Switch Mode

အခန်း (၁၂၄)

ဘဝအဆုံးသတ် ကြာပန်းဖြူကျင့်စဉ်

ဆန်းလျန်၏ အတွေးများ မည်သို့ရှိသည်ကို ကျောက်ရှောင်ယွီက ခန့်မှန်းမိလေသည်။

“ဆန်းသခင်လေး ရှင်က ကျွန်မရဲ့ ဂိုဏ်းတူအစ်မလိုပဲ။ ဒီနေရာက ထွက်သွားဖို့ ဆုံးဖြတ်လို့ ရပါလျက်နဲ့ ရှင့်ဟာရှင် ထွက်မသွားတာကတော့ ကျွန်မလည်း မတတ်နိုင်ဘူးနော်။ ဒါပေမယ့် ရှင်က အခြေအနေတွေကို နားလည်ပေးပြီး ကျွန်မရဲ့ ကြာပန်းကိုးပွင့် စောင့်ရှောက်သူအဖြစ် ကျွန်မကို ကူညီမယ်လို့ မျှော်လင့်မိပါတယ်။ ဒါဆိုရင် ရှင့်ကို ကျွန်မက နာကျင်အောင် မလုပ်ပါဘူး။ ရှင် ဟိုင်သန်းအဆင့် အောင်မြင်သွားခဲ့ရင် ကျွန်မတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ပေးနိုင်တဲ့ ကျင့်စဉ်လမ်း ခရီးသွားဖော်တွေ ဖြစ်သွားမှာပေါ့။ ကျွန်မတို့ အတူတူဆိုရင် ဘာမဆို ရင်ဆိုင်နိုင်မှာပါ”

သူမက ပြောလိုက်လေသည်။

ကျောက်ရှောင်ယွီ၏ စကားကိုကြားတော့ ဆန်းလျန်က သိမ်မွေ့စွာပင် ရယ်မောလိုက်လေသည်။

“မင်းမှာ ဒီလို အတွေးမျိုးရှိနေတာ အံ့သြမိတယ်။ ကျုပ် စိတ်လှုပ်ရှားနေတာ ဝန်ခံပါတယ်။ ဒါပေမယ့် ကျုပ်ကို ဖိအားပေးပြီး အတင်းအဓမ္မ လုပ်ခိုင်းတာမျိုးဆိုရင် ကျုပ်သိပ်မုန်းတာပဲ”

ဆန်းလျန်က ပြောလိုက်လေသည်။

ဘုရင်မကတော့ ငြိမ်သက်နေလေသည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာမှ မမြင်ရသည့် စွမ်းအားတစ်ခုက သူမကို ထိန်းချုပ်ထားသောကြောင့် ဖြစ်လေသည်။ သို့တိုင်အောင် သူမ၏ ပုံစံမှာ တည်ငြိမ်နေဆဲ ဖြစ်လေသည်။

“မတရား စော်ကားခံရသည့် အခါမျိုးတွင် ဒေါသ မထွက်ပါနှင့်၊ ကံဆိုးမိုးမှောင် ရုတ်တရက် ကျရောက် လာလျှင်လည်း မထိတ်လန့်ပါနှင့်” ဆိုသည့် စကားပုံအတိုင်းပင် ဘုရင်မကြီးက တည်ငြိမ်သူ တစ်ယောက် ဖြစ်လေသည်။

သို့သော် သူမ၏ တန်ခိုးစွမ်းအားများမှာ ထိန်းချုပ်ခံထားရပြီ ဖြစ်လေသည်။ သူမ၏ စွမ်းအားများကို သုံး၍ မရတော့သလို ဂါထာမန္တန်များကိုလည်း အသုံးပြု၍ မရတော့ပေ။

“ဆန်းသခင်လေး ကျွန်မပြောနေတဲ့ ကိစ္စက အရေးကြီးတယ်နော်။ ကျွန်မနည်းနည်းလောက် အားစိုက်လိုက်တာနဲ့ ရှင်တို့နှစ်ယောက်လုံး ဒုက္ခ ရောက်သွားနိုင်တာ သိတယ်မလား”

ကျောက်ရှောင်ယွီက သက်ပြင်းတစ်ချက် ချလိုက်ရင်း ပြောလိုက်လေသည်။ သူမ၏ မျက်လုံးများတွင် အပြုံး ပါးပါးလေးကို တွေ့မြင်ရလေသည်။ သို့သော် သူမကို ကြည့်ရသည်မှာ ခံစားချက် ရှိသည့်ပုံတော့ မပေါက်ပေ။ ထိုမိန်းကလေးမှာ ခံစားချက်ရှိသူ တစ်ယောက် မဟုတ်မှန်း ဆန်းလျန် ကောင်းကောင်း သိပါသည်။ သို့သော် သူမက လိမ်လည် ပြောဆိုတတ်သည့် သူတော့ မဟုတ်ပါ။

သက်ရှိလူသားပင် ဖြစ်စေ၊ အရာဝတ္ထုများပင် ဖြစ်စေ သူမ၏ မျက်လုံးထဲတွင် အတူတူပင် ဖြစ်လေသည်။ သူမအတွက် အသုံးဝင်မည်လား၊ မဝင်ဘူးလား ဆိုသည်ကို သူမက ကြည့်ပြီး ဆုံးဖြတ်သူ ဖြစ်လေသည်။

သူမ၏ စိတ်နေစိတ်ထားမှာ သူမ၏ လန်းဆန်းသည့် အငွေ့အသက်များနှင့် ဆန့်ကျင်လျက် ရှိနေလေသည်။ သို့သော် သူမကလည်း ဂရုမစိုက်ပါ။ သူမက လူ့လောကမှ အကြောင်းကိစ္စများအတွက် စိတ်ပူပန် တတ်သည့်သူ မဟုတ်ပေ။

ဆန်းလျန်က သက်ပြင်းတစ်ချက် ကြိတ်ပြီး ချလိုက်လေသည်။ ထိုမိန်းကလေးမှာ ကျင့်စဉ်လမ်း အတွက် တည်ငြိမ်သည့် စိတ်နှလုံး ရှိလေသည်။ ကျင့်စဉ်လမ်းကို ကျင့်ကြံရန် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် မွေးဖွားလာခြင်း ဖြစ်လေသည်။ “ရှန်” ဝါဒ ကျင့်စဉ်လမ်းကိုသာ မလိုက်ခဲ့လျှင် စစ်မှန်သည့် တာအိုကျင့်စဉ်ကို ကျင့်ကြံနိုင်မည် ဖြစ်လေသည်။ သူမ၏ ကိုယ်ကျင့်တရား စံနှုန်းများမှာ သဘာဝအတိုင်း ညီမျှလေသည်။ ဟိုင်သန်းအဆင့်ကိုပင် ပုံပြောင်းအဆင့် ခုနစ်မျိုးဖြင့် တက်ရောက် အောင်မြင်နိုင်မည့် ကျင့်ကြံသူတစ်ယောက် အရည်အချင်းမျိုးနှင့် ပြည့်ဝသူ ဖြစ်လေသည်။ ထိပ်ဆုံးအဆင့်ထိ ကျင့်ကြံနိုင်ပြီး နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်မည့် အခွင့်အရေးမျိုး ရရှိနိုင်သည့် မိန်းကလေးတစ်ယောက် ဖြစ်လေသည်။

ရုတ်တရက် ပတ်ဝန်းကျင်တွင် အလင်းရောင်များ ဖြာထွက်လာလေသည်။ ထို အလင်းရောင်များ၏ အလယ်ဗဟိုတွင် ဘုရင်မကြီး ရှိနေလေသည်။ သူမသည် မီးတောက်ထဲတွင် ရှိနေပြီး နေနှင့်လကဲ့သို့ တောက်ပနေလေသည်။ ကျောက်ရှောင်ယွီက ဘုရင်မကို အကဲခတ်လိုက်သည်။ ဘုရင်မသည် ရှေးဟောင်းဂမ္ဘီရ ပညာများကို လေ့ကျင့်ထားသူပီပီ သူမ၏ ရုပ်ခန္ဓာကို စွမ်းအား မြှင့်တင်ထားကြောင်း သူမသိလေသည်။ သို့သော် သူမက ထိုမျှ မိုက်ရူးရဲဆန်စွာ လုပ်လိမ့်မည်ဟု ကျောက်ရှောင်ယွီ တွေးမထားခဲ့မိပေ။ ဘုရင်မက ဤဖန်ဆင်းထားသည့် နေရာမှ ထိန်းချုပ်မှု စွမ်းအားကို ခုခံနိုင်ရန်အတွက် ထိုသို့ ပြုလုပ်လိုက်ခြင်း ဖြစ်လေသည်။

ရှေးလူတို့သည် အတွင်းအားနှင့် မိုးမြေစွမ်းအားများကို ကျင့်ကြံ ကြသည်သာမက ရုပ်ခန္ဓာအတွက်လည်း ကျင့်ကြံကြလေသည်။ အချို့သော ကျင့်ကြံသူများမှာ ရုပ်ခန္ဓာ ကျင့်ကြံခြင်းဖြင့် အိုခြင်းနှင့် သေခြင်းကို တွန်းလှန်ကာကွယ် ထားကြလေသည်။ ရုပ်ခန္ဓာကို ကျင့်ကြံခြင်းဖြင့် အသက်လည်း ရှည်စေသလို တောင်များကို ထမ်းနိုင်ပြီး လမင်းကိုလည်း ဆွတ်ယူနိုင်သည့် အရည်အချင်းမျိုး ရနိုင်ပေသည်။ သို့သော် အတွင်းအားနှင့် မိုးမြေစွမ်းအား ကျင့်စဉ်များသာ မတိမ်ကောဘဲ ကျန်ရစ်ခဲ့ပြီး ရုပ်ခန္ဓာကို ကျင့်သည့် ကျင့်စဉ်များကတော့ ပျောက်ကွယ် သွားခဲ့လေသည်။ ယနေ့ခေတ် သိုင်းပညာဟုခေါ်သည့် အပေါ်ယံမျှသော အရာများသာ ကျန်ရစ်ခဲ့လေသည်။

သို့သော် ရုပ်ခန္ဓာ ကျင့်စဉ်ကို ကျင့်ကြံထားသည့် ကျင့်ကြံသူ တစ်ယောက်မှာ အခြားသော ကျင့်ကြံသူများ၏ လုပ်ကြံခြင်းကို ခံရရန် အလားအလာ များလေသည်။ သို့သော် အတွင်းအားနှင့် မိုးမြေစွမ်းအားကို ကျင့်ကြံရင်း ရုပ်ခန္ဓာကျင့်စဉ်ကိုလည်း ကျင့်ကြံမည်ဆိုပါက အချိန်လုံလောက်မည် မဟုတ်ပေ။ အချိန်ရော စွမ်းအားရော ကုန်ခမ်းသည့်တိုင် အကျိုးမရှိ ဖြစ်ရပေမည်။

“ဂါထာမန္တန်အားလုံး၊ အဆုံးမရှိတဲ့ တာအိုကျင့်စဉ်၊ ဒါတွေက တကယ်ပဲ အသက်ရှည်ရှည် နေရနိုင်ပါ့မလား” ဆိုသည့် ရှေးဆိုရိုးတစ်ခု ရှိလေသည်။

ထိုစကားပုံက ကျင့်ကြံခြင်း အနှစ်သာရကို ဖော်ပြနေလေသည်။ သိုင်းပညာတွင် အထွတ်ထိပ်သို့ ရောက်လျှင်ပင် ပြိုင်ဘက်များနှင့် ရင်ဆိုင်ရမည် ဖြစ်လေသည်။ ထိုသို့ ရင်ဆိုင်ရပါက တစ်ဘဝလုံး ပျော်ရွှင်စွာ နေထိုင် သွားနိုင်တော့မည် မဟုတ်ပေ။

ထို့ကြောင့် ကျင့်ကြံသူအများစုက ရုပ်ခန္ဓာကျင့်စဉ်ကို ဆက်မကျင့်ကြတော့ဘဲ ရပ်တန့်ခဲ့ကြခြင်း ဖြစ်လေသည်။

ဘုရင်မ၏ သရဖူက သူမ၏ ဦးခေါင်းထက်တွင် မြင့်မားခမ်းနား လွန်းနေလေသည်။ သူမ နောက်တွင် ရှေးကျပြီး စွမ်းအားကြီးမားသည့် တာအိုဆရာ တစ်ပါးကို တွေ့မြင်နိုင်လေသည်။ ရှေးကျသည့် မျက်နှာရှိပြီး ဦးထုပ်အရှည်ကို ဆောင်းထားကာ အင်္ကျီပွပွကို ဝတ်ဆင်ထားလေသည်။ စာပေသမား တစ်ယောက်၏ ပုံမျိုးဖြစ်ပြီး ထိန်းချုပ်ထားမှုများ အားလုံးကို ဖျက်ဆီး ပစ်နိုင်လေသည်။

ထိုသို့ စွမ်းအားပြင်းထန်မှုနှင့် ရင်ဆိုင်ရသည့်တိုင် ကျောက်ရှောင်ယွီက အေးဆေးတည်ငြိမ် နေလေသည်။

“ရှင်က မပျက်စီးနိုင်တဲ့ နတ်ဘုရားခန္ဓာ ကျင့်စဉ်ကို ကျင့်ကြံထားတာလား”

သူမက တည်ငြိမ်စွာပင် မေးလိုက်သည်။

ဖန်ဆင်းထားသည့် နေရာမှာ တုန်လှုပ်သွားပြီး မမြင်နိုင်သည့် စွမ်းအားများက ပိုပြီး ပြင်းထန်လာလေသည်။ ကျောက်ရှောင်ယွီက ကြာပန်းပုံ သင်္ကေတ အနည်းငယ်ကို ဖန်ဆင်း လိုက်လေသည်။ ထိုအဖြူရောင် ကြာပန်းလေးများက လင်းလက်တောက်ပနေပြီး ဘုရင်မအနားတွင် ပျံဝဲနေကြလေသည်။ ထိုကြာပန်း အဖြူလေးများက ဘုရင်မထံမှ ထွက်ပေါ်နေသည့် အလင်းတန်းများမှာ တဖြည်းဖြည်း လျော့နည်းသွားအောင် တိုက်ခိုက်နေလေသည်။

“ဘဝအဆုံးသတ် ကြာပန်းဖြူ” ကျင့်စဉ်စွမ်းအား ဖြစ်လေသည်။ ထိုစွမ်းအားက ဝိညာဉ် စွမ်းအားကို အရည်ပျော် သွားစေနိုင်လေသည်။ လူတစ်ယောက်၏ အသားကို ဓားဖြင့် လှီးဖြတ်သကဲ့သို့ ဝိညာဉ်ကို နာကျင်စေလေသည်။

ကျောက်ရှောင်ယွီက စွမ်းအားတိုးမြှင့်ပြီး ဘုရင်မကို တိုက်ခိုက်နေသည်ကို ဆန်းလျန် ရိပ်မိလေသည်။ သူ့ပတ်ဝန်းကျင်တွင် ဖန်ဆင်းထားသည့် နေရာမှာ ပါးလွှာလာပုံ ရလေသည်။ သို့သော် ထိန်းချုပ်ထားသည့် ဖိအားကတော့ ရှိနေဆဲပင် ဖြစ်လေသည်။ ဆန်းလျန်မှာ ရွှံ့နွံထဲသို့ နစ်ဝင်ပြီး ဘယ်တော့မှ လွတ်မြောက်ခြင်း မရှိတော့မည့်ပုံမျိုး ခံစားနေရလေသည်။ သူ့ခန္ဓာကိုယ်ထဲမှ တန်ခိုးစွမ်းအား လုပ်ဆောင်မှုများ လျော့နည်းလာလေသည်။

ဆန်းလျန်၏ လက်ထဲတွင် သွေးအင်းချပ်သုံးခု ပေါ်လာလေသည်။ ထို အင်းစာရွက်များမှာ လင်းလက်နေလေသည်။ ထိုအလင်းရောင်များ နောက်မှ လေသံက လိုက်ပါလာလေသည်။ ဖုံမှုန့်များနှင့် မီးခိုးငွေ့များလည်း ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားလေသည်။

ကျောက်ရှောင်ယွီက သူမလက်ဖြင့် ကြာပန်းတစ်ပွင့် ဖန်ဆင်းလိုက်သည်။ သူမက ဆန်းလျန်ကို ကြည့်လိုက်ပြီး …

“ကောင်းလိုက်တဲ့ အင်းချပ်သုံးခု”

ဟု ချီးကျူးလိုက်မိလေသည်။

ထိုအင်းချပ်သုံးခုက မိုးမြေစွမ်းအားများကို ဖိအားပေးပြီး လေ၊ မိုးကြိုးနှင့် မြေကြီးအဖြစ် ဖြစ်တည် လာလေသည်။ လေနှင့်မိုးကြိုးမှာ ပြင်းထန်လွန်းပါသည်။ သို့သော် မြေကြီးကတော့ အခြေခံကျသည့် စွမ်းအား ဖြစ်လေသည်။ ထိုအင်းချပ်များက ဆန်းလျန်ကို ကာကွယ် ပေးထားလေသည်။ ဆန်းလျန် လှုပ်ရှားလိုက်သည်ကို ကျောက်ရှောင်ယွီ တွေ့လိုက်သည့်တိုင် ထိတ်လန့်သွားခြင်းမျိုး မရှိပါ။ သူမကြည့်ရသည်မှာ ပုံမှန်ပင် ဖြစ်လေသည်။

အဖြူရောင် ကြာပန်းလေးများမှာလည်း ဘုရင်မကြီး အနားတွင် ပျံဝဲနေဆဲ ဖြစ်လေသည်။

သို့သော် သူမ ဆန်းလျန်ကို ကြည့်လိုက်သည့် အချိန်ခဏတွင်ပင် ပတ်ဝန်းကျင်မှ ထိန်းချုပ်ထားသည့် စွမ်းအားများမှာ ပိုပြီး တုန်လှုပ်လာလေသည်။ လေနှင့် မိုးကြိုး၏ ဖိအားနှင့် ကမ္ဘာမြေကြီး၏ အလေးချိန်များအားလုံး ခဏချင်းတွင် ပျောက်ကွယ်သွားလေသည်။ ဆန်းလျန်မှာ မလွတ်မြောက်နိုင်သော ပိတ်မိခြင်းဖြင့် ပိတ်မိသွားလေသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ဆန်းလျန်က ကျောက်ရှောင်ယွီကို မယှဉ်နိုင်သောကြောင့် မဟုတ်ပါ။ နတ်ဘုရားမြေမှုန့်ဖြင့် ဖန်ဆင်းထားသည့် နေရာကြောင့်သာ ဖြစ်လေသည်။ ကျောက်ရှောင်ယွီမှာ နတ်ဘုရားတစ်ပါး ကဲ့သို့ပင် ဖြစ်လေသည်။ သို့သော် ဆန်းလျန်ကဲ့သို့ ကျင့်စဉ်လမ်းတွင် ပြင်းပြင်းထန်ထန် လေ့ကျင့်ထားသူနှင့် ရင်ဆိုင်ရသည်မှာတော့ ခက်ခဲလေသည်။ သူက ကျင့်စဉ်လမ်း တန်ခိုးစွမ်းအားနှင့် အင်းပညာကို အသုံးပြုပြီး အပြင်မှ မိုးမြေစွမ်းအားများကို ဆင့်ခေါ်ထားခြင်း ဖြစ်လေသည်။

နတ်ဘုရားမြေမှုန့်မှာ ရှားပါးပစ္စည်း ဖြစ်လေသည်။ ကျောက်ရှောင်ယွီတွင်ပင် နောက်ထပ်အပို မရှိတော့ပါ။ ထို့ပြင် ဆန်းလျန် ဤနေရာသို့ ရောက်နေကတည်းက သူမက ဘုရင်မကြီးနှင့်အတူ ဆန်းလျန်ကိုပါ ရင်ဆိုင်ရတော့မည်ကို သိပြီးသား ဖြစ်လေသည်။ သူမက ဆန်းလျန်ကို ကြာပန်းကိုးပွင့် ကာကွယ်သူအဖြစ် အသုံးချချင်ခဲ့သည်။ ဆန်းလျန်မှာ ချင်းရွှမ်နတ်တံခါးမှ တပည့်တစ်ယောက် ဖြစ်နေသည့် အတွက်လည်း သူမက ကြောက်ရွံ့ခြင်း မရှိပေ။ သူမသာ ဘုရင်မကို သတ်နိုင်လျှင် ကြာပန်းကိုးပွင့် ကျင့်စဉ်ကို အထွတ်ထိပ်သို့ ရောက်အောင် လေ့ကျင့်နိုင်သည့် အခွင့်အရေးရမည် ဖြစ်လေသည်။ သူမကို လူအများက ကိုးကွယ်ကြမည် ဖြစ်လေသည်။ ဘယ်တော့မှ မပျက်စီးနိုင်သည့် နတ်ဘုရား ဝိညာဉ်ကိုလည်း ရမည် ဖြစ်လေသည်။ ထို့ပြင် ချန်ရှန်းကျန်းရန်များနှင့် လောက နတ်ဘုရားများမှာလည်း သူမကို နှိမ်နင်းနိုင်တော့မည် မဟုတ်ပေ။

ဤသည်မှာ “ရှန်” ဝါဒ ကျင့်စဉ်လမ်း၏ ကြောက်စရာကောင်းသည့် အချက်ပင် ဖြစ်လေသည်။ ရှေ့သို့တစ်ဆင့် တက်လှမ်းနိုင်တော့မည်ဟု ကြိုတင် တွေးမိသည်နှင့်ပင် သူမမှာ ကျေနပ်ပီတိ ဖြစ်ရလေသည်။

သူ၏အရိုးများ ပေါက်ကွဲထွက်သည့် အသံကို ဆန်းလျန် ကြားလိုက်ရလေသည်။ သူ၏ သွေးများမှာလည်း နှေးကွေးစွာဖြင့် စီးဆင်း နေကြလေသည်။ သွေးအင်းချပ်သုံးခုမှာ ဤ ဖန်ဆင်းထားသည့် နေရာမှ သူ့ကို ခေါ်ထုတ် မသွားနိုင်တော့ပေ။ ကျောက်ရှောင်ယွီက ဆန်းလျန် ဘက်တွင် ထိန်းချုပ်မှု စွမ်းအားများကို ပိုပြီး တိုးမြှင့်လိုက်လေသည်။ ဆန်းလျန်က သူ၏ ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး သူ့တစ်ကိုယ်လုံးရှိ တန်ခိုးစွမ်းအားများကို သူ၏ ရွှေပြဒါးမဏ္ဍိုင် အမြုတေဆီသို့ အလျင်အမြန် ပို့ဆောင်လိုက်သည်။

ထိုအခါ အမြစ်တွယ်နေသည့် ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ် တန်ခိုးစွမ်းအားများမှာ ကန္တာရအတွင်းတွင် အိုအေစစ် တွေ့သကဲ့သို့ ဖြစ်သွားကြလေ တော့သည်။ ထိုစွမ်းအားများမှာ အံ့သြစရာ ကောင်းလောက်အောင် ကြီးထွားလာလေသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ တန်ခိုးစွမ်းအားများမှာ အနီရောင်၊ ရွှေရောင်၊ အဝါရောင်၊ အဖြူရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ အစိမ်းရောင်၊ ခရမ်းရောင်နှင့် အနက်ရောင် ဒြပ်စင်စွမ်းအား ရှစ်မျိုးအသွင်သို့ မယုံကြည်နိုင်စရာ ကောင်းသော အရှန်အဟုန်ဖြင့် ပြောင်းလဲ သွားလေသည်။

ထိုက်ရွှီး တန်ခိုးစွမ်းအားများမှာ ရေထဲတွင် အလိုက်သင့် မျောနေသည့် ဝေလငါးကြီး တစ်ကောင်ကဲ့သို့ ဖြစ်လေသည်။ အဖြစ်အပျက်များအပေါ်တွင် လှုပ်ရှားနေကြ လေသည်။ ဒြပ်စင်စွမ်းအား ရှစ်မျိုး၏ မတူညီမှုများမှာလည်း ပိုပြီး ပြင်းထန်လာလေသည်။ သို့သော် ပြင်ပမှာ ပြင်းထန်သည့် ထိန်းချုပ်မှု ဖိအားက သူ့ကိုယ်ထဲမှ ထိုက်ရွှီးတန်ခိုး စွမ်းအားများကိုပါ ဖိနှိပ် ထားလေသည်။ ဆန်းလျန်၏ ဝိညာဉ်မှာ ရှိမြဲအတိုင်းပင် ရှိနေလေသည်။ ဖန်ဆင်းထားသည့် နေရာမှ ဖိအားကလည်း ဆက်လက် ထိန်းချုပ်နေဆဲ ဖြစ်လေသည်။

ဆန်းလျန်၏ ခန္ဓာကိုယ်ထဲတွင် အသွေး၊ အသားနှင့် တန်ခိုးများ အားပြိုင်မှုကလည်း ဆက်လက် ဖြစ်ပေါ်နေလေသည်။

ဆန်းလျန်၏ ခန္ဓာကိုယ်ထဲသို့ ထိုက်ရွှီး တန်ခိုးစွမ်းအားများ ဝင်ရောက်နေရခြင်းမှာ ဆန်းလျန်က ထိုက်ရွှီးကျင့်စဉ်ကို ကျင့်ကြံထားသောကြောင့် ဖြစ်လေသည် ဆန်းလျန်သာ သေဆုံးသွားခဲ့ပါက ထိုစွမ်းအားများက မိုးနှင့်မြေသို့ ပျံ့နှံပျောက်ကွယ် သွားမည်သာ ဖြစ်လေသည်။

ဆန်းလျန် ခံစားနေရသည့် နာကျင်မှုမှာ ဝိညာဉ်မြစ်ရေထဲတွင် ခံစားရသည့် နာကျင်မှုထက် ပိုမို များပြားလေသည်။ သူ၏ ဂိုဏ်းတူအစ်မ ကူးချိုင်ဝေ့နှင့် အခြားသော ထိုက်ရွှီးကျင့်စဉ်ကို အောင်မြင်ခဲ့ကြသူများသည် ဤအခက်အခဲကို မည်သို့ကျော်လွှား ခဲ့ကြပါသနည်း။ သို့သော် ဆန်းလျန်မှာ သေသေချာချာ တွေးတောစဉ်းစားရန် အချိန် မရှိတော့ပါ။

***

Comment

Leave a Reply

Options

not work with dark mode
Reset