Switch Mode

အခန်း (၁၂၆)

လောကတွင်အမြင့်ဆုံးမရှိ

ဆန်းလျန်၏ လေသံမှာ တည်ငြိမ်အေးဆေး နေသည့်တိုင် သူ၏ ပုံစံကတော့ အေးစက် နေလေသည်။

“ဘာလို့ သူနဲ့ အရေးလုပ်ပြီး စကားပြောနေရသေးလဲ ဂိုဏ်းတူအစ်မ”

အဖြူရောင် မိန်းမပျိုက ဝင်ပြောလိုက်လေသည်။

အဖြူရောင်ဝတ် မိန်းမပျိုက ဆန်းလျန်၏ စကားပြောဆိုပုံကို သဘောမကျပေ။ သူမက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး ဆန်းလျန်ကို တိုက်ခိုက်လိုက်လေသည်။

ဆန်းလျန်ထံသို့ မမြင်ရသည့် လေအေးတစ်ခု တိုးဝင်လာလေသည်။ ထိုလေအေးက ဆန်းလျန်၏ ဝမ်းဗိုက်ဆီသို့ ထိမှန်သွားပြီး ပျောက်ကွယ်သွားလေသည်။ သူမ၏ တန်ခိုးစွမ်းအားမှာ တွင်းနက်ကြီးတစ်ခုမှ စုပ်ယူသွားသလို ခံစားလိုက်ရလေသည်။ ဆန်းလျန်က အေးစက်စွာ ရယ်မောလိုက်ပြီး လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေသည်။ အဖြူရောင်ဝတ် မိန်းမပျိုထက် နှစ်ဆ ပြင်းထန်သည့် စွမ်းအားဖြင့် ပြန်လည် တိုက်ခိုက်လိုက်လေသည်။

“မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး” ပေးဆပ်ရခြင်းမျိုး မဟုတ်။

လက်ဝါးရိုက်ချက်လေး တစ်ချက်ကို လက်သီးချက် ပြင်းပြင်းဖြင့် ပြန်လည် တုံ့ပြန်လိုက်သည့် သဘောမျိုး ဖြစ်လေသည်။

အဝါရောင်ဝတ် မိန်းမပျိုမှာ ကြက်သေ သေသွားရလေသည်။ သူမ၏ ဂိုဏ်းတူညီမလေးမှာ စိတ်လိုက်မာန်ပါ လုပ်လိုက်ခြင်းမျှသာ ဖြစ်လေသည်။ သို့သော် သူတို့ ရင်ဆိုင်နေရသည့် လူကတော့ လျှော့ပေးမည့်ပုံ မပေါက်ပေ။ သူမ မတတ်သာတော့ဘဲ ကိုင်ဆောင်ထားသည့် အဝါရောင် အလံလေးကို ဝှေ့ယမ်း လိုက်လေသည်။ အဝါရောင် အလွှာပါးတစ်ခု ပေါ်လာပြီး ရွက်လှေကြီးရှေ့တွင် ဒိုင်းသဖွယ် ကာရံထားလိုက်လေသည်။ အလွှာပါးလေးမှာ အဝါရောင် တောက်ပနေပြီး ရေခဲသားကဲ့သို့ ပါးလွှာလေသည်။

ရုတ်တရက်ပင် …

လျှပ်စီးတစ်ချက် လက်သွားပြီး ရေခဲလွှာပါးလေးကို တစ်စစီ ဖြိုခွင်းပစ်လိုက်လေသည်။

ဆန်းလျန်၏ ခန္ဓာကိုယ်မှ ဒြပ်စင်စွမ်းအား ရှစ်မျိုး၏ ရောင်စဉ်များ ဖြစ်သည့် အနီ၊ ရွှေရောင်၊ အဝါ၊ အဖြူ၊ အစိမ်း၊ အပြာ၊ ခရမ်းနှင့် အနက်ရောင်များ ထွက်ပေါ်လာလေသည်။ ထိုအရောင် ရှစ်မျိုးမှာ လေပွေမုန်တိုင်းကဲ့သို့ လှည့်ပတ်ပြီး ရွက်လှေကြီးဆီသို့ တစ်ရှိန်ထိုး ဝင်ရောက်သွားလေသည်။ တစ်ချိန်တည်းမှာပင် အဖြူရောင် အလင်းတန်းနှင့် အစိမ်းရောင် အလင်းတန်းများက ရွက်လှေကြီးဆီမှ ထွက်ပေါ်လာပြီး ဆန်းလျန်၏ ရောင်စဉ်စွမ်းအားများနှင့် ထိခိုက်မိလေသည်။

ဆန်းလျန်၏ ပြိုင်ဘက်ရန်သူ မိန်းမပျိုများမှာ စွမ်းအားအကုန် ထုတ်သုံးနေသည့်တိုင် ဆန်းလျန်၏ ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်ကို မယှဉ်နိုင်ကြပါ။ ဆန်းလျန်က ရွက်လှေပေါ်တွင် ရှိနေသည့် ရော့ရှီလေးကို ငဲ့ညှာနေသည့်အတွက် အားကုန်သုံး တိုက်ခိုက်ခြင်း မရှိသေးပေ။

အစိမ်းရောင်နှင့် အဖြူရောင် စွမ်းအားနှစ်ခု ပေါင်းစပ်သွားသည့်အခါ မထိုးဖောက်နိုင်သည့် အရံအတားတစ်ခု ဖြစ်သွားရလေသည်။ သို့သော် ရွက်လှေကြီးမှာ ကြီးမားသည့် တန်ခိုးစွမ်းအား ရိုက်ခတ်မှုကြောင့် မရပ်တည်နိုင်တော့ဘဲ ပေါက်ကွဲလုနီးပါးဖြစ်ပြီး ကောင်းကင်ထက်မှ အောက်သို့ ဖြည်းဖြည်း လျောဆင်းနေလေပြီ။ ဆန်းလျန်က ရွက်လှေကြီးနောက်သို့ ထပ်ကြပ်မကွာ လိုက်ပါသွားလေသည်။

ရုတ်တရက် …

မီးခိုးရောင် လေပြင်းတစ်ချက် တိုက်ခတ်လာပြီး ဆန်းလျန်ကို ပိတ်ဆို့ ဝန်းရံထားလိုက် လေသည်။

ဆန်းလျန်၏ ခန္ဓာကိုယ်မှာ မလှုပ်ရှားနိုင် ဖြစ်သွားရလေသည်။ မီးခိုးရောင် လေထုမှာ ကြိုးတစ်ချောင်းကဲ့သို့ ဆန်းလျန်ကို တင်းကြပ်စွာ တုတ်နှောင်ထားလိုက်လေသည်။ လေမှာ ရပ်တန့်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်သွားလေသည်။ မီးကိုရေနှင့် ငြိမ်းလိုက်သလို တိတ်ဆိတ်သွားခြင်း ဖြစ်လေသည်။ ဆန်းလျန်မှာ လုံးဝလှုပ်ရှား၍ မရနိုင်ဘဲ ပိတ်မိ နေလေတော့သည်။

အောက်သို့ လျှောကျနေသည့် ရွက်လှေကြီးမှာ ပြန်လည် မြင့်တက်လာပြီး ကြယ်တစ်စင်း ကြွေသည့်အလား ငွေရောင် အလင်းတန်းတစ်ချက် လက်ခနဲ တောက်ပကာ လျင်မြန်သည့် အရှိန်ဖြင့် ထွက်ခွာ သွားလေတော့သည်။

ဆန်းလျန်မှာ မီးခိုးရောင် လေထုထဲတွင် ပိတ်မိနေပြီး သူ၏ ထိုက်ရွှီးစွမ်းအားများမှာ ရုတ်တရက် အသုံးပြု၍မရ ဖြစ်နေရလေသည်။

ရွက်လှေကြီးမှာ ကြယ်တစ်စင်းအလား လျင်မြန်စွာ ပျောက်ကွယ်သွားတော့မှ ထိုမီးခိုးရောင် လေထု၏ တင်းကြပ်မှုမှာ ပျောက်ကွယ်သွားရသည်။

ဆန်းလျန် တောင်ထိပ်တစ်ခုပေါ်သို့ ဆင်းသက်လိုက်လေသည်။ မီးခိုးရောင် လေထုမှာ အလင်းရောင်များ တောက်ပနေသည့် ကြိုးတစ်ချောင်းအသွင်သို့ ကူးပြောင်း သွားလေသည်။

ထိုကြိုးမှာ သာမန် ပစ္စည်းတစ်ခု မဖြစ်နိုင်ပါ။ ထိုသို့သော ပစ္စည်းမျိုးကို သာမန် နတ်ဘုရားများ ပိုင်ဆိုင်ခြင်း မရှိနိုင်ပေ။

ချင်းရွှမ် နတ်တံခါးပင်လျှင် ထိုကဲ့သို့သော အဖိုးတန်ပစ္စည်း နှစ်မျိုးကိုသာလျှင် ဆန်းလျန် တွေ့ဖူးလေသည်။ တစ်ခုမှာ ဆရာသခင် ကျန်းရော့ရွှီး၏ ထျန်းတိကျန်း ကြေးမုံမှန်နှင့် နောက်တစ်ခုမှာ ကျိလင်နတ်သမီး၏ အမည်မသိ ခေါင်းလောင်းလေးများ ဖြစ်လေသည်။

ကျန်းရော့ရွှီးမှာ ချင်းရွှမ်နတ်တံခါးကို အုပ်ချုပ်သည့် ဆရာသခင် ဖြစ်သည့်အတွက် ထျန်းတိကျန်းကို ပိုင်ဆိုင်ထားခြင်း ဖြစ်သလို ကျိလင်နတ်သမီးမှာ လောက နတ်ဘုရားတစ်ပါး ဖြစ်သည့်အတွက် ထိုသို့ အစွမ်းထက်သည့် ပစ္စည်းမျိုးကို ပိုင်ဆိုင်ထားသည်မှာ ထူးဆန်းခြင်း မရှိပေ။

ဆန်းလျန်မှာ ထိုက်ရွှီး နည်းဗျူဟာကျင့်စဉ် ပထမအဆင့်ကို အောင်မြင်ထားပြီ ဖြစ်သည့်အတွက် ချန်ကျန့်မေကို မယှဉ်နိုင်သေးသည့်တိုင် သာမန် ဟိုင်သန်းအဆင့် ကျင့်ကြံသူများလောက်တော့ အသာလေး အနိုင်ယူနိုင်လေသည်။ ထိုက်ရွှီး စွမ်းအားများမှာ အဆုံးမဲ့ တန်ခိုးစွမ်းအားများ ဖြစ်သည်။ ထို့ကြောင့် ကူးချိုင်ဝေ့က ထိုက်ရွှီး နည်းဗျူဟာကျင့်စဉ်မှာ လောကတွင် ပြိုင်ဘက်မရှိသည့် ထိပ်တန်းကျင့်စဉ်ဟု ပြောခဲ့ခြင်း ဖြစ်လေသည်။

ကြယ်ကြွေသကဲ့သို့ အလင်းတန်း တစ်ချက်ဖြင့် ပျောက်ကွယ်သွားသည့် ရွက်လှေကြီးမှာ မိုင်ထောင်ပေါင်းများစွာ အဝေးတွင် ပြန်လည် ပေါ်ထွက်လာလေသည်။

အဝါရောင်မိန်းမပျိုက …

“ဂိုဏ်းတူညီမလေး ကျီယွဲ့ မင်းက ဗဟုသုတ သိပ်ပြီး ကြွယ်ဝတဲ့သူပဲ။ အဲဒီလူက ဘယ်သူများလဲ သိနိုင်မလား”

ဟုမေးလိုက်လေသည်။

“ဂိုဏ်းတူအစ်မ အဲဒီလူရဲ့ ကျင့်စဉ်က လျိုစူးရဲ့ “ယင်စွမ်းအား လက်ဝါးသုံးဆင့်” ရိုက်ချက်ကိုတောင် လွယ်လွယ်လေး ခုခံနိုင်တဲ့အပြင် တန်ပြန် ရိုက်ချက်နဲ့တောင် အသုံးပြု တိုက်ခိုက် လိုက်သေးတယ်။ ပြီးတော့ သူ့ခန္ဓာကိုယ်မှာ အနီ၊ ရွှေရောင်၊ အဝါ၊ အဖြူ၊ အစိမ်း၊ အပြာ၊ ခရမ်းနဲ့ အနက်ရောင် ရောင်စဉ်ရှစ်မျိုး ဖြာထွက်နေတာ။ အဲဒါတွေကို ကြည့်ရင် ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်နဲ့ အတော် ဆင်တူတာပဲ”

ခရမ်းရောင် မိန်းမပျိုက ပြန်ဖြေလိုက်သည်။

အဝါရောင် မိန်းမပျိုမှာ သူ၏စိတ်ထဲတွင် ခန့်မှန်းထားပြီးသား ဖြစ်လေသည်။ သူမက ဗဟုသုတ ကြွယ်ဝသည့် ကျီယွဲ့ထံမှ အတည်ပြုချက် ရယူလိုက်ခြင်းသာ ဖြစ်သည်။

“ဒါ ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်ပဲ ဖြစ်ရမယ်။ ဒါကြောင့် ဒီလောက် အစွမ်းထက်နေတာ။ “နတ်ဒေဝါနှောင်ကြိုး” ကို ယူလာမိတာ ကံကောင်းတာပဲ။ မဟုတ်လို့ကတော့ ဒီနေ့ အကြီးအကျယ် ဒုက္ခရောက်မှာ”

အဝါရောင် မိန်းမပျိုက ပြောလိုက်လေသည်။

“ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်ဆိုတာ ဘာလဲဟင်။ ငါဖြင့် တစ်ခါမှ မကြားဖူးဘူး”

အဖြူရောင် မိန်းမပျိုက မေးလိုက်သည်။

“အဲဒီကျင့်စဉ်က ချင်းရွှမ်နတ်တံခါးရဲ့ လျှို့ဝှက် ကျင့်စဉ်တွေထဲက တစ်ခုပဲ။ ကျင့်ကြံနိုင်ဖို့ အရမ်း ခက်တယ်လို့ ကြားဖူးတယ်။ အဲဒီလူ ဘယ်လောက် အစွမ်းထက်လဲ နင်မတွေ့ဘူးလား လျိုစူး။ ဒါတောင် သူက ထိုက်ရွှီးကျင့်စဉ်ကို အောင်မြင်တဲ့အထိ လေ့ကျင့်ရသေးတာ မဟုတ်ဘူး။ မဟုတ်လို့ကတော့ သူ့ရိုက်ချက် တစ်ချက်တောင် ငါတို့ ခံနိုင်မှာ မဟုတ်ဘူး”

အဝါရောင်မိန်းမပျိုက သက်ပြင်းချရင်း ပြောလိုက်လေသည်။

အဖြူရောင် မိန်းမပျို လျိုစူးမှာ အံ့သြမှုဖြင့် တိတ်ဆိတ် သွားရလေသည်။ သူမ ရင်ဆိုင်ခဲ့ရသည့် သူမှာ ဝိညာဉ်စွမ်းအား မြင့်မားသည့်အပြင် တန်ခိုးစွမ်းအားမှာလည်း ကြီးမားသည့်အတွက် သူမက ဟိုင်သန်းအဆင့်ကို ပုံပြောင်းအဆင့် ခုနစ်ဆင့်မျှဖြင့် အောင်မြင်ထားသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်မည်ဟု တွေးထင်ထားခဲ့မိလေသည်။ ယခုတော့ ကျင့်စဉ်လမ်းပင် မအောင်မြင်သေးသည့် လူတစ်ယောက် ဖြစ်နေခဲ့သည်။ သို့သော် သူမ၏ ဂိုဏ်းအတူအစ်မ၏ စကားကို သူမ အကြွင်းမဲ့ ယုံကြည်လေသည်။

ခရမ်းရောင် ကျီယွဲ့က ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်ဟု ပြောသည့်တိုင် ထိုကျင့်စဉ်အကြောင်းကို အဖြူရောင် လျိုစူးက သိရှိခြင်း မရှိပါ။ အမှန်တော့ ကျင့်ကြံသူ ဆယ်ယောက်တွင် ရှစ်ယောက်က ထိုကျင့်စဉ်အကြောင်းကို သိလေသည်။ ထိုကျင့်စဉ်မှာ ကျင့်ကြံအောင်မြင်ရန် ခက်ခဲလွန်းသည် သာမက ဟိုင်သန်းအဆင့်ကို ပုံပြောင်းအဆင့် ခုနစ်ဆင့်ဖြင့် အောင်မြင်ခဲ့ကြသည့် ကျင့်ကြံသူများကိုပင် အသာလေး အနိုင်ယူနိုင်လေသည်။ ဟိုင်သန်းအဆင့်ဟု ပြောရာတွင် သာမန်ကျင့်စဉ် အချို့ကို ကျင့်ကြံခြင်းဖြင့်လည်း ဟိုင်သန်းအဆင့်ကို ပုံပြောင်းအဆင့် ခုနစ်ဆင့်ဖြင့် အောင်မြင်နိုင်လေသည်။ ဟိုင်သန်းအဆင့် ပြီးလျှင် ပုရွှီးအဆင့်နှင့် ဖော့ဝမ့်အဆင့်များသို့ တက်ရောက်နိုင်ရန် ဆက်လက် ကျင့်ကြံရမည် ဖြစ်လေသည်။ ထို့ကြောင့် ကျင့်ကြံသူများ အနေဖြင့် ဟိုင်သန်းအဆင့်ကို ပုံပြောင်းအဆင့် ခုနစ်ဆင့်ဖြင့် အောင်မြင်ရန်မှာ ဖြစ်နိုင်ချေများစွာ ရှိလေသည်။

“ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်ကို ကျင့်ကြံနိုင်မှတော့ အဲဒီလူကို ကြည့်ရတာ ချင်းရွှမ် နတ်တံခါးမှာ အဆင့်မြင့်တဲ့ လူတစ်ယောက် ဖြစ်မှာပဲ။ ငါတို့ ထိုက်စု နတ်ဘုရားဂိုဏ်းက အခုအချိန်မှာ ချင်းရွှမ် နတ်တံခါးထက် သာတယ်ဆိုပေမဲ့ သူနဲ့ ဒီလို တိုက်ခိုက်တာတော့ မကောင်းဘူး ထင်တယ်။ ငါတို့ ဘယ်ဂိုဏ်းကဆိုတာသာ သိသွားရင် သူတစ်ယောက်တည်းတော့ လာရဲမှာ မဟုတ်တော့ဘူး။ ဒါပေမယ့် သူ့ရဲ့ ဆရာသခင်တွေကို ခေါ်လာမှာပဲ။ ဒါပေမယ့် ငါတို့ ထိုက်စု နတ်ဘုရားဂိုဏ်းမှာလည်း ဆရာသခင်တွေ ရှိတာပဲ။ ကြောက်တော့ မကြောက်ပါဘူး။ ဒါပေမယ့် ဒီလူက လူပြန်ဝင်စားတဲ့ ယွင်ကျွင်းဧကရီနဲ့လည်း ပတ်သက်နေသေးတယ်။ ငါတို့ ဂိုဏ်းကို အမြန်ပြန်ပြီး ဆရာသခင်ကို တင်ပြသင့်တယ် ထင်တယ်”

ကျီယွဲ့က တွေးတွေးဆဆဖြင့် ပြောလိုက်လေသည်။

သူမ၏ စကားကို အဝါရောင် မိန်းမပျိုနှင့် အဖြူရောင် လျိုစူးကလည်း ခေါင်းညိတ်ထောက်ခံ လိုက်ကြလေသည်။

ရော့ရှီလေးမှာတော့ အိပ်ပျော်နေပြီး သူမကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်လည်း သိရှိခြင်း မရှိရှာပေ။

ရွက်လှေကြီးမှာ ဖြည်းဖြည်းမှန်မှန် သွားနေလေသည်။ ထိုစဉ် ကောင်းကင်ထက်မှ မီးခိုးရောင် အလင်းတန်းတစ်ခု ပေါ်လာလေသည်။ “နတ်ဒေဝါနှောင်ကြိုး” ဖြစ်လေသည်။

နတ်ဒေဝါ နှောင်ကြိုးမှာ အဝါရောင် မိန်းမပျိုလက်ထဲသို့ ကျရောက်လာလေသည်။ ဆန်းလျန်နှင့် တိုက်ခိုက်စဉ် အချိန်က သူတို့က ရွက်လှေကြီး၏ “လောကကို ထိုးဖောက်နိုင်သည့် မှော်စွမ်းအင်” ကို အသုံးပြုကာ ထွက်ခွာလာခဲ့ကြခြင်း ဖြစ်လေသည်။

ဆန်းလျန်လက်မှ လွတ်လောက်သည့် နေရာရောက်တော့မှ ရွက်လှေကြီးကို အရှိန် လျှော့လိုက်ကြခြင်း ဖြစ်လေသည်။

နတ်ဒေဝါနှောင်ကြိုးမှာ ထူးဆန်းသည့် မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်လေသည်။ သူ၏ သခင်ကို မှတ်မိနိုင်စွမ်း ရှိလေသည်။ မိန်းမပျိုများမှာ နတ်ဒေဝါနှောင်ကြိုးကို သူတို့ဆန္ဒနှင့် သူတို့ လွတ်လွတ်လပ်လပ် အသုံးပြုခွင့် ရှိလေသည်။

ထိုမှော်ဝင်ပစ္စည်းမှာ ဆန်းလျန်ဆီမှ ထွက်လာသည့် ထိုက်ရွှီး စွမ်းအားများမှာ ကျိလင် နတ်သမီး၏ စွမ်းအားများ ဖြစ်ကြောင်း မှတ်မိနေလေသည်။ ထို့ကြောင့် ဆန်းလျန်ကို အသက် သေသည်အထိ မထိန်းချုပ်တော့ဘဲ မိန်းမပျိုသုံးယောက် လွတ်မြောက်သွားသည် အထိသာ ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်လေသည်။ ထို့နောက် ဆန်းလျန်ကို ဒုက္ခမပေးဘဲ ထားခဲ့လေသည်။

ဆန်းလျန်မှာ တောင်ထိပ်တစ်ခုပေါ်တွင် ရပ်တန့် ကျန်ရစ်ခဲ့ရပြီး ထိုမိန်းကလေးများ၏ ဇစ်မြစ်ကိုလည်း မသိရှိနိုင်ခဲ့ပါ။ အင်းပညာကို အသုံးပြုကာ ခြေရာခံရန် ကြိုးစား ကြည့်သော်လည်း အကြောင်းမထူးပေ။ အလွန်ဝေးကွာသည့် နေရာသို့ ရောက်သွားသောကြောင့် ဖြစ်နိုင်လေသည်။ သူက ထိုက်ရွှီးစွမ်းအားများ ပြန်လည် အသုံးပြု၍ ရသည်နှင့် စွမ်းအားအလင်းဖြင့် ကြည့်ရှုလိုက်သည့်တိုင် ခြေရာ ပျောက်သွားခဲ့ပြီ ဖြစ်လေသည်။

ခြေရာခံ၍ မရသည့်အတွက် အနာဂတ်ကိုလည်း ခန့်မှန်း၍ မရနိုင် ဖြစ်ရလေသည်။ ကန့်သတ်ချက်များဖြင့် ပြည့်နေလေသည်။ များသောအားဖြင့် အဖြစ်အပျက်များကို ဆန်းလျန်က စိတ်ဖြင့် ကြိုတင်သိမြင် ခန့်မှန်းနိုင်သည့်အတွက် တားဆီးသင့်သည်များကို ကြိုတင်တားဆီး ထားတတ်လေသည်။ သို့သော် ယခုကဲ့သို့ ဖြစ်ပျက်သွားရခြင်း မျိုးမှာတော့ ကံတရားအတိုင်းပင် ဖြစ်ခဲ့သည်လားဟု သူ တွေးနေမိလေသည်။

ဆန်းလျန်အနေဖြင့် ရော့ရှီကို စိတ်စွမ်းအင်ဖြင့် အာရုံခံကြည့်သည့် အလုပ်မျိုး ယခင်က မလုပ်ခဲ့ဖူးပေ။ ထို့ကြောင့် ယခုကဲ့သို့ စိတ်စွမ်းအင်ဖြင့် အာရုံခံ၍ မရခြင်းမှာ သူမ၏ မရှင်းလင်းသည့် ဇာစ်မြစ်ကြောင့်လား သို့မဟုတ် တစ်စုံတစ်ယောက်က အရံအတားဖြင့် တားဆီးထားခြင်းကြောင့်လား ဆိုသည်ကို ဆန်းလျန် နားမလည်နိုင် ဖြစ်နေရလေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset