင်းကင်တွင် ကြယ်များ မစုံသလို လရောင်မှာလည်း မှေးမှိန် နေလေသည်။ တာအို ကျောင်းတော်ဆီမှ မီးရောင် မှိန်ပြပြလေး လင်းလက် နေလေသည်။
ထိုမီးအလင်းရောင်ကို မြင်လိုက်ရသည်နှင့် တာအိုဆရာ စန်းကွမ်း၏ ရင်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရ လေသည်။ မည်သည့်နေရာက ခွန်အားများ ရလာသည်မသိ၊ တာအိုကျောင်းတော် တံခါးသို့ သူအမြန်ဆုံး လမ်းလျှောက် သွားလိုက်လေသည်။ တာအိုကျောင်းတော် အတွင်းသို့ ဝင်လိုက်သည်နှင့် ခန်းမကျယ်ကြီးထဲတွင် တည်ထား ကိုးကွယ်သည့် နတ်မိမယ် ရုပ်တုတစ်ခုကို တွေ့လိုက် ရလေသည်။ ရုပ်တု တစ်ခုလုံးမှာ အနက်ရောင် ဖြစ်နေသည့်တိုင် ထုလုပ်ထားပုံမှာ များစွာ အသက်ဝင်လေသည်။ နူးညံ့သိမ်မွေ့ ပုံရသည့် နတ်မိမယ်သည် လက်ထဲတွင် စပါးပင်များကို ကိုင်ဆောင် ထားလေသည်။
ယခင်က ဤနတ်မိမယ် ရုပ်တု မရှိပါဘူးဟု တာအိုဆရာ စန်းကွမ်း တွေးနေမိလေသည်။ စောသခင်ကြီး တာအို ကျောင်းတော်ကို ဝယ်ယူလိုက်ပြီးမှ တည်ထား ကိုးကွယ်ခဲ့သည့် ရုပ်တုများလားဟု သူတွေးနေမိလေသည်။
စပါးပင်များကို ကိုင်ထားသည်ကို ကြည့်ခြင်းအားဖြင့် သီးနှံများ ဖြစ်ထွန်းအောင်မြင်သည့် အထိမ်းအမှတ် ဖြစ်လေသည်။ သီးနှံများ ဖြစ်ထွန်းပြီး ရာသီဥတုလည်း ကောင်းမွန်ကာ လူသားများ ဘဝငြိမ်းချမ်းစွာ နေရခြင်းကို ရည်ညွှန်းလေသည်။
စပါးပင်များမှာ အစစ်အမှန် မဟုတ်ပါ။ နတ်မိမယ် ရုပ်တု ထုလုပ်ထားသည့် သစ်သားဖြင့်ပင် ထုလုပ်ထားခြင်း ဖြစ်ပြီး အသက်ဝင်လှ လေသည်။ ရုပ်တု အောက်နားတွင် ပူဇော်ပသ ထားသည့် ပေါက်စီများကို တွေ့ရလေသည်။ ထိုပေါက်စီများကို တွေ့သည်နှင့် တာအိုဆရာ စန်းဝမ့်မှာ ဆာလောင် လာလေတော့သည်။
ပေါက်စီ ပူပူနွေးနွေးမှ အငွေ့များ ထွက်နေသည်ကို မီးအလင်းရောင် အောက်တွင် မြင်နိုင်လေသည်။ တာအိုဆရာ စန်းကွမ်းက ပေါက်စီတစ်လုံးကို လှမ်းယူ လိုက်လေသည်။ သို့သော် သူ၏လက်က လမ်းတစ်ဝက်တွင်ပင် ရပ်တန့် သွားလေသည်။
“ချီးစန်းကွမ်း၊ မင်းကခုတော့ သွားစရာ နေရာမရှိတဲ့ လောင်းကစားသမား တစ်ယောက် ဖြစ်နေပြီ၊ ဒါပေမဲ့ မင်းတစ်ခါမှ သူတစ်ပါးရဲ့ ဥစ္စာပစ္စည်းကို မခိုးခဲ့ဖူးဘူး၊ ဘာလို့အစားလေး တစ်လုပ်အတွက် ခုတော့ ခိုးစားရမှာလဲ”
ချီးစန်းကွမ်း တွေးလိုက်မိလေသည်။
“ဒီအစားအသောက်တွေက နတ်မိမယ်ကို ပူဇော်ပသ ထားတာပဲ၊ နတ်မိမယ်က စေတနာ ရှိတယ် ဆိုရင် ခိုးစားရာတော့ မရောက်လောက်ပါဘူးလေ”
နောက်ထပ် အတွေးတစ်ခုက သူ့ခေါင်းထဲ ဝင်ရောက် လာပြန်သည်။
ထိုအတွေးဖြင့်ပင် သူ့လက်က ပေါက်စီများ ဆီသို့ လှမ်းလိုက်ပြန်လေသည်။
သို့သော် ပထမအတွေး ပြန်ဝင် လာသောကြောင့် လက်ကို ရပ်တန့် လိုက်ပြန်လေသည်။ ထိုအတွေး နှစ်ခုဖြင့်ပင် တာအိုဆရာ စန်းကွမ်းမှာ ချီတုံချတုံ ဖြစ်လျက် ရှိလေတော့သည်။ နောက်ဆုံးတွင်တော့ ဆာလောင်သည့် ဒဏ်ကို မခံနိုင်တော့သည့် အတွက် ပေါက်စီကို ယူကာ အငမ်းမရ စားသောက် လိုက်လေတော့သည်။ စားသောက်ပြီးစီး သွားတော့မှ သူ့ရင်ထဲတွင် နောင်တ တရားများဖြင့် ပြည့်နက် လာလေသည်။
“မင်းဘယ်သူလဲဆိုတာ ကျုပ်မသိပါဘူး၊ နတ်မိမယ်၊ ဒါပေမဲ့ မင်းကို ပူဇော်ပသထားတဲ့ အစားအသောက်တွေကို ဒီနေ့ ယူစားမိတဲ့အတွက် နောင်အနာဂတ်မှာ ကျုပ်ပြန်ပေးဆပ်ပါ့မယ်”
ဟု နတ်မိမယ် ရုပ်တုရှေ့တွင် ပြောလိုက်လေသည်။
“တကယ်လား …”
တိုးလျသည့် အသံတစ်သံကို ချီးစန်းကွမ်းကြားလိုက်ရလေသည်။
အသံမှာ တိုးလျ လွန်းသည့်တိုင် စွဲဆောင်မှုရှိလေသည်။ ထိုအသံကို ကြားလိုက်ရသည်နှင့် တာအိုဆရာ စန်းကွမ်းမှာ အိပ်ချင်စိတ်များ ဖြစ်ပေါ် လာရလေသည်။
တာအိုဆရာ စန်းကွမ်းမှာ အိပ်မက်တစ်ခုကို မြင်မက် နေလေသည်။
ချမ်းသာကြွယ်ဝသည့် သက်လတ်ပိုင်းအရွယ် လူရွယ်တစ်ယောက် ရှိလေသည်။ ထိုသူတွင် ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်သည့် တာအိုကျောင်းတော် တစ်ခုလည်း ရှိလေသည်။ ထို့နောက် မိန်းမပျို တစ်ယောက်နှင့် အိမ်ထောင်ပြုကာ သားလေးတစ်ယောက် ရလာလေသည်။ ထိုသားလေးကို လူရွယ်က အလွန်မှ ချစ်မြတ်နိုး လေသည်။ သို့သော် သားလေး ကြီးပြင်းလာသည့် အခါတွင်တော့ မိဘစကား နားမထောင်သည့် သားဆိုးသားမိုက် ဖြစ်ကာ လောင်းကစားကို ခုံမင်သူ တစ်ယောက် ဖြစ်လာလေသည်။ ထို့ကြောင့် လူရွယ်မှာ များစွာ ဒေါသထွက် စိတ်ထိခိုက် ရလေသည်။ တစ်နေ့တခြား လူရွယ်မှာ အသက်အရွယ် အိုမင်း လာလေသည်။ အိုမင်းလာသည့်တိုင် သားဆိုးသားမိုက်အတွက် စိတ်မအေးရပေ။ ထိုသားဆိုးသားမိုက်မှာ အိမ်သို့ပင် ပြန်မလာတော့ဘဲ လောင်းကစားရုံတွင်သာ နေ့မနား ညမနား လောင်းကစား နေလေတော့သည်။ သားဆိုးသားမိုက်မှာ မိဘနှစ်ပါးကို ပြန်လည် ကြည့်ရှုဖို့ဝေးစွ၊ လောင်းကစားအတွက် ပိုက်ဆံလိုသည့် အချိန်မှာပင် ပိုက်ဆံတောင်းရန် အတွက် အိမ်သို့ ပြန်လာလေသည်။ ထို့နောက်တွင်တော့ ထိုသားဆိုးသားမိုက်၏ မိဘနှစ်ပါးလုံးမှာ လူကြီး ရောဂါဖြင့်ပင် သေဆုံး သွားကြသည်။ ထိုအခါ ဖခင်ဖြစ်သူမှာ မကျွတ်လွတ်ဘဲ တစ္ဆေတစ်ကောင် ဖြစ်ပြီး သားဆိုးသားမိုက် နားတွင် ကပ်နေလေသည်။ ထိုသားဆိုးသားမိုက်မှာ ဘိုးဘွားပိုင် တာအိုကျောင်းတော်နှင့် မြေနေရာများကို မိုက်ရူးရဲဆန်စွာဖြင့် ရောင်းချကာ ပျော်ပျော်ကြီး လောင်းကစား နေလေတော့သည်။
နှစ်ပေါင်းများစွာ ကြာသွားပြီးသည့်နောက် သားဆိုးသားမိုက်မှာ အကြွေးများစွာ တင်ပြီး လောင်းကစားရုံများ၊ လောင်းကစားဝိုင်းများမှ ရိုက်နှက် ကန်ကြောက် ထုတ်ခြင်းများကို ခံရလေသည်။ ထိုအချိန်တွင် ငွေကြေး ချမ်းသာသည့် အိမ်တော်တစ်ခုမှ နတ်မိစ္ဆာ ဖမ်းပေးရန် ကြော်ငြာထားသည့် ကြော်ငြာကို ဖတ်လိုက် ရလေသည်။ ထိုအိမ်တော်မှာ ထိုသားဆိုးသားမိုက် ရောင်းချပစ်ခဲ့သည့် တာအိုကျောင်းတော်နှင့် မြေယာများကို ဝယ်ယူထားသည့် အိမ်တော် ဖြစ်လေသည်။ သို့သော် ထိုသားဆိုးသားမိုက် ကတော့ နတ်မိစ္ဆာဖမ်းပြီး ရရှိသည့် ဆုတော် ငွေများဖြင့် လောင်းကစား ပြုလုပ်ရန်ပင် စဉ်းစား နေသေးသည်။
သားဆိုးသားမိုက် နောက်သို့ လိုက်နေသည့် မကျွတ်လွတ်နိုင် ဖြစ်နေသေးသည့် ဖခင်ဖြစ်သူ တစ္ဆေမှာ စွမ်းအားတစ်ခု သူ့အပေါ် သက်ရောက် လာသည်ကို ရုတ်တရက် ခံစားလိုက်ရပြီး ထိုသားကို ဒီလောက် မိုက်မဲရလားဟု အပြစ်တင်ကာ ထိုးကြိတ် ရိုက်နှက် လေတော့သည်။ သားဆိုးသားမိုက်မှာ အော်ဟစ်ပြီး ချမ်းသာသည့် အိမ်တော်ထဲမှ ထွက်ပြေး သွားလေတော့သည်။ ထိုသားဆိုးသားမိုက်မှာ လမ်းပေါ် ရောက်သည့်တိုင် လောင်းကစားခြင်းကို မစွန့်လွှတ်နိုင်ပေ။ သို့သော် လောင်းကစားရုံ များမှလည်း သူ့ကို လက်မခံတော့ဘဲ ရိုက်နှက်နှင်ထုတ် ကြလေသည်။ နောက်ဆုံးတော့ အေးစက် မှောင်မိုက်နေသည့် လမ်းမပေါ်တွင် အစာငတ်၊ ရေငတ်ဖြင့် လဲကျနေရသည့် အဖြစ်နှင့် ကြုံရပြီး လမ်းဘေးတွင် သေဆုံး သွားရလေသည်။
အိပ်မက်ထဲမှ ထိုသားဆိုးသားမိုက်မှာ ချီးစန်းကွမ်း ကိုယ်တိုင်ပင် ဖြစ်လေသည်။ သူ့ကိုယ်သူ သေဆုံး သွားသည်ဟု အိပ်မက်မြင်မက်ပြီး ချီးစန်းကွမ်း အိပ်ရာမှ နိုးလာလေသည်။ သူက မျက်လုံး ဖွင့်ကြည့်လိုက်သည့် အခါတွင်တော့ လရောင်ခြည်က သူ့အပေါ်သို့ ဖြာကျနေလေသည်။ မြောက်လေအေးကလည်း တိုက်ခတ် နေလေသည်။ သူ့ဗိုက်ထဲမှ ဆာလောင်သည့် အတွက်ကြောင့် တဂွီဂွီ မြည်သံများပင် ထွက်ပေါ်နေလေသည်။ သူ့တစ်ကိုယ်လုံးမှာလည်း ကိုက်ခဲ နေလေသည်။ သူက တာအိုကျောင်းတော်သို့ ရောက်သွားသည်ဟု အိပ်မက် မြင်မက်နေခြင်း ဖြစ်ပြီး ထိုအိပ်မက်ထဲတွင်ပင် နောက်အိပ်မက် တစ်ခုကို ထပ်မက်နေခြင်း ဖြစ်လေသည်။
အိပ်မက်မှာ တကယ့်ဖြစ်ရပ် အလား ခံစားရပြီး သူ့ရင်ထဲတွင် နောင်တကြီးစွာ ရမိလေတော့သည်။ သူဖြတ်သန်းခဲ့သည့် နှစ်များမှာ အိပ်မက်တစ်ခုပမာ အဓိပ္ပာယ်မဲ့ ခဲ့လေပြီ။
ချီးစန်းကွမ်းမှာ တစ်ခဏလေး အတွင်းတွင်ပင် အသိတရား ရသွား ခဲ့လေသည်။ ဘဝဆိုသည်က ထိုသို့အဓိပ္ပာယ်မဲ့ ဖြတ်သန်းရန် မသင့်တော်ပေ။ ယခုအချိန်မှစပြီး ဘဝအသစ်ကို ပြန်လည် စတင်ကာ ကောင်းမွန်စွာ အသက်ရှင်သွားရန် ဆုံးဖြတ် လိုက်လေသည်။ မဟုတ်ပါက ဖခင်ဖြစ်သူမှာ တမလွန်တွင် သူ့ကို ရိုက်နှက် ထိုးကြိတ်ရန် ဒေါသတကြီးဖြင့် စောင့်နေမည်မှာ သေချာ သလောက်ပင်။
ချီးစန်းကွမ်း အေးစက်စက် မြေပြင်ထက်မှ မတ်တတ် ထရပ်လိုက်လေသည်။ သို့သော် မည်သည့်နေရာသို့ သွားရမည်မှန်း သူမသိပေ။ ရုတ်တရက် သူ၏ အိပ်မက်ကို အမှတ်ရလိုက်ပြီး တာအို ကျောင်းတော်ဆီသို့ သွားရန် ဆုံးဖြတ်လိုက်လေသည်။
သူ တာအို ကျောင်းတော်ထဲသို့ ရောက်သည်နှင့် အိပ်မက်ထဲက အတိုင်းပင် ကြုံတွေ့ ရလေသည်။ နတ်မိမယ် ရုတ်တုနှင့်အတူ နတ်မိမယ်ကို ပူဇော်ပသထားသည့် ပေါက်စီ အရေအတွက်မှာပါ အိပ်မက်ထဲမှအတိုင်း တစ်ပုံစံတည်း ဖြစ်နေလေသည်။
တာအိုဆရာ စန်းကွမ်းမှာ အံ့သြခြင်းမက အံ့သြ သွားရလေသည်။ သူက နတ်မိမယ် ရုပ်တုကို ဦးချလိုက်ပြီး …
“နတ်မိမယ် သင်ပြပေးမှုအတွက် ချီးစန်းကွမ်း ကျေးဇူး အထူးတင်ပါတယ်၊ ဒီနေ့ကစပြီး ဘဝအသစ် စတင်ပြီး နတ်မိမယ်ရဲ့ တန်ခိုးကို လူသိအောင် ကြိုးစားပါ့မယ်၊ ဒီမြို့က လူတွေအတွက် တတ်နိုင်သမျှ ကြိုးစား သွားပါ့မယ်”
ဟု ကတိပြုလိုက် လေတော့သည်။
ထိုသို့ ကတိသစ္စာ ပြုပြီးသည်နှင့် ကောင်းကင်ထက်မှ အလင်းတန်းတစ်ခု ဆင်းသက်လာပြီး ချီးစန်းကွမ်း၏ ကိုယ်တွင်းသို့ ဝင်ရောက် သွားလေသည်။ ရုတ်တရက် နာကျင်မှုကို ခံစားလိုက်ရသော်လည်း ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ချီးစန်းကွမ်းမှာ စိတ်သစ်လူသစ် ဖြစ်သွားသလို ခံစားလိုက်ရလေသည်။
***
သုံးရက် ကြာပြီးနောက် …
ယွီကွမ်း မြို့လေးမှာ လူများ စည်ကားလျက် ရှိလေသည်။ မြို့တွင်းရှိ ဂုဏ်သရေရှိ လူကြီးမင်း တစ်ဦးဖြစ်သည့် စောသခင်ကြီး၏ ဦးဆောင်မှုဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူး အပါအဝင် အခြားသော ဂုဏ်သရေရှိ လူကြီးမင်းများ၊ သူဌေးသူကြွယ်များ အားလုံးမှာ ယွီစွေမြစ် နံဘေးရှိ တာအိုဝတ် ကျောင်းတော်သို့ ပူဇော်ပသသည့် ပစ္စည်းသုံးမျိုးဖြင့် သွားရောက် ကြသောကြောင့် ဖြစ်လေသည်။
(ပူဇော်ပသသည့် ပစ္စည်းသုံးမျိုး (စန်းစန်း) = အမဲသား၊ သိုးသား၊ ဝက်သား ပူဇော်သကာယ သုံးမျိုးကို ဆိုလိုသည်)
ဂုဏ်သရေရှိ လူကြီးမင်းများ ထိုသို့သွားရောက် ပူဇော်ကြခြင်းကို လူများစွာ ကလည်း လာရောက်ကြည့်ရှုကြလေသည်။ ရေမှာရေစီးကြောင်းအတိုင်းစီးဆင်းသကဲ့သို့ လူများမှာလည်း ဂုဏ်သရေရှိ လူကြီးမင်းများ လုပ်သည့်အတိုင်း လိုက်ပါ လုပ်ဆောင် ကြလေသည်။
လူအုပ်ကြီးမှာ တာအိုကျောင်းတော် ရှေ့သို့ ရောက်လာ ကြလေသည်။ တာအိုကျောင်းတော် ရှေ့တွင် စာလုံးကြီး သုံးလုံးကို တွေ့မြင်ရလေသည်။ ရှေးဟောင်း လက်ရေးမူ “ကူကျွမ့်” ရေးသားနည်းဖြင့် ရေးသားထားပြီး စာလုံးများမှာ ထင်ရှား ပြတ်သားလွန်းပြီး သစ်လွင် တောက်ပ နေလေသည်။
စောသခင်ကြီးမှာ ဝတ်ကျောင်းတော် ရှေ့တွင် ရပ်နေလေသည်။ ယွီကွမ်းမြို့တွင် ဘုရင့်နန်းတော် စာပေပညာရှင် စာမေးပွဲ အောင်မြင်ခဲ့သည့် လူနှစ်ယောက်သာ ရှိပြီး ထိုလူနှစ်ယောက်မှာ စောသခင်ကြီးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဖြစ်လေသည်။ သို့သော် စောသခင်ကြီးက မြို့နယ်အုပ်ချုပ်ရေးမှူးထက် ပိုပြီး သာလွန်လေသည်။ ထို့ကြောင့်ပင် မင်းမှုထမ်း ရာတွင်လည်း စောသခင်ကြီးက ရာထူးကြီးမြင့်ခြင်း ဖြစ်သည်။ ထို့ပြင် စောသခင်ကြီးက မြို့နေလူထု အပေါ်တွင်လည်း သြဇာအာဏာ သက်ရောက်လေသည်။
ဝတ်ကျောင်းတော်ရှေ့သို့ ကျောင်းစောင့်ကြီး တစ်ယောက် ထွက်လာလေသည်။ သူ၏ပုံစံမှာ နတ်ဘုရား တစ်ပါးအလား သန့်ရှင်း သပ်ရပ် နေလေသည်။ ကျောင်းစောင့်ကြီးက မြို့နယ်အုပ်ချုပ်ရေးမှူး၊ စောသခင်ကြီးနှင့် အခြားဂုဏ်သရေရှိ လူကြီးမင်းများ အားလုံးကို ဝတ်ကျောင်းတော် အတွင်းသို့ ကြိုဆို ဖိတ်ခေါ် သွားလေသည်။ ထိုကျောင်းစောင့်ကြီးမှာ လောင်းကစားသမား ချီးစန်းကွမ်းဟု လူသိများကြသည့် တာအိုဆရာ စန်းကွမ်းပင် ဖြစ်သည်ကို လူအချို့သာ မှတ်မိကြလေသည်။
တာအိုဆရာ စန်းကွမ်းမှာ ထိုမျှသပ်ရပ် လှပနေလိမ့်မည်ဟု မည်သူမျှ တွေးထင် မထားမိကြပေ။ ထို့ပြင် သူ၏ပုံစံမှာ လွန်စွာမှ သွက်လက် ဖျတ်လပ်နေပြီး ဂုဏ်သရေရှိ လူကြီးမင်းများနှင့် စကားစမြည် ပြောနေလေသည်။
မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် စောသခင်ကြီးတို့က ပူဇော်ပသသည့် ပစ္စည်းသုံးမျိုးဖြင့် နတ်မိမယ်ကို ပူဇော်ပသပြီး အခြားသော ဂုဏ်သရေရှိ လူကြီးမင်းများက ဆက်လက် ပူဇော်ကြလေသည်။
ထိုမြင်ကွင်းကို ကြည့်နေသော လူတစ်ယောက် ရှိလေသည်။
ထိုသူမှာ ဆန်းလျန်ပင် ဖြစ်လေသည်။ သူက ယွီစွေမြစ်ရေပြင် ထက်တွင် ရပ်နေခြင်း ဖြစ်ပြီး သူရပ်တန့်နေသည့် နေရာတွင် မြူများ ဖုံးလွှမ်း နေလေသည်။ ဆန်းလျန်က သူ၏ လက်တစ်ဖက်ကို ဆန့်တန်းလိုက်သည့် အခါတွင်တော့ ယွီစွေမြစ်ရေ အချို့ သူ့လက်တွင်းသို့ ပျံတက် လာလေသည်။ သူက မြစ်ရေများကို ဘောလုံးပုံသဏ္ဌာန် ဖန်ဆင်းကာ လက်ထဲတွင် ထိန်းချုပ် ကိုင်ဆောင် ထားလေသည်။ အခြားလက်တစ်ဖက် တွင်တော့ မြေမှုန့်များကို ကိုင်ဆောင် ထားလေသည်။ သူက ရေနှင့် မြေမှုန့်များကို ပေါင်းစပ်လိုက်ပြီး အင်းသင်္ကေတ တစ်ခုကို ဖန်ဆင်း လိုက်သည်။
ဆန်းလျန်က လက်ကို လှုပ်ရှားလိုက်သည်နှင့် ထိုအင်းသင်္ကေတမှာ “ကူရှန်နတ်မိမယ် ဝတ်ကျောင်းတော်” အတွင်းသို့ လျှပ်စီး လက်သကဲ့သို့ ဝင်ရောက်သွားကာ နတ်မိမယ် ရုပ်တုပေါ်သို့ သက်ရောက် သွားလေတော့သည်။
***