အစေခံမှာ လုံးဝ သွားချင်စိတ် မရှိသည့်တိုင် စောသခင်ကြီး၏ စကားကို မနာခံဘဲ မနေဝံ့ချေ။ စောအိမ်တော်၏ အစေခံများ အားလုံးကို စောသခင်ကြီးက ဝယ်ယူထားခြင်း ဖြစ်ပြီး စောသခင်ကြီး၏ အမိန့်ကို နာခံခြင်း မရှိပါက အသက်ပင် ရှင်ချင်စိတ် မရှိတော့အောင် နှိပ်စက်ခံရမည် ဖြစ်လေသည်။ စောသခင်ကြီး၏ ကြွယ်ဝမှု အရှိန်ကြောင့် မြို့နယ်တာဝန်ရှိ သူများကလည်း သူတို့ကို လျစ်လျူ ရှုထားကြလေသည်။
အစေခံမှာ ရေငန်းသီးပင်နားသို့ ထိတ်လန့်စွာဖြင့် တိုးကပ်သွားလေသည်။ သူက သစ်ပင်နှင့် ဆယ်ပေခန့် အကွာသို့ ရောက်သည်အထိ မည်သည့် ထူးခြားချက်မှ ဖြစ်မလာပေ။ ထို့နောက် အစေခံက သစ်ပင်ဆီသို့ တည့်တည့် တိုးကပ်သွားကာ သစ်ပင်အောက်တွင် ရပ်နေလိုက်သည်။ သို့တိုင်အောင် မည်သည့် ထူးခြားချက်မှ ဖြစ်မလာသည့်အတွက် အစေခံမှာ အတင့် ရဲလာပြီး သစ်ပင်၏ ပင်စည်ကိုပင် ထိကြည့်လိုက်လေသည်။
“အား …”
အစေခံ၏ အော်လိုက်သည့် အသံကြောင့် စောသခင်ကြီးက ဆန်းလျန်ကို သံသယ မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ဆန်းလျန် တကယ်ရော မိစ္ဆာကို နှိမ်နင်းခဲ့သည်မှာ ဟုတ်ရဲ့လား ဆိုသည့် အကြည့်မျိုး ဖြစ်လေသည်။
“သခင်ကြီး ကျွန်တော် ဘာမှမဖြစ်ပါဘူး။ သစ်ပင်က ဆူးစူးသွားလို့ပါ”
အစေခံမှာ သစ်ပင်ကို သေချာ ကြည့်နေလေသည်။ စူးစရာ ဆူးလည်း မရှိပါဘဲ အဘယ်ကြောင့် သူ့ကို စူးဆူးရသည်ကို သူနားမလည်နိုင် ဖြစ်နေလေသည်။
စန္ဒကူးဓားထဲသို့ ရောက်နေသည့် ရေငန်းသီးပင်၏ ဝိညာဉ်မှ ရေရွတ်သံကို ဆန်းလျန် ကြားလိုက်ရလေသည်။
“သောက်ရူးက ဘယ်သိမလဲ။ နတ်ဘုရားမိုးကြိုးရဲ့ လက်ကျန် အစွမ်းတွေက သစ်ပင်မှာ ကျန်နေ သေးတာကို”
ဆန်းလျန်က ရေငန်းသီးပင်ကို စိုက်ကြည့်လိုက်ရင်း တွေးလိုက်မိသည်။
“ဒီရေငန်းသီးပင်က သစ်သားကို အသုံးပြုပြီး နတ်ဘုရား ရုပ်တုတစ်ခု ထုလုပ်သင့်တယ်”
ရေငန်းသီးပင်မှာ ဝိညာဉ်စွမ်းအား ရှိသည့် အပင်တစ်ပင် ဖြစ်လေသည်။ ထို့ပြင် ရေငန်းသီးပင်၏ သစ်သားမှာလည်း နတ်ဘုရားမိုးကြိုးဖြင့် ထိမှန် ခံထားရသည့်တိုင် မပျက်စီးဘဲ ခံနိုင်ရည် ရှိနေသေးသည်။
စောသခင်ကြီးက သူလွှတ်လိုက်သည့် အစေခံ ဘာမှမဖြစ်သည့် အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွား ရလေသည်။
“မင်းက တကယ်တော်တဲ့ တာအိုဆရာလေးပဲ၊ မင်းက ဘယ်သူဘယ်ဝါ ဆိုတာများ သိခွင့်ရှိမလား”
ဆန်းလျန်နှင့် တာအိုဆရာ စန်းကွမ်းတို့မှာ မိုးနှင့်မြေကဲ့သို့ ကွာခြားလေသည်။ စောသခင်ကြီးမှာ ယခုတော့ ဆန်းလျန် လိမ်လည် ပြောဆိုခြင်း မဟုတ်မှန်း နားလည်သွားပြီ ဖြစ်လေသည်။ သူတို့ နှစ်ယောက်မှာ တကယ်တမ်း ဆရာတပည့်များ မဟုတ်ကြပေ။
စောသခင်ကြီးမှာ တန်ခိုးစွမ်းအား ကြီးမားသူများ အပေါ်တွင် အမြဲတမ်း မျက်နှာသာ ပေးတတ်လေသည်။ တန်ခိုးစွမ်းအား ကြီးမားသူများကို မည်သည့်အခါမှ လျစ်လျူရှုခဲ့ခြင်း မရှိပေ။
ဆန်းလျန်က တစ်ချက် ရယ်မောလိုက်ရင်း …
“စောသခင်ကြီး၊ ခင်ဗျားက ဟာသဉာဏ်တော့ အရမ်းကောင်းပေမဲ့ မှတ်ဉာဏ်ကျတော့ လုံးဝ မကောင်းဘူးဘဲ၊ အရင်တုန်းက ကျုပ် “အန်း” တည်းခိုရိပ်သာ ဖွင့်တုန်းကတောင် ခင်ဗျား ရောက်လာ သေးတယ်လေ”
ဟု ပြောလိုက်လေသည်။
ဆန်းလျန်က ချင်ပြည်နယ် မြို့တော်ခန်းမသို့ သူရောက်လာပြီး အစိမ်းရောင်ဝတ်လူနှင့် တွေ့ဆုံရန် ခွင့်တောင်းခဲ့သည်များ၊ ရွှမ်းမင်ခရိုင်မှ အရာရှိက သူ့ကို လာရောက် ရှာဖွေသည်များကို အစအဆုံး ရှင်းပြ မနေတော့ပေ။ စောသခင်ကြီး မှတ်မိနိုင်လောက်သည့် တစ်ချက်ကိုသာ ပြောပြလိုက်ခြင်း ဖြစ်လေသည်။
ဆန်းလျန်သာ သူ၏ဘဝမှန်ကို ပြောပြလိုက်ပါက မလိုအပ်သည့် ပြဿနာများ ဖြစ်လာမည်ကို ကြိုတင် ရှောင်ရှားလိုက်ခြင်း ဖြစ်လေသည်။
စောသခင်ကြီးမှာ ဆန်းလျန်၏ စကားကို ကြားသည့် အခါတွင်တော့ သူ့စိတ်ထဲတွင် တစ်ခုခုကို သတိရသလို ရှိလာပြီး ဆန်းလျန်ကို သေသေချာချာ အကဲခတ် လိုက်လေသည်။ သူ၏ မျက်နှာ အမူအရာမှာ တဖြည်းဖြည်း ပြောင်းလဲသွားပြီး …
“ဘယ်သူများလဲလို့ မင်းကိုး … ဒီလောက်နှစ်တွေ ကြာတာတောင် မင်းရဲ့ပုံစံက အရင်အတိုင်းဘဲ လုံးဝမပြောင်းလဲပါလား”
ဟု ပြောလိုက်လေသည်။
သူက လက်တစ်ဖက်ကို ဝေ့ယမ်းပြလိုက်ပြီး အစေခံများကို နှင်လွှတ် လိုက်လေသည်။ သူက နှစ်ပေါင်းများစွာ မင်းမှုထမ်းတစ်ဦး ဖြစ်ခဲ့သည့်အတွက် ရာထူးမှ အနားယူသည့်တိုင် အရှိန်အဝါကတော့ ရှိနေဆဲ ဖြစ်လေသည်။ အစေခံများက သခင်ကြီးသူတို့ကို အဘယ့်ကြောင့် နှင်လွှတ်သည်ကို နားမလည်သော်လည်း သခင်ကြီးမှာ တာအိုဆရာလေးနှင့် လျှို့ဝှက် စကားပြောစရာ ရှိရမည်ဟု တွေးမိကြကာ ထွက်ခွာ သွားကြလေသည်။
အစေခံများ အားလုံး ထွက်ခွာသွားသည့်တိုင် စောသခင်ကြီးက ပတ်ဝန်းကျင်ကို မလုံမလဲဖြင့် တစ်ချက် ကြည့်လိုက်သေးသည်။
ဆန်းလျန်မှာ စောသခင်ကြီး၏ ပုံစံကိုကြည့်ပြီး ရယ်ချင်နေမိသည်။
“စောသခင်ကြီးရယ် … ကျုပ်တို့ စကားပြောမှာကို သူများတွေ ကြားသွားမှာ စိုးရိမ်နေလို့လား၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ဘာပြဿနာမှ မရှိပါဘူးဗျာ၊ ကျုပ်က ဆန်းလျန်ဆိုတာ ဘုရင်မကြီးက သိပြီးသားပါ၊ ပြီးတော့ ဘုရင်မကြီးနဲ့ နှစ်ခါတောင် တွေ့ခဲ့ပြီးပါပြီ၊ ဘုရင်မကြီးတောင် ကျုပ်ကို ဘာမှမလုပ်ခဲ့ပါဘူး”
ဟု ပြောလိုက်လေသည်။
စောသခင်ကြီး၏ အမည်ရင်းမှာ စောကျိကျိုး ဖြစ်လေသည်။ စောကျိကျိုးမှာ ထိုကိစ္စကို အမှန်တကယ် စိုးရိမ်နေခြင်း ဖြစ်လေသည်။ ဆန်းမိသားစု တစ်ခုလုံးမှာ ပုန်ကန်သူ ချင်းဟယ်ကျွမ်းဝမ် မင်းသားနှင့် အတွင်းကျကျ ပတ်သက်ခဲ့သူများ ဖြစ်လေသည်။ သူသာ ဆန်းအိမ်တော်မှ မိသားစုဝင် တစ်ယောက်နှင့် ယခုကဲ့သို့ တွေ့ဆုံသည်ကို အခြားသူများ သိရှိသွားပါက သူ၏ ကြွယ်ဝချမ်းသာမှုများ အားလုံးအပြင် သူ၏ လှပသည့် ကိုယ်လုပ်တော် ခုနစ်ယောက်ကိုပါ ဆုံးရှုံးရမည် ဖြစ်လေသည်။ အခန့်မသင့်လျှင် သူ၏ ခေါင်းနှင့်ကိုယ်ပင် အိုးစားကွဲ နိုင်လေသည်။
ဤလောကတွင် သေရမည်ကို ကြောက်သည့်သူ နှစ်မျိုးနှစ်စား ရှိလေသည်။
ပထမအမျိုးအစားမှာ အာဏာရှိသည့် လူများပင် ဖြစ်လေသည်။ အာဏာ ဆိုသည်က ရစ်မူးစေသည့် အရက်တစ်မျိုးနှင့် တူလေသည်။ အာဏာကို ကြာရှည် စုပ်ကိုင်ထားလေ စွန့်လွှတ်ရန် ခက်ခဲလေ ဖြစ်လေသည်။ ထို့ကြောင့် ထိုသူများက အာဏာကို စွန့်လွှတ်ရမည် စိုးရိမ်သောကြောင့် သေရမည်ကို ကြောက်ကြလေသည်။
ဒုတိယ အမျိုးအစားမှာ ငွေကြေး ကြွယ်ဝချမ်းသာသည့် လူများ ဖြစ်လေသည်။ ငွေကြေးမှာ အာဏာလောက် အင်အား မကြီးသည့်တိုင် ငွေရှိလျှင် ကိစ္စအတော်များများ အောင်မြင် ပြည့်စုံနိုင်လေသည်။ ငွေကြေးသာ ကြွယ်ဝ ချမ်းသာလျှင် တစ်မိသားစုလုံး နတ်ဘုံနတ် နန်းရောက်သည့် အလား စည်းစိမ်ခံစားပြီး နေနိုင်လေသည်။ မည်သူက ချမ်းသာ ကြွယ်ဝမှုကို စွန့်လွှတ်ပြီး အသက် သေရမည်ကို မကြောက်ဘဲ ရှိပါမည်နည်း။
“ကောင်းပါပြီ၊ ဒါပေမဲ့ အန္တရာယ် ဆိုတာကတော့ ကြိုတင် ကာကွယ်တာ ကောင်းတယ် မဟုတ်လား”
သူက မင်းမှုထမ်းအရာရှိ တစ်ဦး ဖြစ်သည့်အတွက် စကားကို အနှောင့်အသွား လွတ်အောင် ပြောတတ်လေသည်။ ဆန်းလျန် ကဲ့သို့သော အန္တရာယ်ရှိသည့် သူများနှင့် ရင်ဆိုင်ရသည့် အခါမျိုးတွင် သူက ခြေတစ်လှမ်းကို အနောက်သို့ ဆုတ်ထားတတ်လေသည်။
စောသခင်ကြီး၏ အပြုအမူများကြောင့် ဆန်းလျန် စိတ်အနှောင့်အယှက် မဖြစ်မိပါ။ စောသခင်ကြီး အနေဖြင့် ရာထူးဂုဏ်ထူးများကို ပိုင်ဆိုင်ခဲ့သူ ဖြစ်သည့်အပြင် ယခုအချိန်တွင်လည်း လွန်စွာမှ ကြွယ်ဝ ချမ်းသာပြီး ကိုယ်လုပ်တော်များ၊ အစေခံများဖြင့် ခမ်းနားသည့် ဘဝတွင် နေထိုင်သူ ဖြစ်လေသည်။ သို့သော် သူက တဖြည်းဖြည်း အသက်အရွယ် ကြီးရင့်ပြီး အိုမင်းလာပြီ ဖြစ်လေသည်။ သူ့ကိုကြည့်ပြီး ဘဝ၏ အဓိပ္ပာယ်မှာ အခွံသက်သက်ပင် ဖြစ်ရသည်ဟု သိမြင် ခံစားရလေသည်။
“ခင်ဗျားကျုပ်ကို မှတ်မိသည်ဖြစ်စေ၊ မမှတ်မိသည်ဖြစ်စေ ကိစ္စမရှိပါဘူး၊ ပြီးတော့ မသိချင်ယောင် ဆောင်နေမယ် ဆိုလည်း ရပါတယ်၊ ခင်ဗျားပေးမဲ့ ဆုတော်ငွေ ငွေသား တစ်ထောင်ကိုလည်း ကျုပ်မလိုချင်ပါဘူး၊ ဒါပေမဲ့ တာအိုဆရာ စန်းကွမ်းရဲ့ ဘိုးဘွားပိုင် တာအိုကျောင်းတော်က ခင်ဗျားဆီကို ရောင်းခဲ့တယ်လို့ သိရတယ်၊ အဲဒီတာအို ကျောင်းတော်ကိုသာ ကျုပ်ကိုပေးပါ”
တာအို ကျောင်းတော်ကို ငွေတစ်ထောင်နှင့် လဲလှယ်သည့် သဘောပင် ဖြစ်လေသည်။ ဈေးပေါသည်ဟု မပြောနိုင်သလို ဈေးများသည် ဟုလည်း မပြောနိုင်ပါ။ နောင်အနာဂတ်တွင် စောသခင်ကြီး၏ သားသမီး မြေးမြစ် များမှာလည်း ထိုကျောင်းတော်ကို မည်သည့်ဈေးနှင့် မည်သည့်အချိန်တွင် ရောင်းပစ်မည်လဲ ဆိုသည်ကို မည်သူမျှ မသိနိုင်ပေ။
တာအိုဆရာစန်းကွမ်း အခြားသူများနှင့် ပြောဆိုနေသည့် စကားများကို နားထောင်ပြီး ဆန်းလျန်က ထိုတာအို ကျောင်းတော်၏ သတင်းကို သိရှိခဲ့ရခြင်း ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန် တောင်းဆိုသည်မှာ တရားမျှတမှု ရှိသည်ဟု ခံယူ ထားလေသည်။
စောသခင်ကြီး၏ ပုံစံမှာ အူကြောင်ကြောင် ဖြစ်နေပြီး …
“ဘယ်က တာအို ကျောင်းတော်လဲ”
ဟု မေးလိုက်လေသည်။
“ခင်ဗျားရဲ့ အိမ်တော်ထိန်းကို မေးကြည့်ပေါ့၊ ခင်ဗျား သေချာ ရှင်းရှင်းလင်းလင်း သိရပြီဆိုရင် ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေကို ကျုပ်ဆီကို လွှဲပေးလိုက်ပါ”
ဟု ဆန်းလျန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။
ထို့နောက် ဆန်းလျန်က ရေငန်းသီးပင် ရှေ့သို့သွားကာ သူ့ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်ပြီး လေမုန်တိုင်းတစ်ခုကို ဖန်ဆင်း လိုက်လေသည်။ မိုးကြိုး ထိမှန်ခံထားရသည့် ရေငန်းသီးပင်မှာ အမြစ်မှ ကျွတ်ထွက်သွားပြီး ကောင်းကင်ထက်သို့ ပျံဝဲသွားကာ မျက်စိတစ်မှိတ် အတွင်းမှာပင် ပျောက်ကွယ် သွားလေတော့သည်။
ဆန်းလျန်၏ တန်ခိုးစွမ်းအားများကို ကြည့်ကာ စောသခင်ကြီးမှာ ပေးစရာရှိသည်ကို ပေးရန် မငြင်းပယ် ရဲတော့ပေ။ သို့သော် တာအိုကျောင်းတော် အကြောင်း သူမသိခဲ့သည် ကတော့ အမှန်ပင် ဖြစ်လေသည်။ စောကျိကျိုးတွင် အိမ်တော်ထိန်း တစ်ယောက် ရှိလေသည်။ ထိုသူမှာ သူ့လက်အောက်တွင် နှစ်ပေါင်းများစွာ အလုပ်လုပ် နေခဲ့သည့် ယုံကြည် စိတ်ချရသည့် လူတစ်ယောက် ဖြစ်လေသည်။ ထိုသူမှာ ချင်ပြည်နယ် မြို့တော်တွင် ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူစဉ်ကပင် စောသခင်ကြီးအတွက် အလုပ်လုပ်ပေးခဲ့သူ ဖြစ်ပြီး ဆန်းလျန်နှင့်ပင် ဆုံတွေ့ဖူးလေသည်။
အိမ်တော်ထိန်းမှာ အသက်အရွယ် အိုမင်းပြီ ဖြစ်သည့်တိုင် မှတ်ဉာဏ်ကတော့ အလွန် ကောင်းလေသည်။ စောကျိကျိုးက အကျိုးအကြောင်းမေးမြန်းလိုက်သည်နှင့် သူက တာအိုကျောင်းတော်ကို ချက်ချင်း မှတ်မိလေသည်။ စောကျိကျိုးက အိမ်တော်ထိန်းကို မြေယာများ ဝယ်ခိုင်းသည့် အချိန်တုန်းက ချီးစန်းကွမ်းမှာ ငွေအသည်းအသန် လိုနေသည့် အချိန်ဖြစ်လေသည်။ ထို့ကြောင့် အိမ်တော်ထိန်းက သူ၏တာအို ကျောင်းတော်ကို ဈေးပေါပေါဖြင့် ဝယ်ထားခြင်း ဖြစ်လေသည်။ တာအိုကျေင်းတော်မှာ နှစ်ပေါင်းရာချီပြီး တည်ရှိခဲ့သည့် ကျောင်းတော်ဖြစ်ပြီး ကျောင်းတော် ဆောက်လုပ်ထားသည့် သစ်သားများနှင့် အခြားပစ္စည်း များမှာလည်း ကောင်းမွန်လေသည်။ ကျောင်းတော် တည်နေရာမှလည်း ကောင်းမွန်ပြီး ရှုမျှော်ခင်း များမှာလည်း လှပလေသည်။
ထို့ကြောင့် အိမ်တော်ထိန်းက တာအို ကျောင်းတော် အကြောင်းနှင့် ချီးစန်းကွမ်း၏ အကြောင်းကိုပါ စောသခင်ကြီးကို ပြောပြ လိုက်လေသည်။ စောကျိကျိုးလည်း ထိုအခါမှ အကျိုးအကြောင်း နားလည် သွားရလေသည်။ ယခုအချိန်ထိ ချီးစန်းကွမ်းနှင့် ဆန်းလျန်မည်သို့ ပတ်သက်သည်ကို မသိသေးသည့်တိုင် သူပေးစရာ ရှိသည်ကိုတော့ ပေးရမည် ဖြစ်လေသည်။ လွန်ခဲ့သည့် ဆယ်နှစ်ခန့်က သူနှင့် ဆုံတွေ့ခဲ့ဖူးသည့် အစွမ်းထက်သည့် လူငယ်လေး ဆန်းလျန်ကို စောသခင်ကြီး ပြန်လည် သတိရ မှတ်မိလာလေပြီ။ လူသား၏ မှတ်ဉာဏ်မှာ အံ့သြစရာ ကောင်းလေသည်။ မမှတ်မိလျှင်လည်း လုံးဝ မမှတ်မိသလို၊ မှတ်မိသွားပြီ ဆိုလျှင်လည်း အသေးစိတ် အရာအားလုံးကို ပြန်မှတ်မိ တတ်လေသည်။
အိမ်တော်ထိန်းက တာအိုကျောင်းတော် ပိုင်ဆိုင်မှု စာရွက်စာတမ်း များကို စောသခင်ကြီး၏ အမိန့်အတိုင်း ပြန်လည် ရှာဖွေလိုက်ပြီး ဆန်းလျန်ဆီသို့ လွှဲပြောင်း ပေးအပ်လိုက် လေတော့သည်။
***
တာအိုဆရာ စန်းကွမ်းမှာ ရေငန်းသီးပင်၏ “ယင်” စွမ်းအားကြောင့် လဲကျသွားပြီး လောင်းကစားမှု ကျူးလွန်သည့်အတွက် သူ၏ ဆုံးပါးသွားသော ဖခင်မှ သူ့ကို ရိုက်နှက် နေသည်ဟု ထင်ယောင်ထင်မှား ဖြစ်နေရလေသည်။ ဖခင်ဖြစ်သူမှ လက်သီးဖြင့် ထိုးလိုက်သည့် အချိန်တွင်တော့ သူက ကြောက်လန့်တကြား ထွက်ပြေး လာခဲ့လေသည်။ စောအိမ်တော်မှ ထွက်ပြေးလာပြီး လမ်းပေါ်သို့ ရောက်သည်နှင့် ကယောင်ချောက်ချား ခံစားနေရမှုများမှာ ချက်ချင်းပင် ပျောက်ကွယ် သွားလေသည်။
ယခုတော့ အရာအားလုံး အလွဲလွဲ အချော်ချော်တွေ ဖြစ်ကုန်ပြီ ဖြစ်လေသည်။
အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရသည့် အတွက် ချီးစန်းကွမ်းမှာ စောအိမ်တော်ဘက်သို့ ခြေဦးမယ် မလှည့်ရဲတော့ပေ။ ပိုက်ဆံလည်း တစ်ပြားတစ်ချပ်မှ မရှိသလို သွားစရာ နေရာလည်း မရှိသည့် ဘဝသို့ ရောက်ရချေပြီ။ သို့တိုင်အောင် လမ်းမတစ်လျှောက် လောင်းကစားဝိုင်းများနှင့် လောင်းကစားရုံများကို မြင်သည့်အခါ ဝင်ရောက် ကစားချင်သည့် စိတ်က ပေါ်လာသေးသည်။ သို့သော် လောင်းကစားဝိုင်းမှ လူများက သူ့ကို မှတ်မိနေကြပြီး ဝင်ခွင့်မပြုကြသည့် အပြင် အရင် ပေးစရာရှိသည့် အကြွေးများပင် မပေးနိုင်သည့် အတွက် ရိုက်နှက် လွှတ်လိုက် ကြလေသည်။ သနားစရာ တာအိုဆရာ စန်းကွမ်းမှာ အမှိုက်တစ်စအလား လမ်းဘေး တစ်နေရာတွင် လဲကျလျက် ရှိလေတော့သည်။
***