Switch Mode

အခန်း (၁၂၇)

အမှားအမှန် ဘက်လိုက်မှုမရှိ

နောက်ဆုံးတော့ …

ဆန်းလျန်တစ်ယောက် ဆရာသခင် ကျန်းရော့ရွှီးထံတွင် အကူအညီ တောင်းခံရန် ချင်းရွှမ် နတ်တံခါးသို့ ပြန်လာ ခဲ့လေတော့သည်။ ဆရာသခင်က “ဟိုင်သန်းအဆင့် မအောင်မြင်မချင်း ပြန်မလာခဲ့နဲ့” ဟု အမှာစကား ရှိထားသည့်တိုင် ဆန်းလျန်မှာ အရေးပေါ် အခြေအနေသို့ ရောက်နေသည့်အတွက် ဂရု မစိုက်နိုင်တော့ပါ။

မိန်းမပျို သုံးယောက်မှာ အဆင့်မြင့် ကျင့်ကြံသူများ ဖြစ်ကြောင်း ဆန်းလျန် သတိထားမိလေသည်။ ထို့ပြင် ထူးဆန်းသည့် မှော်ဝင်ကြိုးမှာလည်း အဆင့်မြင့် နတ်ဘုရားတစ်ပါးနှင့် ပတ်သက်နိုင်သည့် ပစ္စည်းတစ်ခု ဖြစ်လေသည်။ သူက ထိုက်ရွှီးစွမ်းအားများကို ရရှိထားသည့်တိုင် ထိုကဲ့သို့သော ပြိုင်ဘက်များကိုတော့ တစ်ယောက်တည်း ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။ ထို့ပြင် သူက ရော့ရှီလေးကိုလည်း ကယ်တင်ရမည် ဖြစ်သည်။ ရော့ရှီကိုသာ မကယ်တင်နိုင်လျှင် သူ့ဘဝ တစ်လျှောက်လုံး နောင်တတရားကို ရင်ဝယ်ပိုက်ကာ အသက် ရှင်ရပေတော့မည်။

ထို့ပြင် အဝါရောင် မိန်းကလေးက ရော့ရှီမှာ လူပြန်ဝင်စားသည့် ယွမ်ကျွင်းဧကရီဟု ပြောခဲ့လေသည်။ ထိုစကားမှာ လွန်စွာမှ ထူးဆန်းလေသည်။ လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲမှ အခြား တစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ ဝိညာဉ် ရွှေ့ပြောင်းသည့် ထူးဆန်းသည့် ကျင့်စဉ် ပညာများကို ဆန်းလျန် သိပါသည်။ ရော့ရှီ ကြုံတွေ့ရသည်မှာ ထိုသို့သော ဖြစ်ရပ်မျိုးလားဟု သူ စဉ်းစားနေမိသည်။

သို့သော် ထိုကဲ့သို့သော ကျင့်စဉ်မျိုးကို အသုံးချမည် ဆိုပါက စွမ်းအား အကန့်အသတ်မရှိ လက်ခံနိုင်ပြီး ရင့်ကျက်ပြည့်ဝသည့် ရုပ်ခန္ဓာ လိုအပ်လေသည်။ ထို့ကြောင့် ရော့ရှီလေး အနေဖြင့် လောလောဆယ် အချိန်တွင် အန္တရာယ် မရှိနိုင်သေးဟု ယူဆမိလေသည်။

သူ၏ ယူဆချက်မှာ မှန်မည်လား၊ မှားမည်လား သူကိုယ်တိုင်လည်း မသိပေ။ ထို့ကြောင့် ဆရာသခင်၏ “ဟိုင်သန်းအဆင့် မအောင်မြင်မချင်း ပြန်မလာခဲ့နဲ့” ဟူသည့် အမှာစကားကို ဆန့်ကျင်ကာ ချင်းရွှမ်နတ်တံခါးသို့ ပြန်ခဲ့ရခြင်း ဖြစ်လေသည်။

ဆန်းလျန်က ဆန်းတုမြို့တော်သို့ ပြန်ချင်စိတ် မရှိတော့ပေ။ ထိုနေရာတွင် ထိုက်ရွှီး နည်းဗျူဟာကျင့်စဉ် ပထမအဆင့် အောင်မြင်ခဲ့သည်က လွဲပြီး သူ့အတွက် လွမ်းစရာ ဘာမှမရှိခဲ့။ ထို့ပြင် ထိုက်ရွှီး စွမ်းအားများကို အပြည့်အဝ အသုံးချ နိုင်ရန်နှင့် စွမ်းအင်များကို သန့်စင်ရန် အတွက်က အချိန်ယူ ကျင့်ကြံရဦးမည် ဖြစ်သည်။ သို့သော် လက်ရှိ သူ၏ တန်ခိုးစွမ်းအားနှင့် ဆိုလျှင် လေထဲတွင် ပျံသန်းပြီး ချင်းရွှမ်နတ်တံခါးသို့ ပြန်မည်ဆိုပါက သုံးရက်မှ ငါးရက်အထိ ကြာနိုင်ချေ ရှိလေသည်။ ထို့ကြောင့် အချိန် ဖြုန်းမနေတော့ဘဲ စတင် ခရီး ထွက်ခဲ့လေတော့သည်။

အရှေ့ဆီမှ နေထွက်လာခဲ့ပြီ …

ခရမ်းရောင် မြူခိုးများ ဝေနေသည့် ရှုမျှော်ခင်းကို ကြည့်ရင်း ဆန်းလျန်၏ ရင်ထဲတွင် ကြည်နူး ပျော်ရွှင်မှုကို ခံစားလိုက်ရလေသည်။

ပျော်ရွှင်မှုကြောင့် သူအော်ဟစ် လိုက်မိလေသည်။ သူ၏ ဝမ်းသာအားရ အော်ဟစ်သံကြောင့် တော်ရိုင်း တိရစ္ဆာန်များ၊ ငှက်အုပ်များပင် ထပြေးကြသည် အထိပင်။

ပတ်ဝန်းကျင်တွင် တစ်ဦးတစ်ယောက်မှ မရှိ၍ပင် တော်တော့သည်။ မဟုတ်ပါက သူ၏ အော်သံကို မကောင်းဆိုးဝါးများနှင့် နတ်မိစ္ဆာများ ကြားသွားနိုင်လေသည်။

သူက လေအဟုန်ဖြင့် တစ်ရှိန်ထိုး ပျံသန်းသွားလိုက်ပြီး ပင်လယ်ထက်မှ တိမ်များနှင့်အတူ လွင့်မျော သွားလေသည်။ ထိုက်ရွှီး စွမ်းအားများကြောင့် သူ့ တစ်ကိုယ်လုံးမှာ ပေါ့ပါးနေလေသည်။ သူ့ဘဝ တစ်လျှောက်တွင် မိုးကောင်းကင်နှင့် တိမ်များကြားတွင် ယခုလောက် အမြင့်ထိ ရောက်အောင် ပျံသန်းခဲ့ဖူးခြင်း မရှိပေ။

ဆန်းလျန် တောင်ပင်လယ်ကို ဖြတ်သန်းလာခဲ့ပြီး ချင်းရွှမ်နတ်တံခါး တည်ရှိရာ အရပ်သို့ ဦးတည်လိုက်သည်။ ထိုစဉ် … သူ့နာမည်ကို ခေါ်နေသည့် ရင်းနှီးသည့် အသံတစ်သံကို ကြားလိုက်ရသောကြောင့် ဆန်းလျန် အောက်သို့ ငုံ့ကြည့်လိုက်သည်။

ထို့နောက် အနီးအနားရှိ ကျောက်ဆောင်ကြီး တစ်ခုပေါ်သို့ ဆင်းသက်လိုက်သည်။ ထိုအခါတွင်တော့ တာအိုဝတ်စုံဖြင့် လူငယ်လေးတစ်ယောက်ကို တွေ့လိုက်ရလေသည်။ လူအသွင် ဖန်ဆင်းထားသည့် မြွေမိစ္ဆာကြီး ကျင်းချင်းပင် ဖြစ်လေသည်။

ကျင်းချင်းက ဆန်းလျန်ကို တစ်ချက် အကဲခတ်လိုက်ပြီး ပြုံးလိုက်သည်။

“မင်း အဲဒီလောက် တိုးတက်လာမယ်လို့ ငါ ထင်မထားမိဘူး”

ပြောလိုက်လေသည်။

ဆန်းလျန်ကို မြင်ရသည်မှာ အတိတ်တစ်ချိန်က ကျိလင်နတ်သမီးနှင့် ပိယွင်နတ်သမီးတို့ကို ပြန်မြင် တွေ့ရသကဲ့သို့ ခံစားရလေသည်။ ကူးချိုင်ဝေ့ အနေဖြင့် ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်ကို အောင်မြင်ခဲ့သည်မှာ ပိယွင်နတ်သမီးနှင့် ခရမ်းရောင် နတ်မိမယ် ကျိလင်တို့က သူမကို များစွာကူညီ ပေးခဲ့သောကြောင့် ဖြစ်လေသည်။ သို့သော် ဆန်းလျန်ကတော့ တစ်ကိုယ်တည်း မရမနေ ကြိုးစားပြီး ဤအဆင့်သို့ တက်လှမ်း နိုင်ခဲ့လေပြီ။

(ပိယွင်နတ်သမီးမှာ ကျိလင်နတ်သမီး၏ တပည့်ဖြစ်သလို ကူးချိုင်ဝေ့၏ ဆရာလည်းဖြစ်သည် – ဘာသာပြန်သူ)

ကျင်းချင်းကဲ့သို့သော အသက်ရှည်လွန်းသည့် မြွေမိစ္ဆာအနေဖြင့် ဆန်းလျန် ချင်းရွှမ်နတ်တံခါးမှ ထွက်ခွာသွားသည့် တစ်နှစ်ဆိုသည့် အချိန်မှာ တစ်ရေး အိပ်လောက်သော အချိန်မျှသာ ဖြစ်ကြောင်း ဆန်းလျန် သိထားလေသည်။

“မင်းက ဒီမှာ ဘာလာလုပ်နေတာလဲ”

ဆန်းလျန်က ကျင်းချင်းကို မေးလိုက်လေသည်။

“ဆရာသခင်က မင်းလာမယ်ပြောလို့ မနေ့ကတည်းက စောင့်နေတာ”

ကျင်းချင်းက ပြောလိုက်လေသည်။

“ဒါဖြင့် ကျုပ်ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ဆရာသခင် သိနေပြီးသားပေါ့”

ဆရာသခင်၏ ကြိုတင် သိမြင်နိုင်သည့် စိတ်စွမ်းအင်ကို သိပြီးသား ဖြစ်သည့်အတွက် ဆန်းလျန်က အံ့သြ မနေတော့ပါ။ ဆရာသခင်၏ စိတ်စွမ်းအင်မှာ အဆင့်မြင့် နတ်ဘုရား တစ်ပါးထက်ပင် သာလွန်လေသည်။

“ဆရာသခင် အမိန့်ရှိတာကတော့ မင်းအကူအညီ တောင်းချင်တဲ့ ကိစ္စက ချင်းရွှမ်နတ်တံခါး အနေနဲ့ ပါဝင်ပတ်သက်လို့ မကောင်းတဲ့ကိစ္စ ဖြစ်နေတယ်တဲ့။ ဒါပေမယ့် မင်းရဲ့ တူမလေးအတွက် စိတ်ပူစရာ မရှိဘူးတဲ့။ ဒါပေမယ့် မင်း ဒီကိစ္စကို ပါဝင်ပတ်သက်လိုတယ် ဆိုရင်တော့ ဟိုင်သန်းအဆင့် အောင်မြင်ပြီးမှပဲ ဘာဆက် လုပ်ရမလဲဆိုတာ သူ့ကို လာမေးပါတဲ့”

ကျင်းချင်းက ပြန်ပြောလိုက်လေသည်။

“ကျုပ်ကလည်း ဒီမေးခွန်းတွေ မေးချင်လို့ပဲ ပြန်လာတာပါပဲ။ ဒါပေမယ့် ဆရာသခင်က ကြိုသိနေတယ် ဆိုတော့လည်း ချင်းရွှမ်တောင်ပေါ်ထိ သွားမနေတော့ပါဘူး။ ဒါနဲ့ ဆရာသခင်ရော ဘယ်လိုနေလဲ။ နေကောင်းကျန်းမာ ရှိရဲ့လား”

ကျင်းချင်းက မချိပြုံး ပြုံးလိုက်လေသည်။

“ဆရာသခင်ရဲ့ ဘဝနေဝင်ချိန်က နီးနေပါပြီ။ အသက်ရှင်ဖို့အချိန် သိပ်မကျန်တော့ဘူး။ သူ့အတွက် ပိုပြီး ဆိုးလာတာပဲ ရှိတယ်။ သူဘယ်လိုလုပ် နေကောင်းနိုင်မှာလဲ”

သွေးအေးသတ္တဝါ ဖြစ်သည့် မြွေမိစ္ဆာကြီး ကျင်းချင်းမှာ ခံစားချက် မရှိသည့် သွေးအေး သတ္တဝါတစ်ကောင် ဖြစ်လေသည်။ သူက နှစ်ပေါင်းများစွာ အတူတူနေလာသည့် ဆရာသခင်၏ အသက် အန္တရယ်အကြောင်းကို ပြောပြနေသည့်တိုင် ဝမ်းနည်းခြင်း မဖြစ်မိပေ။ သို့သော် ဆန်းလျန်မှာတော့ သူ၏ စကားများကြောင့် စိတ်မကောင်း ဖြစ်သွားရလေသည်။

ဆန်းလျန်မှာ အတိတ်အကြောင်းများကို ပြန်စဉ်းစားမိပြီး တိတ်ဆိတ်ငြိမ်သက် သွားရလေသည်။

ကျင်းချင်းက ဆန်းလျန်ကို ကြည့်ကာ ခေါင်းတစ်ချက် ခါယမ်းလိုက်ပြီး မြွေမိစ္ဆာကြီးအသွင်သို့ ပြန်လည် ကူးပြောင်းသွားလေသည်။ ထို့နောက် ပင်လယ်ရေပြင်ကို အမြီးနှင့် တဝုန်းဝုန်း ရိုက်ခတ်ပြီး မိုးပေါ် ပျံတက်သွားလေရာ ဆန်းလျန် တစ်ကိုယ်လုံး ရေများ စိုရွှဲကုန်လေတော့သည်။

မိုးကုတ်စက်ဝိုင်းဆီသို့ မြွေမိစ္ဆာကျင်းချင်း တိုးဝင်ပျောက်ကွယ် သွားသည်အထိ ဆန်းလျန် ငေးကြည့်နေမိပြီးမှ ပင်လယ် ရေလှိုင်းများကို ငေးကြည့်ရင်း ဆရာသခင်အကြောင်း စဉ်းစားနေမိသည်။ သူ တာအိုကျင့်စဉ်လမ်းသို့ လိုက်သည့်နေ့မှ စတင်ပြီး ဆရာသခင်က သူ့အပေါ်တွင် ကောင်းကောင်း မွန်မွန် ဂရုစိုက်ခဲ့လေသည်။ ဆရာသခင်က သူ့ကို ပြန်မလာရန် တားမြစ်သည်မှာလည်း သူ့အကြောင်းနှင့်သူ ရှိမည်ဖြစ်လေသည်။ သူ့အနေဖြင့် ဆရာသခင် အပေါ်တွင် စိတ်ဆိုးစိတ်ခုစရာ မရှိပါ။ သူစိတ်ပူ နေသည်က ဆရာသခင်၏ ဒဏ်ရာကိုပင် ဖြစ်လေသည်။ သို့သော် သူစိတ်ပူနေသည့်တိုင် မည်သို့မျှ မကူညီနိုင်ပါ။

သူက ချင်းရွှမ်နတ်တံခါး တည်ရှိရာ နေရာသို့ လှမ်းမျှော် ကြည့်လိုက်သည်။

“နတ်ဘုရား မှော်ဆေးတွေအကြောင်း မှတ်တမ်းတင်ထားတဲ့ ကျမ်းစာအုပ်မျိုးသာ ရှာတွေ့နိုင်ရင် ဆရာသခင်ရဲ့ ဒဏ်ရာကို ကုသ ပေးနိုင်မှာပဲ”

ဆန်းလျန် တွေးလိုက်မိလေသည်။

ချင်းရွှမ်နတ်တံခါးတွင် စာအုပ်ပေါင်း ထောင်နှင့်ချီပြီး ရှိသည်ကို ဆန်းလျန် သိပါတယ်။ သို့သော် နတ်ဘုရား မှော်ဆေးများအကြောင်း ရေးသားထားသည့် စာအုပ် မရှိလျှင်ဖြစ်စေ၊ ရှာမတွေ့လျှင် ဖြစ်စေ သူက ဆရာသခင် ကျန်းရော့ရွှီးအတွက် တစ်ခုခု လုပ်ပေးချင်မိလေသည်။

သို့သော် ဆရာသခင်အတွက် နတ်ဘုရားမှော်ဆေး ရှာဖွေလိုသည် ဖြစ်စေ၊ ရော့ရှီလေးကို ပြန်ကယ်တင်လိုသည် ဖြစ်စေ သူ့အနေဖြင့် ဟိုင်သန်းအဆင့် အောင်မြင်နိုင်မှသာ ရမည် ဖြစ်လေသည်။ ရော့ရှီကို ဖမ်းဆီးသွားသည့် မိန်းမပျိုများတွင် မှော်ဝင်ပစ္စည်းများ ရှိလေသည်။ ထို့ကြောင့်ပင် ဆရာသခင်က သူ့ကို ဟိုင်သန်းအဆင့် အောင်မြင်ပြီးမှ လာမေးရန် ပြောခဲ့ခြင်း ဖြစ်ဟန်တူလေသည်။ ထို့ကြောင့် ထိုကိစ္စကို လက်လျှော့ရန် ဆန်းလျန် ဆုံးဖြတ်လိုက်လေသည်။

လက်ရှိအချိန်တွင် သူက ထိုက်ရွှီးကျင့်စဉ် စွမ်းအားများကို ပိုင်ဆိုင်ထားပြီ ဖြစ်လေသည်။ ထို့ကြောင့် မိုးနှင့်မြေတွင် အတားအဆီးမရှိ သွားလာနိုင်သည့် လူတစ်ယောက် ဖြစ်လာပြီ။ သို့သော် ဟိုင်သန်းအဆင့် တက်ရောက်နိုင်ရန်အတွက်တော့ မိမိကိုယ်ကိုမှတစ်ပါး မည်သူမျှ သူ့ကို ကူညီနိုင်မည် မဟုတ်ပေ။

လောကကြီက အကန့်အသတ်မရှိ ကျယ်ပြောလှလေသည်။ ထို့ကြောင့် ဆန်းလျန်က စွန့်စားမှုဖြင့် ခရီးများ သွားလာရင်း သူသိချင်သည့် အဖြေများကို ဖွေရှာသွားရန် ဆုံးဖြတ် လိုက်လေသည်။ ပထမဆုံးအနေဖြင့် ရှီးဟွမ်တွင် တည်ရှိသည့် ချန်ကျန့်မေ၏ သေစေခြင်း ကျောင်းတော်သို့ သွားရန် သူ ဆုံးဖြတ်လိုက်လေလည်။ ချန်ကျန့်မေနှင့် မတွေ့ဆုံရ သည်မှာလည်း ကြာပြီ မဟုတ်ပါလား။

ရော့ရှီလေး၏ ကိစ္စကိုလည်း အလျင်လိုစရာ မရှိတော့ပေ။ ထို့ကြောင့်သူက လူမရှိသည့် တောင်တစ်တောင်ပေါ်တွင် ခေတ္တနားခို နေထိုင်ရင်း သူ၏စိတ်များ ကြည်လင် သွားစေရန်အတွက် တရားထိုင်သည့် ကျင့်စဉ်ကို လဝက်ခန့် ကျင့်ကြံနေလိုက်လေသည်။ ထို့နောက်တွင်တော့ ရှီးဟွမ်သို့ ထွက်ခွာ လာခဲ့လေသည်။ ရက်အနည်းငယ် အတွင်းမှာပင် ဆန်းလျန် မြို့တစ်မြို့သို့ ရောက်လာလေသည်။ အနောက်ဘက် မြို့လေးတစ်မြို့ဖြစ်ပြီး ရှီးဟွမ်သို့ သွားရာလမ်းတွင် တည်ရှိ လေသည်။ ဆန်းလျန်မှာ ရှီးဟွမ်မှ ဓလေ့ထုံးတမ်းများကို သိပ်ပြီးမရင်းနှီးပေ။ ထို့ကြောင့် အခြေအနေများကို စုံစမ်းရန်နှင့် အနားယူရန်အတွက် တည်းခိုရိပ်သာ တစ်ခုသို့ ဝင်ရောက်လိုက်လေသည်။

မြို့လေး၏ နာမည်မှာ ယွီကွမ်းမြို့ ဖြစ်လေသည်။ တောင်သုံးလုံး အလယ်တွင် တည်ရှိသည့် မြို့လေး ဖြစ်လေသည်။ တောင်ပေါ် မြို့လေးတစ်မြို့ ဖြစ်သည့်တိုင် မြေအနေအထား ကောင်းမွန်သည့် အတွက် လူများ စည်ကားလျက် ရှိလေသည်။

ဆန်းလျန်က ဈေးထဲတွင် လှည့်လည်ကြည့်ရင်း လိုအပ်သည့် သတင်းများ စုံစမ်းပြီးသည့်နောက် လူစည်ကားသည့် လမ်းမပေါ်တွင် လှည့်လည် ကြည့်ရှုနေလေသည်။ ထိုက်ရွှီးကျင့်စဉ် စွမ်းအားများမှာ သူ့ကိုယ်ထဲတွင် ခရုပတ် နွယ်လိမ်ပုံပမာ လှည့်ပတ် သွားလာနေသည်ကို သူခံစားမိလေသည်။ ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်ကိုသာ အောင်မြင်အောင် လေ့ကျင့်နိုင်ခဲ့လျှင် အပြစ်ပြောစရာ တစ်ခုမှ မရှိသည့် အောင်မြင်မှုမျိုး ရရှိနိုင်မည် ဖြစ်လေသည်။

ချင်းရွှမ်နတ်တံခါးတွင် တာအိုကျင့်စဉ် အဆင့်ကိုးဆင့် သတ်မှတ်ထားလေရာ အဆင့်တစ်ခုချင်း အလိုက် သူ၏ အရည်အချင်းများ တဖြည်းဖြည်း တိုးတက်လာလေသည်။

ဤသည်မှာ ကျင့်စဉ်အဆင့် ကိုးဆင့်၏ ထူးခြားဆန်းကြယ်မှုပင် ဖြစ်လေသည်။ ချင်းရွှမ် နတ်တံခါးကို စတင်တည်ထောင်ခဲ့သည့် တာအိုဆရာသခင်သည် ချင်းရွှမ် ကျင့်စဉ်လမ်းတွင် အဆင့် ကိုးဆင့် သတ်မှတ် ပေးခဲ့သည်မှာ သူ့အကြောင်းနှင့်သူ ရှိရမည်ဟု ဆန်းလျန် တွေးမိလေသည်။

ယခုဆိုလျှင် ဆန်းလျန်မှာ မိုးမြေစွမ်းအားများကို အဆုံးမရှိ စုပ်ယူနိုင်ပြီး သူ၏ ကိုယ်ပိုင် စွမ်းအားအဖြစ် ပြန်လည် အသုံးချနိုင်ပြီ ဖြစ်လေသည်။ လူနေထူထပ်သည့် နေရာများသို့ သွားရောက်ရသည့် အခါတွင် သူက မိုးမြေစွမ်းအား စုပ်ယူခြင်းများကို ထိန်းသိမ်း ထားရလေသည်။ အဘယ်ကြောင့်ဆိုသော် အတိုင်းအဆမဲ့စွာဖြင့် ရှိသမျှ စွမ်းအားများကို စုပ်ယူမိမည် စိုးသောကြောင့် ဖြစ်လေသည်။ ထိုက်ရွှီးစွမ်းအားများမှာ အလွန်မှ အစွမ်းထက်လွန်းပြီး ဆန်းလျန် ကိုယ်တိုင်ပင်လျှင် အံ့သြခြင်းမက ဖြစ်ရလေသည်။

သူ၏ တန်ခိုးစွမ်းအားများမှာ ထိုက်ရွှီးစွမ်းအားနှင့် ပေါင်းစပ် သွားသည့်အတွက် သူ၏ ခန္ဓာကိုယ်မှာ လွန်စွာမှ ပေါ့ပါးလျင်မြန် နေလေသည်။

သို့သော် သိပ်ပြီး အသုံးမပြုတော့သည့်တိုင် အတွင်းအားကိုတော့ အမြဲမပြတ် လေ့ကျင့် နေရသေးသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ရုပ်ခန္ဓာမှာ ထိုက်ရွှီး တန်ခိုးစွမ်းအားများကို လက်ခံနိုင်ရန်အတွက် အတိုင်းအတာ ရှိနေသောကြောင့် ဖြစ်လေသည်။ ထို့ပြင် သူ ယခုကဲ့သို့ အဆင့်မြင့် ကျင့်စဉ်လမ်းကို လျှောက်လှမ်းနိုင်သည့် အချိန်တွင် ပြိုင်ဘက် ရန်သူများနှင့်လည်း ကြုံတွေ့ ရနိုင်လေသည်။ အကယ်၍ တောင်များကို ရွှေ့နိုင်ပြီး သမုဒ္ဒရာများကို ခန်းခြောက်အောင် လုပ်နိုင်သည့် တန်ခိုးရှင်မျိုးနှင့် တွေ့ရပြန်လျှင် သူ့အနေဖြင့် အနိုင်ရအောင် တိုက်ခိုက်နိုင်မည် မဟုတ်သေးပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset