Switch Mode

အခန်း (၁၂၅)

အသစ်ဖြစ်တည်လာသော ထိုက်ရွှီးတန်ခိုးစွမ်းအား

ယခုကဲ့သို့ မရှောင်လွဲနိုင်သည့် အဖြစ်အပျက်နှင့် ကြုံတွေ့ရသည့် အခါတွင်တော့ သေခြင်း၊ ရှင်ခြင်းကိုလည်း ဆန်းလျန် ဂရုစိုက် မနေတော့ပါ။ ထိုက်ရွှီးကျင့်စဉ် အောင်မြင်မည်၊ မအောင်မြင်မည်ကိုလည်း ဂရုမစိုက်တော့ပါ။

သူမြင်တွေ့ ကြားသိနေရသည့် အရာများကိုလည်း ဂရုမစိုက်တော့ပါ။ ထူးဆန်းစွာဖြင့်ပင် တိတ်ဆိတ် ငြိမ်သက်ခြင်း အဆင့်သို့ သူဝင်ရောက် သွားလေသည်။

ထိုက်ရွှီး နည်းဗျူဟာကျမ်း၏ အဓိက ကျမ်းချက်များကို ရွတ်ဖတ်နေသည့် အသံသည် သူ့ နှလုံးသားထဲတွင် စမ်းရေအလား စီးဆင်းနေပြီး သူ၏ အသိတရားများ ပွင့်လင်းသွားလေသည်။ ရည်ရွယ်ချက် မရှိပါဘဲ ထိုသို့ ဖြစ်သွားရခြင်း ဖြစ်လေသည်။

တိမ်ညိုများ ကင်းစင်ပြီး လမင်း၏ အလင်းရောင် ထွက်ပေါ်လာသကဲ့သို့ …

ပင်လယ်ရေများ ခန်းခြောက်ပြီး ပုလဲရတနာ ထင်ရှားစွာ ထွက်ပေါ်လာသကဲ့သို့ …

ကျင့်စဉ်လမ်း၏ တရားအလင်းသည် ထွန်းလင်း၍ လာလေသည်။

“ကောင်းကင်နှင့် မြေကြီးက သူတို့ သဘောတရားနှင့်သူတို့ မှန်ကန်နေသည်။ တောင်နှင့် ရွှံ့နွံက သူတို့၏ စွမ်းအားများကို အချင်းချင်း ထိုးဖောက် ဝင်ရောက်သည်။ လေနှင့် လျှပ်စီးက ပေါ့ပါးမှု အစွမ်းများ ပေါင်းစည်းသည်။ ရေနှင့်မီးက ညီမျှပြီး အားပြိုင်ခြင်း မရှိတော့။ အတိတ်ကို သိမြင်ခြင်းက အစီအစဉ်တကျ ရှိပြီး အနာဂတ်ကို သိမြင်ခြင်းကတော့ အစီစဉ်တကျ မရှိပေ။

အနီရောင် တန်ခိုးစွမ်းအားနှင့် အနက်ရောင် တန်ခိုးစွမ်းအားက ရောယှက်သွားလေသည်။ ထို့အတူ ခရမ်းရောင်နှင့် ရွှေရောင် တန်ခိုးစွမ်းအား၊ အဝါရောင်နှင့် အပြာရောင် တန်ခိုးစွမ်းအား၊ အစိမ်းရောင်နှင့် အဖြူရောင် တန်ခိုးစွမ်းအားများက အသီးသီး ရောယှက်သွားကြလေသည်။ “ယင်” နှင့် “ယန်” ဘက်ညီမှု စွမ်းအားအတိုင်း စွမ်းအားရှစ်ခုမှာ ဘက်ညီစွာ ပေါင်းစည်းသွားလေသည်။ ထို တန်ခိုးစွမ်းအားစုကြီးမှာ အတက်အကျ၊ အရှေ့အနောက် ရွေ့လျားနေပြီး အရောင်ရှစ်မျိုးမှာ ခရုပတ် နွယ်လိမ်ပမာ ရစ်ခွေနေလေသည်။ ထိုခရုပတ် နွယ်လိမ်ပမာ ရစ်ခွေနေသည့် တန်ခိုးစွမ်းအား စုကြီးမှာ ရွှေပြဒါး မဏ္ဍိုင် အမြုတေတစ်လျှောက် စီးဆင်းသွားလေသည်။ ကျောရိုးတစ်လျှောက်နှင့် သွေးကြော ဆုံချက်များအတိုင်း အလွန် လျင်မြန်သည့် အရှိန်ဖြင့် စီးဆင်းသွားလေသည်။ ဆန်းလျန် ခန္ဓာကိုယ်တွင်းရှိ ယခင် ကျင့်ကြံခဲ့သမျှ တန်ခိုးစွမ်းအားများကို ထိုတန်ခိုး စွမ်းအားစုကြီးမှ စုပ်ယူသွားလေတော့သည်။

ခရုပတ် နွယ်လိမ်ကဲ့သို့ ရစ်ပတ်နေသော ထိုစွမ်းအားစုကြီးမှာ ဝဲကတော့ကဲ့သို့ မွေနှောက် ပေါင်းစပ်သွားပြီး ကွဲပြားခြားနားမှု မရှိတော့ဘဲ စွမ်းအင် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားလေသည်။

ရုတ်တရက် …

ဆန်းလျန်ဆီမှ အရောင်ရှစ်မျိုး လင်းဖြာထွက်လာပြီး နတ်ဘုရား တစ်ပါးအလား လင်းလက် သွားလေသည်။ ဆန်းလျန် ခန္ဓာကိုယ်ဆီမှ ထိုက်ရွှီး စွမ်းအားများ ပေါ်ထွက်လာခြင်း ဖြစ်လေသည်။ ယခင်နှင့်မတူ အသစ်သော တန်ခိုးစွမ်းအား တစ်ခုသည် စတင် ထွက်ပေါ်လာလေပြီ။

လေ၊ လျှပ်စီး၊ ရေ၊ မီး၊ ကောင်းကင်၊ မြေကြီး၊ တောင်နှင့် ရွှံ့နွံ …

ထူးဆန်းသည့် ဒြပ်စင်စွမ်းအား ရှစ်မျိုး ပေါင်းစည်းထွက်ပေါ် လာလေသည်။

ကျောက်ရှောင်ယွီ ဖန်ဆင်းထားသည့် နေရာမှာ တုန်လှုပ်လာပြီး အပေါက်တစ်ပေါက် ဖြစ်ပေါ်လာလေသည်။ အဆုံးမရှိသည့် စကြဝဠာ အလွှာများမှာ တစ်လွှာချင်း ကွာကျကုန်လေသည်။ ကောင်းကင်ထက်တွင် ကြယ်စင်များ ကြည်လင်စွာ တောက်ပနေပြီး လရောင်မှာ ရေတံခွန်ကဲ့သို့ ဖြာကျ နေလေသည်။ ကောင်းကင်ထက်တွင် ခုနစ်စင်ကြယ်မှာ အတောက်ပဆုံး လင်းလက်နေလေသည်။

ထိုအခွင့်အရေးကို ဘုရင်မက လက်လွှတ် မခံခဲ့ပါ။ သူမ၏ ရုပ်ခန္ဓာကျင့်စဉ်မှ ထွက်ပေါ်လာသည့် အလင်းရောင်များမှာ အဆုံးစွန်ထိ တောက်ပသွားပြီး သူမလက်ဖြင့် စက်ဝိုင်းခြမ်းပုံ သဏ္ဌာန်တစ်ခုကို ရေးဆွဲလိုက်လေသည်။ ခုနစ်စင်ကြယ်မှ တောက်ပသည့် အလင်းတန်းများမှာ ဘုရင်မ ရေးဆွဲလိုက်သည့် စက်ဝိုင်းခြမ်း ပုံသဏ္ဌာန်ပေါ်သို့ ဖြာကျလာလေသည်။ ကြယ်ရောင်များမှာ ရေတံခွန်အလား ကျရောက်လာပြီး ပိုးသားအလား သိမ်မွေ့ကာ သက်တန့်အလား ရောင်စဉ် ဖြာနေလေသည်။ ထို အလင်းရောင်များက နတ်ဘုရား မြေမှုန့်ကို အသုံးပြုကာ ကျောက်ရှောင်ယွီ ဖန်ဆင်းထားသည့် နေရာနှင့် အဖြူရောင် ကြာပန်းများကို အစိတ်စိတ် အမြွှာမြွှာ ပျက်စီးသွားစေလေသည်။

အချိန်ခဏလေး အတွင်းမှာပင် ထိုကဲ့သို့ ကြောက်စရာကောင်းသော စွမ်းအားများကို ဆန်းလျန်အနေဖြင့် ကျင့်ကြံအောင်မြင်လိမ့်မည်ဟု ကျောက်ရှောင်ယွီ ထင်မှတ်ထားခဲ့ခြင်း မရှိပါ။ ဆန်းလျန်မှာ ဘုရင်မကြီးလောက် အန္တရယ်များခြင်း မရှိဟု သူမက တွေးထင်ထားခဲ့သောကြောင့် ဆန်းလျန်ဘက်ပိုင်းတွင် ရှိသည့် ဖန်ဆင်းထားသည့် အရံအတားတွင် စွမ်းအားထိန်းချုပ်မှု မဆိုသလောက် လျှော့ထားခဲ့လေသည်။ ထိုမှသာ သူမ၏ စွမ်းအားများ အားလုံးကို ဘုရင်မကို တိုက်ခိုက်ရန်အတွက် အသုံးပြုနိုင်မည် ဖြစ်လေသည်။

ဆန်းလျန်က ဖန်ဆင်းထားသည့် နေရာကို ချိုးဖျက်လိုက်သည့်အတွက် ခုနစ်စင်ကြယ် ရောင်များမှာ ဖန်ဆင်းထားသည့် နေရာအတွင်းသို့ ဝင်ရောက်လာလေသည်။ ဘုရင်မက ထိုအချက်ကို အခွင့်ကောင်းယူကာ “ခုနစ်စင်ကြယ် နတ်ဘုရားတံဆိပ်တော်” ဂမ္ဘီရ စွမ်းအားကို အသုံးပြုလိုက် လေသည်။ ထိုဂမ္ဘီရ စွမ်းအားဖြင့် ခုနစ်စင်ကြယ် ရောင်စဉ်များကို အသုံးပြုကာ နတ်ဘုရားမြေမှုန့်ဖြင့် ဖန်ဆင်းထားသည့် နေရာကို တစ်စစီ ပျက်စီးသွားအောင် ဖျက်ဆီးလိုက်လေသည်။

ကောင်းကင်ထက်ရှိ ကြယ်စင်များမှာ သဘာဝအတိုင်း ဖန်ဆင်း ခံထားရခြင်း ဖြစ်လေသည်။ ထိုကြယ်စင်များ အားလုံးတွင် ရှေးကျသည့် စွမ်းအားကိုယ်စီ ရှိကြလေသည်။ “ရှန်” ဝါဒ ကျင့်စဉ်လမ်း၏ ကိုယ်ပိုင်နေရာ “မိုးကောင်းကင်တိုင်းပြည်” မှာ မည်မျှပင် စစ်မှန်ပါစေ ကြယ်စင်များ၊ နေနှင့် လတို့၏ စွမ်းအားကိုတော့ ကျော်လွှားနိုင်ခြင်းရှိမည် မဟုတ်ပေ။

ကောင်းကင်မှာ ကြည်လင်နေလေသည်။ ကြာပန်းရေကန် မျက်နှာပြင်တွင် လရောင်မှာ ရောင်ပြန်ဟပ် အရိပ်ထင်နေလေသည်။

အသက်သုံးဆယ် အရွယ်ခန့်သာ ထင်ရသည့် ဘုရင်မကြီးမှာ ရုတ်တရက် အိုမင်းသည့် အဘွားအိုကြီးအသွင် ကူးပြောင်းသွားလေသည်။ ကျောက်ရှောင်ယွီမှာလည်း မသက်သာလှပါ။ သူမ၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေလေသည်။ သူမ၏ အဖြူရောင် ဝတ်ရုံထက်တွင် ဟက်တက်ကွဲနေသည့် ဓားဒဏ်ရာများကို တွေ့မြင်နိုင်လေသည်။ ကြောက်မက်ဖွယ်ရာ မြင်ကွင်းပင် ဖြစ်လေသည်။

ဆန်းလျန်က ရေကန်ထက်တွင် ရပ်နေလေသည်။ ကြယ်စင်နှင့် လမှာ ကြည်လင်စွာ တောက်ပနေသည့်တိုင် ကန်ရေပြင်ကတော့ လှုပ်ရှားနေလေသည်။ ဆန်းလျန်မှာ လွန်စွာမှ တည်ငြိမ် လွန်းနေလေသည်။

ရေစီးနှင့် မျောပါသွားခြင်း မရှိသည့် ကျောက်စိုင်ကျောက်ဆောင် တစ်ခုအလား မိုးနှင့်မြေတွင် တည်ငြိမ်စွာ မားမားမတ်မတ် ရပ်တည်နေလေသည်။ သူ၏ တန်ခိုးစွမ်းအား သုံးလိုက်သည်ဟုပင် မထင်မှတ်ရဘဲ ပေါ့ပါးနေလေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် သူ၏အဆင့်မှာ မည်မျှ မြင့်မားနေပြီ ဖြစ်ကြောင်း သိနိုင်လေသည်။

တိုက်ပွဲတွင် ရှုံးနိမ့်သွားသည့်တိုင် ကျောက်ရှောင်ယွီမှာ သိသိသာသာ စိတ်ပျက်နေသည့်ပုံ မပေါက်ပါ။ စိတ်ပျက်နေရုံဖြင့် အခြေအနေများကို ပြောင်းလဲပစ်နိုင်မည် မဟုတ်ကြောင်း သူမ သိရှိလေသည်။

“ရှင့်ကြောင့် အခြေအနေတွေ အားလုံး ခုလို ဖြစ်သွားလိမ့်မယ်လို့ ကျွန်မ မျှော်လင့် မထားခဲ့မိဘူး”

သူမက သက်ပြင်းတစ်ချက် ချရင်း ပြောလိုက်လေသည်။

သူမ၏ အသံမှာ နိုက်တင်ဂေး ငှက်ကလေး၏ အသံအလား ချိုမြလှပေသည်။

သူမသည် သာမန် ပုဂ္ဂိုလ်တစ်ယောက် မဟုတ်ပါ။ သို့သော် ယနေ့ညတော့ သူမ ရှုံးနိမ့်ခဲ့ပြီ ဖြစ်လေသည်။ သူမတွင် နတ်ဘုရားမြေမှုန့်များ ရှိနေသေးလျှင်တောင်မှ ဆန်းလျန်နှင့် ဘုရင်မ နှစ်ယောက်လုံးကို ဖန်ဆင်းထားသည့် နေရာတွင် ပိတ်ထားရန် မဖြစ်နိုင်တော့ပါ။ ဆန်းလျန် အောင်မြင်သွားသည့် ကျင့်စဉ်မှာ ကမ္ဘာ့ပထမတန်း ကျင့်စဉ်တစ်ခု ဖြစ်ပုံရလေသည်။ သူမသာ ဆက်လက် တိုက်ခိုက်မည်ဆိုလျှင် အနိုင်ရဖို့ မလွယ်ကူနိုင်ပေ။

နတ်ဘုရားမြေမှုန့်ကို အသုံးပြုကာ သူမ ဖန်ဆင်းခဲ့သည့် နေရာတွင် ဆန်းလျန်က သူ၏ ကျင့်စဉ်ကို အောင်မြင်အောင် လေ့ကျင့်သွားနိုင်မည်ဟု ကျောက်ရှောင်ယွီလုံး၀ မျှော်လင့်ခဲ့ခြင်း မရှိပါ။ သူမ ယနေ့ ရှုံးနိမ့်ခဲ့ရသည့်တိုင် လောကတွင် မမျှော်လင့်သည့် အရာများလည်း ဖြစ်ပျက်နိုင်ကြောင်းကို သဘော ပေါက်ခဲ့ရပြီ။ အောင်မြင်စွာ ဆုတ်ခွာနိုင်သရွေ့ အနိုင်ရရန် နည်းလမ်းများ ထပ်မံ ရှာဖွေနိုင်ပါ သေးသည်။

ထို့ပြင် နတ်ဘုရားမြေမှုန့်ကို အသုံးပြုပြီး နေရာတစ်ခု ဖန်ဆင်းသည့် အခါတွင် ထိုနေရာကို ထိန်းချုပ်နိုင်ရန်အတွက် သူမ၏ ဝိညာဉ်စွမ်းအား အချို့ကို ထည့်သွင်း ထားခဲ့ရလေသည်။

ထို့ကြောင့် ဖန်ဆင်းထားသည့်နေရာ ပျက်စီးသွားသည့်အခါ သူမဒဏ်ရာ ပြင်းထန်စွာ ရခဲ့ခြင်း ဖြစ်လေသည်။

ကျောက်ရှောင်ယွီ၏ ခြေဖဝါးအောက်တွင် ကြာပန်းတစ်ပွင့် ပေါ်လာပြီး သူမ ချက်ချင်းပင် ပျောက်ကွယ် သွားလေသည်။ ထိုကြာပန်းမှာ ထူးဆန်းသည့် ပစ္စည်းတစ်ခု ဖြစ်ပြီး ပေါ်လာပြီးသည်နှင့် ချက်ချင်းပျောက်ကွယ် သွားတတ်လေသည်။ ထို့ကြောင့် ဆန်းလျန်မှာ သူမကို တားဆီးချိန် မရလိုက်ပါ။

ဘုရင့်နန်းတော်မှ နဂါးစွမ်းအားကို ဆန်းလျန် ခံစားမိလေသည်။ ထိုနဂါးစွမ်းအားက ဘုရင်မကြီး၏ ခန္ဓာကိုယ်တွင်းသို့ ကြီးမားသည့် အရှိန်ဖြင့် ဝင်ရောက်သွားပြီး ဘုရင်မကြီးကို ပြန်လည်စွမ်းအား ပြည့်လာစေလေသည်။

သို့သော် ဘုရင့်နန်းတော်တွင် စုစည်းထားသည့် မူလအရင်းအမြစ် ဆန္ဒ သဘောထားများမှာ ထို နဂါးစွမ်းအားကြောင့် ပျောက်ကွယ်သွားလေသည်။ နဂါးစွမ်းအားမှာ အရှေ့နန်းတော်ဆီသို့ ဦးတည်ပြီး ပျောက်ကွယ်သွားလေသည်။

ဘုရင်မကြီးက ဆန်းလျန်ကို နက်ရှိုင်းစွာ ကြည့်လိုက်သည်။

“ဒီလို ဒုက္ခ အကြီးအကျယ် တွေ့နေတဲ့ အချိန်မှာ ငါ့ကို ကူညီတဲ့သူက မင်းဖြစ်နေမယ်လို့ ငါထင်မထားမိဘူး။ မင်း ဘာဆုလာဘ်များ လိုချင်သလဲ ပြောပါ”

သူမက တည်ငြိမ်သည့် လေသံဖြင့် ပြောလိုက်လေသည်။

သူမ အသွင်အပြင်မှာ ကြောက်စရာကောင်းအောင် အေးစက်နေခြင်းမျိုး မရှိတော့ပါ။ သူမက ဆန်းလျန်ကို သူမနှင့် အဆင့်အတန်း တူသူအဖြစ် သတ်မှတ်ထားလိုက်ပြီ ဖြစ်လေသည်။

“ကျုပ်လိုချင်တာကို ရပြီးသွားပါပြီ ဘုရင်မ။ အခုဘာမှ လိုချင်တာ မရှိတော့ပါဘူး။ နှုတ်ဆက်ခဲ့ပါတယ်”

ဆန်းလျန်က ပြုံးရင်း ပြောလိုက်လသည်။ ကဗျာရွတ်သံ သဲ့သဲ့နှင့်အတူ ဆန်းလျန်က လေထဲတွင် လွင့်မျောပျောက်ကွယ် သွားလေတော့သည်။

ဘုရင်မကြီးက ဆန်းလျန်ကို အဓိပ္ပာယ်ရှိသော အကြည့်ဖြင့် ငေးကြည့်ရင်း ကျန်ရစ်ခဲ့လေသည်။ ထို့နောက် ဘုရင့်နန်းတော် အတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားလေသည်။

ဆန်းလျန်သည် လမ်းမထက်တွင် ရပ်နေလေသည်။

သူ၏ မျက်ဝန်းများက ရှင်သန်ခြင်း မရဏဆေးခန်း၏ အခန်းတံခါးကို စူးစိုက် ကြည့်နေလေသည်။ သူ၏တန်ခိုးဖြင့် စည်းချထားခဲ့သည့် အိပ်ခန်းတံခါး အရံအတားမှာ ပျက်စီး နေလေသည်။ အခန်းတံခါးမှာ ပွင့်နေပြီး ရော့ရှီလေးမှာ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားပြီ ဖြစ်လေသည်။

ဆန်းလျန်၏ မျက်နှာမှာ တည်ကြည်လေးနက် နေလေသည်။ သူက ချက်ချင်းပင် ခေါင်မိုးထက်သို့ ပျံဝဲ တက်သွားလေသည်။ ညလေအေးက အေးမြစွာ တိုက်ခတ်နေလေသည်။

ဆန်းလျန်၏ မျက်ဝန်းများက အနောက်ဘက်သို့ စိုက်ကြည့်နေလေသည်။ ထို့နောက် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး လေထဲသို့ ခုန်ဝင်လိုက်လေသည်။ သူ၏ ပုံသဏ္ဌာန်မှာ ကောင်းကင်ထက်တွင် အစိမ်းရောင် မြားတစ်စင်းအလား လင်းလက်တောက်ပသွားလေသည်။

သူ၏ လျှင်မြန်မှုမှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းသည်။ ယခု သူက ထိုက်ရွှီး တန်ခိုးစွမ်းအားများကို ရရှိပိုင်ဆိုင်သွားပြီ ဖြစ်လေသည်။ သူဆယ်နှစ်ကျော် ကျင့်ကြံခဲ့သည့် စွမ်းအားများမှာ ကူးချိုင်ဝေ့ လက်ဆောင်ပေးခဲ့သည့် သားမွေးတာအို ဝတ်ရုံအတွင်းသို့ စီးဆင်းဝင်ရောက် သွားလေသည်။ သူ၏ အင်္ကျီလက်များမှာ အတောင်ပံကဲ့သို့ ဖြစ်နေပြီး လေနှင့် လျှပ်စီးစွမ်းအားက သူ့ကို ပျံသန်းနိုင်ရန် ထောက်ပံ့ပေးထားလေသည်။

သူ၏ ပျံသန်းမှုနှုန်းမှာ ဒဏ္ဍာရီထဲမှ ဂဠုန်ငှက်ကြီးများကဲ့သို့ အတောင်တစ်ချက် ခတ်ရုံမျှဖြင့် မိုင်ပေါင်း ကိုးသောင်းထိ မရောက်နိုင်သော်လည်း နတ်မိစ္ဆာ ဂိုဏ်းများမှ ပျံသန်းရင် အသုံးပြုသည့် ငှက်များထက်တော့ သာလွန်လေသည်။

မရေတွက်နိုင်သည့် တောင်တန်းများနှင့် မြစ်ချောင်းများကို ဖြတ်သန်းပျံသန်း လာခဲ့ပြီးသည့်နောက် အရှေ့ဘက်ကောင်းကင်တွင် ရောင်နီထွန်းလင်းလာပြီ ဖြစ်လေသည်။ နောက်ဆုံးတွင်တော့ တိမ်များကြားတွင် ပျံသန်းနေသည့် ရွက်လှေကြီး တစ်စင်းကို တွေ့လိုက်ရလေသည်။

သူက တန်ခိုးစွမ်းအားများကို မြှင့်တင်လိုက်ပြီး မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ကြီးမားသည့် အရှိန်ဖြင့် လေပြင်းများကို မနားတမ်း တိုက်ခတ်လိုက်လေသည်။

ပျံသန်းနေသည့် ရွက်လှေကြီးမှာ လေပြင်းများ ပြင်းထန်စွာ တိုက်ခတ်လာသည့် အတွက်ကြောင့် ရပ်တန့် လိုက်လေသည်။

ဆန်းလျန်က သူ၏ လက်တစ်ဖက်ကို ဆန့်တန်းလိုက်သည်။ သူ၏ အင်္ကျီလက်မှာ လေထဲတွင် လွင့်နေလေသည်။ မမြင်နိုင်သည့် လေထုက သူ့ကို ကောင်းကင်ထက်တွင် ရပ်တန့်နိုင်အောင် သယ်ဆောင်ပေးထားပြီး သူ့ခန္ဓာကိုယ် တစ်ခုလုံးမှာ အစိမ်းရောင် တန်ခိုးစွမ်းအားများဖြင့် တောက်ပ နေလေသည်။ လေထဲ လွင့်နေသည့် အင်္ကျီလက်များဆီမှ မိုးကြိုးလျှပ်စီးများ လင်းလက်နေလေသည်။ သူ၏ ပုံစံမှန် အမှန်တကယ်ပင် ထိတ်လန့် လေးစားဖွယ်ရာ အသွင်သဏ္ဌာန် ဖြစ်နေလေသည်။

တိမ်ထဲတွင် ပျံသန်းနေသည့် ရွက်လှေကြီးတွင် ရှုပ်ထွေးသည့် သင်္ကေတ ပုံစံများ ထွင်းထုထားလေသည်။ လှပသည့် မိန်းမပျို သုံးယောက်သည် ဆန်းလျန်ကို ရင်ဆိုင်ရန်အတွက် ရွက်လှေကြီး ဦးပိုင်းတွင် ရပ်နေကြလေသည်။ ခရမ်းရောင်ဝတ် မိန်းမပျို၊ အဝါရောင်ဝတ် မိန်းမပျိုနှင့် အဖြူရောင်ဝတ် မိန်းမပျိုသုံးယောက် ဖြစ်လေသည်။ သူမတို့ ဝတ်ဆင်ထားသည်မှာ ရိုးရှင်းသည့် တာအိုကျင့်စဉ် ဝတ်ရုံများသာ ဖြစ်လေသည်။ သူတို့အားလုံး၏ အသွင်သဏ္ဌာန်များမှာ အေးဆေးတည်ငြိမ်မှု ရှိကြသည်။

ရွက်လှေပေါ်တွင် အိပ်မောကျနေသည့် မိန်းကလေးငယ်လေး တစ်ယောက်ကို ဆန်းလျန် တွေ့လိုက်ရလေသည်။ သူမမှာ ဆန်းလျန်၏ ရော့ရှီလေးပင် ဖြစ်လေသည်။

ဆန်းလျန်က သူ၏ “စိတ်ဝိညာဉ် စူးစိုက်မှု” စွမ်းအားကို ပျံသန်းနေသည့် ရွက်လှေကြီးထံသို့ လေပြင်းနှင့်အတူ ပို့လွှတ်လိုက်လေသည်။ သူ၏ စိတ်စွမ်းအားမှာ ရွက်လှေကြီးကို ကာကွယ် ပေးထားသည့် လေထု အရံအတားကို ထိုးဖောက် ဝင်ရောက်သွားလေသည်။

“တာအိုကျင့်ကြံသူ သုံးယောက် ဘာလို့ ကျုပ်ရဲ့ တူမလေးကို ဖမ်းဆီးခေါ်ဆောင် သွားရတာလဲ”

ဆန်းလျန်က တည်ငြိမ် အေးဆေးစွာ မေးလိုက်လေသည်။

“ရှင်က အမှုစစ်ဆေးခြင်း ခံရပြီး လူပြန်ဝင်စားတဲ့ ယွမ်ကျွင်းဧကရီရဲ့ မိသားစုဝင်လား။ ဒါဆို သူမကို စောင့်ရှောက် ပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ်”

အဝါရောင် ဝတ်ဆင်ထားသည့် ကျင့်ကြံသူ မိန်းမပျိုက ပြောလိုက်လေသည်။

ကျေးဇူးတင်စကား ပြောခြင်း ဖြစ်သည့်တိုင် သူမ၏ အသံက အေးစက်နေလေသည်။ ထို့နောက် အဝါရောင် မိန်းမပျို၏ လက်ထဲတွင် အဝါရောင် အလံငယ်တစ်လက် ပေါ်လာလေသည်။ သူမက ဆန်းလျန်မှာ သာမန်ကျင့်ကြံသူ တစ်ယောက် မဟုတ်ကြောင်း ရိပ်မိလေသည်။

“ကလေးကိုထားခဲ့။ မင်းတို့အားလုံး အေးအေးဆေးဆေး ပြန်လို့ရတယ်”

ဆန်းလျန်က တည်ငြိမ်စွာဖြင့် ပြောလိုက်လေတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset