အခန်း (၁၃၀)

အပ်နှင်းခြင်း

“သခင်လေးပြောတာကို ဒီအစေခံလေး ကောင်းကောင်းသိပါတယ်။ ရွှေပြဒါးမဏ္ဍိုင် အမြုတေကို ဆုံးရှုံးရပြီး သစ်ပင် အမြစ်တွေအထိ ပျက်စီးနေပါပြီ။ ဝိညာဉ်လည်း အနှေးနဲ့အမြန် ပျောက်ကွယ် ရတော့မှာပါ။ ဒါပေမယ့် သခင်လေးက ဒီအစေခံလေး ခံစားနေရတဲ့ နာကျင်တဲ့ ဝေဒနာတွေ သက်သာအောင် နည်းနည်းလောက် ကူညီလို့ မရဘူးလား။ နည်းနည်းလေး ဖြစ်ဖြစ်ပေါ့”

ဆန်းလျန်၏ စိတ်အာရုံထဲတွင် ရေငန်းသီးပင်၏ ငိုကြွေးသံ သဲ့သဲ့ကို ကြားလိုက်ရလေသည်။

“ကျုပ် ကူညီပေးနိုင်ပါတယ်။ မင်းက ဘယ်လို ဖြစ်စေချင်တာလဲ”

ဆန်းလျန်က မေးလိုက်လေသည်။

“သခင်လေးရဲ့ စန္ဒကူးဓားမှာ ဒီအစေခံလေးရဲ့ ဝိညာဉ်ကို နေခွင့်ပေးပါ။ နေ့ခင်းဘက် နေပူတဲ့ အပူဒဏ်ကို မခံနိုင်တော့လို့ပါ”

ဝိညာဉ်များမှာ ထိုကဲ့သို့ပင် ဖြစ်လေသည်။ နတ်ဘုရားမိုးကြိုးဖြင့် အပစ်ခံရပြီး နေရောင် အောက်တွင် နေရသည်က လွန်စွာမှပင် နာကျင်ပေလိမ့်မည်။

ဆန်းလျန်၏ စန္ဒကူးဓားမှာ ဝိညာဉ်များ နေထိုင်ရန်အတွက် အသင့်တော်ဆုံး နေရာတစ်ခု ဖြစ်လေသည်။ ထိုဓားမှာ ဆန်းလျန်၏ စိတ်စွမ်းအား ကျင့်စဉ်အတွက် အသုံးပြုသည့်ဓား ဖြစ်လေသည်။ ထို့ကြောင့် ရေငန်းသီးပင်၏ ဝိညာဉ်ကို ခဏတော့ နားခိုခွင့် ပေးနိုင်လေသည်။ နေပူထဲတွင် နေရသည်ထက် စာလျှင်တော့ သက်သာမည်ဟု ဆန်းလျန် တွေးမိလေသည်။

“ပြဿနာ မရှိပါဘူး။ မင်းဆန္ဒ ရှိတယ်ဆိုရင် ဓားထဲကို ဝင်လာခဲ့ပါ”

ဆန်းလျန်က ပြောလိုက်လေသည်။

အမှန်တော့ ရေငန်းသီးပင်၏ ဝိညာဉ်မှာ သန့်စင်လေသည်။ မိစ္ဆာ အရိပ်အငွေ့ တစ်ခုမှ မတွေ့ရပေ။ ထို့ပြင် ထိုရေငန်းသီးပင်မှာ ဆရာစူး၏ သစ်ပင် ဖြစ်သည့်အတွက် ဆန်းလျန် အနေဖြင့် လျစ်လျူရှုပြီး ပစ်မထား ခဲ့ရက်နိုင်ပေ။

ရေငန်းသီးပင်မှာ သန့်စင်သည့်စိတ်ထား ရှိသည့်အတွက် ဆန်းလျန်ကို ဒုက္ခပေးမည့် ရည်ရွယ်ချက် မရှိပါ။ သစ်ပင် အနက်ရောင်ထဲမှ ဝိညာဉ်သည် အစိမ်းရောင် မီးခိုးငွေ့များအသွင် ပြောင်းပြီး ဆန်းလျန်ခါးတွင် ချိတ်ဆွဲထားသည့် စန္ဒကူးဓားဆီသို့ ဝင်ရောက် သွားလေတော့သည်။

စန္ဒကူးဓားမှာ ဆန်းလျန် “ရှိခြင်းမရှိခြင်း ဓားသိုင်း” လေ့ကျင့်စဉ်က ဓားဝိညာဉ်ကို ရရှိခဲ့သည့် ဓားတစ်လက် ဖြစ်လေသည်။ ထိုဓားမှာ ဆရာစူး၏ စူးကျားပေါင် အိမ်တော်မှ ရေငန်းသီးပင်အတွက် ယာယီ နေထိုင်၍ရသည့် နေရာတစ်ခု ဖြစ်လာလိမ့်မည်ဟု ဆန်းလျန် စိတ်ပင် ကူးမကြည့်ခဲ့မိဖူးပေ။

ရေငန်းသီးပင်၏ ဝိညာဉ် စန္ဒကူးဓားထဲသို့ ဝင်ရောက်သွားသည်နှင့် ဆန်းလျန်မှာ ရုတ်တရက် ခံစားချက်တစ်ခုကို ခံစားလိုက်ရလေသည်။ သူ့ကိုယ်သူ သေမင်းတံခါးဝသို့ ရောက်သွားသလို ခံစားလိုက်ရခြင်း ဖြစ်လေသည်။

စန္ဒကူးဓားမှာ သူ၏ ကိုယ်ပိုင်ဓားဝိညာဉ် ရှိပြီးသား ဖြစ်လေသည်။ ထို့ကြောင့် ဝိညာဉ်နှစ်ခု ပွတ်တိုက်မိပြီး ဆန်းလျန်မှာ ထိုသို့ ခံစားလိုက်ရခြင်း ဖြစ်လေသည်။

ရေငန်းသီးပင်၏ ဝိညာဉ်မှာလည်း ဆန်းလျန်ကဲ့သို့ပင် ခံစားလိုက်ရလေသည်။

ထို့ကြောင့် ဆန်းလျန်က အကြံတစ်ခု ရလိုက်သည်။ ထို့ကြောင့် ရေငန်းသီးပင်၏ ဝိညာဉ်ကို စိတ်စွမ်းအားဖြင့် စကားဆက်ပြောလိုက်သည်။

“မင်းက ကျုပ်ရဲ့ ဓားထဲမှာ ခဏပဲ နေလို့ရလိမ့်မယ်။ မကြာခင် မင်း ပျောက်ကွယ်သွားရမှာပဲ။ မင်း ဆက်အသက်ရှင်သန် နိုင်ဖို့အတွက် ကျုပ်မှာ အကြံတစ်ခု ရှိတယ်။ ဒါပေမယ့် မင်းလက်ခံ နိုင်ပါ့မလားတော့ မသိဘူး”

“ဒီအစေခံလေးက သေရတော့မယ့် သူပါ။ သခင်လေးရဲ့ အကြံကိုသာ ပြောပြပါ”

ရေငန်းသီးပင်၏ ဝိညာဉ်က ပြန်ပြောလိုက်လေသည်။

“ကျုပ်မင်းအတွက် ဝတ်ကျောင်းတော်တစ်ခု တည်ထားပေးမယ်။ မင်းက အဲဒီ ကျောင်းတော်ကို စောင့်တဲ့ ကျောင်းစောင့်ဝိညာဉ် လုပ်ရမယ်။ မင်းက ဝတ်ကျောင်းတော်ကို စောင့်ရှောက်ရမယ်။ မင်းကောင်းကောင်း လုပ်နိုင်တယ် ဆိုရင် လူတွေက မင်းကို အမွှေးတိုင်တွေ ထွန်းပြီး ပူဇော်ကြလိမ့်မယ်။ အဲဒီလို ပူဇော်တဲ့လူတွေ များလာတာနဲ့ မင်းရဲ့ ဝိညာဉ်လည်း စွမ်းအား ပြည့်လာလိမ့်မယ်။ ဒါပေမယ့် ဒီနည်းလမ်းက မင်းကို အချုပ်ကျသလိုတော့ ဖြစ်စေပြီး လွတ်လပ်မှုတွေ ဆုံးရှုံးရလိမ့်မယ်”

ဆန်းလျန်က ပြောပြလိုက်သည်။

ဆန်းလျန် ပြောပြသည့် နည်းလမ်းမှာ ဝိညာဉ်ကို အချုပ်ချသည့် နည်းလမ်း ဖြစ်လေသည်။ တစ်နည်းအားဖြင့် ဝိညာဉ်ကို အပ်နှင်း ပေးသနားသည့် နည်းလမ်းဟူ၍လည်း ပြော၍ ရလေသည်။ ထိုနည်းလမ်းမှာ “ရှန်” ဝါဒ၏ နည်းလမ်းနှင့် ဆင်တူပြီး ကျောက်ရှောင်ယွီ အသုံးပြုသည့် နည်းလမ်းဖြင့် အနည်းငယ်သာ ကွဲပြားလေသည်။

ဆန်းလျန်က ထိုနည်းလမ်းကို ယခုချက်ချင်းပင် စဉ်းစားလိုက်မိခြင်း ဖြစ်သည်။ ထိုက်ရွှီး စွမ်းအားများ ရရှိပြီးသည့် နောက်ပိုင်း သူက ဖြစ်တည်မှုတရားများ အားလုံးနှင့် ပေါင်းစပ်၍ ရနေလေသည်။ စိတ်အာရုံများလည်း လွန်စွာ ထက်မြက်လာပြီး ကောင်းကင်၊ မြေကြီး၊ တောင်များနှင့် မြစ်ချောင်းအင်းအိုင်များတွင် တည်ရှိနေသည့် ဝိညာဉ်စွမ်းအားများ အားလုံးကို အာရုံ ခံနိုင်လေသည်။ ဆန်းလျန်က အနောက်ဘက် ခြံဝန်းရှိ မြေပြင်မှ စွမ်းအားများကို စုစည်းလိုက်ပြီး အင်းသင်္ကေတ တစ်ခုကို ရေးဆွဲကာ ရေငန်းသီးပင်၏ ဝိညာဉ်ဆီသို့ ပို့လွှတ်လိုက်လေသည်။ ရေငန်းသီးပင်၏ ဝိညာဉ်မှာ မိစ္ဆာဝိညာဉ် မဟုတ်ကြောင်းကို အနောက်ဘက် ခြံဝန်းရှိ မြေပြင်မှ မြေကြီးနှင့် ရေစွမ်းအားကို အတည်ပြုကာ သက်သေ ယူလိုက်ခြင်း ဖြစ်လေသည်။

ဝိညာဉ်သည် သူစောင့်ရှောက်ရမည့် နေရာကို စောင့်ရှောက်ရမည်မှာ သူ့တာဝန် ဖြစ်ပြီး လူသားများက သူ့ကို တဖြည်းဖြည်း အစောင့်ဝိညာဉ်အဖြစ် လက်ခံပြီး အမွှေးတိုင်များ ထွန်းကာ ပူဇော်ပသ ကြပေမည်။

နှစ်ဦးနှစ်ဖက် အချင်းချင်း အပြန်အလှန် အကျိုးပြုနိုင်သည့် အစီအစဉ် ဖြစ်လေသည်။

မှားယွင်းမှုများ ရှိနေသည့်တိုင် မိုးကောင်းကင်က တရားမျှတပါသည်။ ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်းများ ကဲ့သို့သော သဘာဝဘေး အန္တရယ်များကြောင့် သက်ရှိ သတ္တဝါများနှင့် လူသားများ ဒုက္ခ ရောက်ကြရလေသည်။ သို့သော် အစောင့်ဝိညာဉ်များက ကမ္ဘာမြေကြီး၏ အသက်ဓာတ်ကို ပြန်လည် ထိန်းညှိပေးလေသည်။ သို့သော် တောင်များ၊ မြစ်များ၊ ကောင်းကင်နှင့် မြေပြင်တွင်တော့ သူတို့ကိုယ်ပိုင် ဝိညာဉ်သိစိတ်များ ရှိကြလေသည်။ ဝိညာဉ်တစ်ခုသည် သူစောင့်ရှောက် ပေးရမည့် နေရာကို တာဝန်ကျေကျေ စောင့်ရှောက်ပေးပါက လူအများက ပူဇော်ကြမည် ဖြစ်ပြီး ထိုတာဝန် မကျေပါက လူများက ထိုဝိညာဉ်ကို ကိုးကွယ်ကြတော့မည် မဟုတ်ပေ။ နောက်ဆုံးတွင်တော့ ဝိညာဉ်စွမ်းအားများ လျော့နည်းကာ ကိုယ့်ကိုယ်ကိုယ်ပင် မကာကွယ်နိုင်တော့ဘဲ ပျောက်ကွယ် သွားရမည် ဖြစ်လေသည်။

ဤသည်မှာ “အလုပ်ကြိုးစားသူက အကျိုးအမြတ်ရပြီး အလုပ်မလုပ်ပါက ပြစ်ပယ်ခြင်း ခံရမည်” ဟူသည့် သဘောတရား အတိုင်းပင် ဖြစ်လေသည်။

ကျောက်ရှောင်ယွီလည်း ထိုသို့သော သဘောတရားမျိုးကို အသုံးပြုခဲ့ခြင်း ဖြစ်လေသည်။ သူမက ကြာပန်းကိုးပွင့် ကျင့်စဉ်ကို ကျင့်ကြံခဲ့ပြီး “ရှန်” ဝါဒ လမ်းစဉ်ကို လျှောက်လှမ်းခဲ့လေသည်။ သူမက ဘုရင်မကို တိုက်ခိုက်အနိုင်ယူပြီး သူမ၏ တန်ခိုးစွမ်းအားများကို တာ့ကျိုးတိုင်းပြည်မှ ပြည်သူများ ကြောက်ရွံ့ရိုသေကြရန် ရည်ရွယ်လေသည်။ ထိုမှသာ ဘုရင်မကို ထောက်ခံသည့် ပြည်သူများ၏ စွမ်းအားကို အရယူကာ ကြာပန်းကိုးပွင့် ကျောင်းတော်၏ ဝါဒကို ပြန့်ပွားစေပြီး “ရှန်” ဝါဒကို အင်အားကြီးမား စေလိုခြင်း ဖြစ်လေသည်။ သူမက ဘုရင်မကို အာဏာမှ ဖြုတ်ချပြီး နောက်တက်လာမည့် ဘုရင်၏ လက်ထက်တွင် ဘုရင့်ဆရာ သူတော်စင်အဖြစ် နေရာယူကာ တိုင်းပြည်ကို ချုပ်ကိုင်ပြီး ကြာပန်းကိုးပွင့် ကျောင်းတော်၏ ဝါဒကို တာ့ကျိုးတိုင်းပြည်တွင် ပျံ့ပွား စေလိုခြင်း ဖြစ်လေသည်။ ထိုသို့ ဘုရင့်ဆရာ သူတော်စင်အဖြစ် နေရာယူပြီးလျှင် အခြားတိုင်းပြည် များသို့လည်း စစ်ချီကာ ကြာပန်းကိုးပွင့် ကျင့်စဉ်ကို ပျံနှံ့စေပြီး နေမဝင် အင်ပါယာကြီးတစ်ခု တည်ထောင်ရန် ရည်ရွယ်ထားလေသည်။

ထို့ကြောင့် ကျောက်ရှောင်ယွီက ဆန်းလျန်ကို သူမဘက်သို့ ပါစေချင်ခြင်း ဖြစ်သည်။ ဆန်းလျန်က သူမကို များစွာ အထောက်အကူ ပေးနိုင်လေသည်။ သာမန်မဟုတ်သည့် မိန်းမပျို တစ်ယောက်အနေဖြင့် သာမန်မဟုတ်သည့် ယောကျ်ားလေးတစ်ယောက်၏ အကူအညီကို ရယူကာ သာမန်မဟုတ်သည့် အလုပ်များကို ပြုလုပ်နိုင်ရန် သူမက မျှော်လင့်ထားသည်။ ဤလောကမှ လူသားများ အားလုံး၏ ယုံကြည်ချက်ကို ရရှိရန်မှာ သံမဏိကဲ့သို့ စိတ်ဓာတ် ခိုင်မာခြင်းပင် ဖြစ်လေသည်။

ကျောက်ရှောင်ယွီမှာ ချင်းရွှမ်နတ်တံခါးအပါအဝင် အခြားသော နတ်ဘုရားကျောင်းတော် များကိုလည်း လေ့လာမှုများ ပြုလုပ်ထားခဲ့လေသည်။ ထို့ပြင် ရုတ်တရက် မိုးကြီးလေကြီး ကျသွားသည့် အခြေအနေကို ကြည့်ပြီး တာ့ကျိုးတိုင်းပြည်၏ အသက်ဓာတ် ခိုင်မာမှု မရှိသည်ကို သူမ သိရှိခဲ့လေသည်။ ထို့ကြောင့် ကျောက်ရှောင်ယွီက ဘုရင်မကို ဖြုတ်ချပြီးသည်နှင့် မိုးမြေဆန္ဒအတိုင်း တာ့ကျိုးတိုင်းပြည်၏ တစ်ခဲနက် ထောက်ခံမှုကို အရယူကာ သူမ အကြံအစည်ကို အကောင်အထည် ဖော်ရန် ဆုံးဖြတ်ထားခဲ့သည်။

ဘုရင်မကြီးက ရက်စက်ကြမ်းတမ်းသော သူတစ်ယောက် ဖြစ်သည့်အတွက် ကျောက်ရှောင်ယွီ အနေဖြင့် စည်းရုံး၍ မရခဲ့ပေ။ သူမက ဆန်းလျန်ကိုတော့ စည်းရုံး၍ ရလိမ့်မည်ဟု မှားယွင်း တွက်ချက်မိကာ သူမ၏ အကြံအစည်ထဲသို့ ဆွဲထည့်ခဲ့ခြင်း ဖြစ်လေသည်။ မထင်မှတ်စွာပင် ဆန်းလျန်ကြောင့် သူမအစီအစဉ်ကြီး တစ်ခုလုံးကို ပျက်စီးသွားခဲ့ပြီး အကြီးအကျယ် အရှုံးဖြင့် ရင်ဆိုင် ခဲ့ရလေသည်။

ကျောက်ရှောင်ယွီ ရှုံးနိမ့် သွားရသည့်အတွက် ဆန်းလျန်အနေဖြင့် ကျောက်ရှောင်ယွီကို လျှော့မတွက်ရဲပါ။ သူမ၏ သဘောထားအမြင်မှာ တံလျပ်ကဲ့သို့ပင် ဖြစ်ပြီး သူမ၏လမ်းကို မဖြစ်မနေ ဆက်လျှောက်မည့် သူမျိုး ဖြစ်လေသည်။ ထို့ပြင် သူမ၏ စိတ်စွမ်းအား မြင့်မားမှုကြောင့် သူမ အသက်ရှင်နေသရွေ့ အောင်မြင်ရန် နည်းလမ်းကို ရှာနေလိမ့်မည် ဖြစ်လေသည်။

ဆန်းလျန်က ကျောက်ရှောင်ယွီထံမှ သဘောထား အခြေခံကို မသိမသာ စဉ်းစားကြည့်မိသည်။ လူများ၏ အာရုံစိုက်မှုကို ငါးစာအဖြစ် အသုံးချပြီး ထိုလူများ၏ စွမ်းအားကို အသုံးပြုကာ “ရှန်” ဝါဒ အင်အား ကြီးလာရန်အတွက် ဝါဒဖြန့်ရန်ပင် ဖြစ်လေသည်။ ထိုအချက်မှာ ရေငန်းသီးပင် အသက် ဆက်လက် ရှင်သန်နိုင်ရန်အတွက် လူသားများ၏ ပူဇော်ပသမှုကို ရယူ သကဲ့သို့ပင် ဖြစ်လေသည်။

ရေငန်းသီးပင်မှာ မိုးကြိုးထိမှန်ပြီး သူ၏ ရွှေပြဒါးမဏ္ဍိုင် အမြုတေကို ဆုံးရှုံးခဲ့ရပြီ ဖြစ်လေသည်။ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်လာခြင်းသာ မရှိလျှင် ယခုအချိန်တွင် သေနေလောက်ပြီ ဖြစ်လေသည်။

ဆန်းလျန်တွင် ရေငန်းသီးပင်၏ ဝိညာဉ်ကို အစောင့်ဝိညာဉ်အဖြစ် အပ်နှင်းနိုင်သည့် စွမ်းအား ရှိသည့်အတွက်သာ သူ၏အသက်ကို ဆက်လက် ရှင်သန်နိုင်ရန် တတ်နိုင်ခြင်း ဖြစ်လေသည်။

သစ်ပင်တစ်ပင်အတွက် လွတ်လပ်မှုဆိုသည်မှာ ထည့်သွင်းစဉ်းစားစရာ မလိုပေ။ သစ်ပင် ဆိုသည်က အစကတည်းက မြေပြင် တစ်နေရာတွင် အမြစ်တွယ် နေထိုင်သည့် အတွက်ကြောင့် ဖြစ်လေသည်။

အထူးသဖြင့် ထိုရေငန်းသီးပင်က လွတ်လပ်မှု ဆိုသည့်စကားကို ကြားပင် မကြားဖူးပါ။ သူက အေးချမ်းသည့် မြေတွင် ထာဝရ ရှင်သန်နေသည့် သစ်ပင်တစ်ပင်မျှသာ ဖြစ်လေသည်။ အခြားသော သစ်ပင်များနှင့် မြက်ပင်များ အလယ်တွင် အေးချမ်းစွာ ရှင်သန်ခဲ့သူ ဖြစ်လေသည်။

ထို့ကြောင့် ဆန်းလျန်၏ သဘောထားကို ရေငန်းသီးပင်၏ ဝိညာဉ်က သဘော တူလိုက်လေသည်။

ရေငန်းသီးပင်၏ ဝိညာဉ်က သဘော တူလိုက်သည်နှင့် ဆန်းလျန်က ထိုကိစ္စကို အဆုံးသတ်ပေးရန် ဆုံးဖြတ်လိုက်လေသည်။

ရေငန်းသီးပင်ရှေ့တွင် မတ်တတ်ရပ်ပြီး တီးတိုးစကား ပြောကြားနေသည့် ဆန်းလျန်ကို ကြည့်ရင်း စောသခင်ကြီးမှာ စိတ်ပျက် ရပြန်လေပြီ။

“ဒီတာအိုဆရာလေးလည်း တခြားသူတွေလိုပဲ ကယောင်ခြောက်ခြားနဲ့ ရူးသွားပြီလား မသိဘူး”

ဟု တွေးနေမိလေသည်။

ထိုသို့ တွေးနေစဉ်မှာပင် ဆန်းလျန်က စောသခင်ကြီး ရှိရာသို့ လမ်းလျှောက်လာလေသည်။ ဆန်းလျန်ကို မိစ္ဆာက ဝင်ပူးပြီး သူ့ထံသို့ လျှောက်လာသည် အထင်နှင့် စောသခင်ကြီးမှာ ကြောက်လန့်ပြီး နောက်သို့ ဆုတ်သွားလေသည်။ အစေခံများက သူ့ကို လဲကျမသွားအောင် ထိန်းထားပေးရလေသည်။

ဆန်းလျန်က သူ့ကို ပြုံးပြလိုက်လေသည်။ သူ၏ပုံစံကို ကြည့်ရသည်မှာ မိစ္ဆာ ပူးကပ် ခံထားရသည့် ပုံတော့ မပေါက်ပေ။ စောသခင်ကြီး မှင်တက်နေမိဆဲ ဆန်းလျန်ထံမှ စကားသံ ထွက်ပေါ်လာလေသည်။

“ကျုပ် မိစ္ဆာကို နှိမ်နင်းပြီးပါပြီ။ ခင်ဗျား စိတ်ပူစရာ မလိုတော့ပါဘူး”

ဆန်းလျန်၏ ပုံစံမှာ တည်ကြည် လေးနက်နေပြီး နောက်ပြောင်နေသည့်ပုံ မပေါက်ပါ။ ထို့ကြောင့် စောသခင်ကြီးမှာ စိတ်သက်သာရာ ရသွားသည့်တိုင် သံသယကတော့ ဝင်နေဆဲ ဖြစ်လေသည်။ သူက သူ၏ ဘယ်ဘက်တွင် ရပ်နေသည့် အစေခံ တစ်ယောက်အား အမိန့်ပေးလိုက်သည်။

“ဒီတာအိုဆရာလေး ပြောတာ ဟုတ်မဟုတ် သိရအောင် သစ်ပင်ကို သွားစစ်ဆေး ကြည့်စမ်း”

***


Comment

Leave a Reply

Options

not work with dark mode
Reset