ဆန်းလျန်၏ အတွေးများထဲတွင် ထူးဆန်းသည့် ခံစားချက်တစ်ခု ထွက်ပေါ်လာလေသည်။ ထိုခံစားချက်မှာ အပြင်မှ သိရသည့် အကြောင်းအရာများကြောင့် သူ့စိတ်ကို အနှောင့်အယှက် ပေးသည့် ခံစားချက်မျိုး မဟုတ်ပါ။ လူတစ်ယောက်သည် အကြောင်းအရာပေါင်း များစွာကို ကြားသိပြီး မှတ်မိနေသည့်တိုင် စိတ်ဝိညာဉ်ကတော့ တစ်ကြိမ်တည်းမှာပင် ဖြစ်ရပ်များ အားလုံးကို စဉ်းစားနိုင်ခြင်း မရှိပါ။ သူရွေးချယ်ထားသည့် အကြောင်းအရာ တစ်ခုကိုသာ စဉ်းစားနိုင်မည် ဖြစ်လေသည်။
ဆန်းလျန်မှာ သာမန်လူတစ်ယောက် မဟုတ်ပါ။ သူက အလုပ်ဆယ်ခုမှ အခုတစ်ရာ အထိကို တစ်ချိန်တည်းမှာပင် အမှားအယွင်းမရှိ လုပ်ဆောင်နိုင်သူ ဖြစ်လေသည်။
တရုတ်ဂန္ထဝင် ဝတ္ထုကြီးတစ်ပုဒ် ဖြစ်သည့် “သုံးပြည်ထောင် ချစ်ဇာတ်လမ်း” ထဲမှ ဖန်ထုန် ကဲ့သို့သော လူမျိုးပင် ဖြစ်လေသည်။ သူက လပေါင်းများစွာ တိုင်းရေးပြည်ရာများကို ပစ်ထားသည့်တိုင် တစ်ရက်တည်းဖြင့် အလုပ်အားလုံးကို အပြစ် ပြောစရာမရှိ ပြီးစီးအောင် လုပ်သွားနိုင်သူ ဖြစ်လေသည်။
အရှေ့ဆီမှ ပွက်လောရိုက် ဆူညံနေသည့် အသံများကို ကြားနေရလေသည်။ ဆန်းလျန်က စိတ်အာရုံတစ်ချက် စူးစိုက်လိုက်သည်နှင့် ဘာအကြောင်းအရာ ဖြစ်ပျက်နေသည်ကို တန်းသိလေသည်။ လူတစ်ယောက်က မောင်းကို အဆက်မပြတ် ထုနေပြီး သူ၏နောက်ဘက်ရှိ နံရံတွင်လည်း ကြော်ငြာတစ်ခု ကပ်ထားလေသည်။ ကြော်ငြာစာရွက်တွင် ရေးထားသည်မှာ မြို့ထဲရှိ လူကုံထံ အိမ်တစ်အိမ်တွင် နတ်ဆိုးတစ်ကောင် သောင်းကျန်းနေပြီး ထိုနတ်ဆိုးကို နှိမ်နင်းပေးနိုင်သူအား ငွေသားတစ်ထောင် ဆုချမည်ဟု ရေးသားထားလေသည်။
လူအုပ်ကြီးမှာ ကြော်ငြာကိုသာ ဖတ်နေကြခြင်း ဖြစ်ပြီး မည်သူမျှ နတ်ဆိုးကို နှိမ်နင်းရန် စကားမစကြပေ။ ကြည့်ရသည်မှာ ထိုမိစ္ဆာကို တာအိုဆရာအချို့က နှိမ်နင်းရန် ကြိုးစားခဲ့ကြသည့်တိုင် မရှုမလှ ရှုံးနိမ့်ခဲ့ကြပုံ ရလေသည်။
ထိုမိစ္ဆာ ဖမ်းသူများမှာ ပိုက်ဆံရရန်အတွက် မိစ္ဆာ ဖမ်းပေးနေသူများ ဖြစ်ဟန်တူလေသည်။ တစ်ယောက်က ရှုံးနိမ့်သွားသည်နှင့် နောက်လူများက နာမည်ပျက်ခံပြီး နှိမ်နင်းတော့မည် မဟုတ်ပေ။
နတ်မိစ္ဆာနှင့် နတ်ဘုရားများမှာ များသောအားဖြင့် လူများနှင့် ဝေးကွာရာ အရပ်တွင် နေထိုင် တတ်ကြလေသည်။ ယခုကဲ့သို့ လူနေထူထပ်သည့် မြို့ပေါ်တွင် မိစ္ဆာသောင်းကျန်းသည် ဆိုသည်ကို ဆန်းလျန် ပထမဆုံး ကြားဖူးခြင်းပင် ဖြစ်လေသည်။ လူ့လောကတွင် သောင်းကျန်းနိုင်သည့် မိစ္ဆာ ဆိုသည်မှာ ကာကွယ်ပေးနိုင်သည့် အရံအတား ကောင်းကောင်း ရှိသောကြောင့်သာ သောင်းကျန်းရဲခြင်း ဖြစ်လေသည်။
အစွမ်းထက်သည့် နတ်မိစ္ဆာများမှာ တောတောင်များကြားတွင် နေထိုင်ကြပြီး တန်ခိုး အရံအတားများဖြင့် လုံခြုံစွာ နေကြလေသည်။ တန်ခိုးစွမ်းအား ကြီးထွားလာပြီး လူသားပုံသဏ္ဌာန် အပြည့်အဝ မဖန်ဆင်း နိုင်သေးသရွေ့ သူတို့နေရာမှ ထွက်ခွာခြင်း မပြုလုပ်ကြပေ။
လူသားသဏ္ဌာန် အပြည့်အဝရပြီး နတ်မိစ္ဆာဘုရင်များ ဖြစ်လာပြီ ဆိုပါကလည်း လှည့်လည် သွားလာခြင်း မရှိကြဘဲ သူတို့ နေထိုင်သည့် နေရာတွင်ပင် ဂိုဏ်းတည်ထောင်ကာ ပြဿနာ ကင်းကင်းဖြင့် နေထိုင် တတ်ကြလေသည်။
မည်သည့် မိစ္ဆာဖမ်းသူမှ ကြော်ငြာထားသည့် အလုပ်ကို လက်ခံခြင်း မရှိကြောင်း ဆန်းလျန် တွေ့ရလေသည်။ ဆန်းလျန်က ရှေ့သို့ လျှောက်သွားလိုက်လေသည်။ သူရောက်နေသည့် မြို့တွင် မိစ္ဆာ ရောက်နေပြီ ဆိုမှတော့ သူ့အနေဖြင့် စစ်ဆေးကြည့်သင့်သည် မဟုတ်ပါလား။
ထိုမိစ္ဆာက လူများကို အမှန်တကယ် အန္တရာယ် ပြုနေသည်ဆိုလျှင်တော့ သူ့အနေဖြင့် ကူညီသင့်လျှင် ကူညီရမည် ဖြစ်လေသည်။
ထိုအချိန်မှာပင် လောင်းကစားဝိုင်းထဲမှ လူတစ်ယောက် လွင့်စဉ်ထွက်လာလေသည်။ ထိုသူက မြေကြီးပေါ်တွင် လဲကျနေပြီး အော်ဟစ် ငိုကြွေးနေလေသည်။ ဆန်လျန်က ထိုသူကို ကြည့်လိုက်တော့ စုတ်ပြဲ ညစ်ပတ်နေသည့် တာအိုဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ သို့သော် မုတ်ဆိတ်များကိုတော့ သပ်သပ်ရပ်ရပ် ရိပ်ထားလေသည်။
သူ၏ပုံစံကို ကြည့်ပြီး ဆန်းလျန်မှာ တာအိုဆရာ စန်းဝမ့်ကို သတိ ရသွားမိလေသည်။ ထိုသူနှင့် တာအိုဆရာ စန်းဝမ့်မှာ လွန်စွာမှ ဆင်တူလေသည်။ ထိုသူမှာ အသက် လေးဆယ်ခန့်လောက် ရှိပုံ ရသောကြောင့် တာအိုဆရာစန်းဝမ့် လူပြန်ဝင်စားသည်ဟုတော့ ပြော၍ ရနိုင်မည် မဟုတ်ပေ။
ကျယ်ပြောလှသော လောကကြီးတွင် လူတူမရှား နာမည်တူမရှား ရှိနိုင်သည် မဟုတ်ပါလား။ သို့သော် ထိုသူ၏ အတွင်းအား ဖွဲ့စည်းပုံမှာ ချင်းရွှမ်နတ်တံခါးမှ စွမ်းအားများနှင့် ဆင်တူနေလေသည်။ ထိုသူမှာ တာအိုဆရာ စန်းဝမ့်၏ တပည့်တစ်ယောက်များ ဖြစ်နေမည်လားဟု ဆန်းလျန် တွေးမိလေသည်။
လူတိုင်းက စုတ်တီးစုတ်ပြတ် တာအိုဆရာကို ဝိုင်းကြည့် နေကြလေသည်။ အချို့က သူ့ကို လက်ညှိုးထိုးကာ ရယ်မောနေကြလေသည်။ ထိုတာအိုဆရာမှာ လောင်းကစားဝိုင်းတွင် ပိုက်ဆံများ ဆုံးရှုံးသွားပြီး နှင်ထုတ် ခံလိုက်ရခြင်း ဖြစ်ပုံရလေသည်။
ထိုတာအိုဆရာက သူ့ဝတ်ရုံမှ ဖုန်မှုန့်များကို ခါလိုက်ပြီး မြေကြီးပေါ်မှ ထရပ်လိုက်လေသည်။ သူက နံရံထက်တွင် ကပ်ထားသည့် ကြော်ငြာစာရွက်ကို ကြည့်ပြီး တစ်ချက် ပြုံးလိုက်လေသည်။ ထို့နောက် မောင်းတီးနေသူထံသို့ လျှောက်သွားလိုက်လေသည်။
မောင်းတီးနေသည့်သူမှာ ထိုစုတ်တီးစုတ်ပြတ် တာအိုဆရာကို သိပုံရလေသည်။
“ချီးစန်းကွမ်း မင်းရဲ့ တာအိုကျောင်းလည်း ဆုံးပြီ။ မင်းရဲ့ မိစ္ဆာနှိမ်နင်းတဲ့ ဂီတတူရိယာတွေ အားလုံးလည်း မရှိတော့ဘူး။ ဒါတောင် မင်းက မိစ္ဆာ ဖမ်းဦးမလို့လား”
ဟု ဆီးပြီး မေးလိုက်လေသည်။
ချီးစန်းကွမ်းမှာ ဤဒေသတွင် လူသိများသူတစ်ယောက် ဖြစ်လေသည်။ သူက တာအိုဆရာ မျိုးနွယ်မှ ဆင်းသက်လာသူတစ်ယောက် ဖြစ်ပြီး လယ်ယာမြေအချို့နှင့် တာအိုကျောင်းတစ်ကျောင်း ပိုင်ဆိုင်လေသည်။ ကံဆိုးစွာဖြင့်ပင် ချီးစန်းကွမ်းမှာ လွန်စွာမှ လောင်းကစားမက်သူ တစ်ယောက် ဖြစ်နေလေသည်။ သူက ညလုံးပေါက် မနားတမ်း လောင်းကစားသူ ဖြစ်ပြီး နောက်ဆုံးတွင်တော့ သူပိုင်ဆိုင်သမျှ အကုန် ဆုံးရှုံးသွားရလေသည်။
မိဘများ အသက် ရှင်စဉ်အခါကတော့ သူ့ကို ထိန်းထိန်းသိမ်းသိမ်း စောင့်ရှောက် ပေးထားကြပြီး မိဘများ ဆုံးပါးသွားသည့် နောက်တွင်တော့ သူ့ကို ထိန်းသိမ်းပေးမည့်သူ မရှိတော့ပေ။ သူ၏ လောင်းကစားမှုမှာ အလွန်အကျူး ဆိုးရွားလာပြီး သူပိုင်ဆိုင်သည့် ပစ္စည်းများသာမက အမွေရသည့် ပစ္စည်းများပါ တက်တက်စင်အောင် ပြောင်လေတော့သည်။
သူ၏ အမည်အရင်းမှာလည်း “စန်းကွမ်း” မဟုတ်ပါ။ သို့သော် သူက လောင်းကစားဝိုင်းတွင် “ရွှေ၊ ငွေ၊ ကြေး” ပစ္စည်းသုံးမျိုးလုံး ပြုတ်ပြုတ်ပြုန်းသည်အထိ လောင်းကစားသည်ကို ကြည့်ပြီး “စန်းကွမ်း” ဟု ခေါ်ကြခြင်း ဖြစ်လေသည်။
“သုံးမျိုးစလုံး တက်တက်ပြောင်” ဟု အဓိပ္ပာယ်ရသည့် “စန်းကွမ်း” ဟူသည့် နာမည် အပေးခံရသည့် တိုင်အောင် ချီးစန်းကွမ်းက တစ်စက်ကလေးမျှ အရှက်မရှိပါ။ မရှက်သည့်အပြင် ထိုနာမည်ကို သဘောအကျကြီး ကျနေကာ သူ၏ နာမည်အရင်းကိုပင် အသုံး မပြုတော့ဘဲ သူ့ကိုယ်သူ တာအိုဆရာ စန်းကွမ်းဟုပင် အမည် ပြောင်းထားလိုက်သေးသည်။
တစ်ပြားမှ မရှိတော့သည့် တာအိုဆရာ စန်းကွမ်း …
သူက နံရံတွင် ကပ်ထားသည့် ကြော်ငြာစာရွက်ကို ကြည့်နေလေသည်။ မိစ္ဆာကို နှိမ်နင်းနိုင်သူအား ငွေသားတစ်ထောင် ချီးမြှင့်မည်ဟူသည့် ကြော်ငြာကို ဖတ်လိုက်ရပြီးနောက် သူ့ကို ကြည့်ရသည်မှာ ပျော်ရွှင်လာပုံ ရလေသည်။
သူက တစ်ချက် ပြုံးလိုက်ရင်း …
“ဘာလဲ။ မိစ္ဆာဖမ်းတဲ့ ဂီတတူရိယာတွေက မိစ္ဆာဖမ်းနိုင်တာ မဟုတ်ဘူး။ တာအိုဆရာကမှ မိစ္ဆာ ဖမ်းနိုင်တာကွ”
သူက မောင်းထုနေသူကို ပြန်ပြောလိုက်သည်။
မောင်းထုနေသူမှာလည်း အလုပ်မြန်မြန် အပြီးသတ်ကာ အိမ်သို့ ပြန်ချင်နေပြီ ဖြစ်လေသည်။ သို့သော် မည်သူမျှ ကြော်ငြာကို စိတ်ဝင်စားခြင်း မရှိသဖြင့် သည်းခံ စောင့်နေရခြင်း ဖြစ်လေသည်။ ယခုတော့ တာအိုဆရာ စန်းကွမ်းကို ခေါ်ဆောင်သွားနိုင်လျှင် သူ၏အလုပ် ပြီးဆုံးပြီ ဖြစ်လေသည်။
အနည်းဆုံးတော့ တာအိုဆရာ စန်းကွမ်းမှာ မိစ္ဆာနှင့် တိုက်ခိုက်ရင်း လက်နှစ်ဖက်လုံး ပြတ်သွားလျှင် တောင်မှ နောက်ထပ် လောင်းကစား လုပ်နိုင်တော့မည် မဟုတ်သောကြောင့် ကောင်းသည့် အချက်ပဲလေဟု မောင်းထုသူက တွေးနေမိသေးသည်။
တာအိုဆရာ စန်းကွမ်းလည်း နံရံတွင် ကပ်ထားသည့် ကြော်ငြာစာရွက်ကို ဖြုတ်ယူကာ မောင်းထုသူနောက်သို့ လိုက်သွားလေတော့သည်။
ချမ်းသာသည့် မိသားစုတစ်စု၏ အိမ်တော်ရှေ့ရှိ လမ်းမပေါ်တွင် အရက်အိုးများနှင့် အစားအသောက် အကြွင်းအကျန်များ စွန့်ပစ်ထားသည်ကို တွေ့ရလေသည်။ တာအိုဆရာ စန်းကွမ်းမှာ ထိုချမ်းသာသည့် မိသားစုနှင့် သူ့ကိုယ်သူ နှိုင်းယှဉ် ကြည့်မိရင်း ရှက်လာမိလေသည်။
ထိုချမ်းသာသည့် မိသားစု၏ အိမ်တံခါးမကြီး ရှေ့တွင် ကြီးမားသည့် မုခ်ဦးကြီး တစ်ခုရှိလေသည်။ အိမ်ရှေ့တံခါးထက်တွင်တော့ “စောအိမ်တော်” ဟု ရေးထိုးထားလေသည်။ ထိုစာတမ်းက ဤမြို့မှ စာပေသမား စောသခင်ကြီးကို အမှတ်ရစေလေသည်။ ထိုစာပေသမား စောသခင်ကြီးမှာ ချင်ပြည်နယ် ဆားကုန်သွယ်ရေး အသင်း၏ အကြီးအကဲ ဖြစ်လေသည်။ သူက အရှေ့တောင်ပိုင်းမှ ဆားများကို တင်ပို့ရောင်းချသည့် အလုပ်ကို လုပ်ဆောင်လေသည်။
စောသခင်ကြီးမှာ ကံကောင်းသူတစ်ဦး ဖြစ်လေသည်။ သူက ချင်ပြည်နယ် အုပ်ချုပ်ရေးမှူး ရာထူးမှ နှုတ်ထွက်ပြီးနောက် အခြားနေရာသို့ ရွှေ့ပြောင်း တာဝန်ထမ်းဆောင် ခဲ့လေသည်။ သို့သော် ချင်းဟယ်ကျွမ်းဝမ်၏ ပုန်ကန်မှုကို စုံစမ်းရာတွင်တော့ သူ ပါဝင်ခဲ့ရလေသည်။
ချင်ပြည်နယ်တွင်တော့ စောသခင်ကြီးအတွက် အရာအားလုံးက အဆင်ပြေခဲ့လေသည်။ ရာထူးဂုဏ်ထူး မြင့်မားသလို ဆားကုန်သည် အလုပ်ကို လုပ်ရင်း ချမ်းသာလာခဲ့လေသည်။
လွန်ခဲ့သည့် ခုနစ်နှစ်ကတော့ သူ့အသက်ငါးဆယ် ပြည့်ပြီ ဖြစ်သည့်အတွက် အိမ်သို့ ပြန်လာခဲ့လေသည်။ သူပြန်လာသည့် အချိန်တွင် သူပိုင်ဆိုင်သည့် ပစ္စည်းများကို သယ်ဆောင်ရသည်မှ တစ်နေ့နှင့် တစ်ညတိတိ ကြာသည်ဟု ပြောကြလေသည်။
သူက ပညာတတ်တစ်ယောက် ဖြစ်ပြီး ငွေကြေးလည်း ချမ်းသာ ကြွယ်ဝသည့်အတွက် မြို့နယ် အုပ်ချုပ်ရေးမှူးက သူ့ဆီသို့ မကြာခဏ လာရောက် လည်ပတ်တတ်လေသည်။
တာအိုဆရာ စန်းကွမ်း၏ တာအိုကျောင်းတော်မှာ စောသခင်ကြီးကို ငွေသားနှစ်ရာဖြင့် ပေါပေါလောလော ရောင်းခဲ့ရခြင်း ဖြစ်လေသည်။ အကယ်၍ မိစ္ဆာသာ နှိမ်နင်းနိုင်ပြီး ငွေသားတစ်ထောင် ရခဲ့လျှင် သူ၏ တာအိုကျောင်းကိုပင် ပြန်ဝယ်၍ ရနိုင်သည်ဟု ချီးစန်းကွမ်းက တွေးနေမိလေသည်။ သူ၏ တာအိုကျောင်းတော်ကိုသာ ပြန်မဝယ်နိုင်ပါက တမလွန်သို့ ရောက်လျှင် သူ၏ ဘိုးဘေးဆရာများက သူ့ကို သေအောင်ရိုက်ရန် စောင့်နေကြမည် ဖြစ်လေသည်။
ဤသည်မှာ သူ၏ အတွေးမျှသာ ဖြစ်လေသည်။
သူက စောအိမ်တော်တံခါးဝတွင် ရပ်မိသည့်အချိန်တွင် အစောင့်များက သူ့ကို အိမ်ထဲသို့ ပေးမဝင်ပေ။
မောင်းထုသူက ကြော်ငြာစာရွက်ကို ပြလိုက်တော့မှ သူ့ကို အိမ်ထဲသို့ ပေးဝင်လိုက်ကြ လေသည်။
တာအိုဆရာစန်းကွမ်း အိမ်ထဲ ဝင်သွားသည်နှင့် ဆန်းလျန်ကလည်း အနောက်မှ ကပ်လိုက် သွားလေသည်။
ဆန်းလျန်မှာ ချောမောလှပပြီး ထက်ထက်မြက်မြက်ရှိပုံ ရသည့်အတွက် အစောင့်များက သူ့ကို ယဉ်ကျေးစွာဖြင့် နှုတ်ဆက်စကား ပြောကြလေသည်။ ထိုအချင်းအရာကို တာအိုဆရာစန်းကွမ်း မြင်သည့် အခါတွင်တော့ နှာခေါင်း ရှုံ့လိုက်မိလေသည်။
သူက တာအိုဝတ်ရုံ ဝတ်ထားသည့် ဆန်းလျန်ကို ကြည့်လိုက်လေသည်။ တန်ဖိုးကြီးသည့် တာအိုဝတ်ရုံကို ဝတ်ထားသည်ပဲဟု သူကတွေးလိုက်မိသည်။ အမှန်တော့ ဆန်းလျန်မှာ တန်ဖိုးကြီးသည့် တာအိုဝတ်ရုံကို ဝတ်လေ့မရှိပါ။ သူ၏ ဝတ်ရုံမှာ သန့်ရှင်းသပ်ရပ် နေခြင်းသာ ဖြစ်ပြီး သူ၏ သန့်စင်သည့် တန်ခိုးနှင့် ပေါင်းစပ်လိုက်သည့် အခါတွင်တော့ တန်ဖိုးကြီးသည့် ဝတ်ရုံတစ်ခုအလား တောက်ပ သန့်စင်နေခြင်းပင် ဖြစ်လေသည်။
တံခါးစောင့်များက ဆန်းလျန်၏ပုံကို တွေ့သည်နှင့် သာမန်လူတစ်ယောက်မဟုတ်ကြောင်း ရိပ်မိကြလေသည်။ မြို့ထဲရှိ သူဌေးသားများ အားလုံးထက် ဆန်းလျန်၏ ပုံစံက ခမ်းနားနေလေသည်။ ကြည့်ရသည်မှာ လူချမ်းသာ သူဌေးပေါက်စလေး တစ်ယောက်က ဤတောင်ပေါ် တောမြို့လေးသို့ အလည်အပတ် ရောက်လာသည်ဟု သူတို့က ထင်မိကြခြင်း ဖြစ်လေသည်။
မြို့ထဲရှိ လူချမ်းသာများ၏ သားသမီးများမှာလည်း ပညာတတ်လေးများ ဖြစ်ကြသည့်တိုင် ဆန်းလျန်ကတော့ ထိုလူငယ်များထက် သာလွန်နေသကဲ့သို့ ခံစား ကြရလေသည်။
ထို့ပြင် ဘုရင်မကြီးက ဗုဒ္ဓဘာသာကို ရိုသေလေးစားသူ ဖြစ်သည့်တိုင် တာအိုကျောင်းတော် များကိုလည်း ပစ်ပယ်ထားခြင်း မရှိပေ။
ထို့ပြင် ယခင် တာ့ဝေ့တိုင်းပြည်၏ ကျောက်မင်းဆက်မှာ တာအိုဝါဒ ကိုးကွယ်သည့် မိသားစု ဖြစ်လေသည်။
ထို့ကြောင့် တာအိုဆရာများမှာလည်း သွားလေရာရာတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ ကဲ့သို့ လေးစားခြင်း ခံရလေသည်။ ဆန်းလျန်ကဲ့သို့ ရုပ်ရည်ချောမောပြီး သန့်ရှင်းသပ်ရပ်နေသည့် တာအိုဆရာလေးမျိုး ဆိုလျှင်တော့ ပြောစရာပင် မလိုတော့ပေ။
***