Switch Mode

အခန်း (၁၂၉)

သခင်လေး

စောအိမ်တော်မှာ မုခ်ဦးကြီးလေးခုဖြင့် လွန်စွာမှခမ်းနားသည့် အိမ်တော်ကြီးတစ်ခု ဖြစ်လေသည်။ မုခ်ဦးတိုင်းကိုလည်း ဆေးရောင် တောက်တောက်များဖြင့် ခြယ်သထားလေသည်။ အိမ်တံခါးဝမှ ဝင်လိုက်သည်နှင့် အဆုံးမရှိ ကျယ်ပြန့်သည့် ဧည့်ခန်းမကြီးကို မြင်တွေ့နိုင်လေသည်။

အိမ်တော်ထဲရှိ စင်္ကြံလမ်းများမှာလည်း ရှည်လျား လွန်းလေသည်။ တောင်တန်းပုံသဏ္ဌာန် ရှုခင်း ပန်းချီကားများ၊ စမ်းချောင်းလေးများ စီးဆင်းနေသည့် ရှုခင်း ပန်းချီကားများဖြင့်လည်း ပုံဖော်ထားသည်။ နံရံများ ထက်တွင်လည်း လက်ရေးကဗျာများ ရေးသားထားသးသည်။ ထိုကဗျာများမှာ စောသခင်ကြီး၏ လက်ရေးမူ ကဗျာများ ဖြစ်လေသည်။ အနုပညာလက်ရာ သိပ်မမြောက်သည့်တိုင် ချမ်းသာသည့် လူတစ်ဦး၏ ကျော်ကြားမှုကို တွေ့မြင်နိုင်လေသည်။ လူတိုင်းကတော့ မိမိတို့ ဖန်တီးခဲ့သည့် အနုပညာ လက်ရာများမှာ မျိုးရိုးစဉ်ဆက် ထိန်းသိမ်းသွားရလောက်အောင် တန်ဖိုးရှိသည်ဟု တွေးထင်ကြစမြဲ ဖြစ်လေသည်။ ရှေးယခင်တုန်းက ကဗျာအပုဒ်တစ်ထောင် ရေးသားခဲ့သည့် ဘုရင်တစ်ပါး အကြောင်းကို ဆန်းလျန် သတိရမိလေသည်။ သို့သော် ကဗျာအပုဒ်တစ်ထောင် ရေးသားခဲ့သည့်တိုင် သူ၏ကဗျာ တစ်ပုဒ်တစ်လေကိုပင် လူအများက မှတ်မိခဲ့ခြင်း မရှိပေ။

စကားပုံများ ရေးသားထားသည်မှာလည်း အဆင့်မြင့် အင်းပညာ ရေးသားခြင်းနှင့်ပင် တူနေ လေသည်။ ထိုသို့ ရေးသားနိုင်ရန်မှာ အကြိမ် အရေအတွက်ပေါင်း များစွာ လေ့ကျင့်ထားမှသာ ရမည် ဖြစ်လေသည်။ ထိုသို့သော လက်ရေးမူ ရေးသားသည့် အရည်အချင်းမျိုး ရရန်မှာ ကောင်းကင်ကို ဒူးနှင့် တိုက်သည်ထက်ပင် ခက်ခဲသည့်အလုပ် ဖြစ်သည်။

တောင်းတန်းပုံ ပန်းချီကားများနှင့် စမ်းချောင်းပုံ ပန်းချီကားများ၊ လက်ရေးမူ ကဗျာများနှင့် ရှေးဟောင်း ပန်းချီကားချပ်များမှာ သာမန် လူတစ်ယောက်အတွက်တော့ လွန်စွာမှ အဖိုးထိုက်တန်မည် ဖြစ်လေသည်။ သို့သော် ဆန်းလျန်၏ မျက်လုံးထဲတွင်တော့ ကလေးကစားစရာ ကဲ့သို့ပင် တန်ဖိုးမရှိ ဖြစ်နေရသည်။

ထို့ပြင် ဆန်းလျန်မှာ ရယ်စရာကောင်းသည့် နောက်ထပ်အဖြစ်အပျက် တစ်ခုနှင့် ကြုံတွေ့ ခဲ့ရသေးသည်။

ကြော်ငြာစာရွက်နှင့်အတူ တာအိုဆရာတစ်ပါး ရောက်လာသည်ဟု ကြားသည်နှင့် စောသခင်ကြီးမှာ အိမ်ထဲမှ ဧည့်ခန်းမဆောင်ရှိရာသို့ ချက်ချင်းပင် ထွက်လာလေသည်။ စောသခင်ကြီး၏ ပုံစံမှာ သပ်ရပ်ခန့်ညားပြီး ၀၀ခန့်ခန့်ကြီး ဖြစ်လေသည်။ အသက် ငါးဆယ်ကျော်ပြီ ဖြစ်သည့်တိုင် အသက် လေးဆယ်ခန့်ဟုသာ ထင်ရအောင် နုပျိုလေသည်။

စောသခင်ကြီးဆိုသူကို တွေ့သည်နှင့် တစ်ချိန်တုန်းက ချင်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း တစ်ယောက်ဖြစ်သည့် “ပြည်နယ် အုပ်ချုပ်ရေးမှူးစော” ဖြစ်နေသည်ကို ဆန်းလျန် ချက်ချင်းပင် မှတ်မိလိုက်လေသည်။ ထို့ကြောင့်ပင် စိတ်ထဲတွင်ကြိတ်ပြီး ရယ်မော မိလေတော့သည်။ အမှတ်မထင် ပြန်လည် ဆုံတွေ့မှုပင်။ ချင်ပြည်နယ်မြို့တော်၏ ဘဏ္ဍာရေး သတင်း အချက်အလက်ပိုင်းနှင့် ပတ်သက်ပြီး ဆန်းအိမ်တော်မှ သူ့ကို များစွာ အကူအညီ ပေးခဲ့ဖူးလေသည်။ ထို့နောက်တွင်တော့ ပြည်နယ် အုပ်ချုပ်ရေးမှူးစောမှာ ရာထူးမှ အနားယူကာ ပြောင်းရွှေ့ သွားခဲ့လေသည်။

ဆန်းလျန်ပင်လျှင် ဆန်းအိမ်တော်၏ အရှိန်အဝါကို အသုံးပြုကာ ချင်ပြည်နယ်မြို့တော် အကျဉ်းထောင်သို့ ဝင်ရောက်ပြီး အစိမ်းရောင်ဝတ်လူနှင့် တွေ့ဆုံခွင့်ရရန် ပြည်နယ် အုပ်ချုပ်ရေးမှူး စောကို အကူအညီ တောင်းခဲ့သေးသည်။

အပြန်အလှန် ကူညီကြသည့် သဘောပင်ဖြစ်ပြီး သူတို့နှစ်ယောက်ကြားတွင် အကြွေး တင်နေသည့် ကိစ္စမျိုး မရှိခဲ့ပါ။

စောသခင်ကြီးမှာ မှတ်ဉာဏ် ကောင်းသည့်သူတစ်ယောက် ဖြစ်သည့်တိုင် အရက်နှင့် ရမ္မက်များကို လိုက်စား ပျော်ပါးခဲ့သည်က တစ်ကြောင်း၊ အချိန်အားဖြင့်လည်း ဆယ်နှစ်ကျော် အချိန်ကြာခဲ့ပြီ ဖြစ်သည့်အတွက် ဆန်းလျန်ကို မှတ်မိခြင်း မရှိပေ။ သို့သော် ဆန်းလျန်၏ မျက်နှာကိုတော့ ရင်းနှီးသလို ရှိနေသည်ဟု တွေးနေမိလေသည်။

စောအိမ်တော် တံခါးဝတွင်ပင် အရှက်ကွဲခဲ့ရသော တာအိုဆရာစန်းကွမ်းမှာ သူ၏ ဝတ်ရုံကို အနည်းငယ် သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်လိုက်လေသည်။ သူက ရုပ်ဆိုးသူတစ်ယောက် မဟုတ်ပါ။ ထို့ပြင် လောင်းကစားဝိုင်းတွင် နေ့မနားညမနား လောင်းကစားနေသည့်တိုင် အဆင့်မြင့် တာအိုဆရာ တစ်ပါးအသွင် ချက်ချင်း ဟန်ဆောင်လိုက်နိုင်လေသည်။

စောသခင်ကြီးက ငယ်ရွယ်သည့် ဆန်းလျန်ကို တစ်ချက်ကြည့်လိုက်သည်။ သူက လူငယ်လေး ဆန်းလျန်မှာ တာအိုဆရာ စန်းကွမ်း၏ တပည့် ဖြစ်ရမည်ဟု တွေးလိုက်သည်။

စောသခင်ကြီး၏ အဆင့်အတန်းဖြင့် ဆိုလျှင် ထိုကဲ့သို့ လောင်းကစားမက်သည့် တာအိုဆရာ စန်းကွမ်းနှင့် ပတ်သက်စရာအကြောင်း မရှိပေ။ သူ့အိမ်မှ အစေခံများပင်လျှင် တာအိုဆရာ စန်းကွမ်းကို အဖက်လုပ်ကြသည် မဟုတ်ပေ။

ထိုလူများက တာအိုဆရာစန်းကွမ်း အရှက်တကွဲ အကျိုးနည်း ဖြစ်သည်ကို မြင်ချင် ကြသူများသာ ဖြစ်လေသည်။ ထို့ပြင် တာအိုဆရာ စန်းကွမ်းမှာ တာအိုကျင့်စဉ်များနှင့် ပတ်သက်ပြီး အသိဉာဏ် ကြွယ်ဝသူ ဖြစ်လေသည်။ တာအိုဆရာစန်းကွမ်း၏ ဘိုးဘွားဆရာများတွင် နတ်ဘုရား ဖြစ်သွားသူများပင် ရှိသည်ဟု ကောလာဟလများလည်း ရှိလေသည်။ သို့သော် ထိုအကြောင်းကို တာအိုဆရာ စန်းကွမ်းက သူ၏ဆရာကို မေးကြည့်သည့် အခါတွင်တော့ မသေမချာ ယောင်ဝါးဝါး အဖြေများကိုသာ ရလေ့ရှိလေသည်။

စောသခင်ကြီးက စုတ်တီးစုတ်ပြတ် တာအိုဆရာကြီးနှင့် သပ်သပ်ရပ်ရပ် တာအိုဆရာလေး တို့ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ သူက စိတ်အား ထက်သန်စွာဖြင့်ပင် သူကြုံတွေ့ရသည့် နတ်မိစ္ဆာနှင့် ပတ်သက်သည့် ပြဿနာများကို ပြောပြလိုက်လေတော့သည်။

ဆန်းလျန်က စကားတစ်လုံးမှ မပြောပါ။ ချီးစန်းကွမ်းမှာလည်း ဆန်းလျန် ဘာကောင်မှန်း မသိသည့်အတွက် သူ့ကိုယ်စား မိစ္ဆာကို ဝင်နှိမ်နင်းသွားပြီး ဆုတော်ငွေ ငွေသားတစ်ထောင် ထုတ်ယူ သွားမည်ကို စိတ်ပူနေလေသည်။

ချီးစန်းကွမ်းတွင် သူ့အကြံနှင့်သူ ရှိလေသည်။ နတ်မိစ္ဆာမှာ စွမ်းအားအလွန် ထက်မြက်နိုင်မည် မဟုတ်ဟု သူက တွေးထားသလို သူကိုယ်တိုင်ကလည်း စွမ်းအားကျင့်စဉ် အနည်းငယ်ကို လေ့ကျင့် ထားလေသည်။ ထို့ပြင် ဆုတော်ငွေမှာလည်း များစွာ စိတ်ဝင်စားစရာ ကောင်းနေရကား နတ်မိစ္ဆာကို နှိမ်နင်းကာ စောသခင်ကြီးပေးသည့် ငွေသားတစ်ထောင်ကို အမြန် ရယူချင်နေပြီ ဖြစ်လေသည်။ ငွေရမှသာ လောင်းကစားဝိုင်းသို့ ပြန်သွားကာ စိတ်တိုင်းကျ လောင်းကစားနိုင်မည် ဖြစ်လေသည်။

ချီးစန်းကွမ်းမှာ သူ့အတွေးနှင့်သူ ပီတိဖြာလျက်ရှိပြီး မနေနိုင်မထိုင်နိုင် ပြုံးနေ မိလေတော့သည်။

သို့သော် စောသခင်ကြီးမှာတော့ တာအိုဆရာစန်းကွမ်း ပြုံးနေခြင်းမှာ မိစ္ဆာကို နှိမ်နင်းနိုင်မည်ဟု သူ့ကိုယ်သူ ယုံကြည်သဖြင့် ပြုံးနေခြင်း ဖြစ်သည်ဟု အထင် ရောက်သွားလေသည်။ ထို့ကြောင့် စောသခင်ကြီးမှာ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

“တာအိုဆရာကြီးရေ၊ ခုပဲ မိစ္ဆာကို နှိမ်နင်းပေးပါလား”

ဟု စောသခင်ကြီးက ပြောလိုက်လေသည်။

ချီးစန်းကွမ်းမှာ အတွေးကမ္ဘာထဲတွင်ပင် ချာချာလည်လျက် ရှိနေသောကြောင့် စောသခင်ကြီး ပြောသည့် စကားများကို တစ်လုံးမှ မကြားလိုက်ပေ။

သို့သော် ဆန်းလျန်ကတော့ စောသခင်ကြီး ပြောသမျှကို တစ်လုံးမကျန် အကုန် နားထောင်ထား လေသည်။

ဖြစ်ပျက်ပုံမှာ ဤသို့ ဖြစ်လေသည်။

လွန်ခဲ့သည့် ငါးရက်ခန့်က စောမိသားစု အိပ်ရာမှ နိုးလာသည့် နံနက်ခင်းအချိန်တွင် အနောက်ဘက် ခြံဝန်းထဲ၌ သစ်ပင်တစ်ပင်ကို တွေ့လိုက်ရလေသည်။ ထိုသစ်ပင်မှာ မိုးကြိုး ပစ်ခံထားရသကဲ့သို့ တစ်ပင်လုံး နက်မှောင်နေလေသည်။

အစေခံတစ်ယောက်က ထိုသစ်ပင်အနားသို့ ကပ်သွားလိုက်သည်နှင့် ချက်ချင်းပင် စိတ်ကယောင် ချောက်ချားဖြစ်ကာ ရူးသွပ်သွားရလေသည်။

အနောက်ဘက် ခြံဝန်းတွင် အလိုလိုပေါ်လာသည့် အနက်ရောင်သစ်ပင်မှာ လှုပ်ရှားမှု မရှိဘဲ ငြိမ်သက်နေသည့်တိုင် မိစ္ဆာသစ်ပင်တစ်ပင် ဖြစ်ရမည်ဟု စောသခင်ကြီးက ယူဆလိုက်သည်။ ထို့ကြောင့် ဘုန်းတော်ကြီးများ၊ တာအိုဆရာများကို ငှားရမ်းကာ မိစ္ဆာနှင်သည့် အလုပ်ကို လုပ်လေသည်။ သို့သော် သူငှားရမ်းခဲ့သည့် မိစ္ဆာဖမ်းသူများ အားလုံးမှာ အနောက်ဘက် ခြံဝန်းနားသို့ပင် မကပ်နိုင်ဘဲ အရှုံးပေးကာ ခွေးပြေးဝက်ပြေး ပြေးကုန်သည်ချည်းပင် ဖြစ်လေသည်။

ဆန်းလျန်မှာ စောသခင်ကြီး ပြောသည့် စကားများကို နားထောင်နေရင်း ထိုမိစ္ဆာမှာ လူများ၏ စိတ်ကို လှည့်စားနိုင်သည့် သစ်ပင်မိစ္ဆာ ဖြစ်ရမည်ဟု ကောက်ချက် ချလိုက်လေသည်။ စိတ်ဝင်စားစရာ ကောင်းသည့် မိစ္ဆာမျိုးပင်။

သူတို့နှစ်ယောက် စောသခင်ကြီးနှင့်အတူ အနောက်ဘက် ခြံဝန်းဆီသို့ လိုက်လာခဲ့ကြလေသည်။ စောသခင်ကြီးက အရှေ့ဘက် တစ်နေရာသို့ လက်ညှိုးညွှန်ပြလိုက်သည်။ ထိုနေရာတွင် တစ်ပင်လုံး အနက်ရောင် ဖြစ်နေသည့် သစ်ပင်တစ်ပင်ကို တွေ့ရလေသည်။ သစ်ပင် တစ်ပင်လုံးမှာ မီးသွေးကဲ့သို့ မည်းနက်နေလေသည်။

ဆန်းလျန်က သူ၏ ဝိညာဉ်စွမ်းအားကို အသုံးပြုကာ ထိုသစ်ပင်ကို အာရုံခံ ကြည့်လိုက်သည်။ ထိုသစ်ပင်တွင် သိမ်မွေ့သည့် ရှင်သန်မှု သင်္ကေတကို တွေ့ရပြီး သစ်ပင်ထဲတွင် အားနည်းနေသည့် ဝိညာဉ်တစ်ခု ရှိနေလေသည်။

ချီးစန်းကွမ်းကလည်း သစ်ပင်ကို တစ်ချက် ကြည့်လိုက်သည်။ သို့သော် မည်သို့မျှ မခံစားရပါ။ ထို့ပြင် စောသခင်ကြီး ရှင်းပြသည့် သစ်ပင်အကြောင်းကိုလည်း အတွေးကမ္ဘာထဲ လည်ရင်း မကြားမိခဲ့သဖြင့် သူက ခပ်တည်တည်ပင် ရှေ့သို့ ခြေတစ်လှမ်း တိုးသွားလိုက်လေသည်။ ဘာမှမဖြစ်ပေ။

သူက အတင့်ရဲစွာဖြင့် နောက်ထပ်သုံးပေခန့် ဆက်သွားလိုက်လေသည်။ ရုတ်တရက်ပင် ချီးစန်းကွမ်းမှာ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။ သူက မြေပြင်ပေါ်တွင် လှိမ့်နေပြီး ခေါင်းကိုလည်း ခါယမ်းနေလေသည်။ သူ့ကို ကြည့်ရသည်မှာ တစ်စုံတစ်ယောက်က သူ့ကို ရိုက်နှက် နေသကဲ့သို့ပင်။ ပါးစပ်မှလည်း အော်ဟစ်နေလေသည်။

“အဖေ ကျွန်တော့်ကို မရိုက်ပါနဲ့တော့။ ကျွန်တော် လောင်းကစား မလုပ်တော့ပါဘူး။ အဖေ မရိုက်ပါနဲ့တော့”

ထိုသို့ အော်ဟစ်ရင်းဖြင့် မြေပြင်ပေါ်တွင် မရပ်မနား လှိမ့်နေလေသည်။ မည်သူမျှ သူ့ကို ဝင်မဆွဲရဲကြပေ။

ထိုမြင်ကွင်းကြောင့် စောသခင်ကြီးမှာ အံ့သြမှင်တက် သွားရလေသည်။ ဤတာအို ဆရာမှာလည်း အခြား မိစ္ဆာဖမ်းသမားများနှင့် ထူးမခြားနားပင် ဖြစ်သည်ဟု တွေးရင်း စိတ်ပျက် သွားရသည်။ သို့သော် ယခင်ကလည်း မိစ္ဆာဖမ်းသူများ ထိုသို့ပင် ဖြစ်ရသည်ကို တွေ့မြင်ထားပြီးသား ဖြစ်သည့်အတွက် များစွာ ဒေါသထွက်ခြင်းတော့ မဖြစ်မိပေ။

ဆန်းလျန်က ချီးစန်းကွမ်းကို ဝင်ဆွဲခြင်း မရှိပါ။ ထို့ကြောင့် စောသခင်ကြီးက အံ့သြသွားပြီး …

“တာအိုဆရာလေး မင်းဆရာကို သွားမခေါ်ဘူးလား”

ဟု မေးလိုက်လေသည်။

ဆန်းလျန်က ပြုံးလိုက်လေသည်။ အကယ်၍ ချီးစန်းကွမ်းမျာ တာအိုဆရာစန်းဝမ့်၏ တပည့်သာ ဖြစ်နေပါက သူ၏ ဂိုဏ်းတူတူလေးပင် တော်စပ်နေဦးမည် ဖြစ်ပြီး သူကတော့ မည်သည့်နည်းနှင့်မျှ ချီးစန်းကွမ်း၏ တပည့် မဖြစ်နိုင်ပေ။

“ကျုပ်က သူ့တပည့် မဟုတ်ပါဘူး။ ဒီသစ်ပင်မိစ္ဆာကိစ္စ ကျုပ်ရှင်းပေးပါ့မယ်”

နားလည်မှု တစ်ခုခု လွဲပြီဖြစ်ကြောင်း စောသခင်ကြီး တွေးလိုက်မိလေသည်။ သို့တိုင်အောင် သူက မည်သည့်စကားမှ မေးမြန်းခြင်း မပြုပါ။ ဆန်းလျန်က သစ်ပင်အနားသို့ ဖြေးညင်းစွာ တိုးကပ်သွားလေသည်။ သို့တိုင်အောင် မည်သည့် ထူးဆန်းသည့် ကိစ္စမှ ဖြစ်ပျက်မလာပေ။ စောသခင်ကြီးမှာ လွန်စွာမှ အံ့သြသွားပြီး ဤလူငယ်လေးမှာ သာမန်လူ မဟုတ်ဟု တွေးနေမိသည်။

ဆန်းလျန် သစ်ပင်ရှေ့သို့ ရောက်သွားသည်နှင့် သစ်ပင်၏ ပင်စည် အလယ်တည့်တည့်တွင် မျက်နှာတစ်ခု ပေါ်လာလေသည်။

“ဘာလို့ဒီကို ရောက်လာတာလဲ သခင်လေး”

ထိုအသံကို ဆန်းလျန်စိတ်ထဲမှ ကြားလိုက်ရခြင်း ဖြစ်လေသည်။

ဆန်းလျန် အံ့သြသွားရလေသည်။ နတ်မိစ္ဆာသစ်ပင်မှာ ဝိညာဉ်စွမ်းအား ရှိနေပြီး မိုးကြိုးဖြင့် ပစ်ပြီး အပြစ်ပေး ခံထားရခြင်း ဖြစ်ဟန်တူလေသည်။ သို့သော် ထိုသစ်ပင်က အဘယ်ကြောင့် သူ့အား သခင်လေးဟု ခေါ်နေပါသနည်း။

“ဘာလို့ ကျုပ်ကို သခင်လေးလို့ ခေါ်ရတာလဲ”

“သခင်လေးက သခင်ကြီးဆီက ကျန့်သောင်တုကျွင်း ဓားပညာရဲ့ “ရှိခြင်းမရှိခြင်း ဓားသိုင်း” ကို သင်ယူခဲ့တဲ့ သူပဲ။ လူသားတွေ အခေါ်အဝေါ်အရ ဆိုရင် သခင်လေးက သခင်ကြီးရဲ့ တပည့်ပဲ။ ဒါကြောင့် သခင်လေးလို့ ခေါ်ရတာပါ”

နတ်မိစ္ဆာသစ်ပင်က ပြန်ဖြေလိုက်လေသည်။

ဆန်းလျန်က တစ်ချက် စဉ်းစားလိုက်ပြီး …

“မင်းက ဆရာစူးရဲ့ စူးကျားပေါင်အိမ်က ရေငန်းသီးပင်လား”

ဟု မေးလိုက်လေသည်။

ဆန်းလျန်က သူမြင်တွေ့ခဲ့ရငည့် အရာအားလုံးကို မေ့တတ်သည့်သူ မဟုတ်ပေ။

ဆန်းလျန်မှာ သူတွေ့မြင်ခဲ့ရသည့် ရေငန်းသီးပင် အကြောင်းကို ပြန်စဉ်းစားလိုက်သည်။ ယခု သစ်ပင်မှာ တစ်ပင်လုံး မည်းနက်နေသည့်တိုင် ထိုရေငန်းသီးပင်နှင့် အတော် ဆင်တူလေသည်။ ထို့ပြင် “ရှိခြင်းမရှိခြင်း ဓားသိုင်း” အကြောင်းကို သိနေသည့်အတွက် ထိုရေငန်းသီးပင် ဖြစ်ရမည်ဟု ဆန်းလျန် မှန်းဆလိုက်သည်။

“ဟုတ်ပါတယ်။ ဒီအစေခံလေးက စူးကျားပေါင်အိမ်က ရေငန်းသီးပင်ပါပဲ။ အစိမ်းရောင် မျက်နှာ တစ္ဆေမင်းကြီးရဲ့ မိုးကြိုးနဲ့ အပစ်ခံရပြီး ရွှေပြဒါး စွမ်းအားတွေ ဆုံးရှုံးခဲ့ရပါပြီ။ ပြေးစရာမရှိလို့ ဒီနေရာကို ထွက်ပြေးလာတာပါ”

ဟုပြောလိုက်လေသည်။

ရေငန်းသီးပင်က တစ်ချက် လှုပ်ယမ်းလိုက်သည့်အတွက် မီးသွေးပြာများကဲ့သို့ ပြာမှုန့်များ ကျလာလေသည်။

“ကျုပ်နားလည်ပြီ။ ဒီနေရာမှာ တိယင်းလို့ခေါ်တဲ့ မြေကြောအပေါက်ရှိလို့ မင်းဒီကို ထွက်ပြေး လာနိုင်တာပဲ။ ဒါပေမယ့် မင်းရဲ့ ရွှေပြဒါးမဏ္ဍိုင် အမြုတေက ပျက်စီးသွားပြီပဲ။ ခုတောင် တိယင်း မြေကြောကရတဲ့ ယင်စွမ်းအားနဲ့ အသက်ရှင်နေတာ။ ဘာလို့ မင်းရဲ့ဝိညာဉ်ကို မလွှတ်ဘဲ ထိန်းထား ရသေးတာလဲ”

ဆန်းလျန် သက်ပြင်းချရင်း မေးလိုက်လေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset