ကျောက်ရှောင်ယွီမှာ လေထဲတွင် ရပ်တန့်နေလေသည်။ သူမဆီမှ အဖြူရောင် အလင်းတန်းများ တောက်ပနေလေသည်။ လရောင်မှာ နေရောင်၏ အလင်းကို ရောင်ပြန်ဟပ်ပြီး အလင်းရောင် တောက်ပခြင်း ဖြစ်သော်လည်း သူမကတော့ ကိုယ်ပိုင် အလင်းရောင်ဖြင့် တောက်ပနေခြင်း ဖြစ်လေသည်။ ထို့ကြောင့် သူမ၏အလင်းကို ကြယ်ရောင်ဖြင့် တင်စားသင့်လေသည်။
သူမ၏ မျက်ခုံးနှစ်ဖက်ကြားတွင် အဖြူရောင် ကြာပန်းပုံသဏ္ဌာန်လေးက တောက်ပစွာ ပေါ်လာသည်။ သူမခန္ဓာကိုယ်မှ အလင်းရောင်များမှာ လေထဲသို့ တောက်ပစွာ ဖြာထွက်သွားလေသည်။ တောက်ပလွန်းသည့် အလင်းရောင်ကြောင့် သူမအမှန်တကယ် ရပ်တန့်နေသည့် နေရာကိုပင် ခန့်မှန်းရ ခက်နေလေသည်။
ဘုရင်မကြီးက ကြာရွက်တစ်ရွက်ပေါ်တွင် ရပ်တန့်နေပြီး ကျောက်ရှောင်ယွီကို စိုက်ကြည့် နေလေသည်။ သူမ၏ မျက်ဝန်းများမှာ နတ်ဘုရားတစ်ပါးကဲ့သို့ အရောင်များ တလက်လက် တောက်ပ နေလေသည်။
သူမ တိုက်ခိုက်လိုက်သည့် ဓားကွက်မှာ အလွန်မှ အစွမ်းထက်သည့် ဓားကွက် ဖြစ်လေသည်။ ဟိုင်သန်းအဆင့် ကျင့်ကြံသူ တစ်ယောက် မဟုတ်လျှင် ထိုဓားချက်ကို ခုခံနိုင်မည် မဟုတ်ပေ။
ကျောက်ရှောင်ယွီ၏ တန်ခိုးစွမ်းအားမှာ ဆန်းတုမြို့တော်၏ ဘုရင့်တပ်မတော် တစ်ခုလုံး ချီတက်လာမည် ဆိုလျှင်ပင် ရယ်စရာတစ်ခုကဲ့သို့ ဖြစ်နေမည် ဖြစ်လေသည်။ အတွေ့အကြုံများပြီး မြင့်မြတ်သန့်စင်သည့် တန်ခိုးစွမ်းအားရှိသည့် ကျင့်ကြံသူများကို သာမန်စစ်သည်တော် အုပ်စုဖြင့် နှိမ်နင်းနိုင်မည် မဟုတ်ပေ။
ရှေးခေတ်အခါက မှော်ပညာ စွမ်းအားများဖြင့် ဖွဲ့စည်းထားသည့် စစ်သည်တော်တပ်ဖွဲ့ ဆိုလျှင်တော့ သူမကို တိုက်ခိုက် အနိုင်ယူနိုင်ကောင်း ယူနိုင်မည် ဖြစ်လေသည်။ သို့မဟုတ် သွေးအတွင်းအားနှင့် မိစ္ဆာစွမ်းအားများကို အသုံးပြုလျှင်လည်း သူမကို အနိုင်ရနိုင်လေသည်။ သို့သော် ဘုရင်မကြီးတွင် ထိုကဲ့သို့သော တန်ခိုးစွမ်းအားများ ရှိမနေပါ။
လေပြည်က တိုက်ခတ်ပြီး လမင်းက ထိန်ထိန်သာနေလေသည်။ ထို့ကြောင့်ပင် တောင်ပိုင်း မျှော်စင်ထက်တွင် သာယာလှပလျက် ရှိလေသည်။
ဆန်းလျန်မှာ တောင်ပိုင်းမျှော်စင်ထက်တွင် ရှိမနေပါ။ သူက ဝက်သစ်ချပင်ပေါ်တွင် ရှိနေခြင်း ဖြစ်လေသည်။ သူက ကောင်းကင်တွင် ထိန်ထိန်သာနေသည့် လမင်းကို မော့ကြည့်ခြင်း မရှိပါ။
ဘုရင်မကြီးထံမှ ပေါက်ကွဲထွက်လာသည့် အတွင်းအားများက ထိန်ထိန်သာနေသည့် လမင်းထက်ပိုပြီး စိတ်ဝင်စားဖွယ် ကောင်းနေလေသည်။ ကျောက်ရှောင်ယွီမှာ လေပြည်လေးကဲ့သို့ လွင့်မျောနေပြီး မည်သူမျှ သူမကို ထိန်းချုပ်နိုင်မည် မဟုတ်ပေ။
ဘုရင်မကြီး၏မျက်ဝန်းများ အရောင် ပြောင်းလဲသွားလေသည်။ သူမ၏ မျက်လုံးများမှာ မြူနှင်းများကဲ့သို့ လင်းလက်လာပြီး ကျောက်ရှောင်ယွီ ဖုံးကွယ်ထားသည့် အရာမှန်သမျှကို တွေ့မြင်နိုင်စွမ်း ရှိလေသည်။ ကျောက်ရှောင်ယွီမှာ ဘုရင်မကြီးထံမှ ပုန်းကွယ်နိုင်မည် မဟုတ်တော့ပေ။
ဘုရင်မကြီးက ဆန်းလျန်ကိုလည်း သတိထားနေလေသည်။ သို့သော် သူမက ဆန်းလျန်ကို တစ်ချက်ပင် မကြည့်ပေ။
“ဘုရင်မ ရှင့်ရဲ့ ထျန်းကျီဝမ့်ချိ ကျင့်စဉ်က လေးစားလောက်ပါပေတယ်”
ကျောက်ရှောင်ယွီ၏ သိမ်မွေ့နူးညံ့သည့် အသံက လေထဲတွင် ပျံ့လွင့်လာလေသည်။
ကျောက်ရှောင်ယွီ၏ ခန္ဓာကိုယ်မှာ လေထဲတွင် လွင့်မျောနေလေသည်။ လေဆိုသည်မှာ ထိတွေ့ ကိုင်တွယ်၍ရသည့် အရာမဟုတ်ပါ။ ထို့ကြောင့် ဘုရင်မ၏ တိုက်ခိုက်မှုတိုင်းမှာ အချည်းအနှီးသာ ဖြစ်နေရ လေသည်။ “ထျန်းကျီဝမ့်ချိကျင့်စဉ်” စွမ်းအားကို ဘုရင်မကြီး အသုံးပြုလျှင် ကျောက်ရှောင်ယွီမှာ လေပင် ဖြစ်စေဦးတော့ ဘုရင်မကြီး၏ မျက်ဝန်းအကြည့်များဆီမှ လွတ်မြောက် နိုင်မည်မဟုတ်ပေ။
ထိုကျင့်စဉ်က အတွင်းအား လှုပ်ရှားမှုကို ကြည့်ပြီး ပုံရိပ်ဖော်နိုင်သည့် ကျင့်စဉ်ဖြစ်လေသည်။
ရှေးခေတ်အခါတုန်းက သူတော်စင်ထျန်းကျီသည် လေးရာသီအတွင်းအား ကျင့်စဉ်ကို တီထွင်ခဲ့ပြီး တောတောင်ရေမြေ၊ မြစ်ချောင်းအင်းအိုင်များကိုပင် ပြောင်းလဲ ပစ်ခဲ့လေသည်။ ဘုရင်မကြီးမှာ ထိုကျင့်စဉ်ကို ကျင့်ကြံသည့်သူ ဖြစ်လိမ့်မည်ဟု ဆန်းလျန် မျှော်လင့်မထားခဲ့မိပေ။ ဘုရင်မကြီး၏ ပညာအမွေကို ဆက်ခံနိုင်မည့်သူ ရှိမည်မဟုတ်ဟု ဆန်းလျန်တွေးမိလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုကျင့်စဉ် တန်ခိုးစွမ်းအားမှာ ချင်းရွှမ်နတ်တံခါးမှ ခွဲထွက်သွားသည့် ပညာရပ်နှင့် ဆင်တူနေသောကြောင့် ဖြစ်လေသည်။
ဘုရင်မကြီး၏ သိုင်းကွက်များမှာ ကြောက်စရာကောင်းပြီး ရက်စက်လေသည်။ သူမ၏ ခန္ဓာကိုယ်မှာ လေထုထဲတွင် ပျောက်ကွယ်နေပြီး လေကိုထိုးခွဲသွားသည့် တိုက်ခိုက်မှု အသံများကိုသာ ကြားနေရလေသည်။ ဘုရင်မ၏ သိုင်းပညာမှာ လေးစားလောက်စရာပင်။
ဘုရင်မ၏ နဂါးဝတ်ရုံနှင့် သရဖူမှာလည်း သာမန်ပစ္စည်းများ မဟုတ်ပါ။ ထိုအရာများမှာ ဘုရင်မ လှုပ်ရှားသည့် လျင်မြန်မှုနှင့်အတူ လိုက်လျောညီထွေ ဖြစ်နေလေသည်။
ကျင့်ကြံသူဆိုသည်မှာ မိုးမြေစွမ်းအားများ၏ အနှစ်သာရကို ခန္ဓာကိုယ်ထဲ စီးဝင်စေပြီး ကျင့်ကြံရခြင်းမျိုး ဖြစ်လေသည်။ သို့သော် ကျင့်ကြံနိုင်သည့် အတိုင်းအတာ တစ်ခုထိသာ သတ်မှတ်ပြီး ကျင့်ကြံရမည် ဖြစ်လေသည်။ ရုပ်ခန္ဓာ မပျက်မစီး ထာဝရ တည်မြဲသည်အထိ ကျင့်ကြံမည် ဆိုလျှင်တော့ လုံလောက်သည့် အားအင် စိုက်ထုတ်မှုရှိရန် လိုအပ်လေသည်။ ကျင့်စဉ်နှင့် ရုပ်ခန္ဓာ အပေးအယူ ညီမျှရန်မှာလည်း အရေးကြီးလေသည်။
နတ်ဘုရားမဖြစ်မီ နောက်ဆုံးအဆင့် ကျင့်စဉ်တွင် ရုပ်ခန္ဓာမှာ မရှိမဖြစ် လိုအပ်သည့် အရာတစ်ခု မဟုတ်တော့ပေ။ ရုပ်ခန္ဓာ မလိုအပ်တော့သည့် အဆင့်သို့ ရောက်သွားပြီး မူလဖြစ်တည်မှု ဝိညာဉ်က ပေါ်ပေါက်လာကာ ပုံသဏ္ဌာန်ကို တည်ဆောက်ပေးမည် ဖြစ်လေသည်။ ထိုအဆင့်သို့ရောက်ပါက မိုင်ပေါင်းတစ်သောင်းပတ်လည်ကို သွားလာနိုင်မည်ဖြစ်သည့်အပြင် ဘဝ၏ ဒုက္ခတရားများ ဖြစ်သည့် အိုခြင်း၊ နာခြင်း၊ သေခြင်းလည်း တရားများမှ ကင်းလွတ်မည် ဖြစ်လေသည်။
ထို့ကြောင့် တာအိုဆရာများက ကျင့်ကြံသူများကို မိုးမြေစွမ်းအားများကို လေ့ကျင့်ခိုင်းခြင်း ဖြစ်လေသည်။ နတ်ဘုရားတစ်ပါး ဖြစ်သွားသည့် အခါတွင်တော့ ရုပ်ခန္ဓာ၏ အခန်းကဏ္ဍက လျော့နည်းသွားမည် ဖြစ်လေသည်။
ထျန်းကျီဝမ့်ချိ ကျင့်စဉ်စွမ်းအားကြောင့် မမြင်ရသည့် လေထုမှာ အေးခဲသွားလေသည်။ ကျောက်ရှောင်ယွီမှာလည်း လေထုထဲမှ တဖြည်းဖြည်း ဆင်းသက် လာရလေသည်။ သူမ၏ “ယင်” ဝိညာဉ်စွမ်းအားမှာ သူမ၏ ရုပ်ခန္ဓာ အပြင်ဘက်သို့ ရောက်ရှိနိုင်ခြင်း မရှိသေးပေ။ ထို့ပြင် သူမမှာ “ပုရွှီး” အဆင့် ကျင့်ကြံသူ မဟုတ်သည့်အတွက် ပါးလွှာသည့် လေထုထဲတွင် အကြာကြီး ရပ်တည်နိုင်ရန်မှာ မဖြစ်နိုင်ပေ။ ကျင့်ကြံသူများမှာ ကျင့်စဉ်စွမ်းအား အကူအညီဖြင့် သော်လည်းကောင်း၊ ဓားကို အသုံးပြု၍သော် လည်းကောင်း ပျံသန်းနိုင်ကြလေသည်။ သို့သော် “ပုရွှီး” အဆင့်သို့ တက်ရောက်နိုင်ပြီ (သို့မဟုတ်) ရူယိ အသွင်ပြောင်းပညာကို အောင်မြင်အောင် လေ့ကျင့်နိုင်ပြီ ဆိုလျှင်တော့ မြေဆွဲအားကို ဆန့်ကျင်ပြီး လေထုထဲတွင် ရပ်တည်နိုင်သည့် အစွမ်းကို ရရှိမည် ဖြစ်လေသည်။
ကျောက်ရှောင်ယွီမှာ “ရှန်” ဝါဒကျင့်စဉ်လမ်းကို လျှောက်လှမ်းနေသူ ဖြစ်လေသည်။ သို့သော် သူမသည် ရုပ်ခန္ဓာ မလိုအပ်သည့်အဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံနိုင်ခြင်း မရှိသေးပေ။ သူမ၏ လှပ ချောမွေ့နေသည့် လက်လေးထဲတွင် အနက်ရောင် မြေကြီးတစ်ဆုပ်ကို ဆုပ်ကိုင် ထားလေသည်။ ထိုမြေကြီးမှာ မျက်နှာပြင် ချောမွေ့နေပြီး အမည်မဖော်နိုင်သည့် အငွေ့အသက်တစ်မျိုး ထွက်နေလေသည်။
ထိုမြေကြီး လက်တစ်ဆုပ်ကို မြင်သည်နှင့် ဘုရင်မက ချက်ချင်းပင် အနောက်သို့ ခုန်ဆုတ် လိုက်လေသည်။ သို့သော် နောက်ကျသွားခဲ့လေပြီ။
အဝေးမှ ကြည့်နေသည့် ဆန်းလျန်သည်ပင်လျှင် ခံစားချက်များ ရှုပ်ထွေးသွားရလေသည်။ သူ့ရှေ့မှ ပြင်းထန်သည့် သက်ရောက်မှုကြောင့် သူ၏ ဝိညာဉ်သည်ပင်လျှင် ရုတ်တရက် “ဝိညာဉ်ရှုပ်ထွေးမှု” အခြေအနေကို ရင်ဆိုင်လိုက်ရလေသည်။ သို့သော် သူ၏ စိတ်အစဉ်က တည်ငြိမ် နေသေးသည့်အတွက် ထိတ်လန့်သွားခြင်းမျိုးတော့ မဖြစ်မိပေ။ ထိန်ထိန်သာနေသည့် လမင်းမှ ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။ လမင်းမှာ ဝက်သစ်ချပင် ထိပ်ဖျားတွင် သာနေခြင်း မရှိတော့ပေ။ ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မိုက်နေလေသည်။ လောကကြီးတစ်ခုလုံး အမှောင်ထုထဲတွင် ပိတ်မိ နေသကဲ့သို့ ဖြစ်နေလေသည်။
ဆန်းလျန်၏ ခန္ဓာကိုယ်မှာ ငှက်မွေးလေးတစ်ခုအလား ပေါ့ပါးစွာဖြင့် ဝက်သစ်ချပင်ပေါ်မှ ခုန်ချလိုက်လေသည်။
သူက မြေပြင်ထက်တွင် ရပ်နေလေသည်။ ထိုအချိန်မှာပင် သူနှင့် ပေတစ်ရာခန့်အဝေးတွင် ဘုရင်မကြီးနှင့် ကျောက်ရှောင်ယွီတို့မှာလည်း ရပ်တန့်နေလေသည်။ ဘုရင်မကြီးနှင့် ကျောက်ရှောင်ယွီ တို့ကြား အကွာအဝေးမှာ ဆယ်ပေကျော်ကျော် ခန့်မျှသာ ရှိတော့သည်။ သူတို့ နှစ်ယောက်မှာ အလွန် နီးကပ်နေပြီ ဖြစ်လေသည်။
“မင်းမှာ နတ်ဘုရားမြေမှုန့် ရှိနေမယ်လို့ ထင်မထားမိဘူး။ ဒီလိုရှားပါးပြီး တန်ဖိုးရှိတဲ့ အရာကို ဒီလိုလွယ်လွယ်နဲ့ သုံးလိမ့်မယ်လို့ ထင်မထားဘူး”
ဘုရင်မကြီးက အေးစက်စွာ ပြောလိုက်လေသည်။
ထိုအခါမှ ဘုရင်မကြီးမှာ အနက်ရောင် မြေကြီးများကို မြင်သည်နှင့် နောက်သို့ ချက်ချင်းပင် ခုန်ဆုတ်လိုက်သည့် အချက်ကို ဆန်းလျန် နားလည်သွားရလေသည်။ ရှေးခေတ်ရှေးအခါက မြင့်မြတ်သည့် နတ်ဘုရားများစွာ ရှိခဲ့ကြလေသည်။ တာအိုကျင့်စဉ်လမ်းမှာ ယခုကဲ့သို့ တိတိကျကျ မရှိသေးသည့်အချိန် ဖြစ်သော်လည်း နတ်ဘုရားများကတော့ ပေါ်ထွက်နေမြဲ ဖြစ်လေသည်။
မြင့်မြတ်သည့် နတ်ဘုရားများမှာ လွန်စွာမှ အစွမ်းထက်လေသည်။ သူတို့က အဆုံးမရှိသည့် စကြဝဠာထဲတွင် လွတ်လပ်စွာဖြင့် သူတို့၏ နေထိုင်သည့် နေရာကို ဖန်တီးကြလေသည်။ ဒဏ္ဍာရီထဲမှ မိုးကောင်းကင် နန်းတော်မှာ မိုးနတ်မင်းနေသည့် နေရာဖြစ်လေသည်။ မိုးနတ်မင်း၏ တန်ခိုးစွမ်းအားမှာ အတိုင်းအဆ မရှိပေ။ ထို့ကြောင့် မိုးကောင်းကင် နန်းတော်မှာလည်း စကြဝဠာတွင် အတိုင်းအဆမရှိ ကျယ်ပြန့် လေသည်။ အနောက်ဘက် မိုးကောင်းကင်တွင် တည်ရှိသည့် အော်မီတော်ဖော်ဘုရား နေထိုင်သည့် နေရာမှာလည်း အတိုင်းအဆမရှိ ကျယ်ပြန့်လေသည်။
ထိုနေရာနှစ်ခုမှာ နာမည် ကျော်ကြားလှလေသည်။ “ရှန်” ဝါဒ ကျင့်စဉ်လမ်းတွင်လည်း သူတို့၏ ကိုယ်ပိုင်နေရာ ရှိလေသည်။ ထိုနေရာကို မိုးကောင်းကင် တိုင်းပြည်ဟု ခေါ်လေသည်။ သူတော်စင် ထျန်းကျီမှာလည်း ထို မိုးကောင်းကင်တိုင်းပြည်နှင့် အရည်အသွေး တူညီသည့် “ဘုရင့်နိုင်ငံ” ဆိုသည့် နေရာတစ်ခု ရှိလေသည်။
ဘုရင့်နိုင်ငံပင် ဖြစ်စေ၊ မိုးကောင်းကင် တိုင်းပြည်ပင် ဖြစ်စေ၊ မြင့်မြတ်သော နတ်ဘုရားများ၏ နေရာများပင်ဖြစ်စေ အရာအားလုံးမှာ ဖန်ဆင်းထားသည့် နေရာများသာ ဖြစ်လေသည်။ ရွှီးမီတောင် ကဲ့သို့လည်း ကျယ်ပြန့်နိုင်သလို မုန်ညင်းစေ့ကဲ့သို့လည်း သေးငယ်အောင် လုပ်၍ ရလေသည်။ ထိုနေရာများ အားလုံးမှာ အဆုံးမဲ့ စကြဝဠာထဲတွင် နက်နဲစွာဖြင့် တည်ရှိနေကြခြင်း ဖြစ်လေသည်။ ထိုနေရာများတွင် အလွန်မှ တန်ဖိုးရှိသည့် ပစ္စည်းများလည်း ရှိလေသည်။
ကျောက်ရှောင်ယွီ အသုံးပြုလိုက်သည့် နတ်ဘုရားမြေမှုန့်မှာ မိုးကောင်းကင် တိုင်းပြည်မှ ပစ္စည်းတစ်ခု ဖြစ်လေသည်။ အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်သာ ထိုပစ္စည်းကို အသုံးပြုမည် ဆိုလျှင် လူသားများကို ပိတ်မိနေစေသည့် နေရာတစ်ခု ဖန်တီးနိုင်မည် ဖြစ်လေသည်။ ထိုမှောင်မိုက်သည့် နေရာအတွင်းသို့ ဆန်းလျန်၏ တန်ခိုးစွမ်းအားများမှာ တဖြည်းဖြည်း စိမ့်ဝင်နေလေသည်။ ထိုသို့ ဆက်ဖြစ်နေပါက သူ၏ တန်ခိုးစွမ်းအားများ အားလုံး ဆုံးရှုံးသွားရပေမည်။ မဟုတ်ပါက အသက်လည်း သေဆုံး သွားနိုင်ပေသည်။ သို့မဟုတ် သူတစ်သက်လုံး ကျင့်ကြံခဲ့သမျှ တန်ခိုးစွမ်းအားများ အားလုံး ထာဝရ ဆုံးရှုံးသွားခြင်းမျိုးလည်း ဖြစ်နိုင်လေသည်။
နေရာနှင့် ပတ်သက်သည့် အင်းချပ်ပညာများစွာ ရှိလေသည်။ ကိုယ်ပိုင်ကမ္ဘာ တစ်ခုကို တည်ဆောက်ထားနိုင်သည့် အင်းချပ်ပညာမျိုး ဖြစ်လေသည်။
ကျောက်ရှောင်ယွီက နတ်ဘုရားမြေမှုန့်ကို အသုံးပြုပြီး ဖန်ဆင်းလိုက်သည့် နေရာမှာ ကြီးမား ကျယ်ပြန့်သည့် နေရာတစ်ခု မဟုတ်ပါ။ သူမနှင့် ဘုရင်မကြီးအတွက် နောက်ဆုံး ပွဲသိမ်းတိုက်ပွဲ တိုက်ခိုက်ရာ နေရာအဖြစ် ဖန်ဆင်းလိုက်ခြင်း ဖြစ်လေသည်။ အင်းပညာ အသုံးပြုပြီး မချေဖျက်ပါက နတ်ဘုရား မြေမှုန့်နှင့် ဖန်ဆင်းထားသည့် နေရာမှ ထွက်ခွာသွားနိုင်မည် မဟုတ်ပေ။
ကျောက်ရှောင်ယွီက ထိုသို့သောနေရာကို ဖန်ဆင်းရန်အတွက် အခြားနည်းလမ်းကို အဘယ်ကြောင့် မသုံးဘဲ နတ်ဘုရားမြေမှုန့်ကို အသုံးပြုရ ပါသနည်း။ အဘယ်ကြောင့်ဆိုသော် သူမတွင် အခြားနည်းလမ်း မရှိသောကြောင့် ဖြစ်လေသည်။ ထို့ပြင် အင်းပညာကို အသုံးပြုမည် ဆိုပါကလည်း နတ်ဘုရားမြေမှုန့်ကို အသုံးပြုခြင်းထက် ပိုပြီး ခက်ခဲနိုင်သောကြောင့် ဖြစ်လေသည်။ အင်းပညာကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သည့် ဆရာသခင်တစ်ပါးက ကူညီပေးမည် ဆိုလျှင်တောင် အားစိုက်ထုတ်မှု များစွာကို ပြုလုပ်ရမည် ဖြစ်လေသည်။
ကျောက်ရှောင်ယွီမှာ ဘုရင်မနှင့် သူသေကိုယ်သေ တိုက်ခိုက်တော့မည်ကို မပြောဘဲနှင့် သိနိုင်လေသည်။
နတ်ဘုရားမြေမှုန့်ကို ကနဦး အသုံးပြုခဲ့သည့်သူ ဖြစ်သည့် ကျောက်ရှောင်ယွီကသာ သူ ဖန်ဆင်းထားသည့် နေရာကို ထိန်းချုပ် နိုင်လေသည်။ ဟိုင်သန်းအဆင့်ကို ပုံပြောင်းအဆင့် ခုနစ်ဆင့်ဖြင့် အောင်မြင်ထားသည့် ကျင့်ကြံသူ တစ်ယောက်ပင်လျှင် သူမ၏ ခွင့်ပြုချက် မရဘဲ ဤနေရာမျိုးမှ ထွက်ခွာသွားရန် မဖြစ်နိုင်ပေ။
ဆန်းတုမြို့တော်မှာ ဘုရင်မကြီး၏ ပိုင်နက် ဖြစ်သည့်အတွက် ကျောက်ရှောင်ယွီအတွက် အနိုင်ရရန် မျှော်လင့်ချက် သိပ်မရှိပေ။ သို့သော် ယခုတော့ သူတို့နှစ်ယောက်စလုံး တူညီသည့် မြေပြင်ပေါ်တွင် တိုက်ခိုက်နိုင်တော့မည် ဖြစ်လေသည်။ ကျောက်ရှောင်ယွီတွင် နတ်ဘုရားမြေမှုန့်ကဲ့သို့ တန်ဖိုးရှိသည့် ပစ္စည်းမျိုး ပိုင်ဆိုင်ထားလိမ့်မည်ဟု မျှော်လင့် မထားမိသည်မှာ ဘုရင်မကြီး၏ အမှားပင် ဖြစ်လေသည်။ ယခုတော့ ဘုရင်မကြီးမှာ တိုက်ခိုက်ရန် အသင့်အနေအထား ဖြစ်နေလေသည်။
ဆန်းလျန်ကတော့ သူတို့နှစ်ယောက်ကို တိတ်ဆိတ်စွာပင် ကြည့်နေလေသည်။ သူက စကားတစ်ခွန်းမှ ပြောဆိုခြင်း မရှိပါ။ ကျောက်ရှောင်ယွီအနေဖြင့် သူ့ကို ဤနေရာသို့ ဆွဲသွင်းရန် မလိုပေ။ သို့သော် ကျောက်ရှောင်ယွီက သူ့ကိုပါ ဆွဲထည့်ခဲ့လေပြီ။ သူမက ပိုက်ကွန် တစ်ခုတည်းဖြင့် ငါးတွေအကုန် ဖမ်းမိရန် ကြိုးစားနေခြင်းလား သို့မဟုတ် သူမအကြံအစည် မည်သို့ ရှိမည်လဲ ဆိုသည်ကိုတော့ မသိနိုင်ပါပေ။
***